#WorldHealth
Published - 16 February 2022
အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်ကူးစက်ပျံ့ပွားမှုတွေ လျော့နည်းလာတယ်ဆိုပေမယ့် နှလုံးကြွက်သားအားနည်းခြင်းအခြေအနေလိုမျိုး အဖြစ်များလာတာကို တွေ့ကြုံနေရကြောင်း ဆရာဝန်တွေကပြောကြားထားပါတယ်။
ရုတ်တရက်စိတ်ဖိစီးမှု ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကြောင့် ဖြစ်ပေါ်လာတတ်ကြောင်း ကျွမ်းကျင်ပညာရှင်များက ပြောပြပါတယ်။ဒီလိုအခြေအနေကို အသည်းကွဲရောဂါလို့ ခေါ်ကြပြီး မေတ္တာရေးမှာအဆင်မပြေသူတွေ ဝမ်းနည်းတတ်တဲ့သူတွေသာ ခံစားရလိမ့်ရှိတယ်လို့ ထင်နေကြပေမယ့် တကယ်တမ်းကတော့ စိုးရိမ်ရတဲ့အခြေအနေဖြစ်ပါတယ်။
ကပ်ရောဂါစကတည်းက ဒီလိုအဖြစ်မျိုး ပိုများလာတယ်လို့ ဆရာဝန်တွေကဆိုပါတယ်။
"နှလုံးကြွက်သားအားနည်းခြင်းအခြေအနေက နှလုံးမှာဖိစီးမှုအလွန်များလာတဲ့အခါ ဖြစ်တတ်ပါတယ်။ ဒါတောင် နှလုံးကြွက်သားက အလွန်သန်မာတဲ့အင်္ဂါဖြစ်ပါတယ်" လို့ မစ်ဆူရီ စိန့်လုခ်ဆေးရုံမှ နှလုံးအထူးကုဆရာဝန် ဒေါက်တာ'ထရေစီစတီဗင်'က ပြောပြလိုက်ပါတယ်။
ရုတ်တရက်စိတ်ဖိစီးခံစားရမှုတွေ၊ ဒေါသစိတ်ခံစားရမှုတွေ၊ စိုးရိမ်ကြောက်ရွံ့မှုတွေကြောင့် ဒီလိုအခြေအနေမျိုးဖြစ်တတ်ပါတယ်။ကပ်ရောဂါက လူတွေရဲ့နေထိုင်မှုဘဝကို ပြောင်းလဲပစ်လိုက်ကြောင်း၊ စိတ်ဖိစီးမှု ဝမ်းနည်းမှုတွေကြုံတွေ့လာရင် အခြားလူတွေနဲ့ဖွင့်ဟပြောဆိုသင့်ကြောင်း မစ်ဆူရီကျန်းမာရေးတက္ကသိုလ်မှ နှလုံးအထူးကု ဒေါက်တာ'ပါရမ်ဒိဘာဝီဂျာ'က ပြောခဲ့ပါတယ်။
"ကပ်ရောဂါကာလမှာ ခပ်ဝေးဝေးမှပြောဆိုနေထိုင်မှုတွေ ပြုလုပ်ခိုင်းတာကြောင့် စိတ်ဖိစီးမှုကြုံတွေ့နေရတဲ့သူတွေအတွက် ပိုပြီးခက်ခဲစေပါတယ်"အမေရိကန်နှလုံးရောဂါအဖွဲ့အစည်းရဲ့ဖော်ပြချက်အရ နှလုံးရဲ့အဓိကသွေးလွှတ်ခန်း ကြီးမားလာပြီး ကောင်းကောင်းအလုပ်မလုပ်နိုင်တဲ့အခါ ရင်ဘတ်အောင့်ခြင်း အသက်ရှူကြပ်ခြင်းတို့ ဖြစ်ပေါ်လာနိုင်ပါတယ်။
မနှစ်က အမေရိကန်နှလုံးရောဂါအဖွဲ့အစည်းဂျာနယ်မှာ ဖော်ပြထားချက်အရ နှလုံးကြွက်သားအားနည်းခြင်းရောဂါ အများဆုံးခံစားရတဲ့လူတွေဟာ အသက် ၅၀ နဲ့အထက်အမျိုးသမီးတွေဖြစ်ပါတယ်။
အဆိုပါရောဂါခံစားရသူတွေဟာ ရက်ပိုင်းအတွင်း ပြန်လည်သက်သာတတ်ပေမယ့် အခြားနှလုံးသွေးကြောဆိုင်ရာရောဂါများ ဖြစ်လာနိုင်ချေရှိပါတယ်။
"အများစုက ပြန်ကောင်းသွားကြပါတယ်။ နှလုံးသွေးလွှတ်ခန်းက မူလအတိုင်း ပြန်လည်လှုပ်ရှားနိုင်ပြီး နှလုံးခုန်နိုင်စွမ်း ပုံမှန်ပြန်ဖြစ်လာပေမယ့် အနီးကပ်သေချာစောင့်ကြည့်သွားဖို့တော့ လိုအပ်ပါတယ်" လို့ 'စတီဗင်'က ဆိုပါတယ်။
Source: WHNT.
#WorldArchaeology
Published 15 February 2022
အယ်လ်ဆာလ်ဗေးဒိုးနိုင်ငံရှိ မိုင်ယာရွာလေးဟာ မီးတောင်ပေါက်ကွဲမှုတွေကြောင့် နှစ်ပေါင်း ၁,၄၀၀ ကျော်တိုင်အောင် ပြာဖုံးလွှမ်းနေခဲ့ရပါတယ်။
#Yangon_Media_Group
Published 15 Feb 2022
သူတို့ရဲ့မျက်လုံးတွေမှာ မျက်ရည်တွေဝဲနေပါတယ်။ ဝတ်ဆင်ထားတဲ့နှာခေါင်းစည်းအောက်မှာတော့ သူတို့ရဲ့အပြုံးတွေကို မြင်ရပါတယ်။ မက္ကဆီကိုနိုင်ငံမှာ တနင်္လာနေ့က ဗာလင်တိုင်း ချစ်သူများနေ့အထိမ်းအမှတ်အဖြစ်စုံတွဲပေါင်း ၆၆၀ကျော်တို့ဟာ အစုအပြုံလိုက် လက်ထပ်မင်္ဂလာပွဲကြီး ဆင်နွှဲခဲ့ကြပါတယ်။
Source AFP
Published 15 February 2022
မြောက်ကိုးရီးယားခေါင်းဆောင် ကင်မ်ဂျုန်အန်ဟာ ဖေဖော်ဝါရီ(၁၂)ရက်နေ့က ပြုံယမ်းမှာကျင်းပတဲ့ ပထမအသုတ် အိမ်ခန်းပေါင်း တစ်သောင်းကို အုတ်မြစ်ချစတင်တည်ဆောက်တဲ့ အခမ်းအနားကို တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။
ငါးနှစ်စီမံကိန်းနှင့် ၂၀၂၅နှစ်အရောက်မှာ အိမ်ခန်းပေါင်းငါးသောင်းတည်ဆောက်မှာဖြစ်ပါတယ်။
ကင်မ်တက်ရောက်လာတဲ့ ဗွီဒီယိုသတင်းကို မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက ဖေဖော်ဝါရီ ၁၅ရက်မှာ ထုတ်လွှင့်ပြသခဲ့ ပါတယ်။
Source AFP
Published 15 Feb 2022
ရုရှားဟာ ယင်းရဲ့ အနောက်မြောက်ဖက်ဒရယ်ဒေသတလျောက်မှာ စစ်ရေးလေ့ကျင့်ခန်းတွေပြုလုပ်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာပါတယ်။
အာတိတ်ဒေသမှာ ရုရှားမြောက်ပိုင်းရေတပ်စုရဲ့ ယာဉ်တင်တပ်ရင်းတစ်ခုဟာ လက်တွေ့ပစ်ခတ်လေ့ကျင့်မှုတွေပြုလုပ်ခဲ့ကြပါတယ်။
ရုရှားစစ်သားတွေဟာ တင့်ကားဖျက်သေနတ်တွေ၊ဟောင်ဝဇာအမြောက်တွေနှင့်အခြားသော လက်နက်ကြီးများဖြင့် ဖန်တီးထားတဲ့ ရန်သူရဲ့ တင့်ကားတပ်တစ်ခုကို ချေမှုန်းခဲ့ကြပါတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်။
လီနင်ဂရက် စီရင်စုမှာလည်း အနောက်ဖက်စစ်ဒေသတိုင်းဟာ T-72 အမျိုးအစားအပါအဝင် တင့်ကားများစွာကို စေလွှတ်ပြီး အလျင်အမြန်စစ်ချီတဲ့ လေ့ကျင့်ခန်းကို ပြုလုပ်ခဲ့ကြပါတယ်။
လေ့ကျင့်မှုများအတွင်း ရုရှားတပ်တွေဟာ သစ်တော၊နှင်းကျနေတဲ့မြေပြင်လို အထူးမြေပြင်အခြေအနေတွေနှင့် စစ်ရေး လေ့ကျင့်ခဲ့ကြပြီး တင့်ကားတွေကိုလည်း လက်တွေ့ပစ်ခတ်ပြီး လေ့ကျင့်ခဲ့ကြပါတယ်။
Source CMG/MOD,Russia
#DailyNews
Published - 15 Feb 2022
၁။ မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေး ရှေ့ပြေးကွင်းဆင်းမှုလုပ်ငန်းအကြောင်း ပြည်နယ်အစိုးရကိုတင်ပြမည်။
၂။ ထိုင်းနိုင်ငံမှ မြန်မာ MOU လုပ်သား သိန်းနှင့်ချီခေါ်ယူမည်ဆိုသော်လည်း ကိုဗစ်စည်းကမ်းများအရ တစ်လလျှင် ၇,၅၀၀ ခန့်သာ ပိုနိုင်မည်။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ မီးတောင်ပေါက်ကွဲ၍ နှစ်ပေါင်း ၁,၄၀၀ ပြာပုံအောက်ရောက်ခဲ့သည့် မိုင်ယာရွာကလေးကို ရှေးဟောင်းပြတိုက်အသွင်ဖန်တီး.....အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
#WorldPolitics
Published - 15 February 2022
ယူကရိန်းပြည်သူပြည်သားတွေကို ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် နိုင်ငံတော်အလံလွှင့်ထူကြဖို့နဲ့ နိုင်ငံတော်သီချင်းသံပြိုင်သီဆိုကြဖို့ ယူကရိန်းသမ္မတ'ဗိုလိုဒီမီယာဇဲလန်စကီ'က မှာကြားလိုက်ပါတယ်။
ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ရုရှားတို့စတင်ကျူးကျော်လာနိုင်တယ်လို့ အနောက်တိုင်းမီဒီယာအချို့က ဖော်ပြနေကြပါတယ်။'ဇဲလန်စကီ'က ထိုနေ့တွင် ရုရှားတိုကျူးကျော်လာမယ်မထင်ကြောင်း ခန့်မှန်းထားပြီး တိုင်းတစ်ပါးမီဒီယာတွေရဲ့ဖော်ပြချက်ကို သိပ်ပြီးယုံကြည်တဲ့ပုံမပေါ်ပါဘူး။
အမေရိကန်နဲ့ အခြားနိုင်ငံများမှအရာရှိများက ထိုနေ့တွင် ရုရှားတပ်ဖွဲ့များစတင်တိုက်ခိုက်လာနိုင်ကြောင်း သတိပေးချက်ကို အနောက်တိုင်းမီဒီယာအဖွဲ့အစည်းအများအပြားက ကိုးကားဖော်ပြနေကြတာဖြစ်ပါတယ်။
"ဖေဖော်ဝါရီ ၁၆ ရက်နေ့ကို တိုက်ပွဲခေါ်တဲ့နေ့လို့ ပြောနေကြပေမယ့် ကျွန်တော်တို့ကတော့ ညီညွတ်သောသောနေ့အဖြစ် ပြသသွားမှာပါ။ နိုင်ငံတော်အလံတွေကိုင်၊ အဝါရောင်နဲ့အပြာရောင်အဝတ်တွေကိုင်ပြီး ကျွန်တော်တို့ရဲ့ စည်းလုံးညီညွတ်မှုကို ပြသသွားမှာပါ" လို့ 'ဇဲလန်စကီ'က ဆိုပါတယ်။
ရုရှားက ယူကရိန်းကိုခြိမ်းခြောက်နေတယ်ဆိုတာကို သိရှိထားပေမယ့် ကျူးကျော်တိုက်ခိုက်လာနိုင်တယ်လို့ အနောက်နိုင်ငံတွေက အလွန်အကျူးဖော်ပြနေကြောင်း၊ ရုရှားတို့ကျူးကျော်ဖို့ပြင်ဆင်နေမှုအပေါ် အနောက်နိုင်ငံတွေရဲ့တုန့်ပြန်ပုံက အထိတ်တလန့်ဖြစ်စေကြာင်း ပြောကြားသွားပါတယ်။
ထိုနေ့ကို ကျူးကျော်မှုပြုလုပ်လာနိုင်တယ်ဆိုတဲ့ မီဒီယာတွေရဲ့ဖော်ပြချက်ကို ယူကရိန်းသမ္မတက အရွဲ့ တိုက်တုန့်ပြန်လိုက်တာဖြစ်ကြောင်း သမ္မတအစိုးရအဖွဲ့ ဦးစီးအရာရှိချုပ်ရဲ့ အကြံပေးပုဂ္ဂိုလ်က ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
"ကျူးကျော်တိုက်ခိုက်မယ့်နေ့ကို ခရီးအလည်အပတ်သွားမယ့်ရက်စွဲလို့ အတိအကျသိနေရရင် မီဒီယာတွေရဲ့ဖော်ပြချက်တွေက ဘယ်လိုယုံစားရတော့မှာလဲ" လို့ ပြောကြားသွားပါတယ်။
သမ္မတရုံးက အမိန့်စာထုတ်ပြန်ထားရာမှာ ဗုဒ္ဓဟူးနေ့တွင် ယူကရိန်းနိုင်ငံရှိ မြို့တွေရွာတွေအားလုံးမှာ နိုင်ငံတော်အလံလွှင့်ထူကြပြီး နံနက် ၁၀ နာရီမှာ တစ်နိုင်ငံလုံး နိုင်ငံတော်သီချင်းကို သံပြိုင်သီဆိုကြရန် ဖော်ပြထားပါတယ်။
တပ်မတော်သားတွေနဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေကိုလည်း လစာတိုးမြှင့်ပေးဖို့ တောင်းဆိုထားပါတယ်။ထိုနေ့ကို ရုရှားသမ္မတ'ဗလက်ဒီမီယာပူတင်'က တိုက်ခိုက်ဖို့အမိန့်ပေးသွားမယ်မထင်ကြောင်း အမေရိကန်အရာရှိတွေခန့်မှန်းထားပေမယ့် အချိန်မရွေးတိုက်ခိုက်လာနိုင်တယ်လို့ ထပ်ခါထပ်ခါ သတိပေးထားကြောင်း ပန်တဂွန်မှ ပြောရေးဆိုခွင့်ရှိသူ 'ဂျွန်ကာဘီ'က သတင်းထောက်တွေကို ပြောကြားခဲ့ပြီး ယူကရိန်းနယ်စပ်အနီးမှာ ရုရှားတို့ စစ်အင်အားထပ်မံဖြည့်တင်းမှုတွေ ပြုလုပ်နေကြောင်းလည်း သတိပေးခဲ့ပါတယ်။
Source: Reuters
Page 848 of 862