#World_Health
Published_ 20 April 2023
အနောက်ဘင်္ဂလားမှာ အပူလှိုင်းပျံ့နှံ့နေပြီး လူအများအပြားက နွေရာသီနဲ့ဆက်နွယ်တဲ့ ရောဂါများ ခံစားနေကြရပါတယ်။
ဒီလိုအပူချိန်ကြောင့် အရေပြားပြဿနာများ အဖြစ်များကြပြီး ပုံမှန်မထိန်းသိမ်းတဲ့အခါမျိုးမှာ ပိုဆိုးတတ်ပါတယ်။
အပူချိန်ရုတ်တရက် မြင့်တက်လာတဲ့အခါ လူတစ်ယောက်ရဲ့ကျန်းမာရေးကို သိသိသာသာထိခိုက်စေပါတယ်။
နေပူထိတွေ့ခြင်းဖြင့် အရေပြားရောင်ရမ်းကာ နေလောင်တာမျိုး ဖြစ်တတ်ပါတယ်။
နေမှခရမ်းလွန်ရောင်ခြည်နဲ့ အနီအောက်ရောင်ခြည်တို့ကို အလွန်အကျွံထိတွေ့မိတာကြောင့် နေလောင်တာဖြစ်ပါတယ်။
နေလောင်ခြင်းမဖြစ်စေဖို့ နေပူထဲမထွက်ရမှာဖြစ်ပေမယ့် ဒါကလည်း သိပ်ပြီးလက်တွေ့မကျပါဘူး။
နေရောင်နဲ့ထိတွေ့ခြင်းများလာတဲ့အခါ အရေပြားတွန့်ခြင်း၊ တင်းတိပ်၊ အရေပြားကင်ဆာတို့ ဖြစ်နိုင်ချေများပါတယ်။
နယူးဒေလီ မက်စ်ဆေးရုံမှ အရေပြားအထူးကုဒေါက်တာ'ပရာတိနာဂရာနီ'က နေလောင်ခြင်းမဖြစ်စေရန် အကြံဉာဏ်များမျှဝေသွားပါတယ်။
- မနက် ၁၁ နာရီမှ မွန်းလွဲ ၄ နာရီကြား နေရောင်ထိတွေ့မှုကို အတတ်နိုင်ဆုံးလျှော့ချပါ။
- အရောင်ဖျော့ဖျော့၊ ချောင်ချောင်ချိချိနဲ့ လက်ရှည်အင်္ကျီများဝတ်ဆင်ကာ ဦးထုပ်၊ နေကာမျက်မှန်တို့လည်း တပ်ဆင်သင့်ပါတယ်။
- UVA ၊ UVB နဲ့ IR ရောင်ခြည်တို့ကို ကာကွယ်ပေးနိုင်တဲ့ နေကာခရင်မ်များလိမ်းပေးပါ။
- အပြင်ထွက်တဲ့အခါ ၃ နာရီတစ်ခါ နေလောင်ကာခရင်မ်ပြန်ပြန်လိမ်းပေးပါ။
- နေကာခရင်မ်များများဖြင့် မျက်နှာ၊ လည်ပင်း၊ ကိုယ်ခန္ဓာအနှံ့လိမ်းပေးပါ။
- ရေနဲ့သဲတွေက အရေပြားပေါ်သို့ ရောင်ခြည်များအလင်းပြန်လာနိုင်တာကြောင့် ဂရုပြုနေသင့်ပါတယ်။
- ရေများများသောက်ပြီး ရေဓာတ်ပြည့်ဝအောင်နေပါ။
- ထောပတ်နို့၊ သံပရာရည်၊ အုန်းရည်၊ ကိုကမ်ရည်တို့က ရေဓာတ်ဖြည့်ပေးတယ်လို့ အာဟာရပညာရှင်များအကြံပြုထားပါတယ်။
- အပြင်ကပြန်ရောက်တဲ့အခါ ပူနွေးတယ်လို့ခံစားရနိုင်တဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ရေခဲကပ်သင့်ပါတယ်။
- နေနဲ့ထိတွေ့ရင် အရေပြားကိုပိုဆိုးစေတဲ့ ဆေးများသောက်ရတာကိုလည်း သတိပြုသင့်ပါတယ်။
Source: India Today
#World_Health #နွေရာသီ #နေလောင်ခြင်းမဖြစ်စေရန် #ရှောင်ရှားဂရုစိုက်
#YMG #Yangon_Media_Group
Published 20 April 2023
အက်စထရိုကေပေါ့တ်အဖွဲ့သားတစ်ဦးဖြစ်တဲ့ အဆိုတော် မွန်းဘင်ဟာ ဧပြီ (၁၉)ရက် ဗုဒ္ဓဟူးနေ့ ည ၈နာရီ ၁၀မိနစ်ခန့်မှာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တောင်ပိုင်း၊ ဂန်နမ်းအရပ်က သူ့ရဲ့ အိမ်မှာ သေဆုံးလျက်တွေ့ကြရတယ်လို့ ကိုရီးယား မီဒီယာများကရေးသားကြပါတယ်။သူသေဆုံးချိန်မှာ အသက် ၂၅နှစ်သာရှိပါသေးတယ်။
သေဆုံးနေတဲ့ သူ့ရုပ်အလောင်းးကို သူ့ရဲ့ တေးဂီတအဖွဲ့မန်နေဂျာက ရဲထံ အသိပေးခဲ့တယ်လို့ ရဲက ပြောပါတယ်။ မွန်းဘင် ကိုဆက်သွယ်လို့မရလို့ သူ့အိမ်ကိုလိုက်သွားခဲ့တာဖြစ်တယ်လို့ မန်နေဂျာက ရဲကိုပြောပါတယ်။ အဆိုတော်ဟာ ကိုယ့်ကိုကိုယ်သတ်သေလိုက်ပုံရတယ်လို့လည်း ရဲက ပြောလိုက်ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်နေပြီလို့လည်း ဆိုပါတယ်။
“ အက်စထရိုရဲ့ မွန်ဘင်းဟာ ကျွန်တော်တို့ရဲ့ဘေးကနေ ရုတ်တရက်ထွက်ခွာသွားပြီး ကောင်းကင်မှာ ကြယ်တစ်ပွင့် ဖြစ်သွားခဲ့ပါပြီ” လို့ သူ့ရဲ့ အေဂျင်စီ ဖန်တီဂီယိုက ကြေညာပါတယ်။
“ အက်စထရိုရဲ့ အဖွဲ့သားတွေအားလုံး၊အက်စထရိုက လုပ်ဖော်ကိုင်ဖက်အနုပညာရှင်များနှင့်ဝန်ထမ်းတွေဟာ ကြေကွဲဝမ်း နည်းမှုနှင့်အတူ မင်သက်ကြရပါတယ်။ သူ့ဆုံးရှုံးမှုအတွက် နက်ရှိုင်းစွာ ဝမ်းနည်းကြရတယ်။ ကွယ်လွန်သူ ကြယ်ပွင့်ဟာ သူ့ရဲ့ပရိဿတ်တွေကို ဘယ်လိုချစ်မြတ်နိုးတယ်ဆိုတာ ကျွန်တော်တို့အားလုံးသိထားလို့ ပိုပြီး စိတ်ထိခိုက်ရတယ်” လို့လ ကြေညာချက်မှာဖော်ပြထားပါတယ်။
မွန်းဘင်ဟာ ၂၀၁၆ ခုနှစ်မှာ အက်စထရိုရဲ့ အဖွဲ့သားတစ်ဦးဖြစ်လာခဲ့တာပါ။ ၂၀၂၀ပြည့်နှစ်မှာတော့ အက်စထရိုရဲ့ အဖွဲ့ခွဲ ဝင်တစ်ဦးဖြစ်လာခဲ့ပါတယ်။ မွန်းဘင်နှင့် ဆန်ဟာတို့ဟာ နှစ်ယောက်တွဲအဖြစ် တက်ကြွစွာလှုပ်ရှားခဲ့ကြပါတယ်။ မွန်းဘင်နှင့်ဆန်ဟာတို့ဟာ သူတို့ရဲ့ တတိယမြောက် EP ဖြစ်တဲ့ “Incense” ကိုထုတ်ခဲ့ကြပြီး ပထမဆုံးကမ္ဘာလှည့်ခရီး “Diffusion,”ကို သွားခဲ့ကြပါတယ်။ မတ်၁၈ရက်နှင့် ၁၉ရက်မှာပြုလုပ်ခဲ့တဲ့ ဆိုးလ်ကပွဲနှင့်အတူဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ မတ်(၂၇)ရက်မှာ မနီလာ၊ ဧပြီ(၈)ရက်မှာ ဘန်ကောက်တို့မှာ ဖျော်ဖြေခဲ့ကြပါတယ်။ သူတို့ဟာ လာမယ့်လထဲမှာ ဂျပန်မှာဖျော်ဖြေဖို့ရှိပါတယ်။ မေ ၂၇ ရက်မှာ ဘူဆန်က အက်ဆပ်ပင်မအားကစားရုံကြီးမှာကျင်းပမယ့် “Dream Concert မှာလည်း သူဖျော်ဖြေဖို့ရှိနေပါတယ်။
ဘန်ကောက်မှာဖျော်ဖြေတုန်းက သူသိပ်နေမကောင်းဘူး။ အခုတော့နည်းနည်းသက်သာလာပါပြီ လို့ ပရိသတ်တွေကို မွန်း ဘင်က ပြောခဲ့တယ်လို့ သတင်းတွေကဆိုပါတယ်။
ဆိုးလ်မြို့က အေဆန်ဆေးရုံကြီးမှာ မွန်းဘင်ရဲ့ ဈာပနကိုကျင်းပပြုလုပ်ဖို့ရှိပါတယ်။
Source -koreajoongang
#မွန်းဘင်
#ကိုရီးယားကေပေါ့တ်စကားမွန်းဘင်ကွယ်လွန်
#YangonMediaGrouo
#Asia_Industry
Published_ 19 April 2023
တရုတ်နိုင်ငံရဲ့ စည်သွတ်ဗူးစားသောက် ကုန်လုပ်ငန်းဟာ ထုတ်လုပ်မှုအတိုင်းအတာ၊ ကုန်ကျစရိတ် ထိန်းချုပ်မှု၊ နည်းပညာမြင့်မားလာမှု စတဲ့အားသာချက်များကြောင့် ပြည်ပမှာပါ နာမည်ရလာပါတယ်။
#Asia_Industry #တရုတ်နိုင်ငံ #စည်သွတ်ဗူးအစားအစာထုတ်လုပ်တင်ပို့မှု #နှစ်စဉ်တိုးတက်
#YMG #Yangon_Media_Group
#Daily_News
Published_ 19 April 2023
၁။ရာသီဥတုပူပြီး အချိန်ဖြင့်ရသော လျှပ်စစ်မီးများရရှိမှု ထပ်မံလျော့နည်းလာ၍ အားသွင်းပန်ကာများ ပစ္စည်းပြတ်သည့်အထိ ရောင်းအားတက်လာ
၂။ပြင်ပရွှေပေါက်စျေး သိန်း၃၀နီးပါးကျော် ရှိနေပြီး အရောင်း၀ယ်အေးနေ
၃။အငှားယာဉ် Taxi တွေ ယခုလကစပြီး စည်ပင်အခွန် ပေးဆောင်ရတော့မယ်လို့ စည်ပင်ပြော
၄။တရုတ်နိုင်ငံ၏ စည်သွတ်ဗူး အစားအစာထုတ်လုပ်တင်ပို့မှုကဏ္ဍ နှစ်စဉ်နှင့်အမျှ တိုးတက်လျက်ရှိ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
Published 19 April 2023
တရုတ်နိုင်ငံ ရှန်ဟိုင်းကားပြပွဲကို ယခုအပတ်တွင်ကျင်းပခဲ့ရာ တရုတ်နိုင်ငံရဲ့ အကြီးဆုံးလျှပ်စစ်ကားထုတ်လုပ်တဲ့ BYD ကားပြခန်းမှာ လူအုပ်အကြီးမားဆုံး စုဝေးကြည့်ရှုခဲ့ကြပါတယ်။
ဒီတစ်ပတ်ပြပွဲမှာ BYD ရဲ့ နောက်ဆုံးပေါ်လျှပ်စစ်ကား "Seagull"အမှတ်တံဆိပ်ကို ပြသခဲ့ပါတယ်။ လာကြည့်ကြသူတွေဟာ အဲဒီကားရဲ့လုပ်ဆောင်ချက်တွေအပေါ် အံအားတစ်သင့်ဖြစ်ခဲ့တာမဟုတ်ဘဲ ဘယ်နေရာမဆို ရနိုင်တဲ့ ဈေးအပေါဆုံး လျှပ်စစ်ကားရဲ့ ဈေးနှုန်းတစ်ဝက်ခန့်နှင့် Seagull ကိုရောင်းချပေးလို့ အံ့အားသင့်ခဲ့ကြတာ ဖြစ်ပါတယ်။ ကားရောင်းဈေးက ဒေါ်လာ ၁၁၃,၀၀ (ယွမ်၇၈,၀၀၀) သာဖြစ်ပါတယ်။
“ဒါ ကျွန်တော်လိုချင်တဲ့ကားမျိုးပဲ။ အိမ်နှင့်ရုံးအသွားအပြန်အတော်ပဲ။ ဘာမှစီမံစရာမလိုဘူး။ ဘက်ထရီကိုသုံးရုံပဲ။ ပြီးတော့ ဈေးကလည်း အတော့်ကိုသက်သာတယ်” လို့ ကားပြပွဲလာသူ ကြေငြာလုပ်ငန်းတစ်ခုမှာ အလုပ်လုပ်နေတဲ့ အသက် ၂၈နှစ် အရွယ် ဖန်ယူဟောင်းက ပြောပါတယ်။
ယခုကားကို ၁၉၀မိုင်နှင့် ၂၅၂မိုင်ဆိုပြီး ပုံစံနှစ်မျိုးနှင့်ထုတ်လုပ်ပါတယ်။ အမြန်အားသွင်းစနစ်က မိနစ်၃၀အတွင်း ကား ဘက်ထရီရဲ့ ၃၀ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိ အားပြည့်စေနိုင်ပါတယ်လို့ BYD ကပြောပါတယ်။ ကားကို လစ်သီယမ်အိုင်ရွန်းဖော့စ်ဖိတ် BYD ဘလိပ်ဘက်ထရီဖြင့် မောင်းနှင်ပေးတာဖြစ်ပါတယ်။
ဒီကားစတင်ရောင်းချပြီးနောက် ခြောက်လအတွင်းမှာ Seagull ဟာ တရုတ်နိုင်ငံရဲ့ ရောင်းအကောင်းဆုံးလျှပ်စစ်ကား ဖြစ်လာလိမ့်မယ်လို့ ရှန်ဟိုင်းအခြေစိုက် မဟာဗျူဟာအကြံပေးကုမ္ပဏီ အော်တိုမိုဘီလတီရဲ့ စီအီးအို ဘီလ်ရပ်ဆိုက ခန့်မှန်းပါတယ်။
“ တန်လို့ဝယ်ယူကြမှာဖြစ်လို့ ဒီကားဟာ ဈေးကွက်ကြီးတစ်ခုလုံးကို ပြန်လည်အနက်ဖွင့်ဆိုလိမ့်မယ်” လို့လည်း သူက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်များအတွင်း တရုတ်နိုင်ငံကားထုတ်လုပ်သူတွေဟာ ကမ္ဘာ့အကြီးဆုံးကားဈေးကွက်ရဲ့ အားသာတဲ့ ရှုခင်းပုံစံကို တည်ဆောက်နိုင်ခဲ့ကြပါတယ်။အဲဒီအထဲမှာ BYD လည်းပါဝင်ပြီး သူတို့ဟာ ပြည်ပတင်ပို့မှုကိုတိုးမြှင့်ခြင်းဖြင့် ပြည်တွင်း ကားဈေးနှုန်းတွေက ချပေးဖို့အဆင်သင့်ဖြစ်နေပါတယ်။
“ ဘယ်နေရာက ဘယ်သူမဆို ဝယ်ယူနိုင်တဲ့ ဈေးဖြစ်လို့ ထွန်းသစ်စဈေးကွက်၊အမေရိကန် ဒါမှမဟုတ်ဥရောပ ဘယ်မှာပဲဖြစ်ဖြစ် ဒီလိုဝယ်ရတန်တဲ့ကားမျိုးကို ရောင်းပေးကြမှာပဲ” လို့ သူကပြောကြားလိုက်ပါတယ်။
Source: Reuters
#BYD_Seagull
#ရှန်ဟိုင်းကားပြပွဲ
#YangonMediaGroup
#World_News
Published_ 19 April 2023
ကုလအထွေထွေအတွင်းရေးမှူးချုပ် 'အန်တိုနီယိုဂူတာရက်စ်'ရဲ့ ဖုန်းပြောဆိုမှုတွေကို ကြားဖြတ်ဖမ်းယူနားထောင်နေသည့် သတင်းများဖော်ပြခဲ့ပြီးနောက် ကုလသမဂ္ဂအနေဖြင့် အမေရိကန်ပြည်ထောင်စုနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မိတယ်လို့ တရားဝင်ဖော်ပြလိုက်ကြောင်း သူ့ရဲ့ပြောရေးဆိုခွင့်ရှိသူက ဧပြီ ၁၈ ရက်နေ့မှာပြောကြားလိုက်ကာ အမေရိကန်တို့ရဲ့မသင့်လျော်တဲ့လုပ်ရပ်များကို ရှုတ်ချလိုက်ပါတယ်။
အထွေထွေအတွင်းရေးမှူးချုပ်နဲ့ အခြားကုလအကြီးတန်းအရာရှိများရဲ့ ဆက်သွယ်ပြောဆိုမှုတွေကို အမေရိကန်အစိုးရရဲ့ ထောက်လှမ်းရေးက ဝင်ရောက်စွက်ဖက်ကြားဖြတ်ဖမ်းယူနားထောင်ခြင်းတွေကိုခံနေရတယ်လို့ မကြာသေးမီကမှ ထုတ်ပြန်ထားတဲ့အစီရင်ခံစာများနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက စိုးရိမ်ပူပန်နေရတာကို ထုတ်ဖောက်လိုက်တာဖြစ်ကြောင်း 'စတီဖန်ဒူဂျာရစ်'က ပြောကြားလိုက်ပါတယ်။
ဒီလိုလုပ်ရပ်တွေက ကုလသမဂ္ဂပဋိဉာဉ်စာတမ်း၊ အခွင့်ထူးများနဲ့ ကင်းလွတ်ခွင့်ဆိုင်ရာ ကွန်ဗန်းရှင်းမှာဖော်ပြထားတဲ့ အမေရိကန်ရဲ့တာဝန်များနဲ့ ကိုက်ညီမှုမရှိဘူးလို့ ဒူဂျာရစ်ကဆိုပါတယ်။
ယူကရိန်းအရေးအပါအဝင် အခြားကုလအရာရှိများနဲ့ ဂူတာရက်စ်တို့ရဲ့ ပြောဆိုဆွေးနွေးမှုအကြောင်းအရာ အနည်းဆုံး ၄ မျိုးကို အမေရိကန်က ဝင်ရောက်နှောင့်ယှက်ခဲ့ကြောင်း ပင်တဂွန်လျှို့ဝှက်စာရွက်စာတမ်းများအရ ဝါရှင်တန်ပို့စ်ကဖော်ပြခဲ့ပါတယ်။
ယူကရိန်းစစ်ပွဲကိစ္စအပါအဝင် ကမ္ဘာအနှံ့မှ ထောက်လှမ်းရေးအချက်အလက်များပါဝင်တဲ့ အမေရိကန်လျှို့ဝှက်စာရွက်စာတမ်းရာနဲ့ချီပြီး ပေါက်ကြားခဲ့တဲ့အတွက် အသက် ၂၁ နှစ်အရွယ်လေယာဉ်မှူးကို အမေရိကန်အစိုးရရှေ့နေတွေက ပြီးခဲ့တဲ့သီတင်းပတ်က စွဲချက်တင်ထားပါတယ်။
Source: CNA
#World_News #ကုလအတွင်းရေးမှူးချုပ် #ဖုန်းပြောဆိုမှုများ #အမေရိကန် #စိုးရိမ်ပူပန်မိ
#YMG #Yangon_Media_Group
#World_News
Published_ 19 April 2023
ဩစတြီးယားလေကြောင်းလိုင်းပိုင်လေယာဉ်တစ်စီးဟာ လေယာဉ်ပေါ်က အိမ်သာ (၈)လုံးရှိတဲ့အထဲက (၅)လုံး ပျက်သွား တဲ့အတွက် နှစ်နာရီကြာပျံသန်းပြီးမှ ပြန်လှည့်လာခဲ့ရပါတယ်။
အဆိုပါအဖြစ်အပျက်ဟာ ဧပြီ ၁၇ရက် တနင်္လာနေ့က ပေါ်ပေါက်ခဲ့တာဖြစ်ပြီး ဗီယင်နာ-နယူးယောက် ရှစ်နာရီကြာ ခရီးစဉ်အတွက် ဘိုးအင်း ၇၇၇ လေယာဉ်ပေါမှာ ခရီးသည် ၃၀၀ခန့်လိုက်ပါစီးနင်းခဲ့တာဖြစ်ပါတယ်။
နည်းပညာပြဿနာကြောင့် အိမ်သာတွေ ရေဆွဲချလို့မရဖြစ်ခဲ့ရတာကြောင့် လေယာဉ်အမှုထမ်းတွေဟာ လေယာဉ်ကို ပြန် လှည့်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ လေကြောင်းလိုင်း ပြောရေးဆိုခွင့်ရ အမျိုးသမီးက အေအက်ဖ်ပီကိုပြောခဲ့ပါတယ်။
သူမသိရသလောက်တော့ ဒီလိုမျိုးပြဿနာကို ဩစတြီးယားလေကြောင်းလိုင်းမှာ ယခင်ကမဖြစ်ခဲ့ဖူးပါဘူးလို့ သူမက ပြောပါတယ်။ အီဲဒလေယာဉ်က အိမ်သာတွေပြန်ပြုပြင်ပြီးလို့ လေယာဉ်က ပျံသန်းမှုတွေပြန်လုပ်နေပါပြီလို့လည်း သူမက ဆက်ပြောပါတယ်။
လေယာဉ်ပါခရီးသည်တွေဟာ အခြားလေယာဉ်တစ်စီးနှင့်ပြောင်းစီးခဲ့ကြရပါတယ်။
Source CNA
#ဩစတြီးယားလေကြောင်းလိုင်း #လေယာဉ်အိမ်သာပျက်
#YMG #Yangon_Media_Group
Page 542 of 945