ဘေဂျင်း၊စက်တင်ဘာ ၃
ကမ္ဘာကြီးသည် မတည်ငြိမ်မှုများနှင့် မရေရာမှုများဖြင့် ပြည့်နှက်နေဆဲဖြစ်သော်လည်း တရုတ်နိုင်ငံသည် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးကို ကတိကဝတ်ပြုကြောင်း ဖော်ပြပြီး ဒုတိယကမ္ဘာစစ် အောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ် ကြီးကျယ်ခမ်းနားသော စစ်ရေးပြအခမ်းအနား တစ်ရပ်ကို ဘေဂျင်းတွင် စက်တင်ဘာ ၃ ရက် ဗုဒ္ဓဟူးနေ့၌ ကျင်းပခဲ့သည်။
ထျန်းအန်းမင်ရင်ပြင်တွင် မဟာတံတိုင်းပုံစံ မိုးထိအောင်မြင့်မားသော ပုံသဏ္ဍာန်များကို စိုက်ထူထားပြီး ၎င်းသည် နိုင်ငံခြားကျူးကျော်မှုကို ခုခံရာတွင် တရုတ်လူမျိုးတို့၏ ရဲစွမ်းသတ္တိနှင့် စည်းလုံးညီညွတ်မှုကို ပုံဖော်ထားခြင်းဖြစ်သည်ဟုဆင်ဟွာကရေးသားသည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ လည်းဖြစ်သူ သမ္မတ ရှီကျင့်ဖျင်က စစ်ရေးပြအခမ်းအနားကို ကြည့်ရှုစစ်ဆေးပြီး တပ်ဖွဲ့များကို စစ်ဆေးခဲ့သည်။
ထျန်းအန်းမင်ရင်ပြင် စင်မြင့်ပေါ်တွင် ရှီ၏ ဘေး၌ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ကိုရီးယား ဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ(မြောက်ကိုရီးယား၏ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအွန်တို့ အပြင် အခြားနိုင်ငံခြားခေါင်းဆောင် ၂၀ ကျော်လည်း အတူရှိနေခဲ့ကြသည်။

တရုတ်နိုင်ငံ၏ ဒုတိယကမ္ဘာစစ် တိုက်ပွဲကို ပံ့ပိုးကူညီခဲ့သူများ၏ ကိုယ်စားလှယ်များ သို့မဟုတ် ၎င်းတို့၏ မိသားစုဝင်များဖြစ်ကြသည့် ရုရှား၊ အမေရိကန်ပြည်ထောင်စု၊ ယူနိုက်တက်ကင်းဒမ်း၊ ပြင်သစ်နှင့် ကနေဒါ ကဲ့သို့သော နိုင်ငံများမှ ကိုယ်စားလှယ်များကိုလည်း အခမ်းအနားသို့ ဖိတ်ကြားခဲ့သည်။
တရုတ်ပြည်သူများ၏ ဂျပန်ကျူးကျော်မှုကို ခုခံတွန်းလှန်သည့် စစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တိုက်ဖျက်ရေး စစ်ပွဲတွင် ခက်ခဲစွာရရှိခဲ့သော အောင်ပွဲကို အထိမ်းအမှတ်ပြုရန် တရုတ်နိုင်ငံက စစ်ရေးပြအခမ်းအနား ကျင်းပခြင်းသည် ၂၀၁၅ ခုနှစ်နောက်ပိုင်း ယခုဒုတိယအကြိမ်မြောက် ဖြစ်သည်။
ရဟတ်ယာဉ်များသည် "တရားမျှတမှု အောင်နိုင်ရမည်"၊ "ငြိမ်းချမ်းရေး အောင်နိုင်ရမည်" နှင့် "ပြည်သူလူထု အောင်နိုင်ရမည်" ဟူသော စာတန်းများပါသည့် နဖူးစည်းများကို သယ်ဆောင်ကာ ထျန်းအန်းမင်ရင်ပြင်အပေါ်မှ ပျံသန်းခဲ့ကြသည်။ တပ်ဖွဲ့များသည် စည်းကမ်းကျနပြီး အားမာန် ပြည့်ဝ သော တပ်ဖွဲ့ပုံစံများဖြင့် ချီတက်ခဲ့ကြပြီး ၎င်းတို့၏ မျက်နှာများတွင် ယုံကြည်မှုနှင့် ဂုဏ်ယူမှုတို့ဖြင့် တောက်ပနေခဲ့သည်။ တင့်ကား၊ အမြောက်နှင့် အခြားစစ်ဘက်ဆိုင်ရာယာဉ်တန်းများက ရင်ပြင်ကို ဖြတ်၍ တခြိမ့်ခြိမ့်သွားလာခဲ့ကြသည်ဟု ဆင်ဟွာသတင်းတွင်ဖော်ပြထားသည်။
ရှီသည် စစ်ရေးပြအခမ်းအနားမစတင်မီ မိန့်ခွန်းပြောကြားခဲ့ရာတွင် လွန်ခဲ့သော နှစ် ၈၀ က အောင်ပွဲ၏ အရေးပါမှုကို အလေးပေးပြောကြားခဲ့ပြီး ၎င်းသည် ခေတ်သစ်တွင် နိုင်ငံခြား ကျူးကျော်မှုကို တရုတ်နိုင်ငံ က ပထမဆုံးအကြိမ် အပြည့်အဝ အောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
ရှီက တရုတ်ပြည်သူများသည် စစ်ပွဲအတွင်း ကြီးမားသော စတေးမှုများဖြင့် လူ့ယဉ်ကျေးမှုကို ကယ်တင် ရာတွင်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်ရာတွင် ကြီးမားသော ပံ့ပိုးကူညီမှု ပြုလုပ်ခဲ့ကြောင်း မှတ်ချက် ပြုခဲ့သည်။ သူက နိုင်ငံများကို "စစ်ပွဲ၏ အရင်းခံအကြောင်းတရားကို ဖယ်ရှားရန်နှင့် သမိုင်းဝင် ကြေကွဲ ဖွယ်ရာများ ထပ်မံမဖြစ်ပွားစေရန် တားဆီးရန်" တိုက်တွန်းခဲ့သည်။
ဂျပန်သည် ၁၉၄၅ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့တွင် လက်နက်ချစာချုပ်ကို လက်မှတ်ရေးထိုးခြင်းဖြင့် တရားဝင် လက်နက်ချခဲ့သည်။ တရုတ်နိုင်ငံက စက်တင်ဘာလ ၃ ရက်နေ့ကို အောင်ပွဲနေ့အဖြစ် သတ်မှတ်ခဲ့သည်။
တရုတ်နိုင်ငံသည် ဂျပန်၏ ပင်လယ်ရပ်ခြား တပ်ဖွဲ့များ၏ ထက်ဝက်ကျော်ကို ချုပ်နှောင်တိုက်ခိုက်ခဲ့ပြီး စစ်ဘက်နှင့် အရပ်ဘက် ထိခိုက်သေဆုံးသူ ၃၅ သန်း ပေးဆပ်ခဲ့ရသည်။ ၎င်းသည် ကမ္ဘာတစ်ဝန်း ဒုတိယကမ္ဘာစစ်အတွင်း သေဆုံးသူအားလုံး၏ သုံးပုံတစ်ပုံခန့်နှင့် ညီမျှသည်။
ရှီ၏ ဦးဆောင်မှုအောက်ရှိ စစ်ဘက်ပြုပြင်ပြောင်းလဲမှုများ၏ ရလဒ်ဖြစ်သော ပြည်သူ့လွတ်မြောက် ရေးတပ်မတော် (PLA) ၏ တပ်ဖွဲ့များနှင့် လက်နက်များဆိုင်ရာ စနစ်သစ်ကို ပထမဆုံးအကြိမ်အဖြစ် ပြသခဲ့သည်။
ပြသခဲ့သည့် အဆင့်မြင့်လက်နက်များတွင် မောင်းသူမဲ့ ထောက်လှမ်းရေးနှင့် မောင်းသူမဲ့ယာဉ် တန်ပြန်ချေမှုန်းရေး ပစ္စည်းကိရိယာများ၊ အသံထက်မြန်သော ဒုံးကျည်များ၊ စွမ်းအင်မြင့် လက်နက်များ၊ အီလက်ထရောနစ် ကြားဖြတ်နှောင့်ယှက်ရေးစနစ်များနှင့် ကမ္ဘာလုံးဆိုင်ရာ တိုက်ခိုက်နိုင်စွမ်းရှိသော မဟာဗျူဟာမြောက် လက်နက်များ ပါဝင်သည်။
သူ၏ မိန့်ခွန်းတွင် ရှီက တရုတ်လူမျိုးများ ပြန်လည်နိုးကြားရေးအတွက် မဟာဗျူဟာမြောက် အထောက်အပံ့ပေးရန် PLA ကို တောင်းဆိုခဲ့သည်။
သူက တရုတ်နိုင်ငံ၏ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကတိကဝတ်ကို ထပ်လောင်း ပြောကြားခဲ့သည်။ "လူသားမျိုးနွယ်သည် ငြိမ်းချမ်းရေး သို့မဟုတ် စစ်ပွဲ၊ ဆွေးနွေးမှု သို့မဟုတ် ထိပ်တိုက် ရင်ဆိုင်မှု၊ နှင့် အားလုံးအနိုင်ရသော ရလဒ်များ သို့မဟုတ် တစ်ဦးနိုင်-တစ်ဦးရှုံး ဂိမ်းများအကြား ရွေးချယ်မှု တစ်ခုနှင့် ထပ်မံရင်ဆိုင်နေရသည်" ဟု သူက ပြောကြားခဲ့သည်။
ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှု စစ်ဆင်ရေးများတွင် ပါဝင်ခဲ့သော တရုတ်စစ်သားများသည် ထျန်းအန်းမင်ရင်ပြင်ကို ဖြတ်၍ ချီတက်ခဲ့ကြပြီး ၎င်းသည် အောင်ပွဲနေ့ စစ်ရေးပြအခမ်းအနားတွင် ပထမဆုံးအကြိမ် ပါဝင်လာခြင်းဖြစ်သည်။ "ကျွန်တော်တို့မှာ ဘိုးဘေးတွေရဲ့ သွေးနဲ့ ရင်းပြီး ဖော်ဆောင် ခဲ့တဲ့ ငြိမ်းချမ်းရေးကို ကာကွယ်နိုင်တဲ့ စွမ်းရည်ရှိပါတယ်" ဟု ယခင်က ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံတွင် ငြိမ်းချမ်းရေးထိန်းသိမ်းမှုမစ်ရှင်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်ဆေးခံတပ်ဖွဲ့ဝင်တစ်ဦး ဖြစ်သူ ရှောက်ရှောင်ကွမ်းက ပြောကြားခဲ့သည်။
ဤသည်မှာ ရှီက တရုတ်နိုင်ငံကို "ကဏ္ဍပေါင်းစုံတွင် တရုတ်ပုံစံ ခေတ်မီရေးကို ဖော်ဆောင်ရန် ခရီးစဉ်သစ်တစ်ခု" စတင်ရန် ဦးဆောင်ခဲ့ပြီးနောက် ပထမဆုံးသော စစ်ရေးပြအခမ်းအနားလည်း ဖြစ်သည်။ တရုတ်နိုင်ငံသည် ၂၀၃၅ ခုနှစ်တွင် ခေတ်မီရေးကို အခြေခံအားဖြင့် အောင်မြင်ရန် လမ်းပြမြေပုံတစ်ခုကို ချမှတ်ထားသည်။
Source Xinhua
#World_News
Published 03 September 2025
▪️ အင်ဒိုနီးရှားနိုင်ငံ ဘန်ဒန်းမြို့ တက္ကသိုလ်နှစ်ခုအနီးမှာ အင်ဒိုရဲတွေက ဆန္ဒပြသူများကို မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်များဖြင့် ပစ်ခတ်ခဲ့ကြောင်း အာဏာပိုင်များက အင်္ဂါနေ့မှာ ပြောသွားပါတယ်။
▪️ ပြီးခဲ့တဲ့ ရက်သတ္တပတ်တည်းကဆိုရင် ရုန်းရင်းဆန်ခတ်မှုတွေကြောင့် လူ ၁၀ ဦး သေဆုံးထားပါတယ်။
▪️ လွှတ်တော်အမတ်များအတွက် အကျိုးခံစားခွင့်တိုးမြှင့်မှုများ အပါအဝင် အစိုးရအသုံးစရိတ်များအပေါ် ပစ်မှတ်ထားကာ ဂျာကာတာမှာဆန္ဒပြပွဲများစတင်ခဲ့ပြီး တစ်နိုင်ငံလုံးပျံ့နှံ့လာပါတယ်။
▪️ ရဲကားတစ်စီးက မော်တော်ဆိုင်ကယ်တက္ကစီယာဉ်မောင်းကို တိုက်သတ်ပြီးနောက် အဓိကရုဏ်းတွေ လုယက်ဆွဲယူခြင်းတွေအထိ ဖြစ်လာကာ မြို့တော်အတွင်း ဒေါ်လာသန်းချီထိခိုက်ပျက်စီးလာပါတယ်။
▪️ တက္ကသိုလ်ကျောင်းသားတွေက အင်ဒိုနီးရှားဒီမိုကရေစီရဲ့ အမာခံများသဖွယ် ရှိနေပြီး ဆန္ဒပြပွဲတွေကို ဦးဆောင်တဲ့ကဏ္ဍက ပါဝင်နေပါတယ်။
▪️ ဘန်ဒန်းဖြစ်ရပ်က ဆန္ဒပြသူတွေအပေါ် ရဲတွေပစ်ခတ်တဲ့ ပထမဆုံးဖြစ်ရပ်ဖြစ်ပါတယ်။
▪️ ရဲတွေနဲ့ တပ်မတော်က အကြမ်းဖက်မှုများမှ အခိုင်အမာရပ်တည်သွားလိမ့်မယ်လို့ သမ္မတ ပရာဘိုဝိုဆူဘီယန်တိုက သတိပေးထားပါတယ်။
▪️ အရာရှိတွေဟာ UNISBA တက္ကသိုလ်နဲ့ ပါဆွန်ဒန်တက္ကသိုလ်တွေထဲ မဝင်ရောက်ပေမယ့် ကျောင်းအနီးတဝိုက်က ကျောင်းသားမဟုတ်တဲ့ ဆန္ဒပြသူတွေကိုတော့ လူစုခွဲဖို့ ကြိုးစားခဲ့ပါတယ်။
▪️ ရဲတွေဟာ ကျောင်းဝင်းတွေ၊ ဘေးကင်းရေးနေရာတွေကို ပစ်မှတ်ထားနေတယ်လို့ ကျောင်းသားတွေက စွပ်စွဲနေပါတယ်။
▪️ မညီမျှမှုတွေနဲ့ ပေါ်လစီတွေအပေါ် မကျေနပ်မှုတွေကြောင့် သမ္မတလည်း ဆန္ဒပြပွဲတွေနဲ့ ကြုံတွေ့နေရပါတယ်။
▪️ ကုလသမဂ္ဂအပါအဝင် လူ့အခွင့်အရေးအဖွဲ့အစည်းတွေက ရဲတွေရဲ့ ကြမ်းတမ်းမှုလုပ်ရပ်များနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးလိုနေပါတယ်။
Source: Reuters
#World_Science
Published 03 September 2025
▪️ Astigmasaura genuflexa လို့ခေါ်တဲ့ rebbachisaurid sauropod ဒိုင်နိုဆောမျိုးစိတ်တစ်မျိုးကို ရှေးဟောင်းတူးဖော်ရေးသုတေသီများ ပါတာဂိုးနီးယားမှာ တူးဖော်တွေ့ရှိခဲ့ကြပါတယ်။
▪️ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၅ သန်းခန့် ခရီတေးရှပ်စ်ခေတ်နှောင်းပိုင်းအတွင်း ဆော်ရိုပေါ့ဆင့်ကဲပြောင်းလဲပုံကို သိရှိလာစေမှာပါတယ်။
▪️ အဆိုပါ ဒိုင်နိုဆောရုပ်ကြွင်းကို အာဂျင်တီးနားမှာတွေ့ရှိခဲ့တာဖြစ်ပါတယ်။
▪️ ရုပ်ကြွင်းမှတ်တမ်းများရှိရာ တောင်အမေရိကမှ ဆော်ရိုပေါ့ဒိုင်နိုဆော မျိုးစိတ်ကွဲပြားမှုတွေအကြောင်း အခွင့်အလမ်းဖွင့်ပေးသလို ဖြစ်လာမှာပါ။
▪️ ကမ္ဘာပေါ်မှာ ဆော်ရိုပေါ့တွေက အရွက်စားသတ္တဝါတွေကြား ကြီးစိုးခဲ့ချိန် ခရီတေးရှပ်စ်နှောင်းပိုင်းအတွင်း Astigmasaura genuflexa နေထိုင်ခဲ့တာဖြစ်တယ်လို့ တွေ့ရှိထားပါတယ်။
▪️ Astigmasaura genuflexa က အလျား ၁၈ မီတာ၊ အလေးချိန် ၁၀ တန်ကျော်ရှိပြီး ဆော်ရိုပေါ့တွေရဲ့ ခန္ဓာဗေဒ အရေးကြီးအချက်အလက်များ သိရှိစေနိုင်မှာ ဖြစ်ပါတယ်။
▪️ ရုပ်ကြွင်းလက္ခဏာတွေက အခြားဒိုင်နိုဆောတွေနဲ့ယှဉ်ရင် ထူးခြားကွဲပြားတဲ့ လက္ခဏာတွေရှိပါတယ်။
▪️ ဂွန်ဝါနာမှာဆိုရင် ဆော်ရိုပေါ့ဆင့်ကဲပြောင်းလဲခြင်းအတွက် အရေးပါတဲ့နေရာဖြစ်ပြီး ဒီလိုဧရာမသတ္တဝါကြီးတွေဟာ မတူညီတဲ့ပတ်ဝန်းကျင်အလိုက် သဟဇာတဖြစ်အောင် ဘယ်လိုနေထိုင်လဲဆိုတဲ့ အထောက်အထားတွေ တွေ့ရနိုင်ပါတယ်။
▪️ ပါတာဂိုးနီးယားမှာ rebbachisaurid ရုပ်ကြွင်းတွေ မကြာခဏတွေ့ရှိထားကာ သိရှိသမျှမျိုးစိတ်တဝက်ကျော်လောက်က ထိုဒေသကဖြစ်ပြီး ဆော်ရိုပေါ့ ဆင့်ကဲပြောင်းလဲခြင်းလေ့လာချက်တွေအတွက် အရေးပါနိုင်ပါတယ်။
Source: Indian Defence Review.
#World_Science
Published 03 September 2025
▪️ ဗိုင်းရပ်စ်တွေက ကင်ဆာအမျိုးမျိုးကုသရာမှာ အလားအလာများစွာရှိကြောင်း တွေ့ရှိထားပေမယ့်ကိုယ်ခံအားတုံ့ပြန်မှုကြောင့် ထိရောက်မှုကန့်သတ်ခံနေရပါတယ်။
▪️ ယခုအခါတော့ သိပ္ပံပညာရှင်တွေက မျိုးဗီဇပြုပြင်ထားတဲ့ ဘက်တီးရီးယားတွေပါတဲ့ အကာအကွယ်ပါဗိုင်းရပ်စ်တွေက ဒီပြဿနာကို ရှောင်ရှားသွားနိုင်ပြီး ကြွက်တွေမှာ ဆိုးရွားတဲ့ အကျိတ်တွေကြီးထွားလာမှုကို နှောင့်နှေးစေကြောင်း ဖော်ပြလာပါတယ်။
▪️ ကင်ဆာချေဖျက်နိုင်တဲ့ ကုသနည်းတွေ ဗိုင်းရပ်စ်တွေဖြင့် အရေပြား၊ ဦးနှောက်၊ ဦးခေါင်း၊ လည်ပင်းကင်ဆာတို့ ကုသဖို့ကမ္ဘာတဝှမ်းမှာ အသိအမှတ်ပြုထားပါတယ်။
▪️ ဒီနည်းလမ်းက မျိုးဗီဇပြုပြင်ထားတဲ့ ဗိုင်းရပ်စ်တွေကို အကျိတ်တွေထဲ တိုက်ရိုက်ထိုးသွင်းပြီး ပေါက်ထွက်စေကာ ကင်ဆာဆဲလ်တွေ သေစေပါတယ်။
▪️ ဒါပေမဲ့ ခန္ဓာကိုယ်ထဲက နက်ရှိုင်းတဲ့နေရာမှ အကျိတ်တွေထံကိုတော့ မရောက်နိုင်ခင်မှာပဲ ကိုယ်ခံအားစနစ်က အလျင်အမြန် ဖျက်ဆီးပစ်လိုက်ပါတယ်။
▪️ နယူးယော့ခ်ရှိ ကိုလံဘီယာတက္ကသိုလ်မှ ဇက်ခရီဆင်ဂါနဲ့ အဖွဲ့က Salmonella typhimurium ဘက်တီးရီးယားကို မျိုးဗီဇပြုပြင်ပြီး လူသားကင်ဆာဆဲလ်တွေကို သေစေနိုင်တယ်လို့ စမ်းသပ်တွေ့ရှိထားတဲ့ Senecavirus A ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇအချက်အလက်ကို သယ်ဆောင်စေပါတယ်။
▪️ ဘက်တီးရီးယားက ဗိုင်းရပ်စ်ကို ကိုယ်ခံအားစနစ်က မတွေ့အောင် ဖုံးကွယ်ပေးထားပြီး လိုအပ်တဲ့နေရာရောက်မှ ကင်ဆာချေဖျက်တဲ့အလုပ်လုပ်စေတယ်လို့ ဆင်ဂါကပြောပါတယ်။
▪️ သုတေသီတွေက ဓာတ်ခွဲခန်းထဲမှာ ကြွက်တွေနဲ့ စမ်းသပ်ရာမှာ ရလဒ်က အံ့အားသင့်ဖွယ်ဖြစ်ခဲ့ပြီး လူသားတွေမှာလည်း အကျိတ်တွေကို ဖယ်ရှားနိုင်မယ်လို့ ယုံကြည်နေပါတယ်။
▪️ ဒါပေမဲ့ လူသားတွေမှာ အသုံးမပြုခင် ကြွက်တွေနဲ့ အခြားမျောက်ဝံမျိုးနွယ်တွေမှာ နောက်ထပ်လေ့လာချက်များပြုလုပ်သင့်ပါတယ်။
Source: News Scientist
၂၀၂၅ ရှန်ဟိုင်းကော်ပရေးရှင်းအဖွဲအစည်း (SCO)ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာတဲ့ နိုင်ငံတကာဧည့်သည်တွေကို ကြိုဆိုဧည့်ခံတဲ့အနေနဲ့ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ ဇနီးဖန်လိယွမ်တို့က တီယန်ကျင်ဆိပ်ကမ်းမြို့မှာ တနင်္ဂနွေနေ့က ဧည့်ခံစားသောက်ပွဲလက်ခံကျင်းပခဲ့ပါတယ်။
#World_Event
Published 02 Sept 2025
#တရုတ်သမ္မတဇနီးမောင်နှံ #ရှန်ဟိုင်းကော်ပရေးရှင်းအဖွဲအစည်း
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 02 September 2025
▪️ အာဖဂန်နစ္စတန်မှာ အဆိုးရွားဆုံးမြေငလျင် လှုပ်ခတ်ခဲ့သဖြင့် ၈၀၀ ကျော်သေဆုံးကာ အနည်းဆုံး ၂,၈၀၀ ခန့် ဒဏ်ရာရထားကြောင်း အာဏာပိုင်များက တနင်္လာနေ့မှာ ပြောသွားပါတယ်။
▪️ ကြမ်းတမ်းတဲ့ တောင်တန်းဒေသတွေနဲ့ ရာသီဥတုအခြေအနေကြောင့် ဝေးလံတဲ့နေရာတွေဆီ ကယ်ဆယ်ရေးတွေ ရောက်ရှိဖို့ ခက်ခဲနေပါတယ်။
▪️ စစ်ပွဲဒဏ်ခံနေရတဲ့နိုင်ငံမှာ နိုင်ငံခြားအကူအညီ ကျဆင်းခြင်းပြဿနာကစလို့ အိမ်နီးချင်းနိုင်ငံတွေကနေ အာဖဂန်လူမျိုးသိန်းချီကို နေရပ်ပြန်ပို့ခြင်းပြဿနာအထိ ကြုံတွေ့နေရတဲ့အချိန်မှာ ယခုလို ငလျင်ဘေးက ပိုမိုဆိုးရွားစေပါတယ်။
▪️ ဒေသစံတော်ချိန်ညသန်းခေါင်မှာ ပြင်းအားအဆင့် ၆ ရှိတဲ့ ငလျင်က အနက် ၁၀ ကီလိုမီတာမှာ လှုပ်ခတ်ခဲ့ပြီး အာဖဂန် ကာဘူးမြို့ရှိ ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ရှာရာဖက်ဇာမန်က နိုင်ငံတကာအကူအညီများ တောင်းခံလိုက်ပါတယ်။
▪️ လူအများအပြား အသက်အိုးအိမ်များ ဆုံးရှုံးနေတာကြောင့် အကူအညီလိုအပ်နေတယ်လို့ ပြောသွားပါတယ်။
▪️ ရေညစ်ညမ်းမှုမဖြစ်စေရန် ကယ်ဆယ်ရေးအဖွဲ့တွေက တိရိစ္ဆာန်အလောင်းတွေကို အလျင်အမြန်ဖယ်ရှားဖို့ ကြိုးစားနေကြပါတယ်။
▪️ စစ်ကယ်ဆယ်ရေးအဖွဲ့တွေက ဖြန့်ကျက်ရှာဖွေနေရာ ဒဏ်ရာရသူနဲ့ သေဆုံးသူ ၄၂၀ ကို သယ်ဆောင်ခဲ့ပါတယ်။
▪️ ငလျင်က ကူနာရှိ ရွာသုံးရွာကို ဖျက်ဆီးခဲ့ပြီး အခြားဒေသများမှာလည်း ထိခိုက်မှုများခဲ့ပါတယ်။
▪️ လူနာတင်ယာဉ်တွေ၊ ဆရာဝန်တွေ၊ လိုအပ်သမျှအရာအားလုံး လိုအပ်နေတယ်လို့ အသက်ရှင်ကျန်သူတစ်ဦးက ပြောပါတယ်။
▪️ တာလီဘန်တွေရဲ့ အမျိုးသမီးတွေအပေါ်ထားတဲ့ ပေါ်လစီတွေကြောင့် လှူဒါန်းဖို့စိတ်မဝင်စားကြကာ အခုထက်ထိ နိုင်ငံခြားအစိုးရတွေမှ ကယ်ဆယ်ကူညီရေး မပေးကြသေးဘူးလို့ အာဖဂန်နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောသွားပါတယ်။
Source: Reuters
#World_Health
Published 02 September 2025
▪️ အသက် ၃၀ ကျော်လာတဲ့အခါ ခွန်အားကျဆင်းလာခြင်း၊ ဇီဝကမ္မဖြစ်စဉ် အလွန်အမင်းပြောင်းလဲလာခြင်း၊ အရိုးများ ဆွေးလာခြင်း၊ အဆစ်နာခြင်း၊ လှုပ်ရှားနိုင်စွမ်းကျဆင်းလာခြင်းစသဖြင့် ကျန်းမာရေးပြဿနာများ ဖြစ်လာတတ်ပါတယ်။
▪️ အစားအသောက်ဖြင့် လိုအပ်တဲ့အာဟာရဓာတ်တွေ မဖြည့်ဆည်းနိုင်တဲ့အခါ အာဟာရဓာတ်ချို့တဲ့မှုတွေ ဖြစ်လာပါတယ်။
▪️ အမျိုးသားတွေက ဒီလိုပြဿနာတွေ ပိုမိုခံစားရနိုင်ကာ ဖြည့်စွက်အားဆေးတွေ ပိုမိုလိုအပ်နိုင်တယ်လို့ ဝေါ့ဟာ့ဒ်ဆေးရုံမှ ဒေါက်တာအန်နီကက်မြူးလ်က ပြောသွားပါတယ်။
▪️ ဇင့်သတ္တုဓာတ်ဆိုရင် ကျားဟော်မုန်းအကာအကွယ်ပေးခြင်း၊ မျိုးပွားလုပ်ဆောင်ချက်၊ ကြွက်သားပြန်လည် တည်ဆောက်ခြင်းတို့အတွက် လိုအပ်ပြီး ဂုံး၊ အမဲသား၊ ဖရုံစေ့၊ ကုလားပဲတို့မှာ ပါဝင်ပါတယ်။
▪️ ဗိုက်တာမင်-ဒီ၃နဲ့ ကေ၂ဆိုရင် အရိုး၊ ကိုယ်ခံအား၊ ကျားဟော်မုန်းထုတ်လုပ်ခြင်း၊ ကယ်စီယံစုပ်ယူခြင်း၊ နှလုံးသွေးကြော ကျန်းမာရေးတို့အတွက် လိုအပ်ကာ နေရောင်ခြည်ထိတွေ့မှုကနေ ဒီ၃ ရရှိသလို အဆီပါသောငါး၊ အချဉ်ဖောက်သော စားစရာတွေကနေ ကေ၂ ရရှိနိုင်ပါတယ်။
▪️ ကြွက်သားနဲ့ အာရုံကြောလုပ်ဆောင်ချက်၊ ခွန်အားထုတ်လုပ်ခြင်း၊ နှလုံးကျန်းမာရေး၊ ဖိစီးမှုထိန်းချုပ်ခြင်း၊ အိပ်စက်မှုတို့အတွက် မဂ္ဂနီဆီယံအရေးကြီးကာ အစိမ်းရောင်ဟင်းရွက်များ၊ အခွံမာသီးများ၊ အစေ့များမှာ ကြွယ်ဝစွာ ပါဝင်ပါတယ်။
▪️ အိုမီဂါ-၃ ဖက်တီးအက်ဆစ်က နှလုံးကျန်းမာရေး ထောက်ကူပေးခြင်း၊ ရောင်ရမ်းမှု လျှော့ချခြင်း၊ ဦးနှောက်လုပ်ဆောင်ချက် တိုးမြှင့်ပေးခြင်းတို့အတွက် အရေးပါကာ အဆီပါသောငါး၊ လျှော်စေ့၊ ချီယာစေ့တို့မှာ ပါဝင်ပါတယ်။
▪️ ဗိုက်တာမင်- ဘီ၆ ဘီ၉ ဘီ၁၂တို့က ခွန်အားထုတ်လုပ်ခြင်း၊ ဦးနှောက်နဲ့ အာရုံကြောလုပ်ဆောင်ချက်တို့အတွက် အရေးပါကာ အစေ့အဆန်များ၊ ဥ၊ အသား၊ အစိမ်းရောင်ဟင်းရွက်တို့မှာ ပါဝင်ပါတယ်။
▪️ ဖြည့်စွက်အားဆေးက လူတိုင်းလိုအပ်တာမဟုတ်ဘဲ ကျန်းမာရေးနဲ့ ညီညွတ်မျှတစွာ စားသုံးရင် မရှိမဖြစ် အာဟာရဓာတ်များ ရရှိနိုင်ပါတယ်။
Source: India Express
Page 99 of 1121