Published 17 February 2022
ပြင်သစ်နိုင်ငံမှာ ဗုဒ္ဓဟူးနေ့က ကိုဗစ်-၁၉နှင့်ပတ်သက်တဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို ပြောင်းလဲပေးလိုက်ပါတယ်။ အဲဒါကြောင့် ညကလပ်တွေဟာ ပြန်လည်ဖွင့်လှစ်နိုင်ပြီး ကဖေးဆိုင်တွေဟာလည်း ထိုင်စားသောက်နိုင်ကြပြီဖြစ်ပါတယ်။
အဲဒီလျော့ပေါ့ပေးမှုကြောင့် ဒီဇင်ဘာတုန်းက ရုတ်တရက်ကန့်သတ်ထားမှုတွေရှိခဲ့တဲ့ ညအချိန် အပျော်အပါးနှင့်ဖျော်ဖြေရေး လုပ်ငန်းတွေ သက်သာရာရသွားကြပါတယ်။
Source AFP
Published 17 February 2022
ဗြိတိန်က အရေပြားထိန်းသိမ်းမှုဆိုင်ရာ အလှကုန်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Upcircle က နေ့စဉ်နေ့တိုင်း လန်ဒန်က ကော်ဖီဆိုင်တွေကနေ ကော်ဖီအနည်တွေကို လိုက်လံသိမ်းဆည်းပါတယ်။ တစ်ရက်တစ်ရက်ကို ကော်ဖီအနည်တွေ ၁၀၀ကီလိုဂရမ်လောက်ရရှိပြီး အဲဒါတွေကို သူတို့က အလှကုန်ထုတ်လုပ်ရာမှာ ပြန်လည်အသုံးပြုပါတယ်။ သူတို့ရဲ့ စွန့်ပစ်ပစ္စည်းတွေကနေ အလှကုန်ပြန်ထုတ်တဲ့ ဦးစီးဦးရွက်အစီအစဉ်ကို လန်ဒန်ဒီဇိုင်းပြတိုက်မှာ ပြသခဲ့ကြပါတယ်။
Source AFP
Published 17 Feb 2022
ထိုင်းနိုင်ငံက ယင်းရဲ့မြို့တော်ဘန်ကောက်ကို ခရန်သက်မဟာနက်ခွန် Krung Thep Maha Nakhon အမည်ကို တရားဝင်ပြောင်းလဲမယ်လို့ ထိုင်းနိုင်ငံ တော်ဝင်အဖွဲ့အစည်း ORST Office of Royal Society ကကြေညာခဲ့ပါတယ်။ ဒါပေမယ့် ဘန်ကောက်ဆိုတဲ့အမည်ကိုတဲ့ ဆက်လက်သုံးစွဲနိုင်တယ်လို့ပြောပါတယ်။
ထိုင်းအစိုးရအဖွဲ့က အမည်ပြောင်းတာကို အင်္ဂါနေ့က အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထပ်မံလေ့လာမှုနှင့်အတူ ဥပဒေကြမ်းစိစစ်ရေးကော်မတီ တစ်ခုက အတည်မပြုမပေးမချင်း အဲဒီအမည်သစ်ကို အသုံးပြုလို့မရသေးဘူးလို့သိရပါတယ်။
ဘန်ကောက်ဆိုတဲ့အမည်ကို ORST ရဲ့ကြေညာချက်နှင့် ၂၀၀၁ခုနှစ်နိုဝင်ဘာကတည်းက တရားဝင်သုံးစွဲခဲ့တာပါ။အဲဒီအမည်ဟာ ဘန်ကောက်နွိုင်နှင့် ဘန်ကောက်ရိုင်ခရိုင်တွေရှိတဲ့ ဘန်ကောက်နေရာဟောင်းကနေ လာတာဖြစ်ပါတယ်။ သမိုင်းအရတော့ ဘန်ကောက်ဆိုတဲ့အမည်ကို နှစ်ကာလရှည်သုံးစွဲခဲ့တာဖြစ်ပါတယ်။
အဲဒီအပြင် ကွာလာလမ်ပူ၊ရောမ၊နေပြည်တော်၊ကတ္တမန်ဒူတို့ရဲ့ ထိုင်းအမည်နှင့်စာလုံးပေါင်း၊ State of Palestine ကို ထိုင်းစာလုံးပေါင်းတို့ကိုပါ ORST ကကြေညာခဲ့ပါတယ်။
Source Bangkok Post
Published 17 February 2022
တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်မှာ လက်ပံပွင့်တွေဟာ မျက်စေ့ပသာဒဖြစ်စရာ ပန်းပွင့်ကလေးတွေမျှသာ မကဘဲ ညစာ စားပွဲမှာ အသားတုံးလေးတွေနှင့် ရောမွှေကြော်စားရတဲ့ အရသာရှိတဲ့ ဟင်းလျာတစ်မျိုးလည်းဖြစ်နေပါတယ်။
ယူနန်ပြည်နယ် ယွမ်ကျန်းစီရင်စုသူတစ်ဦးဖြစ်တဲ့ ပိုင်ရှုဖန်းဟာ ကလေးဘဝအရွယ်ကတည်းက လက်ပန်ပွင့်ချိန်ရောက်တိုင်း အစားအစာအတွက်ပြင်ဆင်ဖို့ လက်ပံပွင့်တွေသွားကောက်လေ့ရှိပါတယ်။ လက်ပံပင်ကြီးမှာ နှစ်စဉ်ဖေဖော်ဝါရီလမှာ လက်ပံပွင့်တွေ ဝေအောင်ပွင့်တတ်ကြပါတယ်။
Source CMG/CCTV
#DailyNews
Published - 17 Feb 2022
၁။ ငါးမဖမ်းရရာသီကို နှစ်စဉ် တစ်လတိုးသတ်မှတ်လာတာကြောင့် ငါးသယံဇာတ တိုးပွားလာသော်လည်း ပြည်ပရေထွက်ပို့ကုန် လျော့ကျလာ။
၂။ စက်သုံးဆီဈေးနှုန်းမြင့်တက်မှုကြောင့် လူနာလမ်းကြောင်းများပို့ဆောင်ရာမှာ အခက်အခဲများကြုံနေရတဲ့ ရန်ကုန်အခြေစိုက် ပရဟိတအသင်းများ
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ဖာရိုးကျွန်းစုတွင် နှစ်စဉ်လင်းပိုင်များ အမဲလိုက်သတ်ဖြတ်ပွဲပြုလုပ်ခြင်းကို အစိုးရကပြန်လည်သုံးသပ်.....အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
#WorldPolitics
Published - 17 February 2022
ယူကရိန်းနယ်စပ်အနီးရှိ ရုရှားစစ်တပ်အင်အား ထပ်မံတိုးချဲ့လာကြောင်း အနောက်နိုင်ငံတွေက ဗုဒ္ဓဟူးနေ့က သတိပေးလိုက်သလို ရုရှားတို့ နောက်ဆုတ်ဖို့ အရိပ်အယောင်မတွေ့ရတဲ့အပြင် အဓိကစစ်ရေးမြေပြင်နေရာတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်လောက်တဲ့ စစ်တပ်အင်အားနဲ့ ချီတက်လှုပ်ရှားလာတာကိုတွေ့ရကြောင်း အက်စ်တိုးနီးယားနိုင်ငံကလည်း ပြောကြားလိုက်ပါတယ်။
သံချပ်ကာယာဉ်တွေ၊ ရဟတ်ယာဉ်တွေ၊ ယာယီဆေးကုသဆောင်တွေကိုတွေ့ရှိထားကြောင်းလည်း ဗြိတိန်ထောက်လှမ်းရေးနဲ့ ကာကွယ်ရေးဦးစီးချုပ်က မှတ်ချက်ပြုထားပါတယ်။
ယခုရက်ပိုင်းတွေမှာ နောက်ထပ်တပ်ဖွဲ့ အင်အား ၇,၀၀၀ ခန့် နယ်စပ်ကိုထပ်မံရောက်ရှိလာကြသလို ဗုဒ္ဓဟူးနေ့ကလည်း ရောက်လာကြသေးကြောင်း အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒန်'ရဲ့အစိုးရအဖွဲ့ က ပြောကြားခဲ့ပါတယ်။
ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအနေနဲ့ ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်း အကြီးမားဆုံးပဋိပက္ခဖြစ်ပွားမှုမှာ ထိပ်တိုက်တွေ့ဆုံနေကြတာဖြစ်ပါတယ်။စစ်အေးကာလအလွန် ဩဇာလွှမ်းမိုးနိုင်ရေးနဲ့ စွမ်းအင်ထောက်ပံ့ရေးကိစ္စတွေမှာ အတိုက်အခံဖြစ်နေကြတဲ့အပြင် ယူကရိန်းအနေနဲ့ နေတိုး(NATO)အဖွဲ့ ထဲ ဘယ်တော့မှဝင်ရောက်ခြင်းမပြုဖို့ ရုရှားကအလိုရှိနေပါတယ်။
အနောက်နိုင်ငံတွေက ထိပ်တိုက်တွေ့ဆုံနေမှုကို ဖြေလျှော့ချဖို့ ကြိုးစားတဲ့အနေနဲ့ လက်နက်အင်အားထိန်းချုပ်ခြင်းနဲ့ နိုင်ငံဆက်ဆံရေးအကြား ယုံကြည်မှုတည်ဆောက်နေပေမယ့် အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်တာကြောင့် ယူကရိန်းမှာရှိတဲ့ အနောက်နိုင်ငံသားတွေကို ယူကရိန်းမှထွက်ခွာဖို့ မှာကြားထားပါတယ်။
ရုရှားတို့ က ကျူးကျော်ဖို့ အစီအစဉ်မရှိဘူးလို့ ကြေညာထားပေမယ့် စစ်အင်အားတိုးချဲ့နေတဲ့အပြင် တပ်ဆုတ်တာမျိုးလည်းမတွေ့ရကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး 'အန်တိုနီဘလင်ကန်'က MSNBC နဲ့အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
ယူကရိန်းနယ်စပ်အနားမှာ ရုရှားစစ်အင်အား ၁၇၀,၀၀၀ ခန့် ရှိနေပြီးသားအပြင် နောက်ထပ်တိုက်ခိုက်ရေးတပ်ဖွဲ့ ၁၀ ဖွဲ့ လောက် ရွေ့လျားလာနေတာကို အက်စ်တိုးနီးယားထောက်လှမ်းရေးက တွေ့ရှိခဲ့ကြောင်း အက်စ်တိုနီးယားနိုင်ငံခြားထောက်လှမ်းရေးက ပြောကြားလိုက်ပါတယ်။
တိုက်ခိုက်မှုဖြစ်ပွားလာပါက အဓိကစစ်မြေပြင်နေရာတွေကို သိမ်းပိုက်ပြီး ဒုံးကျည်တိုက်ခိုက်မှုတွေ ပါဝင်လာနိုင်ပါတယ်။ရုရှားတို့ ယူကရိန်းကိုသိမ်းပိုက်နိုင်ခဲ့ပါက လာမယ့်နှစ်တွေမှာ ဘောလ်တစ်ဒေသတွေကိုလည်း ဖိအားပေးလာနိုင်မှာဖြစ်ပြီး 'ပူတင်'က စစ်ရေးခြိမ်းခြောက်မှုတွေနဲ့ အသုံးချလာနိုင်ပါတယ်။
ယူကရိန်းနယ်စပ်အနီးရှိ တောင်ပိုင်းနဲ့ အနောက်ပိုင်းစစ်ရေးဒေသတွေမှာ စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ပြီးနောက် ရုရှားတပ်ဖွဲ့ တွေ တပ်ဆုတ်လာပြီဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုခဲ့ပြီး အိုင်ယာလန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကလည်း ရုရှားတပ်ဖွဲ့တွေဟာ ၃ - ၄ ပတ်အတွင်း အခြေချရာနေရာကို ပြန်ရောက်ရှိမှာဖြစ်ကြောင်း ခုခံပြောကြားခဲ့ပါတယ်။
ထွက်ပေါ်လာတဲ့ဗီဒီယိုတစ်ခုမှာ တင့်ကားတွေ၊ ခြေလျင်တိုက်ခိုက်ရေးယာဉ်တွေ၊ အမြောက်တပ်တွေဟာ ခရိုင်မီယာကျွန်းဆွယ်ကနေ ထွက်ခွာလာတာကို မြင်တွေ့ရပါတယ်။
နေတိုးအဖွဲ့ မှတပ်မှူးတွေက တိုက်ခိုက်ရေးအစီအစဉ်တွေ ရေးဆွဲနေပြီး ဘူလ်ဂေးရီးယား၊ ရိုမေးနီးယား၊ ဟန်ဂေရီ၊ ဆလိုဗေးကီးယားနိုင်ငံတို့မှာ တပ်ဖွဲ့ တွေနေရာချထားနိုင်ကြောင်း သံတမန်တွေက ဆိုပါတယ်။
ပိုလန်နဲ့ ဘောလ်တစ်ဒေသနိုင်ငံတွေမှာ အနောက်နိုင်ငံတပ်ဖွဲ့အချို့ ရောက်ရှိနှင့်ပြီးသားဖြစ်နေပြီး နောက်ထပ်စစ်သည်တွေ ရှေ့တန်းသို့တက်ရောက်နိုင်ရန်အတွက် အချိန်ဆွဲပေးထားဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။
ဗြိတိန်တို့ကလည်း အက်စ်တိုးနီးယားနိုင်ငံမှာ သူတို့ရဲ့တပ်ဖွဲ့အင်အားကို နှစ်ဆတိုးချဲ့လိုက်ပြီး ရုရှားနယ်စပ်နဲ့ထိစပ်ရာ ဘောလ်တစ်ဒေသတွေထံသို့ တင့်ကားတွေ၊ သံချပ်ကာတိုက်ခိုက်ရေးယာဉ်တွေ စေလွှတ်ထားပါတယ်။
Source: Reuters
#WorldHealth
Published - 17 February 2022
ကိုဗစ်နောက်ဆက်တွဲရောဂါလက္ခဏာတွေ ခံစားရတဲ့အကြောင်းအရင်းကို လေ့လာကြည့်ကြရာ ကိုရိုနာဗိုင်းရပ်စ်စတင်ကူးစက်ခံရစဉ် ခန္ဓာကိုယ်ထဲရှိ အရေးကြီးဆုံးအာရုံကြောနာ့ဗ်တွေထဲကတစ်ခုဖြစ်တဲ့ Vagus Nerve ထိခိုက်သွားတာကြောင့်ဖြစ်နိုင်ကြောင်း ယူဆထားကြပါတယ်။
Vagus nerve ဟာ အာရုံကြောနာ့ဗ်တွေထဲမှာ နံပါတ်(၁၀)မြောက်နာ့ဗ်ကြောဖြစ်ပြီး အရှုပ်ထွေးဆုံးနဲ့အရှည်လျားဆုံး အာရုံကြောဖြစ်ပါတယ်။သူဟာ ဦးနှောက်ကနေ မျက်နှာ ရင်ဘတ်နဲ့ ဝမ်းဗိုက်အထိ တည်ရှိနေပါတယ်။
ဦးနှောက်နဲ့ အစာအိမ်အူလမ်းကြောင်းကြား အဓိကချိတ်ဆက်ပေးထားပြီး အတွင်းအင်္ဂါတွေရဲ့ အခြေအနေကို ဦးနှောက်ဆီ သတင်းပြန်ပို့ ပေးပါတယ်။Vagus nerve ဟာ အစာအိမ်အူလမ်းကြောင်းစနစ်အတွက် အရေးကြီးတဲ့အပြင် ပါးစပ်ကနေ အစာအိမ်အထိ အစာသွားရာလမ်းကြောင်းနဲ့ အူလမ်းကြောင်းတလျှောက် ပို့ဆောင်ခြင်းကိုလည်း ထိန်းချုပ်ပေးပါတယ်။
နှလုံးခုန်နှုန်း၊ ချွေးထွက်ခြင်း၊ ပါးစပ်ရှိကြွက်သားလှုပ်ရှားမှု စတဲ့ဖြစ်စဉ်တွေမှာလည်း ပါဝင်ထိန်းချုပ်နေပါတယ်။လေ့လာစမ်းသပ်ချက်တွေအရ SARS-CoV-2 ကြောင့် Vagus nerve ထိခိုက်ခြင်း (VND) ဖြစ်ပွားရခြင်းတွင် ကိုဗစ်နောက်ဆက်တွဲရောဂါလက္ခဏာအများအပြား ပါဝင်နေပါတယ်။
အသံနေအသံထားမမှန်ခြင်း၊ အစာရေမြိုချရခက်ခဲခြင်း၊ မူးဝေခြင်း၊ နှလုံးခုန်မြန်ခြင်း၊ သွေးပေါင်ချိန်ကျခြင်း၊ အစာခြေစနစ်ထိခိုက်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
ကိုဗစ်နောက်ဆက်တွဲရောဂါလက္ခဏာခံစားရပါက ခန္ဓာကိုယ်ထဲရှိ အင်္ဂါအားလုံးနီးပါး ထိခိုက်နိုင်တဲ့အပြင် စိတ်ကျန်းမာရေးအခြေအနေနဲ့ အာရုံကြောစနစ်တွေကိုပါ ထိခိုက်နိုင်ပါတယ်။
အဖြစ်အများဆုံး နောက်ဆက်တွဲလက္ခဏာတွေမှာ နွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အသက်ရှူကြပ်ခြင်း၊ အနံ့အရသာပျောက်ခြင်း၊ ကြွက်သားအားနည်းခြင်းတို့ ပါဝင်ပါတယ်။
ဒီဖြစ်စဉ်တွေကိုပိုမိုသိရဖို့ အတွက် ကိုဗစ်နောက်ဆက်တွဲခံစားရတဲ့သူတွေမှာ vagus nerve စမ်းသပ်ချက်တွေ ပြုလုပ်ခဲ့ကြပါတယ်။အဖြစ်အများဆုံး vagus nerve ထိခိုက်မှုများထဲတွင် ဝမ်းလျှောခြင်းဝေဒနာခံစားရသူ ၇၃ ရာခိုင်နှုန်း၊ နှလုံးခုန်မြန်ခြင်း ၅၉ ရာခိုင်နှုန်း၊ မူးဝေခြင်း အစာမြိုရခက်ခဲခြင်း အသံပျက်ခြင်းတို့ က ၄၅ ရာခိုင်နှုန်း၊ သွေးပေါင်ချိန်ကျခြင်းက ၁၄ ရာခိုင်နှုန်းအသီးသီး တွေ့ရှိခဲ့ပါတယ်။
အချို့ လူနာတွေမှာ အစာခြေစနစ်အတွင်း ပြောင်းလဲမှုများတွေ့ရပြီး အစာရေမြိုချရခက်ခဲခြင်းတွေ ကြုံတွေ့ကြရပါတယ်။
Source: The Jerusalem Post
Page 846 of 862