#World_Health
Published 28 July 2022
ဗိုက်တာမင်ဒီ ဖြည့်စွက်စားသုံးခြင်းက ကျန်းမာတဲ့လူတွေအတွက်လိုအပ်သလို ကိုဗစ်-၁၉ ရောဂါလူနာတွေမှာလည်း ရောဂါခုခံအားကို ကောင်းမွန်စေကြောင်း အစ္စရေးလ်နဲ့ရုရှားသုတေသီများက တွေ့ရှိဖော်ထုတ်ခဲ့ကြပါတယ်။
ဗိုက်တာမင်ဒီဆိုတာက ကယ်လ်စီယမ်နဲ့ ဖော့စ်ဖရပ်စ်တို့ကို စုပ်ယူစေကာ သွားနဲ့အရိုးတွေကိုသန်မာစေတဲ့အပြင် ကြွက်သား၊ အာရုံကြော၊ ရောဂါခုခံအားအတွက်ပါ ကောင်းကျိုးဖြစ်စေပါတယ်။
ဗိုက်တာမင်ဒီကို နေရောင်ခြည်မှတဆင့် အရေပြားကနေရရှိပေမယ့် အသက်အရွယ်ကြီးလာတာနဲ့အမျှ စုပ်ယူနိုင်စွမ်းလျော့နည်းလာပါတယ်။
နေ့စဉ်လိုအပ်တဲ့ ဗိုက်တာမင်ဒီကို နေရောင်ခြည်ထိတွေ့ခြင်းနဲ့ အစားအစာတို့ကနေပဲ လုံလောက်စွာရရှိဖို့ရာ ခက်ခဲတာကြောင့် ဖြည့်စွက်စားသုံးပေးဖို့ လိုအပ်လာပါတယ်။
ဗိုက်တာမင်ဒီက အခြားဗိုက်တာမင် အေ၊ အီး၊ ကေတို့လို အဆီမှာပျော်ဝင်တာကြောင့် ခန္ဓာကိုယ်ထဲမှာ တာရှည်ထိန်းသိမ်းနိုင်ပါတယ်။
ဗိုက်တာမင်ဒီကို ကြက်ဥအနှစ်၊ ဆော်လ်မွန်ငါး၊ ငါးသေတ္တာငါး၊ စည်သွတ်တူနာ၊ အမဲသားအသည်း၊ နို့၊ ကွေကာ၊ ဒိန်ချဉ်၊ လိမ္မော်ရည်တို့ကနေ ရရှိနိုင်ပါတယ်။
ဗိုက်တာမင်ဒီက ကင်ဆာရောဂါအချို့ကို ကာကွယ်နိုင်တယ်လို့သိရှိထားတဲ့အပြင် စိတ်ခွန်အားဖြစ်စေခြင်း၊ ကိုယ်အလေးချိန်လျော့ကျစေခြင်း၊ သွေးပေါင်ချိန်လျော့ကျစေခြင်း၊ ဆီးချို၊ နှလုံးရောဂါ၊ လေးဘက်နာရောဂါများ ဖြစ်နိုင်ချေတို့ကို လျှော့ချပေးနိုင်ပါတယ်။
ဗိုက်တာမင်ဒီ လွန်ကဲစွာစားသုံးမိရင်တော့ အားနည်းခြင်း၊ ခံတွင်းခြောက်ခြင်း၊ မူးဝေခြင်း၊ အော့အန်ခြင်းတို့ဖြစ်တတ်ပါတယ်။
ရှီဘာဆေးဘက်ဆိုင်ရာ စင်တာမှ ပရော်ဖက်ဆာ'ယဟူဒါရွှန်ဖဲလ်'နဲ့ မော်စကိုတက္ကသိုလ်မှ ပရော်ဖက်ဆာ'ဗာနီယာဘော်ဘာ'တို့က ဗိုက်တာမင်ဒီနဲ့ ကိုဗစ်ရောဂါလူနာတို့အကြားဆက်စပ်မှုကို အစ္စရေးလ်ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းဂျာနယ်(IMA)မှာ ဖော်ပြခဲ့ကြပါတယ်။
"ဗိုက်တာမင်ဒီ ပမာဏအတိုင်းအတာက ကိုဗစ်ရောဂါပြင်းထန်မှု၊ အသက်သေဆုံးမှုနှုန်း၊ ခန္ဓာကိုယ်ခုခံအားတုံ့ပြန်နိုင်မှု၊ ကာကွယ်ဆေးထိုးပြီးနောက်ပိုင်း ပဋိပစ္စည်းထွက်ရှိမှုတို့အပေါ် ပြောင်းပြန်အချိုးကျနေပါတယ်" လို့ ဖော်ပြထားပါတယ်။
နာမည်ကြီး သုံးသပ်လေ့လာချက်များအရ ဗိုက်တာမင်ဒီနည်းတဲ့ ကိုဗစ်လူနာတွေဟာ ကိုဗစ်ရောဂါကူးစက်နိုင်ချေပိုများပြီး အသက်သေဆုံးနိုင်ချေပိုများတယ်လို့ ထုတ်ဖော်ထားပါတယ်။
ဗိုက်တာမင်ဒီ အလွန်အမင်းချို့တဲ့တဲ့ ကိုဗစ်လူနာတွေမှာ သေဆုံးနိုင်ချေ ၅၀ ရာခိုင်နှုန်းပိုများပြီး ဗိုက်တာမင်ဒီကောင်းစွာရရှိတဲ့ သူတွေမှာတော့ သေဆုံးနိုင်ချေ ၅ ရာခိုင်နှုန်းသာရှိပါတယ်။
"တွေ့ရှိထားတဲ့ အထောက်အထားများအရ ဗိုက်တာမင်ဒီဖြည့်စွက်စားသုံးခြင်းဖြင့် ကိုဗစ်ရောဂါကိုတိုက်ဖျက်နိုင်ပြီး ရောဂါပြင်းထန်ခြင်းနဲ့ အသက်ဆုံးပါးနိုင်ချေတို့ကို လျှော့ချပေးနိုင်ပါတယ်"လို့ ရေးသားဖော်ပြခဲ့ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
Published:28 July 2022
ရီပတ်ဘလီကင်နှင့်ဒီမိုကရက်ပါတီ အရာရှိဟောင်းတွေက အမေရိကန်နိုင်ငံရဲ့ နိုင်ငံအဆင့် တတိယမြောက် နိုင်ငံရေးပါတီ တစ်ခုကို ဗုဒ္ဓဟူးနေ့က တည်ထောင်လိုက်ကြကြောင်း ကြေညာလိုက်ပါတယ်။ အမေရိကန်နိင်ငံမှာ လုပ်ဆောင်မှု ချိုယွင်းနေတဲ့ နှစ်ပါတီစနစ်လို့ သူတို့ကမြင်ထားကြတဲ့ လက်ရှိနိုင်ငံရေးစနစ်အပေါ် တုန်လှုပ် ချောက်ခြားနေကြတဲ့ သန်းပေါင်းများစွာသော မဲဆန္ဒရှင်တွေရဲ့ စိတ်ကို ဆွဲဆောင်နိုင်စေဖို့ဖြစ်ပါတယ်လို့ဆိုပါတယ်။
ပါတီအသစ်ကို Forward ဖော်ဝတ်ဒ်(ရှေ့သို့)လို့ အမည်ပေးလိုက်ပြီး ဒီမိုကရက်ပါတီသမ္မတလောင်းဟောင်း အင်ဒရူးယန်းနှင့် ရီပတ်ဘလီကင်ပါတီ နယူးဂျာစီအုပ်ချုပ်ရေးမှူးဟောင်း ခရစ်စတင်း တော့ဒ်ဝှိုက်မင်းတို့က ပူးတွဲ ဥက္ကဋ္ဌအဖြစ် ဦးဆောင်ကြမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ပါတီအသစ်ဟာ အမေရိကန်နိုင်ငံရေးမှာ မင်းမူကြီးစိုးနေကြတဲ့ ရီပတ်ဘလီကင်နှင့် ဒီမိုကရက်တစ်ပါတီတွေအစား အခြား ကျေနပ်စရာရွေးချယ်မှုတစ်ခုဖြစ်လာလိမ့်မယ်လို့ ယုံကြည်ထားတယ်လို့ တည်ထောင်သူတွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ပါတီခေါင်းဆောင်တွေဟာ ဒီနှစ်ဆောင်းဦးရာသီမှာ မြို့ပေါင်း နှစ်ဒါဇင်ကို သွားရောက်ပြီး ပါတီဖွင့်လှစ်တဲ့ အခမ်းအနားတွေ ဆက်တိုက်ပြုလုပ်သွားပြီး ထောက်ခံသူတွေကို ဆွဲဆောင်သွားမယ်လို့ သိရပါတယ်။ စက်တင်ဘာ ၂၄ရက်နေ့မှာ သူတို့ဟာ ဟောက်စတန်မှာ ပါတီကို တရားဝင်တည်ထောင်ခြင်းအခမ်းအနားပြုလုပ်သွားမှာဖြစ်ပြီး လာမယ့်နွေရာသီမှာတော့ အမေရိကန်ရဲ့ မြို့ကြီးတစ်မြို့မှာ ပါတီရဲ့ အမျိုးသား ကွန်ဗင်းရှင်းကြီးကို ကျင်းပသွားပါလိမ့်မယ်။
အမေရိကန်နိုင်ငံရေးစနစ်မှာ နှစ်ခြမ်းကွဲပြီး ဝိရောဓိဖြစ်မှုတွေ တိုးပွားလာနေတဲ့အပေါ် တုန့်ပြန်မှုတွေ ပြီးခဲ့တဲ့ နှစ်တွေမှာ ပေါ်ပေါက်လာခဲ့တဲ့ နိုင်ငံရေးအုပ်စု(၃)စုနှင့် ပါတီအသစ်ကို ဖွဲ့စည်းတည်ထောင်ထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က Gallup စစ်တမ်းအရ အမေရိကန်နိုင်ငံမှာ တတိယနိုင်ငံရေးပါတီတစ်ခု လိုအပ်တယ်လို့ အမေရိကန်ပြည်သူတွေရဲ့ သုံးပုံနှစ်ပုံက ယုံကြည်နေတယ်လို့ ပြဆိုခဲ့ပါတယ်။
အမေရိကန် သမ္မတဟောင်းတွေဖြစ်တဲ့ ရော်နယ်ရီဂင်၊ဂျော့အိတ်ချ်ဒဗလျူဘုရှ်၊ ဂျော့ ဒဗလျူဘုရှ်နှင့်ဒေါ်နယ်ထရမ့်တို့ အစိုးရ လက်ထက်က အရာရှိဟောင်းတွေစုစည်းထားပြီး ၂၀၂၁ မှာ ဖွဲ့စည်းခဲ့တဲ့ Renew America Movement အမေရိကန်ပြန်လည် ဆန်းသစ်ခြင်းလှုပ်ရှားမှု ၊ ၂၀၂၁ခုနှစ်မှာ ဒီမိုကရက်တစ်ပါတီကထွက်ခဲ့ပြီး တစ်သီးပုဂ္ဂလကဖြစ်ခဲ့တဲ့ အင်ဒရူး ယန်းတည်ထောင်တဲ့ ဖော်ဝတ်ဒ်ပါတီနှင့် ဒီမိုကရက်၊ရီပတ်ဘလီကင်နှင့် တသီးပုဂ္ဂလတွေပူးပေါင်းထားပြီး ရီပတ်ဘလီကင်ကွန်ဂရက်အမတ်ဟောင်း ဒေးဗစ်ဂျိုလီအမှုဆောင်ဒါရိုက်တာလုပ်တဲ့ Serve America Movement တို့က ယခုပါတီသစ်ပေါင်းစပ်ဖွဲ့စည်းမှုနှင့် ဆက်နွယ်ပတ်သက်နေပါတယ်။
ပါတီအသစ်ကို ထောက်တိုင်နှစ်ခုနှင့်ဖွဲ့စည်းထားပြီး အဲဒီနှစ်ခုက မျှတပြီးကြီးပွားတိုးတက်တဲ့စီးပွားရေးတစ်ရပ်ကို ပြန်လည် သန်စွမ်းစေရန်နှင့် အမေရိကန်ပြည်သူတွေကို ရွေးကောက်ပွဲမှာ ရွေးချယ်မှုပိုမိုပေးပြီး အလုပ်ဖြစ်သော အစိုးရတစ်ရပ်တွင် ပိုမိုယုံကြည်မှုရှိကာ အနာဂတ်တွင်ပိုမိုပြောဆိုနိုင်ရန် တို့ဖြစ်ပါတယ်။
မျှတတဲ့ နိုင်ငံရေးအမြင် centrist ရှိတဲ့ပါတီအဖြစ် တည်ထောင်လိုက်တဲ့ ယခုပါတီအသစ်မှာ တိကျတဲ့မူဝါဒတွေကိုတော့ မထုတ်ပြန်သေးပါဘူး။ “ အမေရိကန်ရင်ဆိုင်နေရတဲ့ ပြဿနာကြီးတွေကို ဘယ်လိုဖြေရှင်းကြမလဲ၊ ဘယ်ဘက်မဟုတ်၊ညာဘက်မဟုတ်၊ ရှေ့သို့နှင့် သာဖြစ်တယ်” လို့ သူတို့ကပြောကြပါတယ်။
သမိုင်းအရ နှစ်ပါတီစနစ် အမေရိကန်ပြည်ထောင်စုမှာ တတိယပါတီတစ်ခုဟာ ရှင်သန်လေ့မရှိကြပါဘူး။ သူတို့ဟာ သမ္မတ ရွေးကောက်ပွဲကိုတော့ ထိခိုက်မှုဖြစ်စတေတ်ပါတယ်။၂၀၀၀ပြည့်နှစ်ရွေးကောက်ပွဲမှာ ရပ်ဗ်နေဒါရဲ့ ဂရင်းပါတီက ဒီမိုကရက်တစ်သမ္မတလောင်း အယ်ဂိုးရဲ့ မဲတွေကို ခွဲထုတ်ယူပြီး ရီပတ်ဘလီကင် သမ္မတလောင်း ဂျော့ဒဗလျူဘုရှ် အနိုင်ရသွားစေခဲ့တာမျိုးရှိခဲ့တယ်လို့ သုံးသပ်သူတွေကပြောပါတယ်။
ပါတီအသစ်ဖြစ်တဲ့ ဖော်ဝတ်ဒ်ပါတီဟာ ဘက်တွေကွဲပြားနေကြတဲ့ အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲအပေါ် ဘယ်လို အကျိုးသက်ရောက်မှုရှိမလဲဆိုတာ သိပ်ရှင်းရှင်းလင်းလင်းမသိနိုင်သေးပေမယ့် အောင်မြင်မှုရဖို့အတွက်တော့ နိုင်ငံရေးသုံးသပ်သူတွေက သံသယရှိနေကြပါတယ်။
အင်တာဗျူတစ်ခုမှာ ပါတီဟာ ဘတ်ဂျက် ဒေါ်လာာ ငါးသန်းနှင့် စတင်မယ်လို့ ယန်းက ပြောထားပါတယ်။ အလှုရှင်တွေ တန်းစီနေပြီး အုပ်စုသုံးစုရဲ့ အောက်ခြေအဖွဲ့ဝင်တွေပေါင်းရင် ထောင်သောင်းမက ရှိနေတယ်လို့လည်း သူကပြောပါတယ်။
“ ကျွန်တော်တို့ ငွေကြေးဘဏ္ဍာတောင့်တင်းစွာနှင့်စတင်မှာပါ။ ငွေကြေးအထောက်အပံ့က ပြဿနာမရှိဘူး” လို့ ယန်းက ပြောပါတယ်။
“ စိတ်ကူးကတော့ မဲဆန္ဒရှင်တွေကို သန်စွမ်းပြီး ယုံကြည်စိတ်ချရတဲ့ နိုင်ငံအဆင့် တတိယမြောက်ပါတီတစ်ခု ပေးအပ်ဖို့ပဲ ဖြစ်တယ်” လို့ ဖော်ဝတ်ဒ်ဖန်တီးရာမှာပါဝင်ခဲ့တဲ့ ထရမ့်အစိုးရလက်ထက်က အမိမြေလုံခြုံရေးအရာရှိဟောင်းတစ်ဦးဖြစ်တဲ့ မိုင်းလ်စ်တေလာ ကပြောပါတယ်။
တတိယပါတီတွေဟာ အတိတ်တုန်းက ကျရှုံးခဲ့တာတွေရှိခဲ့ပေမယ့် အခြေခံတွေက ပြောင်းလဲသွားပြီလို့ တေလာကပြောပါတယ်။ အတိတ်တုန်းက တတိယပါတီလှုပ်ရှားမှုတွေဟာ ပြည်သူတွေ အပြောင်းအလဲမတောင်းဆိုတဲ့ စနစ်တစ်ခုအတွင်းပေါ်ပေါက်ခဲ့တာဖြစ်ပြီး ယခုအချိန်မှာတော့ အမေရိကန်တွေက တတိယပါတီလိုချင်တယ်လို့ ပြောနေကြတာဖြစ်တယ်လို့လည်း သူကပြောပါတယ်။
ပါတီစွဲမရှိတဲ့ ဝါရင့် နိုင်ငံရေးသုံးသပ်သူ စတု ရိုသန်ဘတ်ကတော့ တတိယပါတီတည်ထောင်တယ်ဆိုတာာ အပြောလွယ်သလောက် လက်တွေ့ခက်တယ်လို့ ဝေဖန်ပါတယ်။
ပါတီကြီးနှစ်ခုမှာ ကြီးမားတဲ့ အားသာချက်တွေရှိနေကြတယ်။ ဆယ်စုနှစ်များစွာမှာ ပြည်နယ်၅၀မှာပါတီတွေ တည်ဆောက်နိုင်ခဲ့တာတွေအပါအဝင်ပေါ့ လို့ သူကပြောပါတယ်။
၁၉၈၀တုန်းက ဂျွန်အင်ဒါဆန်၊ ၁၉၉၂ နှင့် ၁၉၉၆ တုန်းက ရောပစ်ပါရော့တို့လို တတိယပါတီရဲ့ သမ္မတလောင်းတွေဟာ မှေးမှိန်သွားရတာပဲ၊ အမျိုးသားနိုင်ငံရေးမှာ အဆင့်ပြကိန်းတစ်ခုဖြစ်လာမယ့် တတိယပါတီတွေတည်ထောင်တာ ကျရှုံး ခဲ့ကြတယ် လို့ သူကပြောပါတယ်။
Source_Reuters
#Third_Political_party-in_America
#Forward_party
#Andrew_Yang
Published 27 July 2022
ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်း မနီလာမြို့တော်နှင့် ၁၈၅ မိုင်ကွာမှာ ဗုဒ္ဓဟူးနေ့ မနက်က ပြင်းအား ၇အဆင့်ရှိတဲ့ ငလျင်ကြီးလှုပ်ရှားခဲ့ရာ အနည်းဆုံးလူလေးဦး သေဆုံးပြီး အဆောက်အအုံတွေပြိုလဲပျက်စီးကာ အထပ်မြင့်အဆောက်အဦတွေ လှုပ်ခါခဲ့ရပါတယ်။
ဇူလိုင် ၂၇ရက် မနက် ၈နာရီ ၄၃ မိနစ်မှာ လူဦးရေသိပ်မထူထပ်တဲ့ အာဘရာပြည်နယ်က ပင်မကျွန်းတစ်ခုဖြစ်တဲ့ လူဇွန်ကျွန်း မှာ ငလျင်က လှုပ်ရှားခဲ့တာပါ။
မြေကြီးအနက် ခပ်တိမ်တိမ်မှာ လှုပ်ရှားခဲ့တာမို့ အပျက်အစီးတွေရှိပါတယ်။ တောင်ထူထပ်တဲ့ အဲဒီနေရာတစ်ဝိုက်မှာ ရာဂဏန်းမျှရှိတဲ့လူတွေ ထိခိုက်ဒဏ်ရာရှိခဲ့ကြပါတယ်။မြေပြိုမှုတွေကလည်း ဒါဇင်ချီရှိခဲ့ပါတယ်။ အဆောက်အအုံတွေပျက်စီးခဲ့ပြီး လျှပ်စစ်မီးတွေပြတ်တောက်ခဲ့ရပါတယ်။
ယူနက်စကို ကမ္ဘာ့အမွေအနှစ်ဒေသဖြစ်တဲ့ ဗီဂန်မြို့က ရာစုနှစ်သက်တမ်းရှိတဲ့ ရှေးဟောင်း အဆောက်အအုံတစ်ခုဟာ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။ အဲဒီအဆောက်အဦဟာ စပိန်ကိုလိုနီခေတ် အဆောက်အဦတစ်ခုဖြစ် ပါတယ်။
အာဘရာပြည်နယ်က ဒိုလိုရက်စ်မြူနီစပါယ်ဒေသမှာ အိမ်တွေလှုပ်ခါပြီး နံရံတွေကွဲအက်လာလို့ လူတွေဟာ အပြင်ကို ပြေးလွှားထွက်လာကြရတယ်လို့ ရဲအရာရှိ အက်ဒွင် ဆာဂျီယိုက အေအက်ဖ်ပီကို ပြောပါတယ်။
ငလျင်ဟာသိပ်ပြင်းထန်တယ်လို့လည်း သူကပြောပါတယ်။ အရပ်ဈေးတစ်ခုက ပြတင်တွေကွဲထွက်ကုန်တယ်လို့လည်း သူက ဖြည့်စွက်ပြောပါတယ်။
ဈေးထဲက ဈေးဆိုင်ခင်းထာတဲ့ စားပွဲတွေအားလုံးလဲကျပြီး ဟင်းသီးဟင်းရွက်တွေ သစ်သီးဝလံတွေ ပြန့်ကျဲကုန်တယ်လို့လည်း သူကပြောပါတယ်။
အာဘရာပြည်နယ်ရဲ့ မြို့တော် ဘန်ယူမှာ နံရံပြိုလဲကျလို့ အသက် ၂၃နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရပါတယ်။ အဲဒီဒေသမှာ အနည်းဆုံး လူ၆၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။
ကာလင်ဂါပြည်နယ်က တောင်တွေပေါ်တည်ဆောက်ထားတဲ့ အဆောက်အအုံတစ်ခုကနေ ပြုတ်ကျသေဆုံးရတာဖြစ်ပါတယ်။
မြောက်ပိုင်းဟာ သူ့မိသားစုရဲ့ အမာခံဒေသဖြစ်တဲ့ သမ္မတ မားကို့စ်ဂျူနီယာက ပြတ်တောက်မှုတွေကို ရှောင်ရှားချင်တဲ့ အတွက် အဲဒီနေရာကို သူချက်ခြင်းသွားရောက်ဦးမှာမဟုတ်ဘူးလို့ပြောပါတယ်။
သူတို့အိမ်တွေကို ပျက်စီးမှု စစ်ဆေးမပြီးမချင်း အရေးပေါ် စခန်းတွေမှာပဲ နေကြဖို့ သူက ပြည်သူတွေကို ပြောထားပါတယ်။
Source_ AFP
#Philippine_earthquakes
#Abra_earthquakes
#World_earthquakes
#World_Crisis
Published 27 July 2022
သီရိလင်္ကာနိုင်ငံရဲ့အကြီးဆုံးဆေးရုံကြီးတစ်ခုလုံး လူသူမရှိသလောက်ဖြစ်နေပြီး ကျန်ရှိနေသေးတဲ့ လူနာအနည်းငယ်ဟာလည်း ပြီးဆုံးသည်အထိကုသရခြင်းမရှိဘဲ ဝေဒနာတန်းလန်းနဲ့ပြန်ကုန်ကြပါပြီ။
#Yangon_Media_Group
Published: 27 July 2022
အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုနှင့် ဘေဂျင်းမှာ အင်္ဂါနေ့က တွေ့ဆုံစဉ် တရုတ်သမ္မတရှီကျင့်ဖျင်က ဂျာကာတာနှင့် ဘန်ဒေါင်းအကြား မြန်နှုန်းမြင့် ရထာလမ်းစီမံကိန်းအပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းတွေဟာ အဆင်ပြေ ချောမွေ့စွာတိုးတက်နေတယ်လို့ယုံကြည်ကြောင်းပြောကြားခဲ့ရာ ဝီဒိုဒိုကလည်း မြန်နှုန်းမြင့် ရထားလမ်းစီမံကိန်းဟာ နှစ်နိုင်ငံချစ်ကြည်ရေးမှာ နောက်ထပ် မှတ်တိုင်တစ်ခုဖြစ်တယ်လို့ သုံးနှုံးပြန်ကြားခဲ့ပါတယ်။
တရုတ်ရဲ့ ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်သွယ်စီံမံကိန်းတစ်ခုအဖြစ် ဒီလစောစောပိုင်းမှာ ဂျာကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်း စီမံကိန်းအတွက် အဓိကလိုင်းပိုင်းမှာ အောက်ခြေသံလမ်းတွေ စတင်ခင်းရင်းစတင်ခဲ့ကြပါတယ်။ဒါဟာ တရုတ်နှင့် အင်ဒိုနီးရှားအကြား အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုဖြစ်တယ်လို့ CGTNကရေးသားပါတယ်။
တရုတ်နည်းပညာနှင့်တည်ဆောက်မယ့် အဲဒီရထားလမ်းမှာ ရထားတွေကိုတစ်နာရီ ၃၅၀ ကီလိုမီတာ အမြန်နှုန်း မောင်းနှင် နိုင်အောင် ဒီဇိုင်းလုပ်ထားပါတယ်။ အဲဒါကြောင့် ဂျာကာတာနှင့် အင်ဒိုနီးရှားရဲ့ စတုတ္ထအကြီးဆုံး မြို့တစ်မြို့ ဖြစ်တဲ့ ဘန်ဒေါင်းအကြား သုံးနာရီကြာရထားခရီးကနေ မိနစ်၄၀ပဲ ကြာတော့မှာဖြစ်ပါတယ်။
“ တရုတ်နှင့် အင်ဒိုနီးရှားတို့ဟာ တူညီတဲ့ ဖွံ့ဖြိုးတိုးတက်မှုအဆင့်တွေရှိကြတယ်။ ပြီးတော့ ရစ်ပတ်ယှက်နွယ်ထားတဲ့ အကျိုး စီးပွားတွေလည်း ရှိကြတယ်။တူညီတဲ့အတွေးအခေါ်နှင့် ဖွံဖြိုးတိုတက်ရေးလမ်းကြောင်းနောက်လိုက်ပါရင်း နီးကပ်ချိတ်ဆက် တဲ့ အနာဂတ်ကို အတူခံစားကြမယ်” လို့ သမ္မတရှီကပြောပါတယ်။ တရုတ်-အင်ဒိုနီးရှား လူ့အဖွဲ့အစည်းကို မျှဝေခံစားတဲ့ အနာဝတ်နှင့်အတူတွဲရှိကြခြင်းဟာ နှစ်နိုင်ငံပြည်သူတွေအတွက် တူညီတဲ့ ရည်မှန်းဆန္ဒတွေနှင့် မျှော်လင့်ချက်တွေ ဖြစ်ကြ တယ်”လို့ ရှီက ဖြည့်စွက်ပြောပါတယ်။
ဝီဒိုဒိုဟာ တရုတ်နိုင်ငံ ဘေဂျင်းဆောင်းရာသီအိုလံပစ်နောက်ပိုင်း တရုတ်နိုင်ငံကို ပထမဆုံးလာရောက်တဲ့ နိုင်ငံခြားတိုင်းပြည် တစ်ခုက နိုင်ငံခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ ဝီဒိုဒိုအတွက် အရှေ့အာရှခရီးစဉ်ရဲ့ ပထမဆုံးခရီးတစ်ထောက်လည်း ဖြစ်ပါတယ်။
တရုတ်ဟာ အင်ဒိုနီးရှားရဲ့ အကြီးဆုံးကုန်သွယ်ဖက်အဖြစ် ၂၀၂၁ခုနှစ်မှာ ဆက်လည်တည်ရှိနေပြီး နှစ်နိုင်ငံအကြား ကုန်သွယ်မှု တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁၂၄.၃ ဘီလျံရှိနေပါတယ်။ကုန်သွယ်မှုဟာ နှစ်စဉ်တိုးတက်မှု ၅၈.၄ ရာခိုင်နှုန်းရှိနေပါတယ်။
#Source CGTN
#China_Indonesia
#Indonesia_Prsident_Visits_China
#Xi_ Widodo
#DailyNews
Published - 27 July 2022
၁။ ပုဂ္ဂလိကကျောင်းများ ရက်အကန့်အသတ်မရှိ ပိတ်မည်ဆိုသည်မှာ သတင်းမှားသာဖြစ်
၂။ ဈေးကွက်တွင် လက်ကျန်ကုန်ပစ္စည်းနည်းပါမှုကြောင့် ကြက်သွန်နီနှင့် ငြုတ်သီး အမြင့်ဈေးတွင်ရှိနေ
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ သီရိလင်္ကာတွင် အစစအရာရာရှားပါးလာပြီး ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပျက်သုဉ်းလုနီးပါးဖြစ်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#World_Politics
Published 27 July 2022
အင်္ဂါနေ့က ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအရှေ့ပိုင်းတွင် ကုလသမဂ္ဂဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး ဆန္ဒပြပွဲဒုတိယနေ့အတွင်း ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ၃ ဦးနဲ့ အရပ်သားအနည်းဆုံး ၁၂ ဦးသေဆုံးခဲ့ကြောင်း အာဏာပိုင်များက ထုတ်ပြန်လိုက်ပါတယ်။
ကုလမှချမှတ်ထားတဲ့ ကွန်ဂိုသမ္မတနိုင်ငံအားကာကွယ်ပေးခြင်းနှင့် ငြိမ်းချမ်းရေးတည်မြဲရေးရည်မှန်းချက်(MONUSCO)ဟာ အရပ်သားတွေကို နှစ်ပေါင်းများစွာအကြမ်းဖက်လာတဲ့ပြည်သူ့စစ်ဘက်ဒဏ်တွေကနေ ကာကွယ်နိုင်ခြင်းမရှိတာကြောင့် မကျေနပ်ကြဘဲ ဆန္ဒပြပွဲဖြစ်ပေါ်လာတာဖြစ်ပါတယ်။
ကုလပြောရေးဆိုခွင့်ရှိသူ'ဖာဟန်ဟက်'က ထုတ်ပြန်ကြေညာခဲ့ရာမှာ ကုလအထွေထွေအတွင်းရေးမှူးချုပ်'အန်တိုနီယိုဂူတာရက်စ်'က အကြမ်းဖက်မှုကို ရှုတ်ချကြောင်း၊ ကုလသမဂ္ဂငြိမ်းချမ်းရေးဆိုင်ရာအမှုထမ်းများကို တိုက်ခိုက်ခြင်းက စစ်ရာဇဝတ်မှုမြောက်နိုင်ကြောင်း၊ ကွန်ဂိုအာဏာပိုင်များအနေနဲ့ ဒီဖြစ်ရပ်များကိုစုံစမ်းစစ်ဆေးပြီး အပြစ်ရှိသူများကို မျှမျှတတစီရင်ဖို့တောင်းဆိုကြောင်း ပြောကြားခဲ့ပါတယ်။
တနင်္လာနေ့က ဂိုမာမြို့မှာ ဆန္ဒပြပွဲစတင်ခဲ့ပြီး အင်္ဂါနေ့မှာတော့ ဘူတမ်ဘိုအထိရောက်ရှိလာကာ တာဝန်ထမ်းနေတဲ့ ကုလစစ်သည်တစ်ဦးနဲ့ ကုလရဲအရာရှိ ၂ ဦး ပစ်သတ်ခံရပါတယ်။
အဆိုပါ ၂ မြို့စလုံးမှာ ကုလသမဂ္ဂငြိမ်းချမ်းရေးဆိုင်ရာ တပ်ဖွဲ့ဝင်တွေက အင်အားသုံးနှိမ်နင်းခဲ့တယ်လို့ စွပ်စွဲမှုများရှိနေပြီး ရာဂဏန်းလောက်ရှိတဲ့ ဆန္ဒပြသူတွေက ကျောက်ခဲများဖြင့် ပစ်ပေါက်ကာ ကုလအဆောက်အဦများကို ဓာတ်ဆီများဖြင့် မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။
ကုလငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တွေက ဂိုမာမြို့က ဆန္ဒပြသူ ၂ ဦးကို အသေပစ်ခတ်ခဲ့တာကို ရိုက်တာသတင်းထောက်က မြင်တွေ့ခဲ့ရပြီး အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ'ပက်ထရစ်မူယာယာ'ကတော့ အနည်းဆုံးလူ ၅ ဦးသေဆုံးကာ အယောက် ၅၀ ထက်မနည်းဒဏ်ရာရရှိခဲ့ပါတယ်။
ဘူတမ်ဘိုမှာလည်း အရပ်သားအနည်းဆုံး ၇ ဦးသေဆုံးပြီး ဒဏ်ရာရသူအရေအတွက် မသိရသေးကြောင်း ရဲမှူးချုပ်'ပေါလ်နဂိုမာ'က ပြောပြပါတယ်။
ကုလသမဂ္ဂငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေဟာ နှစ်ပေါင်းများစွာတိုင်အောင် အလွဲသုံးစားလုပ်ခဲ့ကြတယ်ဆိုပြီး စွပ်စွဲမှုတွေနဲ့ရင်ဆိုင်နေရပါတယ်။
ကုလတပ်ဖွဲ့များကြောင့် သေဆုံးမှုများ၊ ထိခိုက်ဒဏ်ရာရရှိမှုများဖြစ်ပေါ်ခဲ့ရင် အရေးယူမှုများဆောင်ရွက်သွားမယ်လို့ 'ဟက်'က ဆိုပါတယ်။
ကုလတပ်ဖွဲ့များအနေနဲ့ ဆန္ဒပြသူများအကြား မျက်ရည်ယိုဗုံးဖြင့်လူစုခွဲရန်နဲ့ လိုအပ်လာမှသာ သတိပေးသေနတ်ပစ်ဖောက်ရန် မှာကြားထားပါတယ်။
ထိုဆန္ဒပြပွဲများကို အာဏာရပါတီရဲ့ လွတ်လပ်တဲ့အဖွဲ့ခွဲမှ ဦးဆောင်ပြုလုပ်တာဖြစ်ပြီး သူတို့အဖွဲ့က ထိရောက်ခြင်းမရှိတဲ့ ကုလလုပ်ငန်းစဉ်များ ရုတ်သိမ်းပေးဖို့ အလိုရှိနေတာဖြစ်ပါတယ်။
ယခုလများအတွင်း ကွန်ဂိုအရှေ့ပိုင်းမှာ M23 သူပုန်အဖွဲ့နဲ့ ဒေသခံတပ်ဖွဲ့တွေကြား တိုက်ပွဲများပြန်လည်ဖြစ်ပွားလျက်ရှိရာ လူထောင်နဲ့ချီပြီး ထွက်ပြေးနေရပါတယ်။
ကွန်ဂိုစစ်တပ်နဲ့ ယူဂန်ဒါစစ်တပ်တို့ပူးပေါင်းကာ နှစ်ပေါင်းများစွာဆန့်ကျင်တိုက်ခိုက်နေပေမယ့် ပြည်သူ့စစ်ဘက်က ဆက်လက်ဆန့်ကျင်လျက်ရှိပါတယ်။
ကွန်ဂိုမှာ ၂၀၁၀ လောက်ကစပြီး MONUSCO လုပ်ငန်းစဉ်လုပ်ဆောင်နေခဲ့ရာ ၂၀၂၁ နိုဝင်ဘာမှာ တပ်ဖွဲ့ဝင် ၁၂,၀၀၀ နဲ့ ရဲအင်အား ၁,၆၀၀ ရှိခဲ့ရာမှ တဖြည်းဖြည်းချင်း ဆုတ်ခွာခဲ့ကြပါတယ်။
ဆန္ဒပြသူတွေက ဂိုမာမြို့က ကုလဝန်ထမ်းနေအိမ်တွေကို ဝင်ရောက်သောင်းကျန်းခဲ့ပြီး ဝန်ထမ်းတွေကို စစ်တပ်ကစောင့်ကြပ်ခေါ်ထုတ်သွားခဲ့တာကို ရိုက်တာသတင်းထောက်က မြင်တွေ့ခဲ့ပါတယ်။
သေဆုံးသွားတဲ့ ကုလတပ်ဖွဲ့ဝင် ၂ ဦးက အိန္ဒိယလူမျိုးဖြစ်ပြီး ကျန် ၁ ဦးကတော့ မော်ရိုကိုလူမျိုးဖြစ်ပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီက ထိုအခြေအနေနဲ့ပတ်သက်ပြီး အင်္ဂါနေ့မှာ တံခါးပိတ်ဆွေးနွေးသွားမှာဖြစ်ကြောင်း သံတမန်တွေကပြောကြားခဲ့ပါတယ်။
Source: Reuters
#Yangon_Media_Group
Page 1004 of 1180