#WorldScience
Published 11 June 2022
အင်္ဂလန်နိုင်ငံဝိုက်ကျွန်းက ကျောက်ဆောင်ပင်လယ်ကမ်းစပ်မှာ အသားစားဒိုင်နိုဆောတစ်ကောင်ရဲ့ကျောက်ဖြစ်ရုပ်ကြွင်းများကိုတွေ့ရှိခဲ့ရာ ဥရောပကသိရှိခဲ့ဖူးသမျှ သတ္တဝါတွေအားလုံးထက် ပိုကြီးမားနိုင်တယ်လို့ ယူဆရပါတယ်။
ဒီသားရဲ ဒိုင်နိုဆောကြီးဟာ မှတ်တမ်းတင်ခဲ့ဖူးတဲ့ အကြီးမားဆုံးအသားစားဒိုင်နိုဆော မျိုးစိတ်တွေရဲ့ မျိုးနွယ်ဆက်စပ်နေပါတယ်။
ဦးခေါင်းခွံနဲ့ သွားတွေမပါဘဲ ကျောရိုး၊ တင်ပါးရိုး၊ အမြီးရိုးတို့ပါဝင်တဲ့ ဒိုင်နိုဆောအရိုးငြမ်းအစိတ်အပိုင်းများကို တွေ့ရှိခဲ့ရာ လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၁၂၅ သန်းလောက်က နေထိုင်ခဲ့ကြတာဖြစ်ကြောင်း ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်များက ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။
တွေ့ရှိထားတဲ့အပိုင်းအစများ အတိုင်းခန့်မှန်းတွက်ချက်ကြည့်ရာ ဒိုင်နိုဆောက ၃၃ ပေထက်ပိုရှည် နေနိုင်ပါတယ်။
"ဒီအစိတ်အပိုင်းတွေအရ အရွယ်အစားကအံ့အားသင့်စရာပါပဲ၊ ဥရောပမှာကျင်လည်ခဲ့ဖူးတဲ့ အကြီးဆုံး ကုန်းနေသားရဲကြီးဖြစ်နိုင်ပါတယ်" လို့ ဆောက်သမ်တန်တက္ကသိုလ် ကျောက်ဖြစ်ရုပ်ကြွင်းဗေဒ ပါရဂူဘွဲရ'ခရစ္စဘာ့ကာ'က ဆိုပါတယ်။
အမြီးရိုးထိပ်ပိုင်းက မြောင်းပေါက်ငယ်တလျှောက်ပေါ်မူတည်ပြီးတော့ လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၉၅ သန်းလောက်ကနေထိုင်တဲ့ စပိုင်နိုဆောရပ်စ်မျိုးနွယ်ဝင်ဖြစ်ပြီး ပေ ၅၀ အထိရှည်လျားနိုင်ပါတယ်။
စပိုင်နိုဆောတွေက မိချောင်းခေါင်းလိုမျိုး ရှည်လျားတဲ့ဦးခေါင်းခွံနဲ့ ကတော့ပုံစံသွားချွန်များပါရှိကာ သားကောင်များ ချော်ထွက်မသွားအောင် ဖမ်းကိုက်ထားနိုင်ပြီး သန်မာတဲ့လက်များနဲ့ လက်သည်းများပါရှိကာ ရေနေသတ္တဝါများအပြင် အခြားဒိုင်နိုဆောတွေကိုပါ စားသောက်လေ့ရှိပါတယ်။
တွေ့ရှိထားတဲ့ရုပ်ကြွင်းတွေက မပြည့်စုံတာကြောင့် သုတေသီတွေက ဒီဒိုင်နိုဆောကို သိပ္ပံနာမည်ပေးလိုမရသေးဘဲ အရိုးတွေတွေ့ရှိခဲ့တဲ့ မြေအလွှာပေါ်မူတည်ပြီး ကျောက်ဖြူစပိုင်နိုဆောရစ်လို့ ခေါ်ကြပါတယ်။
ဥရောပမှာတွေ့ရှိဖူးတဲ့ အကြီးဆုံးအမျိုးအစားကတော့ ၃၃ ပေရှည်လျားတဲ့ တော်ဗိုဆောရပ်စ်ဖြစ်ပါတယ်။
"ဒီတစ်ကောင်က အတော်ကိုကြီးတာပါ၊ နောက်ထပ်ရုပ်ကြွင်းတွေထွက်ပေါ်လာဖို့မျှော်လင့်ပါတယ်၊ ဦးခေါင်းခွံတို့ သွားတို့ဆိုရင်တော့ အကြိုက်ဆုံးပဲ"လို့ ဆောက်သမ်တန်တက္ကသိုလ်မှ ရုပ်ကြွင်းဇီဝပညာရှင်'နေးလ်ဂေါ့စ်လင်း'က ပြောပြသွားပါတယ်။
ဒီရုပ်ကြွင်းများကို ဝိုက်ကျွန်းအနောက်တောင်ဘက်ကမ်းရိုးတန်းရှိ ကမ့်တန်ပင်လယ်အော်တလျှောက်မျက်နှာပြင်မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။
အပင်စားဒိုင်နိုဆောအမျိုးမျိုးနဲ့ ပျံသန်းနိုင်တဲ့တွားသွားသတ္တဝါများနေထိုင်ရာ ရေကန်ပတ်ဝန်းကျင်မှာ အဆိုပါအသားစားဒိုင်နိုဆော နေထိုင်ခဲ့တာဖြစ်ပါတယ်။
ထိုအချိန်တုန်းက ပင်လယ်ရေမျက်နှာပြင်က အခုအချိန်ထက် များစွာမြင့်တက်နေပြီး ဥရောပနေရာအတော်များများက ရေအောက်မြုပ်နေခဲ့ပါတယ်။
ဝိုက်ကျွန်းဟာ ဒိုင်နိုဆောရုပ်ကြွင်းအများအပြားတွေ့ရှိရာနေရာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကလည်း ပေ ၃၀ ရှည်လျားတဲ့ စပိုင်နိုဆော ၂ ကောင်ရဲ့ရုပ်ကြွင်းတွေတွေ့ရှိခဲ့ပါတယ်။
Source: Reuters
#Yangon_Media_Group
#WorldHealth
Published 10 June 2022
ပါကစ္စတန်နဲ့အိန္ဒိယတိုဟာ စစ်ပွဲကြီး ၃ ကြိမ်နဲ့ တိုက်ပွဲငယ်ပေါင်းများစွာ ဆင်နွှဲလာကြပေမယ့် ရာသီဥတုပြောင်းလဲဖောက်ပြန်လာခြင်းနဲ့အတူ နွေရာသီပူပြင်းလာတဲ့အချိန်မှာ လျှို့ဝှက်နည်းနဲ့ဖော်စပ်ထားတဲ့ နှစ်ပေါင်း ၁၁၅ နှစ်သက်တမ်းရှိ ပန်းရောင်အချိုရည်ကြောင့် နှစ်နိုင်ငံကပြည်သူတွေပေါင်းစပ်နိုင်ကြပါပြီ။
#Yangon_Media_Group
Published 10 June 2022
တရုတ်နိုင်ငံတောင်ပိုင်း ကွမ်းရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာရှိတဲ့ ရွာတော်တော်များများမှာ မြေပြိုမှုကြောင့် လူ(၇)ဦး သေဆုံးပြီး တစ်ဦးပျောက်ဆုံးနေပါတယ်။
အဆက်မပြတ် သည်းထန်စွာရွာခဲ့တဲ့မိုးကြောင့် ပေးလျိုးမြို့ကြီး၊ရှီးဖင်းမြို့က ရွာတော်တာ်များများကို မြေပြိုခြင်း၊ရွှံ့နွံတွေစီးဆင်းခြင်းနှင့် လမ်းတွေပြိုကျပျက်စီးခြင်းတွေ ဖြစ်စေခဲ့ပါတယ်။ သစ်ပင်တွေကို အမြစ်ကနေနှုတ်ပြီး အိမ်တွေပေါ်လဲကျတဲ့အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ကိုင်ဖို့ ခက်ခဲစေခဲ့ပါတယ်။
ပျောက်ဆုံးနေတဲ့သူကိုရှာဖွေဖို့နှင့် အပျက်အစီးတွေရှင်းလင်းဖို့အတွက် ဒေသမီးသတ်သမားတွေနှင့် အရေးပေါ်ဌာနဝန်ထမ်းတွေဟာ အစွမ်းကုန်ကြိုးစားနေကြပါတယ်။
သဘာဝဘေးကြောင့် လျှပ်စစ်ကြိုးတွေပါပျက်စီးသွားတဲ့အတွက် ရွာပေါင်း(၆)ရွာက အိမ်ထောင်စုပေါင်း ၆၅၀၀ လျှပ်စစ်မီးပြတ်တောက်သွားခဲ့ပါတယ်။
ပေးလျှိုးမြို့လျှပ်စစ်ဌာနက မီးပြန်ရဖို့ အရေးပေါ်ကြိုးစားဆောင်ရွက်ခဲ့ရာမှာ အိမ်ထောင်စု ၂၀၀၀ခန့်မီးပြန်ရပေမယ့် ပျက်စီးနေတဲ့လမ်းအချို့ကို သွားလို့မရဖြစ်နေတုန်းပဲလို့သိရပါတယ်။
Source CMG
Published 10 June 2022
ပေါ့စတား ဘရစ်တနေစပီးယားဟာ သူမနှင့်စေ့စပ်ထားတဲ့ ဆမ်အက်ဂါရီနှင့် ဇွန်လ၁၀ရက် ကြာသပတေးနေ့ညက ကာလီဖိုနီးယားက သောင်ဇင်အုတ်မြို့က သူမရဲ့အိမ်နောက်ဖေးကွက်လပ်မှာ လက်ထပ်လိုက်ကြပါတယ်။
စပီးယားက သူတို့ရဲ့ မင်္ဂလာပွဲကို မက်ဒွန်ား၊ပါရစ်ဟီလ်တန်၊ဒရူးဘာရီမိုးနှင့် သူမရဲ့ မင်္ဂလာဝတ်စုံကို ဒီဇိုင်းထုတ်ပေးတဲ့ ဒွန်နက်တီလာဗာဆက်တို့ကို ဖိတ်ကြားခဲ့ပါတယ်။
အဲဒီအပြင် သူမရ့ရှေ့နေ မက်သျူးရိုဆင်ဂတ်နှင့် “Piece of Me” အမ်တီဗွီမှာ အတူကခုန်ပေးတဲ့ လားဗီးဂါးစ်က ကချေသည် တွေလည်းတက်ရောက်ပါတယ်။
ဒါပေမယ့် စပီးယားရဲ့မိဘတွေဖြစ်တဲ့ ဂျေမီစပီးယားနှင့် လင်းစပီးယား၊ညီမ ဂျေမီလင်းစပီးယား၊ သူမရဲ့သားတွေဖြစ်တဲ့ ရှောင်ပရက်စတွန်နှင့် ဂျေဒီဂျိမ်းစ်တို့ကို မင်္ဂလာပွဲမှာ မတွေ့ရပါဘူး။
သူမရဲ့အစ်ကို ဘရိုင်းစပီးယားတစ်ဦးတည်း တက်ရောက်ပါတယ်။
ပွဲစစချင်းပဲ စပီးယားရဲ့ မိန်းမပွေတဲ့ ပထမခင်ပွန်း အဆိုတော် ဂျေဆင် အဲလက်ဇင်းဒါးဟာ ကြာသပတေးနေ့ ညနေခင်းမှာ မင်္ဂလာပွဲထဲ ဝင်ရောက်နှောက်ယှက်ဖို့ကြိုးစားလို့ ရဲကဖမ်းဆီးခဲ့ရပါတယ်။
အဲဒီအဖြစ်အပျက်ကြောင့် စပီးယားဟာ အတော်တုန်လှုပ်သွးတယ်လို့ ဆိုပါတယ်။
အသက်၄၀အရွယ်စပီးယားနှင့် အသက်၂၈နှစ်ရှိတဲ့ အက်ဂါရီတို့ဟာ ငါးနှစ်နီးပါး ချစ်သူဖြစ်ခဲ့ကြပြီးနောက် ၂၀၂၁ စက်တင်ဘာ တုန်းက စေ့စပ်ခဲ့ကြတာဖြစ်ပါတယ်။
Source: NY Post
#DailyNews
Published - 10 June 2022
၁။ သင်ရိုးညွှန်းတမ်းဖတ်စာများကို မျက်မမြင်စာဖြင့် ဖတ်နိုင်အောင်ဆောင်ရွက်နေ
၂။ နေပြည်တော် အိမ်ခြံမြေဈေးကွက် အရောင်းအေးနေ
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ပါကစ္စတန်နှင့်အိန္ဒိယ ပန်းရောင်အချိုရည်ကြောင့် ပြည်သူတွေပေါင်းစပ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Asia_Business
Published 10 June 2022
ထိုင်းနိုင်ငံမှာ ဆေးခြောက်စိုက်ပျိုးခြင်းနဲ့ လက်ဝယ်ပိုင်ဆိုင်ခြင်းတို့ကို ကြာသပတေးနေ့ကစပြီး တရားဝင်ခွင့်ပြုလိုက်ပါပြီ။
ဒါ့အပြင် ပြည်သူ့ကျန်းမာရေးဝန်ကြီးက ဆေးခြောက်ပျိုးပင် ၁ သန်းကိုလည်းဖြန့်ဝေဖို့ စီစဉ်နေပါတယ်။
ဆေးခြောက်ပင်ရဲ့အစိတ်အပိုင်းအားလုံးကို မူးယစ်ဆေးဝါးအမျိုးအစားအဖြစ်ကနေဖယ်ရှားဖို့ အစားအစာနှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့(FDA)က ဆုံးဖြတ်လိုက်တာကြောင့် ထိုင်းနိုင်ငံက ဆေးဘက်ဆိုင်ရာနဲ့ စက်မှုလုပ်ငန်းများမှာ အသုံးပြုနိုင်ရန်အတွက် ဆေးခြောက်ပင်အသုံးပြုခြင်းကိုခွင့်ပြုလိုက်တဲ့ ပထမဆုံးအာရှနိုင်ငံဖြစ်လာပါတယ်။
ဒါပေမဲ့ ဆေးခြောက်ကို တစ်ကိုယ်ရည်စိတ်အပန်းဖြေရာမှာ အသုံးပြုခြင်းကို တရားဝင်ခွင့်ပြုထားတဲ့ ဥရုဂွေးနဲ့ ကနေဒါနိုင်ငံတို့ရဲ့လမ်းစဉ်ကိုတော့ လျှောက်လှမ်းသွားမှာ မဟုတ်ပါဘူး။
လူတွေရဲ့စိတ်ခံစားမှု မှိန်းမောခြင်းကိုမဖြစ်စေတဲ့ အပင်အစိတ်အပိုင်းတွေကနေ ထုတ်လုပ်ထားတဲ့ပစ္စည်းတွေကိုသာ အရင်က ကဖေးတစ်ခုမှာ ရောင်းချခွင့်ပြုခဲ့ရာ ကြာသပတေးနေ့ကတော့ ထိုခွင့်ပြုချက်ကိုထောက်ခံတဲ့ ထိုင်းနိုင်ငံကလူအချို့က ကဖေးဆိုင်ကနေ ဆေးခြောက်ဝယ်ယူပြီး အောင်ပွဲခံခဲ့ကြပါတယ်။
ဟိုက်လန်းကဖေးကို စောစောရောက်တဲ့လူတွေကတော့ အမျိုးမျိုးသောအပင်ထိပ်ဖူးတွေကို ရွေးချယ်ဝယ်ယူနိုင်ခဲ့ပါတယ်။
"ကျွန်တော်ဆေးခြောက်ရှူတယ်ဆိုတာကို အသံကျယ်ကျယ်နဲ့ပြောနိုင်ပါပြီ၊ အရင်တုန်းက တရားမဝင်သတ်မှတ်ထားတုန်းကလို ဖုံးကွယ်နေစရာမလိုတော့ပါဘူး" လို့ ပထမဆုံးလာဝယ်တဲ့ဧည့်သည်က ပြောပြသွားပါတယ်။
"အစိုးရရဲ့တာဝန်ကတော့ ဆေးဘက်ဆိုင်ရာအတွက်အသုံးပြုဖို့ကိုပဲ ကြေညာရမှာပေါ့၊ ဒါပေမဲ့ ဒီလိုခွင့်ပြုချက်ရအောင် ကျွန်တော်တို့အကြာကြီးစောင့်လိုက်ရပြီး နောက်ဆုံးတော့တရားဝင်ဖြစ်သွားပါပြီ၊ ဆေးခြောက်က ဆိုးကျိုးထက်ကောင်းကျိုးကပိုများတယ်ဆိုတာ အစိုးရကသဘောပေါက်ထားပါတယ်" လို့ ဆေးခြောက်တရားဝင်ဖြစ်ဖို့ တက်ကြွလှုပ်ရှားသူနဲ့ ကဖေးဆိုင်ပိုင်ရှင်ဖြစ်တဲ့ 'ရက်တာပွန်ဆန်ရက်'က ပြောပြသွားပါတယ်။
လူမြင်ကွင်းမှာ ဆေးခြောက်ရှူတဲ့လုပ်ရပ်ကိုတော့ ထိုင်းအစိုးရက အနှောင့်လုပ်ရပ်လို့သတ်မှတ်ကာ ထောင်ဒဏ် ၃ လနဲ့ ၂၅,၀၀၀ ဘတ်(၇၈၀ ဒေါ်လာ) ဒဏ်ကြေးကျခံရနိုင်ပါတယ်။
ဆေးခြောက်ပင်ကထုတ်ယူတဲ့ ဆီလိုမျိုးအရာတွေမှာ လူတွေရဲ့စိတ်ခံစားမှုမှိန်းမောခြင်းဖြစ်စေတဲ့ THC ၀.၂ ရာခိုင်နှုန်းထက်ကျော်ပြီး ပါဝင်တယ်ဆိုရင် တရားမဝင်ဘူးလို့ သတ်မှတ်ထားဆဲဖြစ်နေမှာပါ။
ဆေးခြောက်ဥပဒေအသစ်ထုတ်ပြန်ပြီး စည်းမျဉ်းများရှင်းရှင်းလင်းလင်းမဖြစ်ခင်အထိ ခရီးသွားဧည့်သည်တွေအနေနဲ့ သတိထားသုံးစွဲသင့်ကြောင်း ချင်းမိုင်တက္ကသိုလ် အပင်နှင့်မြေဆီသိပ္ပံဌာနမှ ပရော်ဖက်ဆာ'ဆာရာနာဆွမ်မာနို'က ပြောပြပါတယ်။
ထိုင်းနိုင်ငံက ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာဈေးကွက်မှာဖြန့်ဖြူးချင်နေတာဖြစ်ပါတယ်။
ဆေးဘက်ဆိုင်ရာဧည့်ခရီးလုပ်ငန်းကောင်းလည်းရှိထားပြီး သူတို့ဆီကအပူပိုင်းရာသီဥတုကလည်း ဆေးခြောက်စိုက်ပျိုးဖို့သင့်တော်ပါတယ်။
"ကျွန်တော်တို့အနေနဲ့ ဆေးခြောက်ကိုဘယ်လိုသုံးရမလဲဆိုတာ သိရှိရပါမယ်၊ သုံးတတ်မယ်ဆိုရင် ဆေးခြောက်ကရွှေလိုပဲတန်ဖိုးရှိပြီး အရောင်းမြှင့်တင်သင့်ပါတယ်" လို့ ပြည်သူ့ကျန်းမာရေးဝန်ကြီး'အန်နူတင်ချန်ဝီရာကူလ်'က ပြောကြားလိုက်ပါတယ်။
ဆေးခြောက်အမှုနဲ့ ရင်ဆိုင်နေရသူများကို လွှတ်ပေးပြီး ဆေးခြောက်နဲ့ပတ်သက်လို့ သိမ်းဆည်းထားတဲ့ပစ္စည်းနဲ့ငွေတွေကို ပိုင်ရှင်တွေထံပြန်လည်ပေးအပ်သွားမယ်လို့ နိုင်ငံတကာမူးယစ်ဆေး မူဝါဒလုပ်ငန်းစုမှ အာရှဆိုင်ရာညွှန်ကြားရေးမှူး'ဂလော်ရီယာလိုင်'က ပြောကြားလိုက်ပါတယ်။
ဆေးခြောက်စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းများမှ ထိုင်းနိုင်ငံရဲ့စီးပွားရေးအကျိုးအမြတ်များရရှိလာဖို့ မျှော်လင့်နေကြပါတယ်။
Source: AP News.
#Yangon_Media_Group
#WorldHealth
Published 10 June 2022
အဝလွန်ခြင်းက နှလုံးတည်ဆောက်ပုံအားနည်းနိုင်ပြီး နှလုံးအလုပ်မလုပ်နိုင်တာမျိုးဖြစ်နိုင်ကြောင်း လေ့လာချက်တစ်ခုမှာတွေ့ရှိထားပါတယ်။
ခန္ဓာကိုယ်အဆီများရာကနေ သွေးလည်ပတ်မှုစနစ်မှာလည်း ပြဿနာတွေဖြစ်နိုင်ပါတယ်။
အဆိုပါသုတေသနကို ဗြိတိန်လူမျိုး ၄၉၀,၀၀၀ နီးပါးဆီကနေ ဆန်းစစ်လေ့လာထားတာဖြစ်ပါတယ်။
BMI များသူတွေနဲ့ ခါးတင်ပါးအချိုးများသူ ၃၀ ရာခိုင်နှုန်းလောက်မှာ နှလုံးအားနည်းခြင်းမျိုးဖြစ်နိုင်ချေရှိနေပါတယ်။
အခြားရောဂါအန္တရာယ်များဖြစ်တဲ့ ဆီးချို၊ သွေးတိုး၊ ကိုလက်စ်ထရောများခြင်းတို့ကိုပါ ထည့်သွင်းပြီးတာတောင် ယခုလိုဖြစ်နိုင်ချေများနေတာဖြစ်ပါတယ်။
BMI ၂၅ မှတ်ထက်များသူတွေကို နှလုံးဓာတ်မှန်ရိုက်ကြည့်ပြီး ကျန်းမာရေးကောင်းမွန်တဲ့သူတွေနဲ့နှိင်းယှဉ်ကြည့်ခဲ့ကြပါတယ်။
အဝလွန်သူတွေမှာ နှလုံးကြွက်သားများထူခြင်း၊ ဒဏ်ရာအမာရွတ်ရှိခြင်း၊ နှလုံးအခန်းညှစ်ထုတ်နှုန်းအားနည်းခြင်းတို ပိုမိုဖြစ်ပွားတာကိုတွေ့ရှိခဲ့ရပါတယ်။
ဒီအခြေအနေတွေက နှလုံးကနေ တစ်ကိုယ်လုံးဆီသို့သွေးရောက်ရှိအောင် ထိရောက်စွာညှစ်ထုတ်နိုင်ဖို့ ခက်ခဲနေပြီး နှလုံးအားနည်းခြင်း စတင်ဖြစ်ပွားလာပါတော့တယ်။
နှစ်စဉ်ယူကေမှာ နှလုံးအားနည်းသူ ၉ သိန်းနဲ့ အမေရိကန်မှာ ၆ သောင်းရှိလာကာ ဗြိတိန်နိုင်ငံရှိလူသေဆုံးမှုနှုန်းရဲ့ ၄ ပုံ ၁ ပုံလောက်ဟာ နှလုံးသွေးကြောရောဂါတွေကြောင့်ဖြစ်နေပါတယ်။
လန်ဒန်ကွင်းမယ်ရီတက္ကသိုလ်မှ သုတေသီတွေက ဗြိတိန်လူမျိုး ၃၁,၁၀၇ ယောက်ကို CMR scan ဖြင့် ရောဂါရှာဖွေကာ နှလုံးအခြေအနေများကို တင်ပြခဲ့ကြပါတယ်။
စမ်းသပ်မှုအစမှာ သူတို့ရဲ့ BMI နဲ့ ခါးတင်ပါးအချိုးကို တိုင်းတာခဲ့ကြပါတယ်။
ကျွမ်းကျင်သူတွေက အဝလွန်ခြင်းနဲ့ နှလုံးအနေအထားပြောင်းလဲသွားပုံများကြား ဆက်စပ်မှုများကို ဆက်လက်စုံစမ်းလေ့လာဖို့ တောင်းဆိုခဲ့ကြပါတယ်။
"အဝလွန်ခြင်းက နှလုံးသွေးကြောရောဂါများဖြစ်နိုင်ပြီး နှလုံးအားနည်းခြင်းဖြစ်တတ်တယ်ဆိုတာကို သိပြီးသားဖြစ်ပါတယ်၊ ဒါပေမဲ့ အခုဆိုရင် အဝလွန်ခြင်းကိုယ်တိုင်ကိုက နှလုံးအားနည်းခြင်းကို စတင်ဖြစ်ပွားစေတယ်လို့ သိလာရပါတယ်"လို့ ကွင်းမယ်ရီမှဒေါက်တာ'ဇာရာရေစီအက်စ်တာဘရက်ဂ်'က ပြောပြပါတယ်။
ယခုလေ့လာမှုကနေ အဝလွန်ခြင်းနဲ့ နှလုံးတည်ဆောက်ပုံအပြောင်းအလဲတို့ကြား ဆက်စပ်ပုံကို ပိုမိုသိရှိနားလည်လာအောင် လေ့လာနိုင်မှာဖြစ်ပါတယ်လို့ ပရော်ဖက်ဆာ'ဂျိမ်းစ်လိုက်ပါ'က ဆိုပါတယ်။
Source: DailyMail
#Yangon_Media_Group
Page 856 of 983