Published 18 May 2022
တရုတ်နိုင်ငံဟာ တစ်နိုင်ငံလုံးအဆင့် အကျယ်ပြန်ဆုံး 5G ကွန်ယက်ကြီးကို တည်ဆောက်နေရာမှာ ယခုအခါ 5G ကွန်ယက် စခန်းပေါင်း ၁.၆သန်းနီးပါးကို တရုတ်နိုင်ငံအနှံ့တည်ဆောက်ပြီးဖြစ်ပါတယ်လို့ တရုတ်အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။
တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုလီးယား အထူးအုပ်ချုပ်ခွင့်ရဒေသမှာ အင်္ဂါနေ့ မေလ ၁၇ ရက်နေ့ ကပြုလုပ်တဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဆက်သွယ်ရေးနှင့်ပြန်ကြားရေးအဖွဲ့အစည်းနေ့ အခမ်းအနားမှာ တရုတ် စက်မှုနှင့်ပြန်ကြားရေးနည်းပညာ ဒုတိယဝန်ကြီး ကျန်ယွန်းမင်းက ပြောကြားခဲ့တာပါ။
“ Fixed broadband ကို တစ်စက္ကန့်၁၀၀မီဂါဗိုက်ကနေ ၁၀၀၀မီဂါဗိုက်ကို အဆင့်မြှင့်ပြီးပါပြီ။ ၂၀၁၂ခုနှစ်က optical fiber အသုံးပြုသူအချိုးအစားဟာ ၁၀ရာခိုင်နှုန်းရှိခဲ့ရာက ၂၀၂၁မှာ ၉၄.၃ ရာခိုင်နှုန်းရှိခဲ့ပါပြီ” လို့သူကပြောပါတယ်။
fiber-optic ကွန်ယက်ကို ရွာပေါင်း တစ်သိန်းသုံးသောင်းမှာ ဆောက်လုပ်ပြီးပြီး 4G အခြေစိုက်စခန်းတွေကိုလည်း ရွာပေါင်း ခြောက်သောင်းမှာ တပ်ဆင်ပြီးဖြစ်ကြောင်းနှင့် ကျေးရွာမှာ broadband လွှမ်းခြုံမှုဟာ ၇၀ရာခိုင်နှုန်းအောက်ရှိရာကနေ ရာနှုန်းပြည့်ဖြစ်သွားပြီလို့ သူကပြောပါတယ်။
တရုတ်နိုင်ငံဟာ 5G လို့ခေါ်တဲ့ ပဥ္စမမျိုးဆက်ဆက်သွယ်ရေးနည်းပညာကို ပိုမိုမြင့်မားတဲ့ အမြန်နှုန်း၊ နိမ့်ပါးတဲ့ latency နှင့် ကြီးမားတဲ့ စွမ်းဆောင်ရည်တွေနှင့်အတူ သယ်ယူပို့ဆောင်ရေး၊ဆေးဝါးကုသမှု၊ပညာရေး၊ ယဉ်ကျေးမှုနှင့်ခရီးသွားလုပ်ငန်းတွေမှာ အသုံးချနေပါတယ်။
သုတေသနနှင့်ဖွံ့ဖြိုးရေး၊ဒီဇိုင်း၊ထုတ်လုပ်ရေး၊ဈေးကွက်နှင့်ဝန်ဆောင်မှုလုပ်ငန်းတွေ လွှမ်းခြုံတဲ့ တရုတ်ရဲ့ အမျိုးသားစီးပွားရေးမှာ အဓိကကျတဲ့ ကဏ္ဍ(၄၅)ခုမှာ 5Gဟာ ပဓာနကျတဲ့ နည်းပညာဖြစ်လာနေတာဖြစ်ပါတယ်။
Source CCTV/CMG
#DailyNews
Published - 18 May 2022
၁။ ဘတ်စ်ကားမှတ်တိုင်တွင်ရပ်သည့် City Taxi များကို အရေးယူနေပြီ။
၂။ Tourist Visa ဖွင့်ပြီးနောက် အနောက်နိုင်ငံခရီးသွားများထက် အာရှနှင့်အာဆီယံခရီးသွားများသာ ဦးစွာ ပြန်ဝင်လာနိုင်ခြေရှိ။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ မွေးရပ်မြေတွင်စိုက်ထူပြသထားသည့် မာဂရက်သက်ချာ၏ရုပ်ထုအား ဆန္ဒပြသူတစ်ဦးကကြက်ဥဖြင့်ပစ်ပေါက် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#WorldMystery
Published 18 May 2022
ပြီးခဲ့တဲ့နှစ် ၂၀ အတွင်း အာကာသထဲမှ အမည်မသိအရာဝတ္ထု(UFO)များ ပိုမိုများပြားစွာတွေ့ရှိလာရကြောင်း အင်္ဂါနေ့မှာပြုလုပ်ခဲ့တဲ့ UFO အကြောင်း ရုံးတင်ကြားနာပွဲမှာ အမေရိကန်ကာကွယ်ရေးဌာနမှ ထိပ်သီးအရာရှိတစ်ဦးက ဥပဒေရေးရာရှေ့နေများထံ တင်ပြသွားပါတယ်။
"၂၀၀၀ ခုနှစ်အစောပိုင်းတွေတည်းက အမည်မသိယာဉ်ပျံများ သိုမဟုတ် အရာဝတ္ထုများကို စစ်တပ်ထိန်းချုပ်ရာ လေ့ကျင့်ရေးနယ်မြေများနဲ့ အခြားလေပိုင်နက်တွေမှာ ပိုမိုတွေ့ရှိလာရပါတယ်" လို့ ရေတပ်ထောက်လှမ်းရေးဒုညွှန်ကြားရေးမှူး'စကော့တ်ဘရေး'က လွှတ်တော်လုံခြုံရေးအဖွဲ့ကို တင်ပြခဲ့ပါတယ်။
ဒီလိုအများအပြားတွေ့လာရတာဟာ အမေရိကန်စစ်တပ်က တွေ့သမျှကြုံသမျှကို သတင်းတင်ပို့ခြင်းမရှိတာကြောင့်နဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်မှုတွေကြောင့်ဖြစ်တယ်လို့ 'ဘရေး'ကအပြစ်တင်လိုက်ပါတယ်။
ဒါပေမဲ့လည်း ဒီဖြစ်စဉ်တွေရဲ့နောက်ကွယ်မှာ ပင်တဂွန်က ကမ္ဘာမြေပေါ်ကမဟုတ်တဲ့အရာလိုမျိုး ဘာတစ်ခုမှ မတွေ့ခဲ့ရဘူးလို့ ပြောသွားပါတယ်။
တဖက်မှာလည်း 'ဘရေး'က ထိုသို့သောဖြစ်နိုင်ချေကို အတိအကျ မဖြေရှင်းနိုင်ခဲ့ပါဘူး။
၂၀၂၁ ဇွန်လတုန်းက ကောင်းကင်မှာ ကမ္ဘာပြင်ပမှအရာများတွေ့ရတဲ့ အထောက်အထားမရှိဘူးလို့ အမေရိကန်ထောက်လှမ်းရေးက အဆိုပြုခဲ့ပေမယ့် စစ်တပ်လေယာဉ်မှူးများ မကြာခဏ ထိုအဖြစ်အပျက်တွေကို တွေ့နေရတာကိုလည်း မရှင်းပြနိုင်ခဲ့ပါဘူး။
အချို့ရှင်းပြချက်တွေမှာတော့ ဒရုန်းတွေ ငှက်တွေက အမေရိကန်စစ်တပ်ရဲ့ရေဒါစနစ်တွေမှာ လာငြိတာမျိုးကြောင့် ရှုပ်ထွေးသွားတာဖြစ်နိုင်ကြောင်း ဆိုပါတယ်။
အခြားအင်အားကြီးနိုင်ငံများဖြစ်တဲ့ တရုတ်နဲ့ရုရှားတို့လို နိုင်ငံတွေရဲ့ စစ်လက်နက်နည်းပညာများစမ်းသပ်မှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။
အမေရိကန်စစ်တပ်နဲ့ ထောက်လှမ်းရေးတို့က အဆိုပါယာဉ်ပျံများ ဒါမှမဟုတ် အရာဝတ္ထုများက အမေရိကန်ပြည်ထောင်စုအပေါ် ခြိမ်းခြောက်မှုများရှိလာမလားဆိုတာကို ဆွေးနွေးဆုံးဖြတ်သွားဖို့ အဓိက စိတ်ဝင်စားနေကြပါတယ်။
"ဒီလိုအမည်မသိ ယာဉ်ပျံတွေကို နိုင်ငံတော်လုံခြုံရေးကိုခြိမ်းခြောက်နိုင်တဲ့အရာအဖြစ်ပဲ မှတ်ယူထားဖို့လိုပါတယ်"လို့ ကြားနာပွဲအဖွဲ့ဥက္ကဌ အင်ဒီယာနာဒီမိုကရက်တစ်ကိုယ်စားလှယ်'အန်ဒရီကာဆန်'က ပြောသွားပါတယ်။
Source: AFP
#Yangon_Media_Group
#Cryptocurrency
Published 18 May 2022
ဘစ်ကွိုင်က ထိရောက်မှုအားနည်းခြင်းနဲ့ ထိန်းသိမ်းဆောင်ရွက်စရိတ်မြင့်မားခြင်းတို့ကြောင့် အနာဂတ်မှာ ငွေပေးချေမှုကွန်ရက်အဖြစ် အသုံးဝင်နိုင်မှာမဟုတ်ဘူးလို့ ခရစ်ပ်တို့ငွေလဲလှယ်ရောင်းဝယ်ရေးကုမ္ပဏီ FTX ရဲ့ အမှုဆောင်အရာရှိချုပ်'ဆမ်ဘန့်ခ်မန်းဖရိုင်း'က ပြောဆိုလိုက်ပါတယ်။
ဘစ်ကွိုင်ကိုအခြေခံထားတဲ့ ဘလော့ချိန်းအဝင်အထွက်စာရင်းများကို အတည်ပြုအကဲဖြတ်ပေးမယ့် ခရစ်ပ်တိုလည်ပတ်မှုစနစ်ကြီးဟာ ခရစ်ပ်တိုကို ထိရောက်တဲ့ငွေပေးချေမှု စနစ်တစ်ခုဖြစ်စေမယ့် သန်းပေါင်းများစွာသော ခရစ်ပ်တိုအထုတ်အသွင်းစာရင်းများကို ထိန်းချုပ်ဖြေရှင်းနိုင်စွမ်းမရှိကြောင်း 'ဘန့်ခ်မန်းဖရိုင်း'က ဆိုပါတယ်။
ခရစ်ပ်တိုဈေးကွက် အလွန်လျင်မြန်စွာကြီးထွားလာခဲ့ရာမှ ဇန်နဝါရီလနောက်ပိုင်းကစပြီး ဘစ်ကွိုင်ရောင်းချခြင်းများကြောင့် ဘစ်ကွိုင်တန်ဖိုး ၃၅ ရာခိုင်နှုန်းကျော် လျော့နည်းသွားရပြီး ခရစ်ပ်တိုဈေးကွက် စတင်ထိခိုက်လာပါတယ်။
ဒါဟာ ၂၀၂၀ နောက်ပိုင်း အနိမ့်ဆုံးပမာဏအထိလျော့နည်းခဲ့တာဖြစ်ပေမယ့် အချို့ခရစ်ပ်တိုဝါသနာရှင်တွေကတော့ နေ့စဉ်ရောင်းဝယ်ပေးချေမှုတွေမှာ ဘစ်ကွိုင်ကို အသုံးပြုနေဆဲဖြစ်ပါတယ်။
အယ်လ်ဆာဗေဒေါနဲ့ စင်ထရယ်အာဖရိကန်ရီပတ်ဘလစ်တို့လို နိုင်ငံတွေမှာ ဘစ်ကွိုင်ကို တရားဝင်တင်ဒါအဖြစ် သတ်မှတ်ထားပါတယ်။
ဘစ်ကွိုင်အသုံးပြုချင်လာအောင် ဘစ်ကွိုင် ATM တွေနဲ့ အခြားဝန်ဆောင်မှုတွေ ဖန်တီးပေးထားပေမယ့် အယ်လ်ဆာဗေဒေါမှာ ဘစ်ကွိုင်အသုံးပြုမှု နည်းပါးကြောင်း အမေရိကန်ပညာရှင်များက သုတေသနလေ့လာချက် ပြုလုပ်ထားပါတယ်။
အသက် ၃၀ အရွယ်ရှိ ဘီလျံနာ'ဘန့်ခ်မန်းဖရိုင်း'ဟာ FTX ကုမ္ပဏီကို ကမ္ဘာ့အကြီးဆုံးအွန်လိုင်းငွေလဲလှယ်ရေးလုပ်ငန်းအဖြစ် ချဲ့ထွင်နိုင်ခဲ့သူဖြစ်ပါတယ်။
ခရစ်ပ်တိုငွေပေးချေမှု ထိရောက်စွာလုပ်ဆောင်နိုင်ဖို့အတွက် အခြားနည်းလမ်းများအဖြစ် ဘလော့ချိန်းသဘောတူညီမှုဆိုင်ရာ ယန္တရားနဲ့ နည်းပညာတီထွင်ကြံဆမှုတွေ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။
တစ်စက္ကန့်အတွင်း သန်းပေါင်းများစွာသော ငွေကြေးအဝင်အထွက်စာရင်းများ ပြုလုပ်ဖို့ဆိုရင် အကုန်အကျနည်းပါးပြီး ပေါ့ပါးမြန်ဆန်မှုရှိမှ ထိရောက်မှာဖြစ်ပါတယ်။
အခြားခရစ်ပ်တိုတစ်ခုဖြစ်တဲ့ အီသယ်ရီယန်(Ethereum)ကတော့ ဘလော့ချိန်းသဘောတူညီမှုဆိုင်ရာ ယန္တရားစနစ်မျိုးကို ပြောင်းလဲဖို့ကြိုးစားနေပါတယ်။
ဘစ်ကွိုင်လည်ပတ်မှုစနစ်တွေက ကာဗွန်ထုတ်လွှတ်မှု စည်းမျဉ်းနဲ့ငြိတယ်ဆိုပြီး အချို့ဥရောပတာဝန်ရှိသူများက ပိတ်ပင်ဖို့တောင်းဆိုနေကြပါတယ်။
ဘစ်ကွိုင်ရှာဖွေစုဆောင်းခြင်းက နော်ဝေနဲ့ဆွီဒင်အပါအဝင် နိုင်ငံအများအပြားမှာ စွမ်းအင်သုံးစွဲမှုများလျက်ရှိကြောင်း ကိမ်းဘရစ်ချ်တက္ကသိုလ်မှ ဘစ်ကွိုင်လျှပ်စစ်သုံးစွဲရေးညွှန်းကိန်းဌာနက ဖော်ပြထားပါတယ်။
'ဘန့်ခ်မန်းဖရိုင်း'က ဘစ်ကွိုင်အပေါ် သူ့ရဲ့အမြင်ကိုပြောပြခဲ့ပေမယ့် ကမ္ဘာ့အအောင်မြင်ဆုံးခရစ်ပ်တိုဖြစ်တဲ့ ဘစ်ကွိုင်ဟာ ဈေးကွက်မှာ နေရာတစ်ခုရနေသေးတယ်လို့ ယုံကြည်နေဆဲဖြစ်ပါတယ်။
"ဘစ်ကွိုင်က ပပျောက်သွားမှာတော့မဟုတ်ပါဘူး။ ရွှေလိုမျိုး တန်ကြေးတစ်ခုရှိပြီး ထိန်းသိမ်းထားနိုင်တဲ့အရာမျိုးဖြစ်ပါတယ်" လို့ ပြောကြားသွားပါတယ်။
Source: FT
#Yangon_Media_Group
#WorldHealth
Published 18 May 2022
အသက် ၅၀ နားနီးတဲ့သူတွေအနေနဲ့ ဘလူးဘယ်ရီဖျော်ရည်ဖန်ခွက်တဝက်နေ့စဉ်သောက်သုံးခြင်းဖြင့် မှတ်ဉာဏ်ချို့ယွင်းခြင်းလက္ခဏာမှ ကင်းဝေးစေနိုင်ကြောင်း လေ့လာတွေ့ရှိထားပါတယ်။
မှတ်ဉာဏ်ချို့ယွင်းခြင်းဝေဒနာ အနည်းငယ်ခံစားရပြီး အဝလွန်နေတဲ့လူကြီး ၁၃ ယောက်ဟာ ဘလူးဘယ်ရီကို ၃ လစားသုံးပြီးနောက် အသီးမစားသုံးတဲ့သူတွေနဲ့နှိုင်းယှဉ်ပါက မှတ်ဉာဏ်စွမ်းရည် သိသိသာသာတိုးတက်လာတာကို စင်စင်နာတီတက္ကသိုလ်မှ သုတေသီများက စောင့်ကြည့်လေ့လာခဲ့ကြပါတယ်။
ဘယ်ရီတွေမှာ ရောင်ရမ်းခြင်းကိုလျှော့ချပေးနိုင်တဲ့ ဖလေဗိုနွိက်တစ်မျိုးဖြစ်တဲ့ အန်သိုဆိုင်ယာနင်များ ပါဝင်တာကြောင့် ကျန်းမာရေးကာကွယ်မှုပေးနိုင်တယ်လို့ ယူဆနေကြပါတယ်။
ဘလူးဘယ်ရီကြောင့် မှတ်ဉာဏ်စွမ်းရည်တိုးတက်လာတာလား ဒါမှမဟုတ် အခြားအကြောင်းအရာကြောင့်လား ဆိုတာကိုတော့ ခွဲခြားဖို့ခက်ခဲနေသေးတယ်လို့လည်း ဝန်ခံခဲ့ကြပါတယ်။
သိပ္ပံပညာရှင်များက စင်စင်နာတီမှ ကိုယ်အလေးချိန်များနေတဲ့ အသက် ၅၀ နားအရွယ်လူကြီး ၃၃ ဦးကို ခေါ်ယူစမ်းသပ်ခဲ့ပြီး Nutrients ဂျာနယ်မှာဖော်ပြခဲ့ပါတယ်။
သူတို့အားလုံးက ကိုယ်အလေးချိန်ပေါင် ၂၀၀ ခန့်ရှိသူများဖြစ်ပြီး အဝလွန်သူများအဖြစ်သတ်မှတ်ထားပါတယ်။
ခန္ဓာကိုယ်က အင်ဆူလင်ကို မတုန့်ပြန်နိုင်တော့ဘဲ ဆီးချိုရောဂါဖြစ်လာနိုင်တဲ့ သူတွေဖြစ်ပါတယ်။
ဆီးချိုရောဂါ ဒုတိယအမျိုးအစားဖြစ်လာရင်တော့ မှတ်ဉာဏ်ချို့ယွင်းခြင်းဖြစ်လာနိုင်တဲ့ အလားအလာရှိနေပါတယ်။
သူတို့ထဲကအဖွဲ့တစ်ဖွဲ့ကို ဘလူးဘယ်ရီဖျော်ရည်ထုပ်ကို ဖန်ခွက်တဝက်ခန့် နေ့စဉ်ဖျော်တိုက်ခိုင်းပြီး နောက်တစ်ဖွဲ့ကိုတော့ အာနိသင်မပါတဲ့ ဖျော်ရည်ထုပ် တိုက်ခိုင်းခဲ့ပါတယ်။
ဒီစမ်းသပ်ချက်မှာ စမ်းသပ်ခံသူတွေနဲ့ သုတေသီတို့က ဘယ်သူတွေက တကယ့်ဖျော်ရည်သောက်လဲ၊ ဘယ်သူတွေက အာနိသင်မပါတဲ့ ဖျော်ရည်သောက်လဲဆိုတာကို မသိအောင်ထိန်းချုပ်ထားပါတယ်။
စမ်းသပ်ချက်မစတင်မီမှာ အစမ်းသပ်ခံတွေရဲ့မှတ်ဉာဏ်တွေကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ၁၂ ပတ်ကြားစမ်းသပ်မှုအပြီးမှာလည်း ထပ်မံစစ်ဆေးခဲ့ပါတယ်။
အဲဒီမှာ ဘလူးဘယ်ရီသောက်သုံးတဲ့ လူလတ်ပိုင်းတွေက မှတ်ဉာဏ်စဉ်းစားဆုံးဖြတ်နိုင်စွမ်းတိုးတက်လာကြောင်း တွေ့ရှိရတယ်လို့ စိတ်ရောဂါပညာရှင်ဒေါက်တာ'ရောဘတ်ကရီကိုရီယန်'က ဖော်ပြခဲ့ပါတယ်။
အစောပိုင်းအရွယ်ကတည်းက မှတ်ဉာဏ်ချို့တဲ့ခြင်းဖြစ်ပေါ်နိုင်တဲ့ အခြေအနေ အမြစ်တွယ်လာတဲ့သူတွေမှာ ဘလူးဘယ်ရီသောက်သုံးပေးခြင်းက မှတ်ဉာဏ်စွမ်းရည်ကျဆင်းမှုကို ကာကွယ်ပေးနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။
မှတ်ဉာဏ်ချို့ယွင်းခြင်းဖြစ်ပေါ်နိုင်တဲ့ ကနဦးလက္ခဏာတွေက မေ့လျော့ခြင်း၊ အာရုံစိုက်ဖို့ခက်ခဲခြင်းနဲ့ အခြားသူတွေနဲ့ဆက်ဆံရခက်ခဲခြင်းတို့ ဖြစ်ပါတယ်။
အသက်အရွယ်ကြီးရင့်လာခြင်းကလည်း ရောဂါအဖြစ်နိုင်ဆုံးအခြေအနေဖြစ်ပေမယ့် မျိုးရိုးလိုက်ခြင်းနဲ့ နှလုံးရောဂါတိုကြောင့်လည်း အဖြစ်များပါတယ်။
ဒီအတွက် ကုသဆေးမရှိဘဲ ရောဂါလက္ခဏာ ပိုမိုဆိုးရွားမလာအောင် ထိန်းသိမ်းခြင်းဖြင့်သာ အချိန်ဆွဲထားရပါတယ်။
Source: DailyMail
#Yangon_Media_Group
#WorldMilitary
Published 17 May 2022
အမေရိကန်မှ ယူကရိန်းသို့တင်ပို့နေတဲ့ လက်နက်တွေပိုလျှံလာပြီး မှောင်ခိုဈေးကွက်ကိုရောက်ရှိလာခြင်းဖြင့် မသမာသူတွေလက်ထဲသို့ရောက်ရှိကာ နိုင်ငံအတွင်းသေဆုံးပျက်စီးခြင်းများဖြစ်ပေါ်လာနိုင်ကြောင်း အမေရိကန်စုံစမ်းစစ်ဆေးရေးသတင်းထောက်'ဒန်နီယယ်လာဇာ'က ဖော်ပြလိုက်ပါတယ်။
#Yangon_Media_Group
Published 17 May 2022
အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးကို သဲမုန်တိုင်းတိုက်ခတ်ခဲ့ရာ မေ(၁၇)ရက်က လေယာဉ်ခရီးစဉ်တွေ နောက်ကျပြီး ထောင်ပေါင်းများစွာသော စာသင်ကျောင်းနှင့်ဆေးရုံတွေပိတ်ခဲ့ကြရပါတယ်။ အရှေ့အလယ်ပိုင်းရဲ့ ကာတာနိုင်ငံ မြို့တော် ဒိုဟာမှာ သဲတွေဖုန်တွေ ဖုံးလွှမ်းသွားတာကို မြင်တွေ့ကြရပါတယ်။
ရာသီဥတုပြောင်းလဲခြင်းဟာ ဒေသတွင်းရာသီဥတုပုံစံတွေကို ပြောင်းလဲပစ်နေတဲ့အတွက် ဒီလို သဘာဝဘေးအန္တရာယ်တွေကို လာမယ့်နှစ်တွေမှာ ပိုပြီးဆိုးရွားစွာတွေ့ကြုံကြရဖို့ရှိနေပါတယ်။
Source AFP
Page 842 of 945