Published 27 March 2024
ကျောက်ကပ်ရောဂါ နောက်ဆုံးအဆင့် ခံစားနေရတဲ့ အသက် ၆၂ နှစ်အရွယ်လူနာဟာ မျိုးဗီဇပြုပြင်ပြောင်းလဲထားတဲ့ ဝက်ကနေ ကျောက်ကပ်အသစ် လက်ခံခွဲစိတ်ခဲ့တဲ့ ပထမဆုံးလူသား ဖြစ်လာကြောင်း မာဆာချူဆက်စ် အထွေထွေဆေးရုံမှ ဆရာဝန်များက ကြာသပတေးနေ့မှာ ကြေညာလိုက်ပါတယ်။
မတ်လ ၁၆ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ခွဲစိတ်မှုဟာ ၄ နာရီကြာမြင့်ခဲ့ပြီး မှတ်ကျောက်တစ်ခု ဖြစ်ခဲ့ပါတယ်။
ရစ်ချတ်စလေးမန်းလို့ခေါ်တဲ့ လူနာဟာ ပြန်လည်သက်သာလာပြီး မကြာခင် ဆေးရုံမှဆင်းနိုင်တော့မှာ ဖြစ်ကြောင်း ဆေးရုံက ပြောပြပါတယ်။
စလေးမန်းဟာ ၇ နှစ်ကြာ ကျောက်ကပ်အရည် စွန့်ထုတ်ခြင်းများ ပြုလုပ်ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်မှာ ထိုဆေးရုံမှာပဲ လူသားကျောက်ကပ်ဖြင့် အစားထိုးခွဲစိတ်ခဲ့ပေမယ့် ၅ နှစ်အကြာမှာ ထိုကျောက်ကပ်ပျက်စီးသွားခဲ့ပြီး ကျောက်ကပ်အရည် စွန့်ထုတ်ခြင်း ပြန်လုပ်ခဲ့ရပါတယ်။
မျိုးဗီဇပြုပြင်ထားတဲ့ ဝက်ဟာ လက်ခံရယူမယ်လူသားကို အန္တရာယ်ဖြစ်စေမယ့် မျိုးဗီဇများကို ဖယ်ရှားထားပြီး လူသားနဲ့ ကိုက်ညီမှုရှိစေရန် အချို့သောမျိုးဗီဇများကို ထည့်သွင်းထားပါတယ်။
ဒါ့အပြင် လူသားများကို ကူးစက်နိုင်စေမယ့် ဗိုင်းရပ်စ်များကိုလည်း ဖယ်ရှားထားပါတယ်။
ဝက်အင်္ဂါကို လူနာရဲ့ခုခံအားစနစ်မှ လက်မခံတာမျိုး မဖြစ်ရအောင် အချို့သောဆေးဝါးများလည်း အသုံးပြုရပါတယ်။
ယခုလိုမျိုး သတ္တဝါတစ်မျိုးရဲ့ အတွင်းအင်္ဂါများကို အခြားသတ္တဝါတစ်မျိုးထဲသို့ အစားထိုးခွဲစိတ်ခြင်းနည်းလမ်းဟာ ကမ္ဘာတဝှမ်းမှာ ကိုယ်တွင်းအင်္ဂါ ရှားပါးပြတ်လပ်လာတဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖွယ်ရှိနေပါတယ်။
#Source: The Jerusalem Post.
#World_Health
Published_ 27 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 27 March 2024
မတ်လ ၂၂ ရက်နေ့က ရုရှားမြို့တော်မော်စကိုအနီးရှိ ခရော့ကပ်စ်စီးတီးမြို့တော်ခန်းမမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုဟာ ယူကရိန်းနဲ့အတူ အမေရိကန်နဲ့ ဗြိတိန်ပြည်ထောင်စုတို့လည်း ပါဝင်ပတ်သက်နေတယ်လို့ ယုံကြည်ကြောင်း ရုရှားထိပ်သီးလုံခြုံရေးအေဂျင်စီမှ ညွှန်ကြားရေးမှူးက မတ်လ ၂၆ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
အနည်းဆုံး လူ ၁၃၉ ဦးသေဆုံးကာ ၁၈၂ ဦးဒဏ်ရာရရှိစေခဲ့တဲ့ အစုလိုက်ပစ်ခတ်မှုနဲ့ ပတ်သက်နေတယ်လို့ စွပ်စွဲခံထားရတဲ့ ၈ ယောက်မြောက် သံသယရှိသူကို ရုရှားတရားရုံးတစ်ခုက ရမန်ပေးကာ ထိန်းသိမ်းထားပါတယ်။
ထိုအကြမ်းဖက်တိုက်ခိုက်မှုကို အစ္စလာမ်အစွန်းရောက်တွေ ကိုယ်တိုင်ပြင်ဆင်တာဖြစ်သလို အနောက်တိုင်း အထူးအဖွဲ့များမှလည်း အားပေးအားမြှောက် လုပ်ခဲ့တာဖြစ်မယ်လို့ ဖက်ဒရယ်လုံခြုံရေးဝန်ဆောင်မှု (FSB)မှ ညွှန်ကြားရေးမှူး အဲလက်ဇန်ဒါဘော့နီကော့ဗ်က ယုံကြည်နေပါတယ်။
ဒီမတိုင်ခင်နေ့ကလည်း သမ္မတပူတင်က ထိုတိုက်ခိုက်မှုမှာ အစွန်းရောက်အစ္စလာမ်တွေ ပါဝင်ပတ်သက်တယ်ဆိုတာ သိရှိထားသလို ယူကရိန်းကလည်း တစ်စိတ်တစ်ပိုင်း ပတ်သက်နေမယ်လို့ စွပ်စွဲထားပါတယ်။
အစ္စလာမ်အကြမ်းဖက်အဖွဲ့က ထိုတိုက်ခိုက်မှုကို ယင်းတို့ပြုလုပ်ပါတယ်လို့ အတိအလင်း ကြေညာထားပေမယ့် ပူတင်ကတော့ ယူကရိန်းကို ဆက်လက်ပြီး အပြစ်တင်နေပါတယ်။
ထိုနည်းတူ ဘော့နီကော့ဗ်ကလည်း ယူကရိန်းဟာ အရှေ့အလယ်ပိုင်းက မထုတ်ဖော်ပြထားတဲ့ နေရာမှာ အစ္စလာမ်အစွန်းရောက်တွေကို ကူညီပြင်ဆင်ပေးတယ်လို့ ဆိုလိုက်ပါတယ်။
ယူကရိန်းသမ္မတနဲ့ အရာရှိများက ထိုတိုက်ခိုက်မှုနဲ့ မသက်ဆိုင်ဘူးလို့ အကြိမ်ကြိမ်ငြင်းပယ်ထားပြီး ရုရှားစွပ်စွဲချက်တွေဟာ အလိမ်အညာတွေလို့ တုန့်ပြန်ခဲ့ပါတယ်။
မော်စကိုမှာ တိုက်ခိုက်မှုပြုလုပ်ရန် စီစဥ်နေတယ်ဆိုတဲ့ သတင်းအချက်အလက်ကို အမေရိကန်က ရုရှားကို အသိပေးခဲ့ပါတယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ အက်ဒရီယန်ဝက်ဆန်က ပြောထားပါတယ်။
လက်ရှိအချက်အလက်များအရ ထိုတိုက်ခိုက်မှုဟာ အစ္စလာမ်အကြမ်းဖက် အဖွဲ့တစ်ခုရဲ့လက်ချက် ဖြစ်တယ်လို့ ညွှန်ပြနေကြောင်း ပြင်သစ်သမ္မတ မက်ခရွန်က တနင်္လာနေ့မှာ ပြောပြပါတယ်။
ရုရှားက ဒါကိုအကြောင်းပြချက်အနေဖြင့် ယူကရိန်းဘက်ကို လှည့်သွားနိုင်တယ်လို့လည်း မက်ခရွန်က သတိပေးလိုက်ပါတယ်။
ရုရှားတရားရုံးတစ်ခုက ကာဂျစ္စတန်နိုင်ငံဖွား အယ်လီရှာကာဆီမော့ဗ်ကို ရမန်ထိန်းသိမ်းထားပြီး တရားစွဲထားတဲ့ တရားခံ ၄ ဦးရဲ့ မိသားစုဝင်တွေကို စုံစမ်းမေးမြန်းရန် တာဂျစ်ကစ္စတန်သို့ စစ်ဆေးရေးများကို စေလွှတ်လိုက်ပါတယ်။
ယခင်နေ့တွေက တရားခံ ၄ ဦး အပြစ်ဝန်ခံထားပေမယ့် တရားရုံးသို့ရောက်ရှိစဥ် ဒဏ်ရာဒဏ်ချက်များ မြင်တွေ့ရတာကြောင့် နှိပ်စက်ခံခဲ့ရတယ်ဆိုတဲ့ အထောက်အထား ရှိနေပါတယ်။
ယခုအချိန်ထိတော့ သံသယရှိ သေနတ်သမား ၄ ဦးအပါအဝင် လူ ၁၁ ဦးကို ရုရှားအာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းထားပါတယ်။
Source: WION
#World_News
Published_ 27 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 27 March 2024
လူသားဆဲလ်တွေထဲက HIV ကူးစက်မှုကို သိပ္ပံပညာရှင်များက CRISPR နည်းပညာအသုံးပြုပြီး ဖယ်ရှားနိုင်ပြီလို့ BBC က ဖော်ပြထားပါတယ်။
အဆိုပါ မျိုးဗီဇဖြတ်တောက်ပြုပြင်တဲ့ နည်းပညာဟာ ၂၀၂၀ ခုနှစ်မှာ နိုဘယ်လ်ဆု ရရှိခဲ့ပြီး ဆဲလ်တွေထဲမှာ မျိုးဗီဇကက်ကြေး သဘောမျိုး အသုံးပြုတာဖြစ်ကာ မကောင်းတော့တဲ့ အပိုင်းအစများကို ဖယ်ရှားရန် ဒီအင်န်အေတွေကို ဖြတ်တောက်ရတာ ဖြစ်ပါတယ်။
HIV ဗိုင်းရပ်စ်က လူသားရဲ့ ခုခံအားစနစ်ကို တိုက်ခိုက်တာဖြစ်ပြီး မကုသဘဲထားပါက AIDS ရောဂါဖြစ်လာနိုင်ကာ
ကုသနည်းမရှိပါဘူး။
လက်ရှိကုသဆေးတွေက ဗိုင်းရပ်စ်တိုက်ခိုက်မှု ရပ်တန့်နိုင်ပေမယ့် မရှင်းလင်းနိုင်သေးပါဘူး။
CRISPR နည်းပညာဖြင့် HIV ကူးစက်နေတဲ့ အပိုင်းအစကို ဖယ်ရှားဖို့က အကျိုးပြုနိုင်ပေမယ့် ဆဲလ်တွေထဲသို့ ထည့်သွင်းဖို့နည်းလမ်းကတော့ ခက်ခဲနေဆဲဖြစ်ပြီး နောက်ထပ်လေ့လာမှုများ လိုအပ်နေသေးတယ်လို့ နော်တင်ဂမ်တက္ကသိုလ်မှ ပရော်ဖက်ဆာ ဒေါက်တာဂျိမ်းစ်ဒစ်ဆွန်က ပြောပြသွားပါတယ်။
ဆဲလ်တွေအများကြီးထဲမှာ ရှိနေတဲ့ HIV တွေကို ဖယ်ရှားဖို့က ခက်ခဲလိမ့်မယ်လို့ ဗိုင်းရပ်စ်ကျွမ်းကျင်ပညာရှင် ဒေါက်တာ ဂျိုနသန်စတွိုင်းက ဆိုပါတယ်။
ဘေးနားက အကောင်းအတိုင်းရှိနေတဲ့ ဆဲလ်တွေအပေါ် သက်ရောက်မှုတွေကိုလည်း ထည့်သွင်းစဉ်းစားရဦးမှာဖြစ်ပြီး CRISPR နည်းပညာကို အခြေခံအသုံးပြုနိုင်ဖို့ဆိုရင် နှစ်တွေကြာဦးမှာ ဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။
#Source: India Today.
#World_Health
Published_ 27 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
လူအများမျှော်လင့်စောင့်စားနေကြတဲ့ Kung Fu Panda 4 ရုပ်ရှင်ဟာ အမေရိကားနဲ့ တရုတ်တိုမှာ ယခုလအတွင်း ထုတ်လွှင့်ပြသခဲ့ပြီး ထုတ်လုပ်သူ DreamWorks မှ ရုပ်ရှင်ဖန်တီးသူများက ကွဲပြားသော ယဥ်ကျေးမှုဓလေ့များ တင်ပြနိုင်ဖိုနဲ့ ပရိသတ်အများစုအတွက် အကောင်းဆုံးဇာတ်ကားများ ဖန်တီးနိုင်ဖိုက အရေးကြီးတယ်လို ယူဆထားကြောင်း CCTV ကို ပြောကြားလိုက်ပါတယ်။
World_Entertainment
Published_ 26 March 2024
#KungFu Panda4 #အမေရိကန်နှင့်တရုတ်တွင်ရုံတင်
#YMG_News #Yangon_Times #Yangon_Media_Group
၂၆ မတ် ၂၀၂၄
ဘာလ်တီမိုး, မတ် ၂၆ (ရိုက်တာ) အမေရိကန်ပြည်ထောင်စု ဘာလ်တီမိုးဆိပ်ကမ်းရှိ လေးလမ်းသွား တံတားတစ်စင်းကို ကွန် တိန်နာသင်္ဘောတစ်စီးက ဝင်တိုက်မိပြီးနောက် တံတားပြိုကျကာ တံတားပေါ်က ကားတွေနှင့်လူတွေ တံတားအောက် မြစ်ထဲကို ထိုးကျသွားခဲ့ပါတယ်။
ကယ်ဆယ်ရေးသမားတွေက လူနှစ်ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး အဲဒီအထဲက တစ်ဦးဟာ စိုးရိမ်ရတဲ့အခြေအနေမှာရှိနေပါတယ်။ အဲဒီ ပါတက်စ်ကိုမြစ်ထဲ အသက်ရှင်ကျန်ရစ်နိုင်မယ့်သူတွေ ဆက်လက်ရှာဖွေနေပါတယ်။ ရေထဲကျိုးကြသွားခဲ့တဲ့ အဆိုပါ ဖရန်စစ်စကော့တ်ကီး တံတားဟာ ၁.၆ မိုင်ရှည်လျားပါတယ်။
အဆိုပါ ဒါလီကုန်တင်သင်္ဘောဟာ ဆိပ်ကမ်းကထွက်ခွာခဲ့ပြီးနောက် ထိန်းကျောင်းမောင်းနှင်၍မရတော့ဘဲဖြစ်ခဲ့ကာ ယင်းကို မာရီလန်းအရာရှိများ ထံ အကြောင်းကြားခဲ့တယ်လို့ သတင်းအချို့မှာရေးသားပါတယ်။ ရေထဲသို့ ကားအစီးရေ အနည်းဆုံး (၇)စီးပြုတ်ကျသွားခဲ့ပြီး အတိအကျတော့ မသိဘူးလို့ ဘာလ်တီမိုးအရာရှိတွေကပြောပါတယ်။
ဘာလ်တီမိုးမြို့မီးသတ်ဋ္ဌာနပြောရေးဆိုခွင့်ရသူ ကေဗင် ကတ်ရိုက်က ရိုက်တာသတင်းဌာနကို ခပ်စောစောပိုင်းက ပြောကြား ရာမှာ များစွာသော ယာဉ်တွေနှင့်အတူ လူ၂၀ ဦးခန့် ရေထဲကျသွားတယ်လို့ဆိုပါတယ်။
ယခုမတော်တဆမှုဟာ ၂၀၀၇ခုနှစ်နောက်ပိုင်း အမေရိကန်ပြည်ထောင်စုမှာ အဆိုးရွာဆုံး တံတားပြိုကျမှုဖြစ်နိုင်ဖွယ်ရှိနေ ပါတယ်။ ၂၀၀၇ခုနှစ်က မီနီယာပိုလိစ်တံတားဟာ မစ်စစ္စပီမြစ်ထဲပြိုကျကာ လူ၁၃ ဦးသေဆုံးခဲ့ပါတယ်။
အဆိုပါ ဒါလီသင်္ဘောဟာ စင်္ကာပူအလံတင်ကွန်တိန်နာသင်္ဘောတစ်စီးဖြစ်ပြီး ပိုင်ရှင်မှာ ဂရေ့စ်အိုရှင်းကုမ္ပဏီဖြစ်ပါတယ်။ ဆိုင်နာဂျီမရင်းအုပ်စုက စီမံခန့်ခွဲနေပါတယ်။ သင်္ဘောဟာ တံတားရေလည်တိုင်တစ်လုံးကို တိုက်မိတာဖြစ်တယ်လို့ ဆိုင်နာဂျီ မရင်းအုပ်စုကပြောပါတယ်။
မတော်တဆမှုကြောင့် အမေရိကန်ရဲ့ ကားတင်ပို့မှုအလုပ်အများဆုံးဆိပ်ကမ်းတစ်ခုဖြစ်တဲ့ ဘာလ်တီမိုးမှာ ယာဉ်အသွားအလာ တွေ ရပ်ဆိုင်းထားလိုက်ပါတယ်။
@ymg/knl
#Daily_News
Published_ 26 March 2024
၁။ အခုရက်ပိုင်းတွင် ရန်ကုန်၊ မန္တလေးနှင့်ဒေသ(၉)ခု၌ နေ့အပူချိန်တိုးမည်
၂။ တပေါင်းလပြည့်နေ့တွင် ရွှေတိဂုံစေတီတော်၌ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်အောင်ပွဲကျင်းခဲ့
၃။ တနင်္သာရီဒေသ၌ ဖရဲစိုက်ဧကများလျော့ချစိုက်ပျိုးလာ
၄။ KungFu Panda4 ရုပ်ရှင်ကား အမေရိကန်နှင့် တရုတ်တွင် ရုံတင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#World_News
Published 26 March 2024
အစ္စရေးလ်နဲ့ ပါလက်စ်တိုင်း စစ်သွေးကြွ ဟားမတ်စ်တို့ကြား ချက်ချင်းအပစ်အခတ် ရပ်စဲရေးကို တောင်းဆိုထားတဲ့ ဖြေရှင်းဆုံးဖြတ်ချက်တစ်ခုကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက တနင်္လာနေ့မှာ အတည်ပြုလိုက်ပြီး အမေရိကန်ကတော့ ကြားနေမဲသာ ပေးခဲ့ကာ ယင်းရဲ့မဟာမိတ် အစ္စရေးလ်နဲ့ ကတောက်ကဆ ဖြစ်ခဲ့ရပါတယ်။
ကျန်တဲ့ကောင်စီအဖွဲ့ဝင် ၁၄ နိုင်ငံက ထိုဖြေရှင်းဆုံးဖြတ်ချက်ကို ထောက်ခံမဲပေးခဲ့ပြီး ဓားစာခံအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရေးလည်း တောင်းဆိုချက်ထဲမှာ ပါဝင်ပါတယ်။
ဖြေရှင်းဆုံးဖြတ်ချက်ကို မဖြစ်မနေ အသက်သွင်းရမှာဖြစ်ပြီး အသုံးမချနိုင်တာမျိုး လက်မခံနိုင်ဘူးလို့ ကုလအထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ဆိုရှယ်မီဒီယာမှာ ပြောကြားလိုက်ပါတယ်။
အမေရိကန်မှ ဗီတိုအာဏာမသုံးလိုက်ခြင်းကြောင့် ယခင်ရပ်တည်ချက်ကနေ နောက်ဆုတ်သွားတယ်ဆိုတာ ရှင်းလင်းနေပြီး အစ္စရေးလ်တို့ရဲ့ စစ်ရေးအားထုတ်မှုတွေနဲ့ ဓားစာခံလွတ်မြောက်ရေး ကြိုးပမ်းမှုများကို ထိခိုက်စေတယ်လို့ အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟူက ပြောပြပါတယ်။
ကုလသမဂ္ဂမှ မဲခွဲဆုံးဖြတ်ပြီးနောက် ဂါဇာတောင်ပိုင်းမြို့ရာဖာမှာ ပြုလုပ်မယ့် စစ်ဆင်ရေးအကြောင်း ဆွေးနွေးသွားမယ့် အမေရိကန်ခရီးစဥ်ကို အစ္စရေးလ်ဝန်ကြီးချုပ်က ပယ်ဖျက်လိုက်ပါတယ်။
ဂါဇာစစ်ပွဲ ၆ လနီးပါးကြာမြင့်လာချိန်မှာ အမေရိကန်က ဗီတိုအာဏာဖြင့် အစ္စရေးလ်လက်စားချေနိုင်ဖို့ကို ကာကွယ်ပေးနေခဲ့ပါတယ်။
ဒါပေမဲ့ ပါလက်စ်တိုင်းဘက်မှ လူပေါင်း ၃၂၀၀၀ ကျော်သေဆုံးထားကြောင်း ပါလက်စ်တိုင်း ကျန်းမာရေးဝန်ကြီးဌာနမှ တိုင်ကြားလာကာ စစ်ပွဲပြေငြိမ်းရန် နိုင်ငံတကာမှ ဖိအားပေးလာပြီးနောက် အမေရိကန်က ကြားနေမဲပေးခဲ့ကာ လုံခြုံရေးကောင်စီရဲ့ ချက်ချင်းအပစ်အခတ် ရပ်စဲရေးတောင်းဆိုချက်ကို ခွင့်ပြုခဲ့ရပါတယ်။
ဟားမတ်စ်တို့က ကုလဆုံးဖြတ်ချက်ကို လက်ခံကြိုဆိုလိုက်ပြီး နှစ်ဖက်စလုံးမှ အကျဥ်းသားလဲလှယ်ရေး အသင့်ပြင်ဆင်ထားကြောင်း ဖော်ပြသွားပါတယ်။
အမေရိကန်အနေနဲ့ ဆုံးဖြတ်ချက်ထဲက အချို့အရာများကို ထောက်ခံပေမယ့် အရာအားလုံးကို သဘောတူတာတော့ မဟုတ်ကြောင်း၊ ဓားစာခံအရင်လွှတ်ပေးပြီး အပစ်အခတ်ရပ်စဲရေး စတင်နိုင်ကြောင်း၊ ဒီလိုလုပ်ဖို့ ဟားမတ်စ်တို့ကို ဖိအားပေးသင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် လင်ဒါသောမတ်စ်ဂရင်းဖီးလ်က ပြောပါတယ်။
ရာဖာမှာရှိနေတဲ့ စစ်ဘေးရှောင် ပါလက်စ်တိုင်းတွေကတော့ အပစ်အခတ်ရပ်စဲရေး ချက်ချင်းအသက်သွင်းပေးဖို့ မျှော်လင့်နေကြပါတယ်။
#World_News #ကုလသမဂ္ဂလုံခြုံရေးကောင်စီ #မဲခွဲအတည်ပြု #Source: Reuters
Page 364 of 1016