Published 27 March 2023
အလီဘာဘာတည်ထောင်သူ ဂျက်မားဟာ တရုတ်နိုင်ငံကိုပြန်လည်ရောက်ရှိလာပြီး ပြည်ပနိုင်ငံတွေမှာ တစ်နှစ်ကျော် နေထိုင်ခဲ့မှုကို အဆုံးသတ်ခဲ့ပါတယ်။ တရုတ်နိုင်ငံကို ဂျက်မားပြန်လာတာကို တရုတ်စီးပွားရေးလုပ်ငန်းတွေကို အလေး အနက်ထားလာတဲ့သဘော ထင်ဟပ်နေတယ်လို့ လုပ်ငန်းရှင်အသိုက်အဝန်းကရှုမြင်ထားကြပါတယ်။
တရုတ်ရဲ့ ပုဂ္ဂလိကလုပ်ငန်းတွေကို (၂)နှစ်ကြာ ဥပဒေအရနှိမ်နှင်းမှုတွေပြုလုပ်အပြီးမှာ တရုတ်ရဲ့ လူသိအများဆုံး လုပ်ငန်းရှင် ပြန်လာခြင်းဟာ ပုဂ္ဂလိကလုပ်ငန်းတွေအပေါ်စိုးရိမ်ပူပန်မှုတွေကို ဖြေဖျောက်ပေးရာမှာ အထောက်အကူဖြစ် စေကောင်းဖြစ်စေနိုင်ပါတယ်လို့ ရိုက်တာက သတင်းရေးသားပါတယ်။
တရုတ်နိုင်ငံရဲ့ ဆိုရှယ်မီဒီယာတွေမှာ ဂျက်မားပြန်လည်ရောက်ရှိလာတာတွေကို မတ် ၂၇ ရက်နေ့ တနင်္လာနေ့ မနက်က စပြီး ပြောဆိုရေးသားမှုတွေ တွေ့လာကြရတာဖြစ်ပါတယ်။ အဲဒီနောက် အလီဘာဘာကပိုင်ဆိုင်တဲ့ ကျောင်းတစ်ကျောင်း ကို သူသွားရောက်ခဲ့တဲ့သတင်း တောင်တရုတ်နံနက်ခင်းသတင်းစာက ဖော်ပြကာ အတည်ပြုပေးခဲ့ပါတယ်။
အင်္ဂလိပ်စာဆရာတစ်ဦးဖြစ်တဲ့ ဂျက်မားဟာ ဉာဏ်ရည်တုနှင့်မောင်းနှင်တဲ့ ChatGPTလိုမျိုးကိစ္စတွေကို ကျောင်းမှာ ဆွေးနွေးခဲ့ပါတယ်။ အဲဒီအပြင် သူဟာ တစ်နေ့နေ့မှာ စာသင်တဲ့အလုပ်ပြန်လုပ်ဖို့ မျှော်လင့်ထားတယ်လို့လည်း အဆိုပါ ယွန်ဂူကျောင်းရဲ့ တရားဝင် WeChat အကောင့်ကနေ ဖော်ပြထားပါတယ်။
အဲဒီကျောင်းကို ဂျက်မားနှင့် အခြားသော အလီဘာဘာတည်ထောင်သူတွေက သူတို့ရဲ့ ဇာတိမြေ ဟန်ကျိုးမှာ ၂၀၁၇ခုနှစ်တုန်းက တည်ထောင်ပေးခဲ့ကြတာဖြစ်ပါတယ်။
မားဟာ တရုတ်ကို ပြီးခဲ့တဲ့အပတ်ကတည်းက ပြန်ရောက်လာတာဖြစ်တယ်လို့ အဲဒီအကြောင်းသိသူနှစ်ဦးက ရိုက်တာ သတင်းဌာနကိုပြောပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ လက်ရုံး ဝန်ကြီးချုပ်အသစ် လီရှန်းက ဂျက်မား တရုတ်ပြည်မကြီးကိုပြန်လာခြင်းဟာ လုပ်ငန်းရှင်တွေအကြား စီးပွားရေးအရစိတ်ချယုံကြည်မှုတွေတိုးပွားလာစေမှာကို အထောက်အကူပြုလိမ့်မယ်ဆိုတာ အသိအမှတ်ပြုလက်ခံထားကြောင်းနှင့် ပြီးခဲ့တဲ့နှစ်ကတည်းက သူက ဂျက်မားကို ပြန်လာဖို့ခေါ်နေတာဖြစ်ကြောင်း အဲဒီ အကြောင်းသိတဲ့ သတင်းအရင်းအမြစ်(၅)ခုက ရိုက်တာကိုပြောပါတယ်။
ဒါပေမယ့် ဝန်ကြီးချုပ်လီရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် ဂျက်မားပြန်လာတာ သေချာသလားဆိုတာကိုတော့ ရိုက်တာက ချက်ခြင်းတပ်အပ်မပြောနိုင်သေးပါဘူး။
အလီဘာဘာရော တရုတ်နိုင်ငံတော်ကောင်စီရော ပြီးတော့ တရုတ်အစိုးရအဖွဲ့ဆီကရော ယခုကိစ္စအပေါ် မေးမြန်းချက်ကို ပြန်လည်ဖြေကြားခြင်းမရှိသေးကြောင်းလည်း ရိုက်တာသတင်းဌာနကရေးသားပါတယ်။
Source: Reuters
#အလီဘာဘာတည်ထောင်သူဂျက်မားတရုတ်ပြည်ပြန်ရောက်
#ဂျက်မားတရုတ်နိုင်ငံပြန်လည်ရောက်ရှိ
#YangonMediaGroup
#World_News
Published 27 March 2023
သောကြာနေ့နှောင်းပိုင်းက မစ္စစ္စပီမှာ အင်အားပြင်းမုန်တိုင်းတစ်ခုတိုက်ခတ်သွားကာ လေဆင်နှာမောင်းကြီးအနည်းဆုံးတစ်ခု ဖြစ်ပေါ်ခဲ့တာကြောင့် အဆောက်အအုံရာနဲ့ချီ ပျက်စီးသွားခဲ့ပြီး အနည်းဆုံးလူ ၂၅ ဦးသေဆုံးကာ အလာဘာမာမှာတော့ ၁ ဦးသေဆုံးခဲ့ပါတယ်။
လေဆင်နှာမောင်းက မြေပေါ်မှာ တစ်နာရီခန့်ရှိခဲ့ပြီး မိုင် ၁၇၀ လောက်အထိ လမ်းတလျှောက်ဖျက်ဆီးသွားခဲ့ကြောင်း မစ္စစ္စပီဂျက်ဆန် အမျိုးသားမိုးလေဝသဌာနမှ မိုးလေဝသပညာရှင်'နီကိုလတ်စ်ပရိုက်စ်'က ပြောကြားခဲ့ပါတယ်။
ပြည်နယ်ထောက်ပံ့ရေး၊ ထိခိုက်ခဲ့တဲ့နေရာများမှ ဒေသခံပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များအတွက် သမ္မတ'ဂျိုးဘိုင်ဒင်'က နိုင်ငံတော်အကူအညီများပေးအပ်ရန် အမိန့်ပေးခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါတယ်။
ကာရိုးလ်၊ ဟမ်ဖရေးစ်၊ မွန်ရိုး၊ ရှာကီခရိုင်များမှ မုန်တိုင်းသင့်ပြည်သူများအတွက် ထောက်ပံ့ငွေများ ပေးအပ်သွားမှာဖြစ်ပါတယ်။
မစ္စစ္စပီအနောက်ပိုင်း လူဦးရေ ၁,၉၀၀ ခန့်ရှိတဲ့ မုန်တိုင်းဒဏ်အခံရဆုံး ရိုးလင်းဖော့ခ်မြို့မှာ အိမ်တွေကြေမွပျက်စီးသွားကာ သစ်ပင်များပင်စည်ကနေ ပြတ်ထွက်ကုန်ပြီး မော်တော်ကားတွေ လွင့်ထွက်ကုန်ပါတယ်။
ရိုးလင်းဖော့ခ်သို့ လေဆင်နှာမောင်းချဉ်းကပ်လာတာကို မြင်တွေ့လိုက်တဲ့ 'မိုက်ကယ်ဆာစီ'က ပိတ်မိနေတဲ့လူတွေကို ကူညီကယ်ဆယ်နေပါတယ်။
"ကယ်ဆယ်ရေးလုပ်နေစဉ်အတွင်း တစ်နေရာကနေ တစ်နေရာသွားလိုက်ရင် အကူအညီတောင်းသံ အော်ဟစ်သံတွေ ကြားနေရပါတယ်၊ ကျွန်တော်တို့က အဖွဲ့ငယ်လေးတွေခွဲပြီး အပျက်အစီးတွေကြားထဲကနေ လူတွေကိုရှာဖွေကယ်ဆယ်နေပါတယ်" လို့ ရိုက်တာသတင်းဌာနကို ပြောကြားသွားပါတယ်။
မိသားစုတစ်စုဆိုရင် ရေချိုးခန်းထဲမှာ ပုန်းအောင်းရင်း သီသီလေးလွတ်မြောက်သွားကာ ကျန်တဲ့အိမ်နေရာတွေကတော့ ပျက်စီးသွားပြီး အိမ်ခေါင်မိုးမှာ ကားတစ်စီးရောက်ရှိနေခဲ့ပါတယ်။
လူနေ ၃၀၀ ခန့်ရှိတဲ့ ဆေးလ်ဗားမြို့မှာ လူတွေက အိမ်အတွင်းခန်းတွေမှာ ပုန်းခိုနေရင်း လေဆင်းနှာမောင်းဖြတ်သန်းသွားခဲ့ပါတယ်။
'ကက်သရင်းရေး'က "ကျွန်မ ဘုရားသခင်အကြောင်း စဉ်းစားလိုက်တယ်၊ အိမ်မှာတစ်ယောက်တည်းရှိနေတုန်း ဘုရားပညတ်တော်ဆယ်ပါးကို လိုက်နာတယ်လို့ တိုင်တည်ခဲ့ပြီး ကိုယ့်ကိုယ်ကိုထိန်းသိမ်းခဲ့ပါတယ်" လို့ ပြောပြခဲ့ပါတယ်။
အခြားအိမ်တွေက နောက်တွဲအခန်းတွေပျက်စီးသွားခဲ့ပေမယ့် သူ့အိမ်နောက်တွဲကတော့ ရှိနေဆဲဖြစ်ပါတယ်။
အုပ်ချုပ်ရေးမှူး'တိတ်ရိဗ်စ်'က ဆေးလ်ဗားမြို့ကို စနေနေ့ကရောက်ရှိခဲ့ကာ အရေးပေါ်အခြေအနေထုတ်ပြန်ခဲ့ပါတယ်။
သမ္မတ'ဂျိုးဘိုင်ဒင်'က မစ္စစ္စပီထံမှ ပုံရိပ်တွေဟာ ဝမ်းနည်းကြေကွဲဖွယ်ရာဖြစ်ရကြောင်း ဖော်ပြခဲ့ကာ ပြန်လည်ထူထောင်ရေးအတွက် ဖက်ဒရယ်အစိုးရမှ အပြည့်အဝထောက်ပံ့ကြောင်း ထုတ်ပြန်လိုက်ပါတယ်။
ရိုးလင်းဖော့ခ်ရှိ အမျိုးသားကာကွယ်ရေးလက်နက်တိုက်အပါအဝင် နေရာ ၃ နေရာမှာ အရေးပေါ်ခိုလှုံရေးနေရာများကို မစ္စစ္စပီတာဝန်ရှိသူများက နေရာချပေးထားပါတယ်။
ဖက်ဒရယ်အရေးပေါ်စီမံခန့်ခွဲရေးအေဂျင်စီ (FEMA)မှ ညွှန်ကြားရေးမှူး'ဒင်းခရစ်ဝယ်လ်'က မစ္စစ္စပီသို့ တနင်္ဂနွေနေ့မှာ သွားရောက်ခဲ့ပါတယ်။
မုန်တိုင်းဒဏ်ကြောင့် မစ္စစ္စပီ၊ အလာဘာမာ၊ တန်နက်ဆီတို့မှာ နေထိုင်သူ ၂၆,၀၀၀ ခန့်ဟာ စနေနေ့ညနေအထိ လျှပ်စစ်မီးမရရှိဘဲဖြစ်နေပါတယ်။
Source: Reuters
#Yangon_Media_Group
#World_Health
Published 27 March 2023
ကျယ်လောင်သောသီချင်းသံများ၊ အင်ဂျင်သံများနဲ့ တာယာပွတ်ဆွဲသံတို့က လူတွေရဲ့ သွေးပေါင်ချိန်ကို မြင့်တက်စေနိုင်ပါတယ်။
လူစည်ဆူညံနေတဲ့လမ်းမဘေးမှာ နေတဲ့သူတွေဟာ သွေးတိုးရောဂါဖြစ်လာနိုင်ပြီး ပိုပြီးဆူညံလေ ပိုပြီးသွေးတိုးဖြစ်နိုင်လေ ဖြစ်ပါတယ်။
ထိုလူတွေမှာ နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်း၊ နှလုံးရပ်ခြင်းတို့ဖြစ်ပေါ်လာနိုင်ပါတယ်။
အဆိုပါတွေ့ရှိချက်တွေကြောင့် ဆူညံသံကန့်သတ်ခြင်းနဲ့ တိတ်ဆိတ်စွာမောင်းနှင်ရန် တွန်းအားပေးဖို့ ပြည်သူ့ကျန်းမာရေးပေါ်လစီအတွက် သတိပေးစရာဖြစ်လာပါတယ်။
မူလကသွေးတိုးမရှိတဲ့ ယူကေမှ လူပေါင်း ၂၄၀,၀၀၀ ကျော်ကို သုတေသီများလေ့လာခဲ့ကြပါတယ်။
၈ နှစ်ကြာပြီးနောက် ထိုလူတွေမှာ သွေးတိုးဖြစ်လာသလားဆိုတာနဲ့ သူတို့နေထိုင်တဲ့ပတ်ဝန်းကျင်က ဆူညံသံတွေနဲ့ ဆက်စပ်နေလားဆိုတာကို လေ့လာခဲ့ကြပါတယ်။
ဆူညံသံပိုများတာနဲ့အမျှ သွေးတိုးရောဂါပိုဖြစ်လာနိုင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။
ဆူညံသံရော လေထုညစ်ညမ်းမှုရောခံစားရတဲ့ လူတွေမှာ သွေးတိုးရောဂါဖြစ်နိုင်ချေအများဆုံးရှိနေပါတယ်။
ဆူညံသံနဲ့ သွေးတိုးရောဂါဆက်စပ်မှုကြား လေထုညစ်ညမ်းမှုပါ ပါလာရင်ပိုဆိုးနိုင်တာကို အံ့အားသင့်ခဲ့ရကြောင်း ပီကင်းတက္ကသိုလ်မှ ပရော်ဖက်ဆာ'ကျင်ဟောင်'က ပြောကြားလိုက်ပါတယ်။
ယူကေရှိ အရွယ်ရောက်ပြီးသူ ၃ ယောက်မှာ ၁ ယောက်နှုန်းက သွေးတိုးရောဂါရှိနေပြီး သွေးတိုးဆိုတာက လေဖြတ်ခြင်းနဲ့ နှလုံးဖောက်ခြင်းကိစ္စတွေရဲ့ တဝက်ကျော်မှာ ပါဝင်ပတ်သက်နေပါတယ်။
ဒီအခြေအနေက လက္ခဏာမပြတတ်သလို တဝက်ကျော်လောက်က ရောဂါရှိမှန်းမသိတာကြောင့် ကျန်းမာရေးပြဿနာကြီး ဖြစ်နေပါတယ်။
ဆူညံသံလျှော့ချရန်အတွက် လမ်းကောင်းမွန်အောင်ပြုလုပ်ခြင်း၊ မြို့ပြလူနေပုံစံ၊ တိတ်ဆိတ်တဲ့ယာဉ်များရင်းနှီးမြှုပ်နှံလာခြင်းတို့ ပြုလုပ်ရန် သုတေသီများက အကြံပြုလိုက်ပါတယ်။
Source: Daily Mail.
#Yangon_Media_Group
#World_Health
Published 27 March 2023
မက်ဒီတာရေနီယန်စားသောက်ပုံစံလိုမျိုး အစားအစာထဲမှာ သံလွင်ဆီထည့်စားခြင်းဖြင့် အမျိုးသမီးတွေမှာ ရင်သားကင်ဆာဖြစ်နိုင်ချေကို ၃ ပုံ ၂ ပုံလျှော့ချပေးနိုင်ကြောင်း လေ့လာချက်အသစ်မှာ တွေ့ရှိထားပါတယ်။
၂၀၂၃ မှာ အကောင်းဆုံးအစားအစာအဖြစ် မက်ဒီတာရေနီယန်အစားအစာကို သတ်မှတ်ထားကာ အီတလီ၊ ဂရိအပါအဝင်နိုင်ငံတွေမှ စိုက်ပျိုးတဲ့အစားအစာများ ပါဝင်ပါတယ်။
လူတစ်ယောက်အနေနဲ့ ငါး၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ ပဲအမျိုးမျိုးတို့ကို အများအပြားစားသုံးသင့်ပြီး အသားလျှော့စားသင့်ပါတယ်။
လေ့လာမှုပြုလုပ်ရာမှာတော့ သံလွင်ဆီတွေ မြေပဲတွေပါဝင်တဲ့ မက်ဒီတာရေနီယန်စားသုံးတဲ့ အမျိုးသမီးတွေနဲ့ အဆီလျှော့စားတဲ့ သာမန်စားစရာစားသုံးသူအမျိုးသမီးအဖွဲ့ကို နှိုင်းယှဉ်ခဲ့ကြပါတယ်။
သံလွင်ဆီသန့်ပါဝင်တဲ့ မက်ဒီတာရေနီယန်စားစရာတွေကို စားသုံးတဲ့ အသက် ၆၀ မှ ၈၀ ကြားအမျိုးသမီးတွေမှာ ရင်သားကင်ဆာဖြစ်ပွားနှုန်းက သာမန်စားသုံးတဲ့အဖွဲ့ထက်စာရင် ၆၈ ရာခိုင်နှုန်းလျော့နည်းခဲ့ပါတယ်။
စမ်းသပ်ချက်များအရ သံလွင်ဆီသန့်စားသုံးခြင်းက ရင်သားကင်ဆာကာကွယ်ရာမှာ အဓိကကျနေကြောင်း စာတမ်းပြုစုသူဒေါက်တာ'မီဂွယ်မာတီနက်ဇ်ဂွန်ဇာလက်ဇ်'က ပြောကြားသွားပါတယ်။
ဒီရလဒ်တွေကို အတည်ပြုနိုင်ရန် စမ်းသပ်ချက်အများအပြားဖြင့် ရေရှည်လေ့လာရဦးမှာဖြစ်ပါတယ်။
ကျန်းမာရေးအကျိုးကျေးဇူးရရှိတာက သံလွင်ဆီကပဲရတာလား ဒါမှမဟုတ် အခြားအစားအစာနဲ့ တွဲစားလို့ရတာလားဆိုတာကိုတော့ သုတေသီတွေ မဆုံးဖြတ်နိုင်သေးပါဘူး။
ကာကွယ်ခြင်းကသာ ကင်ဆာမဖြစ်စေရန် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်းလည်း ဒေါက်တာကအကြံပြုထားပါတယ်။
လက်ရှိလေ့လာချက်ကတော့ ရင်သားကင်ဆာဖြစ်ပွားသူ ၃၅ ဦးသာရှိထားပြီး စမ်းသပ်ခံအားလုံးက မီးယပ်ဆုံးထားပြီးဖြစ်ကာ နှလုံးသွေးကြောရောဂါများ ဖြစ်နိုင်ချေများသူတွေဖြစ်ပါတယ်။
မက်ဒီတာရေနီယန်အစားအစာမှာပါဝင်တဲ့ အရွက်၊ ငါး၊ သံလွင်ဆီတို့က နှလုံးသွေးကြောရောဂါဖြစ်နိုင်ချေကို လျှော့ချနိုင်ဖွယ်ရှိပြီး စားသုံးရန်ဘေးကင်းတဲ့အပြင် ရင်သားကင်ဆာကိုပါ ကာကွယ်နိုင်ဖွယ်ရှိနေပါတယ်။
Source: The Jerusalem Post.
#Yangon_Media_Group
Published 26 March 2023
စင်္ကာပူနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်တစ်နိုင်ငံအနေနှင့် တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်ရေးကို ဖြစ်မြောက်အောင် ပံ့ပိုးပေးရာမှာ ပိုပြီးလုပ်နိုင်စွမ်းရှိနေတယ်လို့ စင်္ကာပူဝန်ကြီးချုပ်လီရှန်လွန်းကပြောကြားလိုက်ပါတယ်။
တရုတ်နှင့်အာဆီယံတို့ဟာ တစ်ဖက်နှင့်တစ်ဖက် အကြီးဆုံးကုန်သွယ်ဖက်တွေဖြစ်ပြီး နှစ်ဘက်အကြား ကုန်သွယ်မှု ပမာဏဟာ နှစ်ပေါင်း၃၀အတွင်း အဆပေါင်းများစွာပွားလနေပါတယ်။ တရုတ်နှင့်အာဆီယံအကြား အပြန် အလှန်ရင်းနှီးမြှပ်နှံမှုဟာ အမေရိကန်ဒေါ်လာ ၃၁၀ ဘီလျံကိုကျော်လွန်သွားပြီလည်းဖြစ်ပါတယ်။
စင်္ကာပူဟာ နှစ်ဘက်အကြားစီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို အသေးငယ်ဆုံးအဖွဲ့ဝင်နိုင်ငံတွေထဲက တစ်နိုင်ငံအနေနှင့် ပိုမိုကြီးမားတဲ့ အရွယ်အစားဖြစ်လာအောင် ကမကထပြုအကျိုးဆောင်သူအဖြစ်ဆောင်ရွက်ပေးနိုင်တယ်လို့ စင်္ကာပူ ဝန်ကြီးချုပ်က တရုတ်ဗဟိုရုပ်မြင်သံကြား CCTV နှင့်အင်တာဗျူးမှာပြောကြားခဲ့ပါတယ်။
Source CCTV+
#တရုတ်_အာဆီယံစီးပွားဆက်ဆံရေး
#စင်္ကာပူဝန်ကြီးချုပ်လီရှန်လွန်း
#YangonMediaGroup
Published 26 March 2023
အလယ်အမေရိကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဟွန်ဒူးရပ်စ်နိုင်ငံဟာ ဆယ်စုနှစ်များစွာ ဆက်ဆံလာတဲ့ ထိုင်ဝမ်နှင့် သံတမန် ဆက်ဆံမှုဖြတ်တောက်လိုက်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် သံတမန်ဆက်ဆံရေးကို တနင်္ဂနွေနေ့က စတင်ထူထောင် လိုက်ပါတယ်။
ဟွန်ဒူးရပ်စ်ဟာ ဘေဂျင်းကြောင့် ထိုင်ဝမ်ကိုအဆက်မဖြတ်ခင်မှာ ထိုင်ဝမ်ထံမှ မတန်တဆငွေပမဏကို တောင်းဆို ခဲ့တယ်လို့ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးက စွပ်စွဲပြောဆိုပါတယ်။
ပြီးခဲ့တဲ့ အပတ်က ဟွန်ဒူးရပ်စ်နိုင်ငံခြားရေးဝန်ကြီး ဆက်ဆံရေးစတင်ဖို့ တရုတ်နိုင်ငံကို သွားရောက်ခဲ့ပြီး ဟွန်ဒူးရပ်စ်သမ္မတ ဇီယိုမာရာ ကတ်စထရိုကလည်း သူမရဲ့ အစိုးရဟာ ဘေဂျင်းနှင့် သံတမန်ဆက်ဆံမှုစတင်မယ်လို့ ပြောကြားပြီးတဲ့နောက် ဟွန်ဒူးရပ်စ်ဟာ ထိုင်ဝမ်နှင့် သံ တမန်ဖြတ်တောက်တော့မယ်လို့ မျှော်လင့်ထားကြ တာဖြစ်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်းဂန်နှင့် ဟွန်ဒူးရပ်စ် နိုင်ငံခြားရေးဝန်ကြီး အက်ဒူရာဒို အင်ရစ်ရိန်နာတို့ဟာ တစ်ဖက်နှင့် တစ်ဖက် သံတမန်ရေးရာ အသိအမှတ်ပြုကြဖို့ ဘေဂျင်းမှာ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ တရုတ်နိုင်ငံကပြောပါတယ်။ ဟွန်ဒူးရပ်စ်ဟာ ၁၉၄၀ပြည့်လွန်နှစ်များကတည်းက စတင်ခဲ့တဲ့ ထိုင်ဝမ်နှင့် သံတမန်ဆက်ဆံရေးကို အဆုံးသတ်လိုက်တာ ဖြစ်ပါတယ်။
“ တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ တရုတ်အားလုံးကို ကိုယ်စားပြုတဲ့ တစ်ခုတည်းသော တရားဝင်အစိုးရဖြစ်ပြီး ထိုင်ဝမ်ဟာ တရုတ်ပိုက်နက်ထဲက ခွဲထုတ်လို့မရတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုတာကို ဟွန်ဒူးရပ်စ်နိုင်ငံက အသိအမှတ်ပြုတယ်” လို့ ဟွန်ဒူးရပ်စ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်အကျဉ်းမှာ ဖော်ပြ ထားပါတယ်။
“ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်သံရုံးတို့ ဟာ သက်ဆိုင်ဆီလျော်တဲ့ သတင်းအချက်လက်တွေကို ဆုပ်ကိုင်ထားပြီး အဲဒါကို ဂရုတစိုက်ကိုင်တွယ်ခဲ့ပါတယ်။ ဒါပေမယ့် ကတ်စထရိုရဲ့ အစိုးရက ကျွန်တော်တို့ဆီကနေ စီးပွားရေးအကူအညီအဖြစ် ဒေါ်လာ ဘီလျံနှင့်ချီပြီးတောင်းတယ်။ ပြီးတော့ အကူအညီပေးရေးအစီအစဉ်တွေကနေ ထောက်ပံ့ပေးနေတဲ့ ထိုင်ဝမ်နှင့် တရုတ်တို့ရဲ့ ငွေကြေးပမာဏကို နှိုင်းယှဉ်တယ်” လို့ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဝူးက ပြောပါတယ်။
ထိုင်ဝမ်အနေနှင့် တရုတ်နှင့် အဓိပ္ပါယ်မဲ့တဲ့ ဒေါ်လာဒီပလိုမေစီကို ပြိုင်နေမှာမဟုတ်ဘူး လို့ ထိုင်ဝမ်သမ္မတ ဆိုင်းအင်းဝန် က ဗွီဒီယိုမိန့်ခွန်းမှာပြောကြားပါတယ်။
Source Reuters
#ဟွန်ဒူးရပ်စ်နှင့်တရုတ်သံတမန်ဆက်ဆံရေးထူထောင်
#ထိုင်ဝမ်နှင့်ဟွန်ဒူးရပ်စ်သံတမန်ဖြတ်တောက်
#YangonMediaGroup
#World_Science
Published 26 March 2023
တန်ဇန်နီယာ အရူရှာဒေသ ငိုရွန်ဂိုရိုမြောက်ဘက်ရှိ နေထရွန်ရေကန်ဟာ အယ်လ်ကာလိုင်းရေကန်တစ်ခုဖြစ်ပါတယ်။
ဒီကန်က အတော်လေးထူးဆန်းပြီး အလွန်ကြောက်စရာကောင်းနေတာတော့ အမှန်ပါပဲ။
ဒီကန်ကို ကျွမ်းကျင်သူများနဲ့ သုံးသပ်သူများက စိတ်ဝင်စားနေတာ ကြာပါပြီ။
ကန်ရဲ့ရေပြင်က ကြက်သွေးရောင်ဖြင့်လှပနေပေမယ့် ဘယ်သူမှရေဆင်းမကူးရဲကြပါဘူး။
ရေကိုထိမိတဲ့ သတ္တဝါတွေဟာ ကျောက်တုံးများဖြစ်ကုန်ကြတယ်လို့ သိထားကြပါတယ်။
ဒါဟာ ကြောက်စရာကောင်းတဲ့ ပုံပြင်တွေလိုဖြစ်နေပေမယ့် ကန်ထဲကဆားပါဝင်မှုကြောင့် အတိုင်းအတာတစ်ခုအထိ မှန်ကန်နေပါတယ်။
ရေကန်ထဲမှာ ဆား၊ ဆိုဒါ၊ မဂ္ဂနီဆိုက်အနည်များပါဝင်ပြီး အိုဒွိုက်ညိုလန်ဂိုင်လို့ခေါ်တဲ့ တောင်ကြီးကလည်း ရေကန်အပေါ် သက်ရောက်မှုရှိနေပါတယ်။
ရှားပါးကာဗွန်နတိုက်ချော်ရည်များ ထုတ်ပေးတဲ့ တစ်ခုတည်းသောလှုပ်ရှားမီးတောင်လည်း ဖြစ်ပါတယ်။
ပတ်ပတ်လည်တောင်ကုန်းတွေမှ ဆိုဒီယမ်ကာဗွန်နိတ်တွေနဲ့ အခြားသတ္တုဓာတ်တွေက ရေကန်ထဲသို့စီးဆင်းလာပြီး အယ်လ်ကာလိုင်းဖြစ်လာတာပါ။
ဆိုဒီယမ်ကာဗွန်နိတ်အနည်တွေက တစ်ချိန်တုန်းက အီဂျစ်မံမီအစီအရင်တွေမှာ အသုံးပြုခဲ့ဖူးဟန်ရှိပါတယ်။
မီဒီယာအများအပြားရဲ့ ဖော်ပြချက်အရ ကန်ရေနဲ့ထိတွေ့တဲ့ သတ္တဝါတွေ ကျောက်တုံးဖြစ်သွားတယ်ဆိုတာကို အတိအကျပြောဖို့ခက်နေပြီး ဒီရေကပဲ ကြိုးကြာနီတွေအတွက်တော့ အထောက်အပံ့ဖြစ်နေပါသေးတယ်။
အသက်ဘေးအန္တရာယ်အရှိဆုံး ရေကန်ဖြစ်နေပေမယ့် အရှေ့အာဖရိကရှိ ကြိုးကြာ ၂.၅ သန်းအတွက်တော့ ပုံမှန်ပေါက်ဖွားရာနေရာဖြစ်နေပါတယ်။
နေထရွန်ရေကန်ရှိ ဆားရေက pH ၁၀.၅ အထက်ရှိပြီး ထိုရေနဲ့ မကိုက်ညီတဲ့သတ္တဝါတွေအတွက်တော့ မျက်လုံးနဲ့အရေပြား တောက်လောင်စေပါတယ်။
ရေတွေနီနေရတဲ့အကြောင်းအရင်းကတော့ ကြမ်းတမ်းတဲ့အခြေအနေကို ခံနိုင်ရည်ရှိတဲ့ ဘက်တီးရီးယားကြောင့် ဖြစ်ပါတယ်။
သတ္တဝါတွေ ဘာကြောင့်သေရတယ်ဆိုတာ အတိအကျမသိကြဘဲ ဒီရေတွေထဲမှာ ဆိုဒါနဲ့ ဆားပါဝင်မှုအလွန်မြင့်မားနေပါတယ်။
Source: WION.
#Yangon_Media_Group
Page 394 of 778