Published_ 24 July 2023
ရုရှားတို့စတင်ကျူးကျော်စဥ် သိမ်းပိုက်ထားတဲ့ နယ်မြေတွေရဲ့ တဝက်လောက်ကို ယူကရိန်းက ပြန်လည်သိမ်းယူနိုင်ခဲ့ပြီ ဖြစ်ကာ နောက်ထပ်သိမ်းယူနိုင်ဖို့အတွက် ယူကရိန်းအနေနဲ့ အတော်လေးခက်ခဲနေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး 'အန်တိုနီဘလင်ကန်'က ပြောကြားလိုက်ပါတယ်။
"အစပိုင်းက သိမ်းပိုက်ခံခဲ့ရတဲ့ နယ်မြေတွေရဲ့ ၅၀ ရာခိုင်နှုန်းလောက်ကို ပြန်လည်သိမ်းယူနိုင်ခဲ့ပြီး ဖြစ်ပါတယ်" လို့ ဘလင်ကန်က တနင်္ဂနွေနေ့က CNN နဲ့ အင်တာဗျူးမှာ ပြောပြခဲ့ပါတယ်။
"ဒါဟာ တန်ပြန်ထိုးစစ်ရဲ့ အစောပိုင်းကာလတွေပဲ ရှိသေးပြီး ခက်ခဲကြမ်းတမ်းလှပါတယ်။
နောက်တစ်ပတ် နှစ်ပတ်နဲ့ ပြီးဦးမှာ မဟုတ်ပါဘူး။ လပေါင်းများစွာ ကြာမြင့်ဦးမယ်လို့ ခန့်မှန်းရပါတယ်" လို့ ဆိုပါတယ်။
ရုရှားတပ်တွေကို တန်ပြန်ထိုးစစ်ဆင်ခြင်းရဲ့ အခြေအနေက ဖြစ်ချင်တာထက် နှောင့်နှေးနေကြောင်း ယူကရိန်းသမ္မတ 'ဗိုလိုဒီမီယာဇယ်လန်စကီ'က ပြီးခဲ့တဲ့လက ပြောကြားခဲ့ပါတယ်။
တောင်ပိုင်းရှိ ရွာအချို့၊ အရှေ့ဘက် ဘက်ခ်မွတ်မြို့ပျက်အနီးတဝိုက် နယ်မြေတွေကို ယူကရိန်းက ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပေမယ့် ရုရှားတို့ အင်အားကြီးမားစွာ ခုခံကာကွယ်နေတဲ့ နေရာတွေမှာတော့ ကြီးကြီးမားမား ဖြတ်ကျော်နိုင်ခြင်း မရှိသေးပါဘူး။
ယူကရိန်းကို အမေရိကန်ထုတ် F-16 တိုက်လေယာဉ်တွေ ပေးမှာလားဆိုတာကို မေးမြန်းခဲ့ရာမှာ ရောက်နိုင်မယ်လို့ ယုံကြည်ကြောင်း ဘလင်ကန်က ပြောကြားခဲ့ပါတယ်။
အဓိကအာရုံစိုက်ရမှာက ဒီလေယာဉ်တွေကို ယူကရိန်းတို့ ပါးနပ်စွာအသုံးချနိုင်ဖို့၊ ထိန်းသိမ်းတတ်ဖို့ သေချာစွာ လေ့ကျင့်သင်ကြားရမှာဖြစ်ကြောင်း ဆိုပါတယ်။
ယူကရိန်းလေယာဉ်မှူးများ F-16 တိုက်လေယာဉ် မောင်းနှင်နိုင်ရန် မဟာမိတ် ၁၁ နိုင်ငံက ဩဂုတ်လအတွင်း ဒိန်းမတ်နိုင်ငံမှာ စတင်လေ့ကျင့်သင်ကြားသွားမှာဖြစ်ပြီး ရိုမေးနီးယားမှာ လေ့ကျင့်ရေးစင်တာ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။
F-16 ထောက်ပံ့ပေးရန် ယူကရိန်းဘက်က ကာလကြာရှည်စွာ တောင်းဆိုထားပြီး ဝါရှင်တန်အနေနဲ့ ထိုလေယာဉ်များ ပေးပို့ရန် နောက်ဆုံးဆုံးဖြတ်ချက် မချသေးကြောင်း အမေရိကန်လုံခြုံရေးအကြံပေး 'ဂျိတ်ခ်ဆာလီဗန်'က ပြီးခဲ့တဲ့လက ပြောကြားသွားပါတယ်။
လေယာဉ်များ ပေးပို့ရန်နဲ့ လေ့ကျင့်သင်ကြားရေးအတွက် အနည်းဆုံး ၁၈ လကြာမြင့်လိမ့်မယ်လို့ အမေရိကန်အရာရှိများက ခန့်မှန်းထားပါတယ်။
၂၀၂၂ ဖေဖော်ဝါရီလ ရုရှားတို့ စတင်ကျူးကျော်ပြီးကတည်းက အမေရိကန်ဟာ ယူကရိန်းအတွက် စစ်ရေးအကူအညီ ဒေါ်လာ ၄၁ ဘီလီယံကျော် ထောက်ပံ့ပေးပြီး ဖြစ်ပါတယ်။
Source: Reuters
#World_Military
#YMG #Yangon_Times
#World_Health
Published 24 July 2023
ခံတွင်းနံ့ဆိုးခြင်းဟာ အဖြစ်များတဲ့ ခံတွင်းကျန်းမာရေး ပြဿနာဖြစ်ပြီး စိုးရိမ်မှုနဲ့ ရှက်စိတ်ကိုဖြစ်စေပါတယ်။
လျှာနဲ့ လည်ချောင်းမှာ ကပ်နေထိုင်နေတဲ့ ဆာလ်ဖာထုတ်လုပ်ဘက်တီးရီးယားကြောင့် အဓိကဖြစ်တတ်တာပါ။
ဒီဘက်တီးရီးယားတွေဟာ ပါးစပ်ခြောက်ခြင်း၊ အချို့သော အစားအစာများ၊ ဆေးလိပ်သောက်ခြင်း၊ ခံတွင်းသန့်ရှင်းမှုမရှိခြင်းတို့ကြောင့် ပေါက်ဖွားတတ်ကြပါတယ်။
အပြင်ပန်းအခြေအနေတွေကြောင့် ခံတွင်းအနံ့ဆိုးခြင်းတွေထဲမှာ ခံတွင်းမသန့်ရှင်းခြင်း၊ အစာညပ်ခြင်း၊ သွားဖုံးရောဂါတို့ကြောင့် ဖြစ်တတ်ပြီး ရောဂါအခြေအနေတွေဖြစ်တဲ့ ဆီးချိုအက်ဆစ်ဓာတ်များခြင်း၊ အစာအိမ်ပြဿနာ၊ မျက်လုံးနဲ့ခံတွင်းခြောက်ခြင်းဖြစ်စေတဲ့ ဂျိုဂရင်ဆင်ဒရုန်းတို့ကြောင့်လည်း ဖြစ်တတ်ပါတယ်။
ဒေါက်တာ'အန်ကီတာဒေလီယာ'က ခံတွင်းအနံ့ဆိုးခြင်း သက်သာစေမယ့် နည်းလမ်းတွေကို မျှဝေခဲ့ပါတယ်။
- သွားကြားပွတ်ဆွဲခြင်း
သွားတွေကြားထဲမှာ စားစရာညပ်ကျန်မနေအောင် ပွတ်ဆွဲပေးသင့်ပါတယ်။
စားစရာတွေ ညပ်နေတယ်ဆိုရင် ခံတွင်းအနံ့ဆိုး ထွက်နိုင်ပါတယ်။
- လျှာပွတ်ခြင်း
လျှာပွတ်ခြင်းဖြင့် သွားဖုံးရောင်ရမ်းခြင်း၊ သွားပိုးစားခြင်း၊ ခံတွင်းနံ့ဆိုးခြင်းတို့ကို ဖြစ်ပေါ်စေတဲ့ အန္တရာယ်ပြုဘက်တီးရီးယားတွေကို ဖယ်ရှားပေးပြီး ခံတွင်းသန့်ရှင်းစေပါတယ်။
- ဆီငုံခြင်း
သွားဖုံးကျန်းမာရေး၊ သွားကျန်းမာရေး၊ ခံတွင်းခြောက်ခြင်းတို့အတွက် ဆီငုံခြင်းက အကောင်းဆုံးနည်းလမ်း တစ်မျိုးဖြစ်ပါတယ်။
အုန်းဆီ သို့မဟုတ် နှမ်းဆီ ၁၀ မီလီလီတာကို ပါးစပ်ထဲထည့်ကာ ၅-၇ မိနစ်ခန့် လှုပ်ရှားပေးရမှာဖြစ်ပါတယ်။
- စမုန်နက်အစေ့
အစာစားပြီးနောက် ခံတွင်းကို သဘာဝအတိုင်းသန့်ရှင်းစေဖို့ စမုန်နက်အစေ့ လက်တစ်ဆုပ်ခန့်ကို ဝါးစားပေးရပါမယ်။
ခံတွင်းနံ့ဆိုးခြင်းအတွက် အရေးကြီးတာတွေကတော့ တစ်နေ့ ၂ ကြိမ်သွားတိုက်ခြင်း၊ သွားကြား သန့်ရှင်းရေးပြုလုပ်ခြင်း၊ ကျန်းမာမျှတတဲ့ အစားအစာ စားသုံးခြင်း၊ သကြားစားသုံးမှုလျှော့ချခြင်း၊ သွားဆေးခန်းသို့ ပုံမှန်သွားရောက်စစ်ဆေးခြင်းတို့ ပြုလုပ်ရမှာဖြစ်ပါတယ်။
သွားတိုက်ဆေးထဲကို လက်ဖက်ပင်ဆီထည့်ပြီး သွားတိုက်ခြင်းဖြင့်လည်း အိမ်မှာပင် ခံတွင်းနံ့ဆိုးခြင်းကို သက်သာအောင် ပြုလုပ်နိုင်ပါတယ်။
#World_Health #ခံတွင်းနံ့ဆိုးခြင်းကိုသက်သာစေနိုင်မည့်အိမ်တွင်းနည်းများ
Source: India Today
#World_Science
Published 24 July 2023
သက်သက်လွတ်စားသုံးခြင်းဟာ ပတ်ဝန်းကျင်အပေါ် များစွာသက်ရောက်မှုရှိစေပြီး ရာသီဥတုအပူထုတ်လွှတ်ခြင်း၊ ရေထုညစ်ညမ်းခြင်း၊ သတ္တဝါပျက်စီးခြင်း၊ ရေသုံးစွဲခြင်းတို့ သိသိသာသာ လျော့ကျစေနိုင်ကြောင်း လေ့လာတွေ့ရှိထားပါတယ်။
ယူကေမှ လူပေါင်း ၅၅,၀၀၀ နဲ့ ၁၁၉ နိုင်ငံမှ ခြံပေါင်း ၃၈,၀၀၀ ထံမှ အချက်အလက်များ ရယူကာ သက်သက်လွတ်စားသုံးခြင်းရဲ့ ပတ်ဝန်းကျင် အကျိုးဖြစ်ထွန်းမှုတွေကို သက်သေပြခဲ့ကြပါတယ်။
လူတွေရဲ့ အစားအသောက် ရွေးချယ်မှုက ကမ္ဘာမြေအပေါ် ကြီးမားစွာသက်ရောက်နေပြီး အသားနဲ့ နို့ထွက်ပစ္စည်းများ လျှော့ချခြင်းဖြင့် များစွာခြားနားစေနိုင်ကြောင်း အောက်စ်ဖို့ဒ်တက္ကသိုလ်မှ ပရော်ဖက်ဆာ'ပီတာစကာဘိုရော့'က ပြောပြခဲ့ပါတယ်။
သက်သက်လွတ်စားခြင်းဖြင့် သတ္တဝါပျက်စီးမှု ၆၆ ရာခိုင်နှုန်း၊ ရေသုံးစွဲမှု ၅၄ ရာခိုင်နှုန်း လျှော့ချပေးနိုင်ပါတယ်။
အခုသုတေသနက ပတ်ဝန်းကျင်သက်ရောက်မှုကို ပိုမိုတိကျစွာ သုံးသပ်တင်ပြထားပါတယ်။
ထုတ်လုပ်တဲ့နည်းလမ်း နေရာထက်စာရင် စားသုံးတဲ့ စားစရာအမျိုးအစားတွေက ပတ်ဝန်းကျင်အပေါ် ပိုမိုထိရောက်မှုရှိပါတယ်။
အော်ဂဲနစ်ဝက်သားဆိုရင် အစေ့အဆန်ထက် ရာသီဥတုထိခိုက်မှု ၈ ဆပိုဖြစ်စေနိုင်ပါတယ်။
ပတ်ဝန်းကျင်ထိခိုက်မှု လျှော့ချဖို့ရာ စားစရာရွေးချယ်မှု အရေးကြီးပုံကို သိပ္ပံပညာရှင်များနဲ့ ကျွမ်းကျင်သူများက အလေးပေးဖော်ပြနေကြပါတယ်။
အသားစားများသူတွေကို အသားလျှော့စားဖို့ တိုက်တွန်းခြင်းဖြင့် ရာသီဥတုလိုအပ်ချက် ကိုက်ညီဖို့ရာ အရေးပါနေပါတယ်။
ဒါဟာ အသားလျှော့စားရန် လိုအပ်နေတဲ့ ချမ်းသာတဲ့နိုင်ငံတွေမှာ အကျိုးဖြစ်ထွန်းစေမယ့် အစားအစာမျိုးကို ထောက်ခံပေးနိုင်မယ့် ပေါ်လစီတွေ လိုအပ်နေပါတယ်။
နွားတွေ သိုးတွေကနေ ထုတ်လုပ်တဲ့ မီသိန်းဓာတ်ငွေ့ထုတ်လွှတ်မှု သိသိသာသာကွဲပြားတာကိုလည်း ဖော်ပြထားပါတယ်။
သက်သက်လွတ်စားသောက်ခြင်းက အသားစားသောက်ခြင်းထက် မီသိန်းထုတ်လွှတ်မှု ၉၃ ရာခိုင်နှုန်း လျော့နည်းတာကို တွေ့ရှိခဲ့ကာ အပင်အခြေပြု စားစရာတွေက ပတ်ဝန်းကျင်အပေါ် ကောင်းကျိုးသက်ရောက်မှုကို အလေးပေးဖော်ပြခဲ့ကြပါတယ်။
လူတစ်ယောက်ချင်းစီက ကိုယ်ပိုင်စားသောက်ပုံစံကို ရွေးချယ်ကြတာမှန်ပေမယ့် ပေါ်လစီတွေနဲ့ ဆန်းသစ်တဲ့ စိုက်ပျိုးမွေးမြူရေး အလေ့အကျင့်တွေကလည်း ရေရှည်အကျိုးရှိစေမယ့် စားစရာမျိုးထုတ်လုပ်ရာမှာ အရေးပါနေပါတယ်။
မီသိန်းထုတ်လွှတ်မှုနည်းပါးတဲ့ မျိုးဗီဇပြုပြင်နွားများကိုလည်း ပြဿနာဖြေရှင်းချက်နည်းလမ်းအဖြစ် မွေးမြူရေးဝန်ကြီးက စိတ်ဝင်စားနေပါတယ်။
Source: WION #World_Science #သဘာဝပတ်ဝန်းကျင်ပျက်စီးမှု
#Yangon_Times
၂၃ ဇူလိုင်၊၂၀၂၃
ထိုင်းရဲတပ်ဖွဲ့ဟာ ဇူလိုင်(၁)ရက်ကစတင်ခဲ့တဲ့ နိုင်ငံအနှံ့ တရားမဝင်လက်နက်ခဲယမ်းမီးကျောက်တွေ နှိမ်နှင်းမှုစစ်ဆင်ရေးတွေအတွင်း သံသယရှိဖွယ်လူပေါင်း ၉၆၆ ဦးကို ဖမ်းဆီးခဲ့ပြီး များပြားလှတဲ့ တရားမဝင်လက်နက်တွေနှင့် ခဲယမ်းမီးကျောက်တွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ထိုင်းဒုတိယရဲချုပ် ရဲဗိုလ်ချုပ်ကြီး တောဆက် ဆူဝီမိုလ်က ပြောပါတယ်။
ဇူလိုင် ၂၁ ရက်အထိ ထိုင်းရဲတွေဟာ ထိုင်းတစ်နိုင်ငံလုံးက ပစ်မှတ်နေရာပေါင်း ၁၆၅၈ နေရာကိုရှာဖွေတဲ့အခါ သံသယ တရားခံ၉၆၆ ဦးကိုဖမ်းဆီးခဲ့ပြီး တရားမဝင်လက်နက် ၉၁၁ လက်နှင့် ခဲယမ်းမီးကျောက်မျိုးစုံ ၄၄,၅၄၀ ခုကို သိမ်းဆည်းမိခဲ့ပါတယ်။ အဲဒီအပြင် ပေါက်ကွဲပစ္စည်း နှစ်ခုနှင့်စိတ်ကြွဆေးပြား ၆၂၃၉ ကိုလည်း သိမ်းဆည်းခဲ့တယ်လို့ ဒုရဲချုပ်ကပြောပါတယ်။
အဲဒီစီးနင်းမှုတွေထဲမှာ ကရာဘီပြည်နယ် ကောင်းဖနွမ်ခရိုင်၊ နာကောင်းမြို့က အိမ်တစ်အိမ်မှာ မူးယစ်နှင့်လူသတ်မှု သုံးမှုနှင့် ဝရမ်းထုတ်ထားတဲ့ အသက် ၂၈နှစ်အရွယ်တရားခံ ဘွမ်ကို အသေဖမ်းမိရခဲ့တယ်လို့ သိရပါတယ်။
အိမ်ကိုစီးနင်းစဉ် ဘွမ်ဟာ အိမ်နောက်ဖေးကနေ ဆိုင်ကယ်နှင့်ထွက်ပြေးလို့ ရဲက ပစ်ခတ်ဖမ်းဆီးရင်း အပြန်အလှန်ပစ်ခတ်မှုအတွင်း သူသေသွားရတာဖြစ်တယ်လို့ရဲကပြောပါတယ်။
သူနှင့်အတူ ၉ မမ Mauser ပစ္စတို၊ M67 လက်ပစ်ဗုံးတစ်လုံးနှင့် မီးခိုးဗုံးနှစ်လုံးကိုပါတွေ့ရပါတယ်။
ယခုစစ်ဆင်ရေးဟာ တရားမဝင်လက်နက်တွေနှင့် အငှားသေနတ်သမားတွေ၊ တရားမဝင်လက်နက် ရောင်းဝယ်ရေးတွေကို ပစ်မှတ်ထားခဲ့တာဖြစ်ပြီး ဇူလိုင်၁ရက်မှ ၃၀ရက်အထိ လက်ထောက်ရဲမှူး ရဲဒုဗိုလ်ချုပ်ကြီး ဆာမရန် နူယယ်မာက အနီးကပ်ကြီးကြပ်နေပါတယ်။ သတင်းအချက်အလက်တွေကို မြို့ပြရဲတပ်ဖွဲ့၊ပြည်နယ်ရဲတပ်ဖွဲ့၁မှ ၉၊ ဗဟိုထောက်လှမ်းရေးဌာန၊မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဗျူရို၊ ကမ္ဘာလှည့်ခရီးသွားရဲဗျူရို၊ လူဝင်မှုကြီးကြပ်ရေးရဲ ဗျူရို၊ ဆိုက်ဘာမှုခင်းထောက်လှမ်းရေးဗျူရိုနှင့် နယ်စပ်ကင်းလှည့်ရဲတို့ဆီက ရရှိခဲ့တာဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာမှာသတင်းဖော်ပြရေးသားထားပါတယ်။
Source: Bangkok Post
#Thailand_crackdown_illegal_guns_trade
#World_Health
Published 23 July 2023
တစ်ပတ်အတွင်း မိနစ် ၃၀ ကျော်ကြာအောင် တယ်လီဖုန်းပြောဆိုပါက သွေးပေါင်ချိန်တိုးနိုင်ချေ ၁၂ ရာခိုင်နှုန်းပိုများကြောင်း မေလ ၄ ရက်နေ့က စမ်းသပ်တွေ့ရှိခဲ့ပါတယ်။
ဖုန်းခေါ်ဆိုခြင်းနဲ့ ဖုန်းလက်ခံပြောခြင်းတို့ကြောင့် သွေးတိုးရောဂါဖြစ်နိုင်ချေများကြောင်း The European Heart ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
ဖုန်းပြောဆိုရတဲ့ ကြာချိန်မိနစ်တိုင်းက နှလုံးကျန်းမာရေးနဲ့ သက်ဆိုင်နေပြီး အချိန်ပိုများလေ အန္တရာယ်ပိုများလေ ဖြစ်ကြောင်း၊ ထိုတွေ့ရှိချက်တွေ အတည်ပြုနိုင်ဖို့ နောက်ထပ်လေ့လာမှုများ ပြုလုပ်ရန်လိုအပ်သေးကြောင်း တရုတ် ကွမ်ကျိုးရှိ တောင်ပိုင်းဆေးဘက်ဆိုင်ရာတက္ကသိုလ်မှ ပရော်ဖက်ဆာ'ရှန်ဟွေကျင်'က ရှင်းပြခဲ့ပါတယ်။
စမ်းသပ်မှုအတွက် အသက် ၃၇ မှ ၇၃ နှစ်ကြား သွေးတိုးရောဂါမရှိသူပေါင်း ၂၁၂,၀၄၆ ဦးကို လေ့လာခဲ့ပါတယ်။
ဒီအတောအတွင်း စမ်းသပ်ခံသူတွေက လက်ကိုင်ဖုန်းကို ဘယ်လောက်ကြာကြာ အသုံးပြုခဲ့လဲ၊ လက်ဖြင့်မကိုင်ရတဲ့ဖုန်း၊ စပီကာဖုန်းများဖြင့် ဘယ်လောက်ကြာကြာ အသုံးပြုခဲ့လဲဆိုတာတွေကို ကိုယ်တိုင်သတင်းပို့ရပါတယ်။
တစ်ပတ်အတွင်း ကြာချိန် ၅ မိနစ်အောက်သာ ဖုန်းပြောခဲ့တဲ့သူတွေက သွေးတိုးဖြစ်နိုင်ချေ ၈ ရာခိုင်နှုန်းရှိခဲ့ပါတယ်။
တစ်ပတ်အတွင်း ၆ နာရီကျော်အောင် ဖုန်းပြောခဲ့သူတွေကတော့ သွေးတိုးဖြစ်နိုင်ချေ ၂၅ ရာခိုင်နှုန်းများနေပါတယ်။
လက်ကိုင်ဖုန်းဖြင့် ပြောကြားတဲ့ကြာချိန်က တစ်ပတ်အတွင်း နာရီဝက်အောက်ရှိတယ်ဆိုရင်တော့ သွေးတိုးနိုင်ချေမရှိဘူးလို့ ယူဆနိုင်ကြောင်း၊ နောက်ထပ်လေ့လာမှုတွေ ပြုလုပ်ဖို့လိုအပ်ပေမယ့် နှလုံးကျန်းမာရေး ထိန်းသိမ်းဖို့အတွက် လက်ကိုင်ဖုန်းပြောဆိုချိန်ကို အနည်းဆုံးထားသင့်ကြောင်း ပြောပြသွားပါတယ်။
#World_Health #လက်ကိုင်ဖုန်းပြောဆိုချိန်ကြာမြင့်ခြင်းကြောင့် နှလုံးကျန်းမာရေးကိုထိခိုက်စေနိုင်
Source: The Jerusalem Post
#World_Health
Published 23 July 2023
အက်စ်ပရက်ဆိုကော်ဖီမှာပါဝင်တဲ့ ဒြပ်ပေါင်းတွေက အယ်လ်ဇိုင်းမားရောဂါ ဆိုးရွားလာခြင်းကို ကာကွယ်ပေးနိုင်မယ်လို့ လေ့လာချက်အသစ် တွေ့ရှိထားပါတယ်။
ကော်ဖီသောက်သုံးခြင်းဖြင့် ပါကင်ဆန်နဲ့ အယ်လ်ဇိုင်းမားရောဂါတို့ကို ကာကွယ်ပေးနိုင်တယ်လို့ စာတမ်းပြုစုထားပါတယ်။
အီတလီနိုင်ငံ ဗာရိုနာတက္ကသိုလ်မှ သုတေသီတွေက အက်စ်ပရက်ဆိုမှ ဒြပ်ပေါင်းတွေဟာ အယ်လ်ဇိုင်းမားရောဂါ ဆိုးရွားမလာအောင် ပြုလုပ်နိုင်သလားဆိုတာကို စမ်းသပ်ခဲ့ကြပါတယ်။
'တောင်'လို့ခေါ်တဲ့ပရိုတိန်းက ဦးနှောက်ထဲက တည်ဆောက်ပုံတွေ တည်ငြိမ်အောင် ကူညီပေးကာ မှတ်ဉာဏ်နဲ့ပတ်သက်တဲ့ ဦးနှောက်နေရာတွေမှာ အမျှင်တွေအဖြစ် စုပြုံလာပါတယ်။
ဒါပေမဲ့ အာရုံကြောဆဲလ်တွေကြား ဆက်သွယ်မှုကို နှောင့်ယှက်တဲ့အခါ အယ်လ်ဇိုင်းမားလက္ခဏာတွေဖြစ်တဲ့ မှတ်ဉာဏ်ဆုံးရှုံးမှု၊ ဆုံးဖြတ်ချက်မလုပ်နိုင်ခြင်း၊ ကိုယ်ရည်ကိုယ်သွေး ပြောင်းလဲမှုများ ဖြစ်ပေါ်လာနိုင်ပါတယ်။
အစာမျိုမချနိုင်တာမျိုး၊ အဆုတ်ထဲသို့ အရည်တွေ အစာတွေ ရောက်တာမျိုးတို့မှာ အယ်လ်ဇိုင်းမားကြောင့် အသက်ဆုံးရှုံးနိုင်ပါတယ်။
စမ်းသပ်မှုပြုလုပ်ရာမှာ အက်စ်ပရက်ဆို ဒြပ်ပေါင်းပမာဏများလာတာနဲ့အမျှ တောင်ပရိုတိန်းအမျှင်များ တိုတောင်းလာကာ အစုလိုက်မဖြစ်တော့ဘဲ အယ်လ်ဇိုင်းမားရောဂါကို နှောင့်နှေးရပ်တန့်သွားစေနိုင်ပါတယ်။
နောက်ထပ်သုတေသန လိုအပ်နေပြီး ယခုလေ့လာချက်အသစ်ကြောင့် အယ်လ်ဇိုင်းမားလို အာရုံကြောရောဂါများကို ကာကွယ်နိုင်မယ့် အခြားဒြပ်ပေါင်းများလည်း တွေ့ရှိစေနိုင်ဖွယ်ရှိနေပါတယ်။
ဒီလေ့လာချက်ကို စိုက်ပျိုးမွေးမြူရေးနှင့်အစားအစာဓာတုဂျာနယ်မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။
donanemab ဆေးအသစ်က စမ်းသပ်မှုအောင်မြင်ထားကာ ယခုဆောင်းဦးရာသီမှာ အစားအစာနှင့်ဆေးဝါးကွပ်ကဲရေးမှ ခွင့်ပြုဖို့ မျှော်မှန်းထားပါတယ်။
ဒီဆေးက ဒီမန်ရှာရောဂါဆိုးရွားလာခြင်းကို ၄၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်ဖွယ်ရှိပါတယ်။
#World_Health #အက်စ်ပရက်ဆိုကော်ဖီသည်အယ်လ်ဇိုင်းမားရောဂါဆိုးရွားမလာစေရန်ကာကွယ်ပေး
Source: NY Post
တရုတ်အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်ရှိ ကမ္ဘာ့အကြီးမားဆုံးနဲ့ ပေအမြင့်ဆုံး ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံအတွက် တည်ငြိမ်တဲ့ လျှပ်စစ်ဓာတ်အားရရှိစေရန် စွမ်းအင်ဖြည့်စွက်မှုက အဓိကသော့ချက်ဖြစ်ပါတယ်။
Published 22 July 2023
#Asia_Development #တရုတ်နိုင်ငံစီချွမ်တွင်ရေအားလျှပ်စစ်စတင်လည်ပတ်
Page 396 of 868