#World_News
Published 07 March 2025

▪️ ရုရှားနဲ့ပဋိပက္ခကနေ တိမ်းရှောင်လာသူ ယူကရိန်းနိုင်ငံသား ၂၄၀,၀၀၀ ခန့်အတွက် ယာယီတရားဝင် အသိအမှတ်ပြုနေထိုင်ခွင့်ကို ပြန်လည်ရုပ်သိမ်းသွားမလားဆိုတာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် မကြာခင်ဆုံးဖြတ်သွားမယ်လို့ ကြာသပတေးနေ့က ပြောပါတယ်။

▪️ ဒါဟာ သမ္မတဂျိုးဘိုင်ဒင် အစိုးရလက်ထက်က လက်ခံကြိုဆိုခဲ့တဲ့ ယူကရိန်းတွေအတွက်တော့ အလှည့်အပြောင်းကြီးတစ်ခု ဖြစ်လာနိုင်ကာ မြန်မြန်ဆန်ဆန်ပဲ နေရပ်ပြန်ပို့ခံရမယ့်အရေး ရှိလာနိုင်ပါတယ်။

▪️ "ဘယ်သူ့ကိုမှ မထိခိုက်စေချင်ပါဘူး။ ဒါဟာ လျောက်ပတ်တယ်လို့ စဉ်းစားပေးသူအချို့ရှိသလို သဘောမတူတဲ့သူအချို့လည်း ရှိပါတယ်။ မကြာခင်မှာ ဆုံးဖြတ်ချက် ချသွားပါမယ်" လို့ ထရမ့်က ဘဲဥပုံရုံးခန်းမှာ သတင်းထောက်တွေထံ ဖြေကြားသွားပါတယ်။

▪️ ဂျိုးဘိုင်ဒင်အစိုးရလက်ထက်က ယာယီလူသားချင်းစာနာမှု လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်ဖြင့် အမေရိကန်သို့ ဝင်ရောက်ခွင့်ရထားတဲ့ ရွှေ့ပြောင်းလာသူ ၁.၈ သန်းကျော်အတွက် တရားဝင် အသိအမှတ်ပြုခွင့်ကို ထရမ့်အစိုးရက ဖယ်ရှားဖို့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတာဖြစ်ကြောင်း သတင်းရင်းမြစ် ၃ ခုက ဆိုပါတယ်။

▪️ ယူကရိန်းတွေအတွက် အသိအမှတ်ပြုခွင့်ကို ဧပြီလလောက်မှာ ရုပ်သိမ်းသွားဖွယ်ရှိတယ်လို့ ပြောလိုက်ပြီး ထရမ့်နဲ့ ယူကရိန်းသမ္မတတို့ ပြီးခဲ့တဲ့ရက်သတ္တပတ်က အချေအတင် မဖြစ်ခင်တည်းက ဒီလိုအစီအစဉ်ရှိခဲ့တာဖြစ်ပါတယ်။

▪️ ဒါ့အပြင် ကျူးဘား၊ ဟေတီ၊ နီကာရာဂွာနဲ့ ဗင်နီဇွဲလားနိုင်ငံသား ၅၃၀,၀၀၀အတွက် လွတ်ငြိမ်းချမ်းသာခွင့်ကိုလည်း ပြန်လည်ရုပ်သိမ်းသွားဖို့ စီစဉ်နေတယ်လို့ ထရမ့်အစိုးရအဖွဲ့အရာရှိနဲ့ သတင်းနီးစပ်သူတစ်ဦးက ပြောထားပါတယ်။

▪️ လွတ်ငြိမ်းခွင့် ဖယ်ရှားခံရသူတွေက အလျင်အမြန် နေရပ်ပြန်ပို့ခံရနိုင်ပါတယ်။

▪️ ယူကရိန်းအဖွဲ့အစည်း ခေါင်းဆောင်တွေက သူတို့ရဲ့နိုင်ငံသားတွေကို လူဝင်မှုအရာရှိတွေ ရောက်လာပါက အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး အသိပေးနေကာ ရေရှည်နေထိုင်ဖို့အတွက် ရွေးချယ်စရာတွေအကြောင်း မှာကြားနေတယ်လို့ ယူကရိန်းကွန်ဂရက် အမေရိကားကော်မတီ ညွှန်ကြားရေးမှူး အန်ဒရီဒိုဘရီယန်စကီက ပြောပါတယ်။