#Daily_News
Published_ 18 July 2023
၁။ မိုးရာသီဖြစ်သော်လည်း ရွှေတိဂုံစေတီတော်သို့တစ်ပတ်ကို နိုင်ငံခြားသားခရီးသွား(၇၀၀)ခန့်ဝင်ရောက်နေ
၂။ ယခုလအတွင်း EVကား(၁၃၂)စီး ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိပြီဖြစ်
၃။ ၂၀၂၃ အာဆီယံ အမျိုးသမီး ယူ-၁၉ ပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သည့် မြန်မာအသင်း ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ
၄။ နာမည်ကျော်ဇာတ်လမ်းများရိုက်ကူးဖူးသည့် တရုတ်နိုင်ငံမှ ရှီအန်းရုပ်ရှင်စတူဒီယိုဟောင်း ခရီးသွားဧည့်သည်များ လာရောက်ရာနေရာဖြစ်လာ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Time #Daily_News #YMG
#World_Health
Published 18 July 2023
နေ့စဉ်စားသောက်မှုတွေထဲမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီများ ထည့်သွင်းစားသုံးခြင်းရဲ့ အရေးပါပုံကို လတ်တလောနှစ်များအတွင်း ပိုမိုအသိအမှတ် ပြုလာပါတယ်။
မနက်ခင်းမှာ ကျန်းမာသောအဆီများဖြင့် စတင်စားသုံးခြင်းဖြင့် တစ်ကိုယ်ရည်ကျန်းမာရေးနဲ့ သုခချမ်းသာအတွက် အကျိုးအမြတ်များစွာ ရရှိစေနိုင်ပါတယ်။
ခန္ဓာကိုယ် ပုံမှန်အလုပ်လုပ်နိုင်ဖို့အတွက် ကျန်းမာသောအဆီများကို မဖြစ်မနေ လိုအပ်ပါတယ်။
စွမ်းအင်ကြာရှည်ပေးစွမ်းခြင်း၊ ဦးနှောက်ထိုင်းမှိုင်းမှုကို ရှင်းပေးခြင်း၊ မှတ်ဉာဏ်သိရှိမှုစွမ်းရည် မြှင့်တင်ပေးခြင်း၊ မနက်ပိုင်းမှာ ပိုမိုလုပ်ကိုင်နိုင်စွမ်းရှိစေခြင်းတို့ ပေးစွမ်းနိုင်ပါတယ်။
မနက်ပိုင်းမှာ ဖိစီးမှုဟော်မုန်း ကော်တီဆောလ်ကို သဘာဝအတိုင်းထုတ်ပေးပါတယ်။
ကျန်းမာသောအဆီတွေကို စားသုံးခြင်းဖြင့် ထိုကော်တီဆောလ်ကို အကျိုးရှိစွာ အသုံးချပြီး ဖိစီးမှုကိုလျှော့ချပေးကာ စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးပါတယ်။
မနက်ပိုင်းမှာ ချိစ်၊ ထောပတ်၊ ကြက်ဥ၊ အုန်းနို့၊ အသားကြီးငါးကြီးစတဲ့ ပြည့်ဝဆီတွေကို စားသုံးတာအကောင်းဆုံးဖြစ်ပါတယ်။
ကာဗိုဟိုက်ဒရိတ်တွေနဲ့ မတူတာက ကျန်းမာသောအဆီတွေက သွေးတွင်းသကြားဓာတ်ကို မတက်စေနိုင်ပါဘူး။
ကျန်းမာသောအဆီတွေက အူလမ်းကြောင်းကျန်းမာရေး ထိန်းသိမ်းရာမှာ အရေးပါသလို ကိုယ်ခံအားလုပ်ဆောင်ချက်၊ အူလမ်းကြောင်း ပိုးမွှားထိန်းသိမ်းခြင်းအတွက်လည်း အရေးကြီးပါတယ်။
ကျန်းမာသောအဆီတွေဆိုတာက ထောပတ်သီး၊ အခွံမာသီး၊ ကြက်ဥအနှစ်၊ ဝက်ပေါင်ခြောက်၊ သံလွင်ဆီ၊ ထောပတ်ဆီ၊ အုန်းဆီ၊ ထောပတ်၊ အုန်းရည်တို့မှာ ပါဝင်ပါတယ်။
နေ့တစ်နေ့ကို စတင်စားသုံးတဲ့ပုံစံက တစ်နေ့တာလုံးကို အဆုံးအဖြတ်ပေးသွားတာ အံ့ဩရကြောင်း ရာရှီချောင်ဒယ်ရီက ပြောပြသွားပါတယ်။
Source: India Today #World_Health #ကျန်းမာရေးနှင့်ညီညွတ်သောအဆီများ
#Yangon_Times
#Asia_Politics
Published 18 July 2023
ဖွေထိုင်းပါတီရဲ့ ဝန်ကြီးချုပ်လောင်း ၃ ဦးထဲက တစ်ဦးဖြစ်တဲ့ 'သရက်ထာ ထာဝိုင်ဆင်' Srettha Thavisinက ပါတီကသာ ဒီရာထူးအတွက် သူ့ကိုယုံကြည်တယ်ဆိုရင် ဝန်ကြီးချုပ်ဖြစ်လာရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။
Move Forward Party (MFP)ပါတီခေါင်းဆောင် 'ပီတာလင်မ်ဂျရွန်နရတ်'အနေနဲ့ ပါလီမန်မှာ ဝန်ကြီးချုပ်လောင်းအဖြစ် ပြန်လည်ရွေးကောက်ခံရခြင်း မရှိပါက ဝန်ကြီးချုပ်လောင်းအသစ်အဖြစ် ရွေးကောက်ခံရမယ်ဆိုတဲ့ သတင်းများအပေါ် မစ္စတာဆရက်ထာက ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
"ကျွန်ုပ်တို့ဖွေထိုင်းပါတီမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ၄ လလောက်ကြာအောင် ဆွေးနွေးခဲ့ပြီးဖြစ်ကာ ကျွန်ုပ်သာ ဒီရာထူးအတွက် အသင့်ဖြစ်မနေဘူးဆိုရင် ပါတီရဲ့ ဝန်ကြီးချုပ်လောင်း ၃ ဦးထဲမှာ ထည့်သွင်းမှာမဟုတ်ပါဘူး" လို့ ပြောကြားသွားပါတယ်။
ပိုပြီးအရေးကြီးတာက ညွန့်ပေါင်းအစိုးရသစ်တစ်ရပ် ဖွဲ့စည်းရန် အရှိန်မြှင့်ဆောင်ရွက်ဖို့နဲ့ စီးပွားရေးပြဿနာဖြေရှင်းချက်များ စတင်ဖို့ဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။
စီးပွားရေးနှောင့်နှေးနေတာက လူအများအတွက် တကယ့်ပြဿနာဖြစ်နေပြီး ဒီကိစ္စကို အရေးတကြီးဖြေရှင်းဖို့က ဖွေထိုင်းပါတီရဲ့ အဓိကတာဝန်ဖြစ်ကြောင်း ဆိုပါတယ်။
အခွန်မဲ့ကုန်သွယ်မှုသဘောတူညီချက် ဆွေးနွေးမှုများနဲ့ ထိုင်းနိုင်ငံမှ အိမ်နီးချင်းနိုင်ငံများသို့ ရင်းနှီးမြှပ်နှံမှု ရွှေ့ပြောင်းမှုများဟာ အရေးတကြီးဖြေရှင်းရမယ့် ဦးစားပေးပြဿနာများ ဖြစ်ပါတယ်။
အဖွဲ့အစည်းနဲ့ လုပ်ကိုင်တတ်တဲ့လူမျိုးဖြစ်ပြီး ဖွေထိုင်းပါတီဟာလည်း ဒီမိုကရက်တစ်ဆန်ကြောင်း၊ ဘယ်လိုဆုံးဖြတ်ချက်ပဲဖြစ်ဖြစ် ပါတီဘုတ်အဖွဲ့မှ ပြုလုပ်တာကြောင့် လေးစားရမှာဖြစ်ကြောင်း ပြောကြာသွားပါတယ်။
ဖွေထိုင်းအနေနဲ့ ဘက်ပြောင်းနိုင်ချေရှိမရှိနဲ့ ပြိုင်ဘက်ပါတီများအဖွဲ့အစည်းသို့ ဝင်ရောက်နိုင်ချေရှိမရှိအကြောင်း မေးမြန်းရာမှာတော့ မစ္စတာဆရက်ထာက ဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။
မစ္စတာပီတာအနေဖြင့် ဝန်ကြီးချုပ်မဲပေးပွဲအတွက် ပြန်လည်ရွေးကောက်ခံနိုင်ခြင်းမရှိနိုင်တဲ့အခါ ဒါမှမဟုတ် ပူးတွဲအုပ်ချုပ်မှုအတွက် လုံလောက်တဲ့မဲအရေအတွက် မရရှိတဲ့အခါ ဖွေထိုင်းပါတီက လာမယ့်သီတင်းပတ်အထိ မဲပေးမှုကို ရွှေ့ဆိုင်းရန် ဦးစွာအဆိုတင်သွင်းမှာဖြစ်ကြောင်း၊ ဒီနောက် မစ္စတာသရက်ထာကို ဝန်ကြီးချုပ်စာရင်သွင်းမှာဖြစ်ကြောင်း ဖူထိုင်းပါတီ သတင်းရင်းမြစ်တစ်ခုက ပြောကြားလိုက်ပါတယ်။
အခြေခံဖွဲ့စည်းပုံ ဥပဒေပုဒ်မ ၂၇၂ ကို ပြောင်းလဲရန် အာရုံများနေမယ့်အစား ညွန့်ပေါင်းအစိုးရသစ် အောင်မြင်အောင် ဘယ်လိုဖွဲ့စည်းမလဲဆိုတာကိုပဲ MFP အနေနဲ့ အာရုံစိုက်သင့်ကြောင်း ဖွေထိုင်းပါတီ ဒုခေါင်းဆောင်'ဖမ်သမ်ဝီချာယာချိုင်'က တိုက်တွန်းလိုက်ပါတယ်။
ဝန်ကြီးချုပ်လောင်းမဲဆန္ဒပေးခြင်းနဲ့ ပတ်သက်ပြီး ဖြစ်နေတဲ့ပြဿနာတွေကြား မစ္စတာပီတာအနေနဲ့ တိုင်းပြည်ကို ဘယ်လိုဘယ်ပုံ ရှေ့ဆက်ရန် ရည်ရွယ်ထားကြောင်းကို မစ္စတာဖမ်သမ်က မျှော်လင့်နေပါတယ်။
နိုင်ငံရေးမရေရာမှုများကြောင့် ထိုင်းနိုင်ငံရဲ့ ဧည့်ခရီးသွားလုပ်ငန်းထိခိုက်မှာကို စိုးရိမ်နေကြပါတယ်။
#Asia_Politics #ဖွေထိုင်းပါတီမှဝန်ကြီးချုပ်လောင်းသရက်ထာမျှော်မှန်း
Source: Bangkok Post
#World_Health
Published 18 July 2023
သတိစိတ်ကို လေ့ကျင့်ပြုမူခြင်းဖြင့် မကောင်းတဲ့ စိတ်ခံစားမှုတွေရဲ့ သက်ရောက်မှုတွေကို လျှော့ချပေးနိုင်ကြောင်း မေလ ၂၅ ရက်နေ့က လေ့လာမှုအသစ်မှာ ဖော်ပြလိုက်ပါတယ်။
သတိစိတ်ကို ကျင့်ကြံခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုတွေရဲ့ သက်ရောက်မှုကို အတော်လေးသက်သာစေကြောင်း Frontiers ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
တရုတ်တက္ကသိုလ်မှ ပါဝင်စမ်းသပ်ခံသူ ၁၄၅ ဦးထံမှ အချက်အလက်များ ရယူခဲ့ကြပါတယ်။
ပါဝင်သူအားလုံးက ကျန်းမာသန်စွမ်းသူများဖြစ်ကာ ညာသန်များဖြစ်ကြပြီး ပုံမှန်အမြင်အာရုံရှိသလို စိတ်ရောဂါမူမမှန်ခြင်းမျိုးနဲ့ သတိစိတ်လေ့ကျင့်မှုမျိုး မရှိဖူးသူဖြစ်ပါတယ်။
သတိစိတ်ကပ်ခြင်းဆိုတာက မိမိဘယ်ရောက်နေလဲ ဘာလုပ်နေလဲဆိုတာကို အပြည့်အဝအာရုံရှိနေကာ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာတွေကြောင့် အလွန်အမင်းတုန်လှုပ်သွားခြင်း မရှိတာမျိုးဖြစ်ပါတယ်။
နွမ်းနယ်ခြင်းခံစားနေရသူတွေဟာ မကောင်းတဲ့ စိတ်ခံစားမှုတွေ ပိုမိုပြင်းထန်စေပြီး စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။
တုန့်ပြန်မှုနှေးကွေးခြင်း၊ အကဲဖြတ်နိုင်စွမ်းလျော့ကျခြင်း၊ ပြင်းထန်တဲ့ အချို့အခြေအနေတွေမှာ စိတ်ခံစားမှုထုံထိုင်းခြင်းတို့ပါ ဖြစ်ပွားနိုင်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ တုန့်ပြန်မှုတွေကို ERP ဖြင့် တိုင်းတာနိုင်ပါတယ်။
LPP ဟာလည်း စိတ်ပိုင်းဆိုင်ရာ ဆောင်ရွက်ချက်တွေကို ပြသတဲ့ ERP တစ်မျိုးဖြစ်ပါတယ်။
ပုံမှန်အားဖြင့် လှုံ့ဆော်မှုတစ်ခုပေါ်ပြီးနောက် မီလီစက္ကန့် ၃၀၀ - ၁၀၀၀ အတွင်း LPP တွေပေါ်လာပါတယ်။
LPP တွေက မကောင်းတဲ့ပုံရိပ်တွေကို တွေ့တဲ့အခါ အမြင့်ဆုံးတုန့်ပြန်ခဲ့ပါတယ်။
လူတစ်ဦးချင်းစီရဲ့ တွေးခေါ်မှုပုံစံကို ပြောင်းလဲစေပြီး ခံစားမှုကိုလျှော့ချရန် လက်ရှိအခိုက်အတန့်ရဲ့ ခံစားချက်အပေါ် အာရုံစိုက်ခြင်းဖြင့် သတိစိတ်ပြုခြင်းကနေ စိတ်ခံစားမှုတွေကို လျင်မြန်စွာ တုန့်ပြန်လုပ်ဆောင်ရန် သဘောထားကို ရှောင်ရှားနိုင်ပြီး စူးစမ်းတုန့်ပြန်မှု ဖွံ့ဖြိုးတိုးတက်စေရန် လွယ်ကူချောမွေ့စေမှာ ဖြစ်ပါတယ်။
သတိစိတ်ကပ်ခြင်းက လူတစ်ဦးချင်းစီမှာ ပစ္စုပ္ပန်အတွေ့အကြုံကို အကျိုးပြုစေပြီး စိတ်ခံစားမှုမြှင့်တင်မှုကို တိုက်ရိုက်မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။
Source: The Jerusalem Post #World_Health #သတိစိတ်လေ့ကျင့်ခြင်း
#Yangon_Times
မကြာသေးမီက ပြုလုပ်ခဲ့တဲ့ နေတိုးထိပ်သီးအစည်းအဝေးသို့ ဂျပန်ဝန်ကြီးချုပ်တက်ရောက်ခဲ့တဲ့အပေါ် ဂျပန်မှတက်ကြွလှုပ်ရှားသူများနဲ့ နိုင်ငံရေးသမားများက နားမလည်နိုင်ကြောင်း၊ ထိုလုပ်ရပ်ကို ဆန့်ကျင်ကြောင်း ဖော်ထုတ်ခဲ့ကြကာ အမေရိကန်ဦးဆောင်မှုနောက်ကို မျက်လုံးစုံမှိတ်လိုက်နေတာဟာ ခေတ်နောက်ကျတဲ့ ဗျူဟာသာဖြစ်ကြောင်း ဝေဖန်ရှုတ်ချလိုက်ကြပါတယ်။
Published 17 July 2023
#World_News #ဂျပန်နိုင်ငံရေးလှုပ်ရှားသူများ ဝေဖန်ရှုတ်ချ
#Yangon_Times
#Daily_News
Published_ 17 July 2023
၁။ ယခုတစ်ပတ်အတွင်း စားအုန်းဆီတစ်ပိဿာ ကျပ် ၄၀၀၀ ကျော်အဖြစ်သတ်မှတ်
၂။ ရွှေတိဂုံစေတီတော်တွင် ဓမ္မစကြာအခါတော်နေ့ အခမ်းအနားပြုလုပ်ပြီး ဝါဆိုရွှေကြာသင်္ကန်းကပ်လှူမည်
၃။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေအားကောင်းနေ
၄။ နေတိုးထိပ်သီးအစည်းအဝေးသို့ ဂျပန်ဝန်ကြီးချုပ်တက်ရောက်ခဲ့ခြင်းအပေါ် ဂျပန်နိုင်ငံရေးလှုပ်ရှားသူများဝေဖန်ရှုတ်ချ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Time #Daily_News #YMG
#World_News
Published 17 July 2023
အီတလီနိုင်ငံရှိ မြို့ ၁၆ မြို့မှာ ပူပြင်းတဲ့ ရာသီဥတုသတိပေးချက်ကို တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့ကာ လာမယ့်ရက်ပိုင်းအတွင်း ဥရောပတောင်ဘက်တဝှမ်းမှာ အပူချိန် စံချိန်တင်မြင့်မားနိုင်တယ်လို့ မိုးလေဝသပညာရှင်များက သတိပေးထားပါတယ်။
စပိန်၊ အီတလီ၊ ဂရိတို့မှာ ရက်ပိုင်းအတော်ကြာအောင် အပူချိန်ပြင်းထန်နေပြီး စိုက်ပျိုးမွေးမြူရေး ထိခိုက်နေကာ ခရီးသွားဧည့်သည်များ အရိပ်အာဝါသ ရှာဖွေနေထိုင်နေရပါတယ်။
ဂရိဒဏ္ဍာရီထဲက လူသေတွေကို ပို့ဆောင်တဲ့ ကူးတို့သမား'ရှာရွန်'လို့ အမည်ပေးထားတဲ့ ဆန့်ကျင်ဆိုင်ကလုန်းအသစ်ဟာ တနင်္ဂနွေနေ့က အာဖရိကမြောက်ပိုင်းကနေ တက်လာကာ အီတလီအချို့နေရာတွေမှာ အပူချိန် ၄၅ ဆဲလ်စီးယပ်စ် ကျော်လွန်သွားနိုင်ပါတယ်။
တစ်နေ့ထက်တစ်နေ့ ပိုမိုပြင်းထန်လာတဲ့ အပူမုန်တိုင်းက တစ်နိုင်ငံလုံးကို လွှမ်းခြုံသွားနိုင်တယ်လို့ အီတလီမိုးလေဝသ သတင်းအေဂျင်စီ Meteo.it က တနင်္ဂနွေနေ့မှာ သတိပေးခဲ့ပါတယ်။
ပြည်သူတွေအနေနဲ့ ရောမမြို့ရှိ နာမည်ကျော်အပျက်အစီးနေရာတွေဆီ သွားရောက်ရာမှာ ဂရုတစိုက်ရှိဖို့ အီတလီကျန်းမာရေးဝန်ကြီး 'အိုရာဇီယိုရှီလက်ချီ'က ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဖလော်ရန့်စ်မှ ပါလာမိုအထိနေရာတွေနဲ့ ပင်နီဆူလာအရှေ့တောင်ရှိ ဘာရီတို့အထိ ကျန်းမာရေးသတိပေးချက် ထုတ်ပြန်ထားကာ မြောက်ပိုင်းတွေမှာ အပူချိန်စတင် မြင့်တက်လာနိုင်ပါတယ်။
စပိန်နိုင်ငံမှာ တောမီးလောင်ကျွမ်းနိုင်တဲ့ အန္တရာယ်တွေကို မိုးလေဝသပညာရှင်တွေက သတိပေးထားပါတယ်။
တနင်္လာနေ့ကစပြီး အပူလှိုင်းမြင့်တက်လာနိုင်ကာ နိုင်ငံတောင်ပိုင်း ဆီဗီးလ်အနီး ဂွာဒယ်ကွီဗီယာတောင်ကြားမှာ အပူချိန် ၄၄ ဒီဂရီဆဲလ်စီးယပ်စ် ရောက်ရှိလာပါတယ်။
ကနေရီစ်ရှိ စပိန်လာပါလ်မာကျွန်းမှာ အပူလှိုင်းဖြတ်ပြီးနောက် တောမီးလောင်ကျွမ်းကာ အနည်းဆုံးလူ ၄ ထောင်ခန့် ထွက်ပြေးခဲ့ရကြောင်း အာဏာပိုင်များက ဆိုပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်က ဆစ်ဆလီမှာ ဥရောပအမြင့်ဆုံးစံချိန်တင်အပူချိန် ၄၈.၈ ဆဲလ်စီးယပ်စ်ဖြစ်ခဲ့ကာ လာမယ့်ရက်ပိုင်းအတွင်း ထိုစံချိန်ကို ကျော်လွန်သွားနိုင်ကြောင်း မိုးလေဝသပညာရှင်များက ဆိုပါတယ်။
အပူလှိုင်းက မက်ဒီတာရေးနီးယန်းတလျှောက်ကနေ အစ္စရေးလ်သို့ ရောက်လာကာ ဝန်ကြီးချုပ်ရေဓာတ်ခန်းခြောက်ပြီး မူးဝေခဲ့တဲ့အတွက် ဆေးရုံတင်ခဲ့ရကာ တနင်္ဂနွေနေ့က ပြန်ဆင်းလာခဲ့ပါတယ်။
နေပူထဲမှာ မနေဖို့၊ ရေများများသောက်ဖို့ ဝန်ကြီးချုပ်က မှာကြားလိုက်ပါတယ်။
Source: Reuters #World_News #ကျန်းမာရေးသတိပေးချက်ထုတ်ပြန်
#Yangon_Times
Page 360 of 827