#World_Crime
Published 29 August 2022

 

အိန္ဒိယအမျိုးသမီး ၄ ဦးကို တက္ကဆပ်မှအမျိုးသမီးတစ်ဦးက လူမျိုးရေးခွဲခြားပြီး "အိန္ဒိယကို ပြန်ကြတော့"ဟု အော်ဟစ်နေခဲ့တဲ့ ဗီဒီယိုဟာ ဆိုရှယ်မီဒီယာတွေမှာ ပျံ့နှံသွားကာ အစိုးရအာဏာပိုင်များအထိ သိရှိခဲ့ပြီးနောက်မှ ထိုဗီဒီယိုထဲမှ လူမျိုးရေးခွဲခြားခဲ့တဲ့ အမျိုးသမီးကို တက္ကဆပ်ရဲအရာရှိများက ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

 

"ဒီဖြစ်ရပ်က တက္ကဆပ်ဥပဒေများအရ လူမျိုးခွဲခြားရေးပြစ်မှုမြောက်ပါတယ်၊ ဒါ့အပြင် အစိုးရဥပဒေနဲ့လည်း ငြိစွန်းနေနိုင်တာကြောင့် အက်ဖ်ဘီအိုင်၊ တရားမျှတမှုလူ့အခွင့်အရေးဆိုင်ရာဌာနတို့နဲ့ ပူးပေါင်းလုပ်ဆောင်လျက်ရှိပါတယ်"လို့ တက္ကဆပ် ပလေနိုမှရဲအရာရှိက စနေနေ့က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

 

ဒီဗီဒီယိုအဖြစ်အပျက်ထဲမှာတော့ ကားပါကင်တစ်နေရာမှာ အမေရိကန်အမျိုးသမီးတစ်ဦးက အိန္ဒိယလူမျိုးအမျိုးသမီး ၄ ဦးကို လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းများဖြင့် အော်ဟစ်ခဲ့ပြီး ကိုယ်ထိလက်ရောက်ပြုလုပ်ခဲ့ပုံများ ရိုက်ကူးမိခဲ့ပြီး ဆိုရှယ်မီဒီယာပေါ်မှာ တင်ခဲ့ရာမှာတော့ ကြည့်ရှုသူအရေအတွက် သန်းနဲ့ချီသွားခဲ့ပါတယ်။

 

ဗီဒီယိုထဲမှာ "အိန္ဒိယကိုပြန်သွားကြ၊ နင်တို့ကို ဒီမှာမရှိစေချင်ဘူး၊ နင်တို့အိန္ဒိယတွေကို အရမ်းမုန်းတယ်"လို့ အမျိုးသမီးက အော်ဟစ်နေခဲ့ကာ မက္ကဆီကို-အမေရိကန်လူမျိုးဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။

ဗုဒ္ဓဟူးနေ့ကဖြစ်ခဲ့တဲ့ ဒီအဖြစ်အပျက်ဗီဒီယိုက အိန္ဒိယနဲ့ အမေရိကန်တို့ကြား ဆိုရှယ်မီဒီယာတွေမှာ လျင်မြန်စွာပျံ့နှံသွားခဲ့ပြီး ကြာသပတေးနေ့မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

 

'အက်စ်မာရယ်လ်ဒါအက်ပ်တန်'လို အမည်ရတဲ့ အမျိုးသမီးကို ကိုယ်ထိလက်ရောက်ကျူးလွန်မှု၊ အကြမ်းဖက်ခြိမ်းခြောက်မှုတို့ဖြင့် ဖမ်းဆီးခဲ့ကာ ဒေါ်လာ ၁ သောင်း ဒဏ်ကြေးဆောင်ရန် သတ်မှတ်ခဲ့ပါတယ်။

 

အိန္ဒိယအမျိုးသမီး ၄ ဦးထဲက 'ရာနီဘာနာဂျီ'က သူငယ်ချင်း ၃ ဦးနဲ့အတူ စားသောက်ဆိုင်တစ်ခုမှာ ညစာစားပြီးထွက်လာစဉ် ကားပါကင်တစ်နေရာမှာ အမေရိကန်အမျိုးသမီးနဲ့ ထိပ်တိုက်တွေ့ခဲ့တာဖြစ်တယ်လို့ ထွက်ဆိုထားပါတယ်။

 

"ရုတ်တရက် အဲဒီအမျိုးသမီးက ကျွန်မတို့ကိုလှမ်းအော်ပြီး ကျွန်မတို့ဆီကို လျှောက်လာပါတယ်၊ လူမျိုးရေးခွဲခြားတဲ့ စကားလုံးတွေပြောပြီး လက်ပါပါလာတော့ ထိတ်လန့်သွားရပါတယ်" လို့ 'ဘာနာဂျီ'က ABC News ကို ပြောပြခဲ့ပါတယ်။

 

'ဘာနာဂျီ'ကပဲ ထိုအဖြစ်အပျက်ကို ဗီဒီယိုမှတ်တမ်းရိုက်ကူးခဲ့တာဖြစ်ပါတယ်။

 

ဗီဒီယိုထဲမှာ 'အက်ပ်တန်'က အိန္ဒိယတွေကို လက်နဲ့ရိုက်ခဲ့တဲ့အဖြစ်လည်း ပါဝင်ပါတယ်။

 

"ကြောက်စရာကောင်းတာက သူကနီးနီးကပ်ကပ်ရောက်လာပြီးတော့ နှုတ်နဲ့တင်စော်ကားတာမဟုတ်ဘဲ လက်ပါ ပါခဲ့တာဖြစ်ပါတယ်"လို့ ဆိုပါတယ်။

 

'အက်ပ်တန်'ဘက်က ကိုယ်စားလှယ်ကတော့ မှတ်ချက်ပြုပြောကြားပေးဖို့ ရှိမနေခဲ့ပါဘူး။

Source: Reuters
#Yangon_Media_Group