#World_News
Published 25 November 2023
မြောက်ကိုရီးယားတို့ရဲ့ စပိုင်ဒုံးပျံဂြိုဟ်တုအသစ်ကနေ ရိုက်ကူးထားတဲ့ အဓိကပစ်မှတ်နေရာတွေရဲ့ ပုံရိပ်တွေကို ခေါင်းဆောင် ကင်မ်ဂျုံအန်းက လေ့လာစစ်ဆေးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက နိုဝင်ဘာ ၂၅ ရက်နေ့မှာ ဖော်ပြထားပါတယ်။
ထိုနေရာတွေထဲမှာ တောင်ကိုရီးယားမြို့တော် ဆိုးလ်နဲ့ အမေရိကန် စစ်အခြေစိုက်စခန်းများ လက်ခံထားရှိတဲ့ အခြားမြို့များအားလုံး ပါဝင်နေပါတယ်။
ပြုံယမ်းမြို့ အမျိုးသား အာကာသနည်းပညာ စီမံကွပ်ကဲထိန်းချုပ်ရေးစင်တာ (NATA)သို့ ကင်မ်ဂျုံအန်း သွားရောက်လည်ပတ်စဥ် ထိုပုံများကို ကြည့်ရှုခဲ့တာဖြစ်ပြီး မြောက်ကိုရီးယားအတွင်းရှိ အချို့နေရာများရဲ့ ပုံရိပ်များလည်း ပါဝင်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာန KCNA က ဖော်ပြထားပါတယ်။
သောကြာနေ့ နံနက်ပိုင်း ကိုရီးယားကျွန်းဆွယ်ပေါ်ကနေ ဂြိုဟ်တုဖြတ်သန်းသွားစဥ် ပုံရိပ်များကို ဖမ်းယူရိုက်ကူးခဲ့တာ ဖြစ်ပြီး အမေရိကန်နဲ့ တောင်ကိုရီးယား စစ်အခြေစိုက်စခန်းများ တည်ရှိရာ ဆိုးလ်နဲ့ မက်ပို၊ ခွန်ဆန်၊ ပြုံတဲ့၊ အိုဆန်တို့ရဲ့ ပုံရိပ်များ ပါဝင်ခဲ့ပါတယ်။
NATA က တောင်ကိုရီးယားနေရာတွေရဲ့ ပုံရိပ်တွေနဲ့ ကင်းထောက်ဂြိုဟ်တုရဲ့ ထပ်ဆောင်းချိန်ညှိရေး လုပ်ငန်းစဥ်များအကြောင်းကို ကင်မ်ဂျုံအန်းထံ တင်ပြခဲ့ပြီး စနေနေ့မှာ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အင်္ဂါနေ့ကလည်း ကင်မ်ဂျုံအန်းဟာ ဂူအမ်ဒေသရှိ အမေရိကန် အဓိကစစ်အခြေစိုက်စခန်းများရဲ့ ဓာတ်ပုံများကို ကြည့်ရှုလေ့လာခဲ့ပါတယ်။
နိုဝင်ဘာ ၂၂ ရက် နံနက် ၉ နာရီကျော်မှာ ပစိဖိတ်ဒေသ ဂူအမ်ကောင်းကင်ထက်ကနေ အန်ဒါဆန် လေတပ်အခြေစိုက်စခန်း၊ အေပရာဆိပ်ကမ်း၊ အမေရိကန်တို့ရဲ့ အခြားစစ်စခန်းကြီးများရဲ့ ပုံရိပ်များကို အာကာသကနေ ရိုက်ကူးထားပုံများကို ကင်မ်က ကြည့်ရှုခဲတယ်လို့ KCNA က ဆိုပါတယ်။
မြောက်ကိုရီးယားမှ စပိုင်ဂြိုဟ်တု တင်လွှတ်တဲ့အကြောင်းကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်၊ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ပတ်ဂျင်၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကာမီကာဝါယိုကိုတို့က တယ်လီဖုန်းဖြင့် ပြောဆိုဆွေးနွေးခဲ့ကြပြီး အပြင်းအထန် ရှုတ်ချပြစ်တင်လိုက်ကာ ဒေသတွင်း ပျက်ပြားမှုကို ဖြစ်လာစေနိုင်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့က ဆိုလိုက်ပါတယ်။
ကုလသမဂ္ဂ ပဋိဉာဥ်စည်းမျဥ်းများကို ချိုးဖောက်ကာ မြောက်ကိုရီးယားက ပထမဆုံး စပိုင်ဂြိုဟ်တုကို လွှတ်တင်ခဲ့တယ်လို့ ကြေညာပြီးနောက် ကမ္ဘာတဝှမ်းက ဝိုင်းဝန်းရှုတ်ချလိုက်ကြပါတယ်။
#World_News #အဓိကပစ်မှတ်နေရာ #မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျုံအန်း #Source: WION
#World_Health
Published 25 November 2023
အသက်ကြီးလာတဲ့အခါမှာ လူအများစု ဆံပင်ဖြူတာဟာ သဘာဝဖြစ်စဥ်တစ်ခု ဖြစ်ပါတယ်။
ဆံပင်မွေးညင်းပေါက်တွေမှာ ရောင်ခြယ်ဆဲလ်များ နည်းပါးလာတာကြောင့် ဆံပင်ဖြူလာရခြင်း ဖြစ်ပါတယ်။
ဆံပင်ရဲ့ သဘာဝအရောင်ကို ဖြစ်စေတဲ့ မယ်လာနင် ရောင်ခြယ်ပစ္စည်းတွေဟာ အသက်ကြီးလာတဲ့အခါ နည်းပါးလာပြီး လုံးဝမထုတ်လုပ်နိုင်တော့တဲ့အခါ ဆံပင်ဖြူသွားစေပါတယ်။
ဆံပင်ဖြူရခြင်းဖြစ်စဥ်ရဲ့ အကြောင်းအရင်းများကို ဖော်ပြလိုက်ပါတယ်။
(၁) မျိုးရိုး
ဆံပင်ဖြူခြင်း ဖြစ်စဥ်ဟာ မျိုးရိုးလိုက်ခြင်းနဲ့ များစွာသက်ဆိုင်နေပါတယ်။
မျိုးရိုးထဲမှာ စောစီးစွာဆံပင်ဖြူသူရှိရင် မျိုးရိုးလိုက်တတ်ပြီး အချို့မျိုးဗီဇတွေဟာ မယ်လာနင်ထုတ်လုပ်မှုကို ပြောင်းလဲစေပါတယ်။
လူမျိုးအနေနဲ့ဆိုရင် အသားဖြူသူတွေက အသားညိုသူတွေထက် စောစီးစွာ ဆံပင်ဖြူတတ်ပါတယ်။
(၂) စိတ်ဖိစီးမှု
ဖိစီးမှုက ဆံပင်ဖြူခြင်းကို တိုက်ရိုက်ဖြစ်စေတာ မဟုတ်ပေမယ့် ကာလကြာရှည်စွာ ဖိစီးခြင်းနဲ့ အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းတို့ကြား ဆက်စပ်မှုရှိနေပါတယ်။
ဖြစ်နိုင်တာကတော့ ဖိစီးမှုဖြစ်တဲ့အခါ ဆံပင်ရောင်ခြယ်ပစ္စည်း ထုတ်လုပ်မှုကို အနှောင့်အယှက် ဖြစ်စေပြီး မယ်လာနင် နည်းပါးစေတာ ဖြစ်နိုင်ဖွယ်ရှိပါတယ်။
(၃) ဆေးလိပ်သောက်ခြင်း
စီးကရက်တွေမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေ၊ အဆိပ်အတောက်တွေက ဆံပင်မွေးညင်းပေါက်နဲ့ မယ်လာနင်ထုတ်လုပ်မှုကို ထိခိုက်စေပါတယ်။
ဆေးလိပ်ငွေ့တွေက ခန္ဓာကိုယ်ထဲမှာ ဓာတ်တိုးဖိစီးခြင်းကို ဖြစ်စေပြီး ဆဲလ်တွေကို ထိခိုက်စေကာ စောစီးစွာ ဆံပင်ဖြူစေပါတယ်။
(၄) အာဟာရဓာတ်ချို့တဲ့ခြင်း
မယ်လာနင်ထုတ်လုပ်ရာမှာ အချို့အာဟာရဓာတ်တွေက မရှိမဖြစ် လိုအပ်ပါတယ်။
ဗိုက်တာမင် ဘီ၁၂၊ ဒီ၊ အီး၊ သံဓာတ်တို့လို အာဟာရဓာတ်တွေ ချို့တဲ့ပါက မယ်လာနင် ထုတ်လုပ်မှုနဲ့ ဆံပင်ကျန်းမာရေးကို ထိခိုက်စေပါတယ်။
အာဟာရဓာတ်ချို့တဲ့ရုံ တစ်ခုတည်းဖြင့် ဆံပင်ဖြူစေတာ မဟုတ်ဘဲ ဆံပင်ဖြူတဲ့နှုန်းကို မြန်စေတာသာ ဖြစ်ပါတယ်။
(၅) ရောဂါများ
အချိုု့သောရောဂါတွေက ကျန်းမာရေးကို ဆိုးရွားစေပြီး ဆံပင်ရောင်ခြယ်ပစ္စည်းတွေကို ထိခိုက်စေပါတယ်။
ခရုသင်းသမင်ဖြူလိုမျိုး ရောဂါတွေဟာ အရေပြားမှာ ရောင်ခြယ်ပစ္စည်းဆုံးရှုံးပြီး အဖြူကွက်များဖြစ်ပေါ်ကာ ဆံပင်ကိုပါ ထိခိုက်စေပါတယ်။
ခုခံအားကျဆင်းတဲ့ ရောဂါတွေဟာလည်း မယ်လာနင်ထုတ်လုပ်မှုကို ထိခိုက်စေပါတယ်။
သိုင်းရွိုက်ဟော်မုန်း အတက်အကျ ပြောင်းလဲတဲ့အခါ ဆံပင်ကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။
(၆) လေထုညစ်ညမ်းမှုများ
မော်တော်ယာဥ်များမှ ထုတ်လွှတ်ငွေ့များ၊ စက်မှုပိုင်းမှ အညစ်အကြေးများ၊ သတ္တုကြီးများနဲ့ ဓာတုပစ္စည်းများမှ ညစ်ညမ်းအရာတွေက ခန္ဓာကိုယ်ထဲမှာ ဓာတ်တိုးဖိစီးမှု ဖြစ်ပေါ်စေပြီး မယ်လာနင်ထုတ်လုပ်မှု ထိပါးစေကာ ဆံပင်ရောင်ခြယ်ကို လျော့ပါးစေပါတယ်။
အမှန်တကယ်တော့ ဆံပင်က အဖြူရောင်ပြောင်းသွားတာ မဟုတ်ဘဲ မွေးညင်းပေါက်အသစ်ကနေ အရောင်မပါတဲ့ ဆံပင်အသစ် ထွက်လာတာဖြစ်ပါတယ်။
ဆံပင်ဖြူကို နုတ်လိုက်ရင် နောက်ထပ် ဆံပင်ဖြူများစွာ ထွက်လာတယ်ဆိုတာ မသေချာပေမယ့် ဆံပင်နုတ်လိုက်တဲ့အခါ မွေးညင်းပေါက်ကို ထိခိုက်စေပါတယ်။
#World_Health #ဆံပင်ဖြူခြင်း #Source: New York Post
#World_Health
Published 25 November 2023
အချိန်နာရီအချို့ကြာသည်အထိ အစာမစားဘဲ နေခြင်းဟာ ခန္ဓာကိုယ်ခွန်အားနဲ့ စိတ်အခြေအနေကို တိုးတက်စေရုံမက ကျန်းမာရေးအကျိုးကျေးဇူးလည်း ရရှိစေကြောင်း ဗြိတိန်သုတေသီများ အတည်ပြုလိုက်ပါတယ်။
လူပေါင်း ၃၇,၀၀၀ ကျော်ကို သုတေသန စမ်းသပ်ခဲ့ပါတယ်။
အကျိုးရလဒ်ကောင်း ရရှိဖို့အတွက် အရမ်းကြီးတင်းကြပ်စွာ လိုက်နာရန်လည်း မလိုအပ်ဘူးလို့ တွေ့ရှိထားပါတယ်။
တစ်နေ့တာ အစာစားချိန်ကြားကာလ ၁၀ နာရီသတ်မှတ်ပြီး ကျန်တဲ့ ၁၄ နာရီကို အစာမစားဘဲ နေထိုင်တာဟာ စိတ်အခြေအနေ၊ ခန္ဓာကိုယ်စွမ်းအား၊ ဆာလောင်စိတ်တို့ကို တိုးတက်စေတယ်လို့ တွေ့ရှိခဲ့ပါတယ်။
ပါဝင်စမ်းသပ်သူတွေထဲမှာ အမျိုးသမီး အများစုဖြစ်ပြီး ပျမ်းမျှအသက် ၆၀၊ ပျမ်းမျှ BMI ၂၅.၆ ရှိကြပါတယ်။
ပထမရက်သတ္တပတ်မှာ သူတို့စားနေကျ ပုံစံအတိုင်း စားသောက်နေထိုင်စေခဲ့ပြီး နောက် ၂ ပတ်ကိုတော့ အစာစားချိန်ကြားကာလကို ၁၀ နာရီသတ်မှတ် စားသောက်စေခဲ့ပါတယ်။
ထိုကဲ့သို့ အစာမစားဘဲ နာရီအချို့ကြာအောင် ဆက်တိုက်ပုံမှန်နေထိုင်ခြင်းက ရလဒ်အကောင်းဆုံး ရရှိတာကို တွေ့ရှိခဲ့ကြပါတယ်။
ထိုကဲ့သို့ ပုံမှန်လိုက်နာခြင်း မရှိတဲ့သူတွေကတော့ ခွန်အား၊ စိတ်အခြေအနေတို့ ယုတ်လျော့စေကာ ဆာလောင်စိတ်ကို များပြားစေပါတယ်။
အစာမစားဘဲ အချိန်ကာလတစ်ခုအထိ မနေထိုင်ခင်မှာ တစ်နေ့တာ အစာစားချိန်ကြားကာလ ကြာရှည်သူတွေဟာ အကောင်းဆုံးရလဒ် ရရှိနေတာကို အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ကြပါတယ်။
ထိုထဲက ၅၁ ရာခိုင်နှုန်းဟာ ၂ ပတ်မှ ၁၆ ပတ်အတွင်း ကိုယ်အလေးချိန် ကျသွားပါတယ်။
ဒီလိုမျိုး အချိန်နာရီတစ်ခုအထိ အစာမစားဘဲ နေထိုင်ခြင်းဟာ ကိုယ်အလေးချိန်ကျစေရန် ထိရောက်တဲ့ နည်းလမ်းဖြစ်နိုင်တယ်လို့ ယခင်လေ့လာမှုတွေမှာလည်း တွေ့ရှိထားပါတယ်။
အစာစားချိန်ကြားကာလကို ၈ နာရီသတ်မှတ် စားသုံးတဲ့ ဆီးချိုဝေဒနာရှင်တွေဟာ အခြားဆီးချိုဝေဒနာရှင်တွေထက် ကိုယ်အလေးချိန် ပိုကျတာကို အီလီနွိုက်စ်ချီကာဂို သုတေသီများ လေ့လာတွေ့ရှိခဲ့ပါတယ်။
ဒါ့အပြင် ဆီးချိုရောဂါ ဖြစ်နိုင်ခြေများသူတွေ အတွက်လည်း ကာကွယ်တဲ့နည်းလမ်း ဖြစ်နေနိုင်တယ်လို့ သုတေသီများ တွေ့ရှိထားပါတယ်။
#World_Health #စိတ်အခြေအနေ #ခွန်အားနှင့်ဆာလောင်စိတ် #အစာမစားဘဲနေထိုင်ခြင်း #Source: India Today
ဂျပန်မှာ လူသားတွေကို ဝက်ဝံတိုက်ခိုက်တဲ့ ဖြစ်ရပ်တွေ များပြားလာတာကြောင့် ဂျပန်အာဏာပိုင်များက ကာကွယ်ရေးနည်းလမ်းများ ချမှတ်လာပါတယ်။ ယခုနှစ် ဧပြီမှ အောက်တိုဘာလအတွင်း အဆိုပါ ဖြစ်ရပ်ပေါင်း ၁၈၀ စံချိန်တင် ရှိခဲ့ကြောင်း ဂျပန်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါတယ်။
#Asia_News
Published_ 24 November 2023
#ဝက်ဝံများမကြာခဏဝင်ရောက် #ဂျပန်လူနေရပ်ကွက် #ကာကွယ်ရေးနည်းလမ်းကျင့်သုံး
#Yangon_Times #YMG_News
#Daily_News
Published_ 24 November 2023
၁။ (၃)လအတွင်း ရန်ကုန်တိုင်းအတွင်းရှိ တိုက်ကြီးမြို့နယ်၌ ငလျင်(၁၀)ကြိမ်လှုပ်ခတ်သက်ရောက်ခဲ့
၂။ မန္တလေး-မြစ်ကြီးနားလမ်းပိုင်း ပြန်လည်ဖွင့်လှစ်ပြီး ကုန်စည်များ ပြန်လည်ပို့ဆောင်နေ
၃။ မလေးရှားတွင် အလုပ်လုပ်ရန်အတွက် ပို့ဆောင်ပေးမည်ဆိုကာ ငွေကြေးလိမ်တောင်းခံရသဖြင့် တိုင်ကြားမှု အများဆုံးဖြစ်နေ
၄။ ဂျပန်လူနေရပ်ကွက်များသို့ ဝက်ဝံများမကြာခဏဝင်ရောက်လာသဖြင့် ကာကွယ်ရေးနည်းလမ်းများကျင့်သုံးနေကြရ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News
#World_News
Published 24 November 2023
OpenAI ဟာ အလွန်အဆင့်မြင့်တဲ့ စနစ်ကို လုပ်ဆောင်နေပြီး အမှုဆောင်အရာရှိချုပ် ဆမ်အော့တ်မန်း အလုပ်ထုတ်မခံရခင်မှာပင် ကုမ္ပဏီဝန်ထမ်းတွေဟာ သူတို့ရဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများ ရှိလာပါတယ်။
လူလုပ်အသိဉာဏ်(AI) ဒီလောက်အထိ အဆင့်မြင့်နေတာကို OpenAI မှ သုတေသီအချို့ ထိတ်လန့်နေကြပြီး လူသားတွေကို ခြိမ်းခြောက်လာနိုင်တယ်လို့ ဒါရိုက်တာဘုတ်အဖွဲ့ထံ ရေးသားတင်ပြခဲ့ကြပါတယ်။
Q* လို့အမည်ပေးထားတဲ့ AI စနစ်ပုံစံဟာ ယခင်ကမကြုံဖူးတဲ့ အခြေခံသင်္ချာနည်းတွေကိုပါ ဖြေရှင်းနိုင်စွမ်း ရှိနေတယ်လို့ နည်းပညာဝက်ဘ်ဆိုက်တစ်ခုမှာ ဖော်ပြထားပါတယ်။
ထိုစနစ်ရဲ့ တိုးတက်မှုနှုန်းက သုတေသီအချို့အတွက် ထိတ်လန့်စရာ ဖြစ်နေပါတယ်။
သင်္ချာမေးခွန်းတွေကို ဖြေရှင်းနိုင်စွမ်းရှိတာဟာ AI နည်းပညာမှာ ထင်ရှားတဲ့တိုးတက်မှု ဖြစ်လာမှာပါ။
ဆန်ဖရန်ဆစ္စကို အခြေစိုက် OpenAI က စီအီးအိုအော့တ်မန်းကို ရာထူးမှ ထုတ်ပယ်လိုက်ချိန်မှာ ဘုတ်အဖွဲ့အတွင်း ပွက်လောရိုက်သွားပြီး ကုမ္ပဏီဝန်ထမ်းပေါင်း ၇၅၀ က စီအီးအိုကို ပြန်မခေါ်ပေးရင် အလုပ်ထွက်ကြမယ်လို့ ခြိမ်းခြောက်ခဲ့ပြီးနောက် အော့တ်မန်းကို အလုပ်ပြန်ခန့်ခဲ့ပါတယ်။
OpenAI ရဲ့ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူ မိုက်ခရိုဆော့ဖ်ကလည်း အော့တ်မန်းကို ထောက်ခံထားပါတယ်။
OpenAI လိုမျိုး ကုမ္ပဏီတွေ ယေဘုယျ လူလုပ်အသိဉာဏ်(AGI)ကို ဖန်တီးရာမှာ ရှေ့ရောက်လွန်းတယ်လို့ ပညာရှင်များက စိုးရိမ်ဖော်ပြနေကြပါတယ်။
AGI ဆိုတာက လူသားအသိဉာဏ်နဲ့ တန်းတူ ဒါမှမဟုတ် လူသားအသိဉာဏ်ထက် သာလွန်တဲ့ အတိုင်းအတာဖြင့် လုပ်ငန်းတာဝန်များစွာကို လုပ်ဆောင်နိုင်တဲ့ စနစ်ကို ခေါ်ဆိုတာ ဖြစ်ပါတယ်။
သင်္ချာနည်းဖြေရှင်းသော စနစ်ပုံစံကြီး(LLM) တည်ရှိတာဟာ အောင်မြင်မှုတစ်ခု ဖြစ်လာနိုင်တယ်လို့ လူသားဗဟိုပြုAIအဖွဲ့အစည်းမှ အန်ဒရူးရိုဂွိုင်စကီးက ပြောပြသွားပါတယ်။
အော့တ်မန်းဟာ အလုပ်ထုတ်မခံရခင် တစ်နေ့က ChatGPT နောက်ကွယ်ကနေ ကုမ္ပဏီဟာ နောက်ထပ်ဖန်တီးမှုတစ်ခုကို ပြုလုပ်နိုင်ခဲ့ပြီလို့ အာရှပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု(APEC) ထိပ်သီးအစည်းအဝေးမှာ ကြေညာခဲ့ပါတယ်။
#World_News #အဆင့်မြင့်လှသောAI #အော့တ်မန်း #OpenAI ဖန်တီးနိုင်ခဲ့ #Source: WION
#World_Health
Published 24 November 2023
အထီးကျန်ခြင်းဟာ ကျန်းမာရေး ပြဿနာတစ်ခုဖြစ်နေတယ်လို့ WHO က ကြေညာလိုက်ကာ တစ်နေ့ကို စီးကရက် ၁၅ လိပ်သောက်သကဲ့သို့ ကျန်းမာရေးကို ခြိမ်းခြောက်နေတယ်လို့ ဆိုလိုက်ပါတယ်။
အထီးကျန်ဆန်ခြင်းက ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး ပြဿနာဖြစ်လာပြီး လူတွေရဲ့ ကျန်းမာပျော်ရွှင်မှုကို သက်ရောက်နေတယ်လို့ အာဖရိကပြည်ထောင်စုလူငယ်ဆိုင်ရာ သံတမန် ချီဒိုအမ်ပမ်ဘာက The Guardian ကို ပြောပြသွားပါတယ်။
အမ်ပမ်ဘာနဲ့ လူမှုဆက်ဆံရေး နိုင်ငံတကာ ကော်မရှင််မှ ဒေါက်တာ ဗီဗက်မာသီက ကိုဗစ်ကပ်ရောဂါကာလအတွင်း အထီးကျန်ဆန်လာခြင်းကို တိုက်ဖျက်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။
သက်ကြီးရွယ်အို ၄ ယောက်မှာ ၁ ယောက်နှုန်းက လူမှုဆက်ဆံရေးမရှိခြင်းကို ခံစားနေရပြီး ဆယ်ကျော်သက် ၁၀ရာခိုင်နှုန်းကျော်လောက်က အထီးကျန်ခြင်းဝေဒနာ ခံစားနေရတယ်လို့ WHO က ကြေညာထားပါတယ်။
မိသားစု၊ မိတ်ဆွေများနဲ့ ပေါင်းသင်းဆက်ဆံမှု မရှိပါက စောစီးစွာ အသက်ဆုံးပါးနိုင်ခြေ ၃၉ ရာခိုင်နှုန်း ပိုများကြောင်း ဂလက်စ်ဂိုတက္ကသိုလ်မှ လေ့လာတွေ့ရှိထားပါတယ်။
မိသားစု၊ မိတ်ဆွေများနဲ့ အနည်းဆုံး တစ်လတစ်ခါပင် ဆက်ဆံပြောဆိုပါက အလွန်တန်ဖိုးရှိပြီး အပေါ်ယံဆက်ဆံရုံလောက်ကတော့ အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေကို မလျှော့ချနိုင်ဘူးလို့ BMC Medicine ဂျာနယ်မှာ ဖော်ပြထားပါတယ်။
အထီးကျန်ခြင်းနဲ့ လူမှုပေါင်းသင်းရေး မရှိခြင်းတို့ကို သပ်သပ်စီနဲ့ ပူးတွဲလေ့လာခဲ့ကာ အထီးကျန်ဆန်နေတဲ့ သူတွေကို ထောက်ပံ့သွားမှာ ဖြစ်တယ်လို့ သုတေသနပြုစုသူ ဟမ်မစ်ရှ်ဖော်စ်တာက ပြောကြားသွားပါတယ်။
အသက်အရွယ်မရွေး ကျန်းမာရေးကောင်းမွန်ဖို့ရာ လူမှုပေါင်းသင်းရေးက အဓိကကျပုံကို သုံးသပ်ရန်နဲ့ လူမှုဆက်ဆံရေး ကျယ်ပြန့်ရန် နည်းလမ်းများ ချမှတ်ဖို့ WHO ကော်မရှင်က စီစဥ်နေပါတယ်။
အထီးကျန်ဆန်ခြင်းနဲ့ လူမှုဆက်ဆံရေး မရှိသူတွေမှာ စိုးရိမ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ခုခံအားလုပ်ဆောင်ချက် ချို့ယွင်းခြင်း၊ နှလုံးသွေးကြောပြဿနာများ၊ ဦးနှောက်ကျုံ့ခြင်းတို့အပြင် ဦးနှောက်အချို့နေရာတွေမှာ သေးငယ်သွားတာ တွေ့ရပါတယ်။
#World_Health #တစ်နေ့ကိုဆေးလိပ်(၁၅)လိပ်သောက် #ကျန်းမာရေးကိုထိခိုက် #Source: New York Post
Page 401 of 966