#Daily_News
Published_ 24 January 2024
၁။ ပုဂံတွင် အာနန္ဒာဘုရားပွဲလည်း ရှိနေပြီး တစ်ရက်ကို ခရီးသွားတစ်သောင်းခန့် ဝင်ရောက်နေဟုဆို
၂။ မထွန်မယက် စိုက်ပျိုးခြင်းနည်းပညာကို တောင်သူများအား သင်တန်းများပေးကာ ဖြန့်ဝေပေးသွားမည်ဟုဆို
၃။ သိုလှောင်ရုံတွင် သီးနှံကုန်အပ်ပြီး ချေးငွေယူသည့်စနစ်တွင် ပါဝင်လိုသည့် သိုလှောင်ရုံလုပ်ငန်းရှင်များကို ဖိတ်ခေါ်
၄။ ဟူသီအဖွဲ့၏ တိုက်ခိုက်မှုများကြောင့် ပင်လယ်နီတွင် ကုန်တင်သင်္ဘောများ လမ်းကြောင်းပြောင်း သွားလာနေရ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 24 January 2024
အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA)က ရုရှားထောက်လှမ်းရေး အမှုထမ်းများ ဘက်ပြောင်းချင်လာပြီး အမေရိကန်အတွက် နှစ်ဖက်ချွန်သူလျှိုအဖြစ် လုပ်ကိုင်ပေးချင်လာအောင် အယုံသွင်းဖို့ကြိုးစားတဲ့အနေနဲ့ ရုရှားဘာသာစကားပါ ဗီဒီယိုတစ်ခုကို ထုတ်လွှင့်လိုက်ပါတယ်။
ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး ရုရှားအချို့ကြားမှာ မကျေနပ်မှုတွေ ဖြစ်နေတာဟာ သူလျှိုခေါ်ယူရန်အတွက် ရှားရှားပါးပါး အခွင့်အရေးဖြစ်ပြီး ဒါကို CIA က လက်လွတ်ခံမှာမဟုတ်ကြောင်း ညွှန်ကြားရေးမှူး ဝီလီယံဘန်းစ်က ဇူလိုင်လတုန်းက ပြောကြားခဲ့ပါတယ်။
CIA ရဲ့ ဆိုရှယ်မီဒီယာ တရားဝင်ချန်နယ်တွေမှာ ဗီဒီယိုကို ပြသခဲ့တာဖြစ်ပြီး ရုရှားအထက်တန်းစား အသိုင်းအဝိုင်းများကြား အကျင့်ပျက်ခြစားပုံတွေ၊ ရုရှားလက်နက်ကိုင်တပ်တွေ မပြည့်မစုံဖြင့် ထောက်ပံ့ထားပုံတွေကြောင့် စိတ်ပျက်နေရတဲ့ ရုရှားမျိုးချစ်ထောက်လှမ်းရေးတွေကို ရည်ရွယ်ပြသတဲ့သဘော ဖြစ်ပါတယ်။
ဗီဒီယိုထဲက အဓိကဇာတ်ကောင်က အသက် ၃၅ နှစ်အရွယ် ရုရှားစစ်တပ်ထောက်လှမ်းရေး အမှုထမ်းတစ်ဦးဖြစ်ပြီး ရုရှားမျိုးချစ်တစ်ယောက်အဖြစ် သူ့ကိုယ်သူ ခံယူထားကာ လေထီးတပ်သားအဖြစ် အမှုထမ်းခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
ဗီဒီယိုထဲမှာ နိုင်ငံ့ထိပ်သီးခေါင်းဆောင်က နန်းတော်ကြီးတွေ ဇိမ်ခံလှေတွေရရှိဖို့ တိုင်းပြည်ကိုရောင်းစားသွားကြောင်း၊ ထိုအချိန်မှာ စစ်သားတွေက ပုပ်သိုးနေတဲ့ အာလူးတွေ စားသုံးနေရပြီး ခေတ်ဟောင်းက လက်နက်တွေ အသုံးပြုနေရကြောင်း၊ ပြည်သူတွေက အလုပ်ရဖို့ လာဘ်ထိုးနေရကြောင်း ဇာတ်ဆောင်က ပြောကြားထားပြီး ဗီဒီယိုထဲမှာ အရာရှိပိုင်းတွေက ကားအကောင်းစားများ စီးနင်းကာ ခွက်ချင်းတိုက်နေကြပုံတွေ ပြသထားပါတယ်။
သူ့ရဲ့မျိုးချစ်စိတ်ကြောင့်ပဲ CIA နဲ့ လက်တွဲလုပ်ကိုင်ဖို့ ဖြစ်လာပြီး ဗီဒီယိုအဆုံးသတ်ပိုင်းမှာ မိုဘိုင်းဖုန်းဖြင့် CIA ကို ဆက်သွယ်နေပုံကို ဖော်ပြထားပါတယ်။
ရုရှားဘက်ကတော့ ယင်းတို့တပ်မတော်ဟာ ယူကရိန်းမှာ အထူးစစ်ဆင်ရေး အောင်နိုင်ဖို့ လိုအပ်တဲ့ စစ်ရေးကိရိယာတွေ ပြည့်စုံအောင် ထားရှိကြောင်း တုန့်ပြန်လိုက်ပါတယ်။
အကျင့်ပျက်ခြစားတယ်ဆိုတဲ့ စွပ်စွဲချက်တွေက မှားယွင်းတယ်ဆိုပြီး ငြင်းဆန်လိုက်ကာ CIA ရဲ့ဗီဒီယိုကို လျစ်လျူရှုထားပါတယ်။
ဒီလိုအယုံသွင်းတာမျိုးက ဖြစ်လေ့ဖြစ်ထရှိပြီး ကမ္ဘာတဝှမ်းက ထောက်လှမ်းရေးတွေက ဆိုရှယ်မီဒီယာတွေ အသုံးပြုကာ အမှုထမ်းတွေ ခေါ်ယူနေကြကြောင်း၊ CIA ကလည်း ဒီလိုမျိုး အမြဲပြုလုပ်လေ့ရှိကြောင်း ရုရှားအစိုးရမှ ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စ်ကော့ဗ်က အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။
CIA က ဒီဗီဒီယိုကို ဖေ့စ်ဘွတ်ခ်၊ X နဲ့ တယ်လီဂရမ်တို့မှာ ဖြန့်ခဲ့ပါတယ်။
ဖေ့စ်ဘွတ်ခ်နဲ့ X တို့က ရုရှားမှာ ပိတ်ပင်ထားတာဖြစ်ပြီး CIA အနေနဲ့ သက်သက်မဲ့ အချိန်ကုန်နေတယ်လို့ ပက်စ်ကော့ဗ်က ဆိုလိုက်ပါတယ်။
Source: Reuters
#World_News
#Published_ 24 January 2024
#YMG #Yangon_Times #Yangon_Media_Group
Published 24 January 2024
အဆိပ်ပြင်းပင့်ကူထံမှ အဆိပ်က အသက်သေစေနိုင်သလို အသက်တွေကိုလည်း ကယ်တင်နိုင်ပါတယ်။
ဩစတြေးလျ ကွင်းစ်လန်းတက္ကသိုလ်အဖွဲ့မှ စူးစမ်းလေ့လာနေတဲ့ ပင့်ကူအဆိပ်မော်လီကျူးဟာ နှလုံးဖောက်ခြင်းနဲ့ လေဖြတ်ခြင်းတို့ကို ကုသဖို့အတွက် အရည်အသွေးတွေနဲ့ ကိုက်ညီနေပါတယ်။
Hi1aဆေးက နှလုံးဖောက်ခြင်းနဲ့ လေဖြတ်ခြင်းတို့ကြောင့်ဖြစ်တဲ့ ထိခိုက်မှုမှ ဆဲလ်များကို ကာကွယ်ပေးကြောင်း ပရော်ဖက်ဆာ နေသန်ပဲလ်ပန့်နဲ့ ဂလင်းကင်းတို့က ပြသထားပါတယ်။
တကယ့်လက်တွေ့ ကုသမှုပုံစံလိုမျိုး စမ်းသပ်ချက်များဖြင့် ဆေးကိုနောက်ထပ်လေ့လာခဲ့ကြပါတယ်။
Hi1a အလုပ်လုပ်ပုံ၊ ဘယ်လို နှလုံးဖောက်ခြင်းအဆင့်နဲ့ ပမာဏဘယ်လောက် အသုံးပြုသင့်လဲဆိုတာတွေကို နားလည်စေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
Hi1a က စမ်းသပ်မှုအဆင့် ၃ အထိရောက်တဲ့ တစ်ခုတည်းသော နှလုံးကာကွယ်ရေးဆေးဖြစ်ပြီး ထိခိုက်သွားတဲ့ဆဲလ်တွေကို ကုသပေးပြီး ကျန်တဲ့နေရာတွေကို မထိတာကြောင့် ဘေးထွက်ဆိုးကျိုး နည်းစေတယ်လို့ ရှင်းပြပါတယ်။
ဒါ့အပြင် နှလုံးဖောက်ခြင်းနဲ့ လေဖြတ်ခြင်းတို့ဖြစ်စဥ်မှာ ဆဲလ်သေဆုံးခြင်းမှ ကာကွယ်ပေးပြီး နှလုံးနဲ့ဦးနှောက်တို့ ထိခိုက်ခြင်းကို လျှော့ချပေးပါတယ်။
စမ်းသပ်ချက်နဲ့ ဘေးကင်းစိတ်ချရေး လေ့လာချက်များအရ Hi1a ဟာ ထိရောက်ဘေးကင်းတဲ့ ကုသနည်းဖြစ်တယ်လို့ အထောက်အထား တွေ့ရှိထားပါတယ်။
ကမ္ဘာတဝှမ်းမှာ နှလုံးဖောက်ခြင်းနဲ့ လေဖြတ်ခြင်းတို့ကြောင့် အသက်ဆုံးရှုံးမှုများနေပြီး ထိခိုက်မှုကို ကာကွယ်ပေးနိုင်တဲ့ဆေး မရှိသေးဘဲ အခုလိုထိရောက်မှုရှိတဲ့ဆေးက နှလုံးရောဂါရှိသူတွေရဲ့ အသက်ပေါင်းများစွာကို ကယ်တင်နိုင်ဖွယ်ရှိနေတယ်လို့ Infensa Bioscience မှ စီအီးအိုပရော်ဖက်ဆာ မာ့ခ်စမစ်က ပြောကြားသွားပါတယ်။
Source: The Jerusalem Post.
#World_Health
#Published_ 24 January 2024
#YMG #Yangon_Times #Yangon_Media_Group
Published 24 January 2024
အချို့သော အစားအစာတွေဟာ ဟော်မုန်းမညီမျှခြင်း၊ အာဟာရချို့တဲ့ခြင်း၊ ရောင်ရမ်းခြင်းတို့ကို ထိခိုက်စေတာကြောင့် ဆံပင်ကျွတ်ခြင်းကို မြင့်မားစေနိုင်ပါတယ်။
ဒါတွေက အင်ဆူလင်ပမာဏကို မြင့်တက်စေကာ ရောင်ရမ်းခြင်းဖြစ်လာပြီး ဆံပင်ကျွတ်စေတာ ဖြစ်ပါတယ်။
(၁) သကြား
သကြားအများအပြား စားသုံးပါက ခန္ဓာကိုယ်ထဲမှာ ရောင်ရမ်းခြင်းဖြစ်စေပြီး ဆံပင်ဖွံ့ဖြိုးမှုစက်ဝန်းကို နှောင့်ယှက်စေပါတယ်။
(၂) ဆီကြော်မုန့်များ
ဆီနဲ့ကြော်တဲ့ အစားအစာတွေမှာ ကျန်းမာရေးနဲ့မညီတဲ့ အဆီများ မြင့်မားစွာပါဝင်တာကြောင့် ရောင်ရမ်းခြင်းကို ဖြစ်စေကာ ဆံပင်ကျွတ်စေပါတယ်။
(၃) အသင့်စားမုန့်များ
ကျန်းမာရေးနဲ့မညီတဲ့ အဆီများ၊ သကြားများ၊ အာဟာရဓာတ် နည်းပါးခြင်းတို့ကြောင့် ဆံပင်ကျွတ်ခြင်းကို ဖြစ်စေပါတယ်။
(၄) ဆိုဒါနှင့်အချိုရည်များ
ထိုကဲ့သို့သောက်စရာတွေမှာ ပါဝင်တဲ့ သကြားနဲ့ စွဲလမ်းစေတဲ့အရာများက ရောင်ရမ်းစေပြီး ဆံပင်မွေးညင်းပေါက်တွေကို ထိခိုက်စေပါတယ်။
(၅) သကြားအစားထိုး အချိုဓာတ်ပါသောအမှုန့်များ
ဒီလိုအမှုန့်တွေက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဥ်ကို နှောင့်ယှက်ပြီး ဆံပင်ကျွတ်ခြင်း ဖြစ်စေပါတယ်။
(၆) အဆင့်ဆင့်ထုတ်လုပ်ထားသော အသားများ
ဟော့ဒေါ့၊ ဝက်အူချောင်း၊ ဝက်ပေါင်ခြောက်တို့မှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီများနဲ့ ဆံပင်ကျန်းမာရေးကို ထိခိုက်စေတဲ့ စွဲလမ်းစေတဲ့အရာများ ပါဝင်ပါတယ်။
(၇) မာကျူရီမြင့်မားသောငါး
မာကျူရီမြင့်မားစွာပါဝင်တဲ့ ငါးတွေက ဆံပင်မွေးညင်းပေါက်များကို ထိခိုက်စေပြီး ဆံပင်ကျွတ်စေပါတယ်။
(၈) သန့်စင်ထားသောကောက်ပဲများ
ပေါင်မုန့်ဖြူ၊ ပါစတာတို့ဟာ သွေးတွင်းသကြားဓာတ် များစေပြီး ရောင်ရမ်းခြင်းဖြစ်စေပါတယ်။
(၉) အယ်လ်ကိုဟော
အရက်အလွန်အကျွံ သောက်သုံးပါက ဟော်မုန်းမညီမျှခြင်း၊ အာဟာရချို့တဲ့ခြင်းတို့ဖြစ်စေကာ ဆံပင်ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗိုက်တာမင်နဲ့ သတ္တုဓာတ်တွေ စုပ်ယူမှုကို ထိခိုက်စေပါတယ်။
(၁၀) ကဖင်းဓာတ်များလွန်းခြင်း
ကော်ဖီအလွန်အကြူးသောက်ခြင်းဖြင့် ရေဓာတ်ခန်းခြောက်စေကာ ဆံကေသာကျန်းမာရေးကို ထိခိုက်စေပါတယ်။
Source: DoctorNDTV.
#World_Health
#Published_ 24 January 2024
#YMG #Yangon_Times #Yangon_Media_Group
ရာနဲ့ချီတဲ့ ကွန်တိန်နာသင်္ဘောတွေဟာ ပင်လယ်နီမှ ယီမင် ဟူသီအဖွဲတွေရဲ့ တိုက်ခိုက်မှုတွေကို ရှောင်ရှားဖိုအတွက် အာဖရိကတောင်ပိုင်း ကိပ်အော့ဖ်ဂွတ်ဟုပ်နားတဝိုက်ကနေ လမ်းကြောင်းပြောင်းသွားလာနေရတာကြောင့် အာရှ-ဥရောပ ကုန်တင်ပိုဆောင်ရေးစရိတ်တွေ မြင့်တက်နေပါတယ်။
#World_News
#Published_ 23 January 2024
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 23 January 2024
၁။ လုပ်ကိုင်ခွင့် လက်မှတ်ပုံစံ ၃ ရရှိပြီး လယ်သမားများက စမ်းကြီးဝကွင်းလယ်ယာမြေခြံခတ်သည့်ကိစ္စ ကူညီဖြေရှင်းစေလိုနေကြဟုဆို
၂။ ပြည်ပ၀ယ်လိုအားကြောင့် ပဲစဉ်းငုံဈေး စံချိန်တင်ပေါက်ဈေးသို့ ဈေးမြင့်တတ်လာဟုဆို
၃။ လကုန်ပိုင်းတွင် အခုအေးနေသည့် ရန်ကုန်အပါအဝင် တောင်ပိုင်းဒေသများ အအေးပြန်ပေါ့ကာ မိုးရွာမည်
၄။ ဟူသီအကြမ်းဖက်တိုက်ခိုက်မှုမှ ရှောင်ရှားရန် အာဖရိကတောင်ပိုင်းကနေလှည့်ပတ်သွားလာရသည့်အတွက် အာရှ-ဥရောပ သင်္ဘောကုန်တင်ပို့ဆောင်ရေးစရိတ်များ အဆမတန်မြင့်တက် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 23 January 2024
ဗင်နီဇွဲလားသမ္မတ နီကိုလတ်စ်မက်ဒူရိုကို လုပ်ကြံသတ်ဖြတ်ရန် အမေရိကန် ကျောထောက်နောက်ခံပြု ပူးပေါင်းကြံစည်မှုမှာ အရပ်သားများနဲ့ စစ်သား ၃၂ ဦး ပါဝင်တယ်လို့ စွပ်စွဲထားတဲ့ကိစ္စကို လပေါင်းများစွာတိုင်အောင် စုံစမ်းစစ်ဆေးပြီးနောက် ဗင်နီဇွဲလားအာဏာပိုင်များက ယင်းတို့ကို ဖမ်းဆီးလိုက်ကြောင်း အစိုးရရှေ့နေရုံးက တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။
တရားခံအားလုံးက ကြံစည်မှုအစီအစဥ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ထုတ်ဖော်ဝန်ခံခဲ့ကြောင်း ရှေ့နေချုပ် တာရက်ခ်ဝီလျံဆက်ဘ်က ကရာကက်စ်မှာ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။
ယင်းတို့ကို နိုင်ငံတော်သစ္စာဖောက်မှုဖြင့် တရားစွပ်စွဲလိုက်ပြီး ပြစ်မှုများအတွက် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း ပြောပြခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီး ဗလာဒီမာပက်ဒရီနိုကိုလည်း ပစ်မှတ်ထားကြံစည်မှုမှာ ပါဝင်ခဲ့တဲ့ အခွင့်အရေးလှုပ်ရှားသူများ၊ ဂျာနယ်လစ်များ၊ နယ်နှင်ဒဏ်ပေးထားတဲ့ စစ်သားများအပါအဝင် အခြား ၁၁ ဦးကို ဖမ်းဝရမ်းထုတ်ထားတယ်လို့ ဆိုပါတယ်။
ပူးပေါင်းကြံစည်မှု အသေးစိတ်အကြောင်းအရာများကို မနှစ်က စတင်စုံစမ်းခဲ့တာဖြစ်ပြီး မက်ဒူရိုနဲ့ အမေရိကန်တို့ကြား အကျဥ်းသားလဲလှယ်ရေး ပြောဆိုဆွေးနွေးမှုများနဲ့ တိုက်ဆိုင်နေတာကြောင့် လျှို့ဝှက်ထားခဲ့တာ ဖြစ်ပါတယ်။
မက်ဒူရိုက လုပ်ကြံမှုကြီးကို လက်ယာစွန်းရောက်လွန်းတယ်လို့ အပြစ်တင်လိုက်ကာ ယင်းအစိုးရက အမေရိကန်ဗဟိုထောက်လှမ်းရေး အေဂျင်စီ(CIA)နဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး (DEA)တို့ရဲ့ ထောက်ပံ့မှုရနေတဲ့ အတိုက်အခံအဖွဲ့ကို ရည်ညွှန်းလေ့ရှိပါတယ်။
လုပ်ကြံမှုထဲမှာ အတိုက်အခံခေါင်းဆောင် မာရီယာကော်ရီနာမာခါဒို ဆက်စပ်ပါဝင်နေတယ်လို့ ယူဆရတဲ့ ဗီဒီယိုကို အာဏာပိုင်များက ထုတ်လွှင့်ခဲ့ပြီး အမည်မဖော်ဘဲ နောက်ထပ်ဖမ်းဆီးမှုများ ပြုလုပ်သွားဦးမယ်လို့ ဆက်ဘ်က အခိုင်အမာဆိုလိုက်ပါတယ်။
မက်ဒူရိုဟာ ၂၀၁၈ ခုနှစ်မှာ ဒုတိယအကြိမ် သမ္မတအဖြစ် ဆက်လက်ရွေးချယ်ခံရပေမယ့် နိုင်ငံအချို့က အသိအမှတ်မပြုသလို ဒဏ်ခတ်ပိတ်ဆို့မှုများနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
၂၀၂၄ ခုနှစ်မှာ စောင့်ကြည့်မှုများဖြင့် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲကျင်းပရန် သဘောတူညီခဲ့ပြီးနောက် ဒဏ်ခတ်ပိတ်ဆို့မှုများ ပြေလျော့ခဲ့ပါတယ်။
မာခါဒိုကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ အကြိုမဲပေးမှုမှာ ထောက်ခံမှုအများအပြား ရခဲ့ပေမယ့် ရွေးကောက်ပွဲဝင်ဖို့ တားမြစ်ခံထားရဆဲ ဖြစ်ပါတယ်။
သူမဟာ အကျင့်ပျက်ခြစားမှုလို့ စွပ်စွဲခံထားရတဲ့ ကိစ္စနဲ့ ကရာကက်စ်ကို ဒဏ်ခတ်ပိတ်ဆို့မှုအပေါ် ထောက်ခံတဲ့ကိစ္စတို့ကြောင့် အာဏာပိုင်များက ရွေးကောက်ပွဲယှဥ်ပြိုင်ရန် အရည်အချင်းမမီဘူးလို့ ဆိုပါတယ်။
ဗင်နီဇွဲလားမှာ သဘောထားကွဲလွဲသူများကို နှိပ်စက်ညှင်းပန်းခြင်း၊ ဂျာနယ်လစ်များ လူ့အခွင့်အရေး ကာကွယ်သူများ နိုင်ငံရေးလှုပ်ရှားသူများကို ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းတို့နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီက စိုးရိမ်ပူပန်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
Source: France24
#World_Politics
#Published_ 23 January 2024
#YMG #Yangon_Times #Yangon_Media_Group
Page 217 of 825