Published 06 April 2024
သိပ္ပံပညာရှင်များက ဒီအင်န်အေနည်းပညာသစ်များကို အသုံးပြုကာ အမေရိကန်တည်ထောင်သူ ဂျော့ဂျ်ဝါရှင်တန် မိသားစုဝင်များရဲ့ ရုပ်အကြွင်းအကျန်များကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။
ဗာဂျီးနီးယားအနောက်ဘက် ဟဲဝုဒ်မိသားစုသင်္ချိုင်းမှ အရိုးတွေဟာ ဂျော့ဂျ်ဝါရှင်တန်ရဲ့ မြေးဝမ်းကွဲများဖြစ်တဲ့ ဆမ်မြူရယ်ဝေါလ်တာ၊ ဂျော့ဂျ်စတပ်တိုးနဲ့ ယင်းတို့အမေ လူစီပိန်းဝါရှင်တန်တို့ရဲ့ အရိုးစတွေ ဖြစ်ပါတယ်။
အခုဆိုရင် သိပ္ပံပညာရှင်တွေဟာ ဒုတိယကမ္ဘာစစ်လောက်ကစပြီး ပဋိပက္ခတွေမှာ ကျဆုံးခဲ့တဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေရဲ့ ရုပ်ကြွင်းတွေကိုပါ ဆက်လက်ရှာဖွေဖို့အတွက် အဆင့်မြင့်ဒီအင်န်အေ နည်းပညာများကို အသုံးချရန် စီစဥ်နေပါတယ်။
ဒီနည်းပညာက အလားတူ သမိုင်းဝင်ရုပ်ကြွင်းများကို ဆန်းစစ်ရှာဖွေနိုင်မှာဖြစ်တယ်လို့ ဒိုဗာလေတပ်အခြေစိုက်စခန်းရှိ AFMES-AFDIL ဓာတ်ခွဲခန်းမှ သုတေသနပြုစုသူ ကော့တ်နေးကာဗက်နီညိုက ဖော်ပြလိုက်ပါတယ်။
အတည်ပြုစစ်ဆေးဖို့ လိုအပ်နေတဲ့ ဒီထက်ခက်ခဲတဲ့ ဒီအင်န်အေနမူနာများမှာပါ စမ်းသပ်ခွင့်ရမှာဖြစ်ကြောင်း DoD ဒီအင်န်အေအဖွဲ့အစည်းမှ လက်ထောက်ညွှန်ကြားရေးမှူး ချာလာမာရှယ်က ဆိုပါတယ်။
AFMES-AFDIL ဆိုတာက အမေရိကန် ကာကွယ်ရေးဌာနရဲ့ လူသားရုပ်ကြွင်းဒီအင်န်အေ ဓာတ်ခွဲခန်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တိုက်ပွဲတွေရဲ့ တပ်ဖွဲ့ဝင်များကို ရှာဖွေတဲ့မစ်ရှင်တွေမှာ ထောက်ပံ့ကူညီနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် သံသယရှိသူတွေရဲ့ ရုပ်ကြွင်းတွေကိုလည်း ဒီအင်န်အေစစ်ဆေးမှုများ ပြုလုပ်ထားပါတယ်။
စမ်းသပ်ချက်ရလဒ်တွေကို လက်ရှိရှင်သန်နေတဲ့ ဆမ်မြူရယ်ဝေါလ်တာ ဝါရှင်တန်ရရဲ့ ဒီအင်န်အေနဲ့ ဆန်းစစ်ရှာဖွေထားတာ ဖြစ်ပါတယ်။
Source: WION.
#World_Science
#Published_ 06 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
တရုတ်အလယ်ပိုင်းရှိ ဟိုနန်ဟာ စီးပွားရေး အချက်အခြာနေရာကြီးဖြစ်ပြီး ဓာတ်ခွဲခန်းထုတ်စိန်များ ထုတ်လုပ်တဲ့နေရာမှာ အရေးပါနေပါတယ်။
အချက်အလက်များအရ ကမ္ဘာပေါ်မှာ စိန် ၂ လုံးရှိရင် တစ်လုံးက ထိုဒေသမှ ထုတ်လုပ်တာ ဖြစ်ပါတယ်။
ဟိုနန်ရှိ စိန်ထုတ်လုပ်ရေး လုပ်ငန်းများက ဆန်းသစ်တဲ့နည်းပညာများ အသုံးပြုကာ ဆယ်စုနှစ်တစ်ခုအတွင်း ဓာတ်ခွဲခန်းထုတ်စိန်များ ထုတ်လုပ်ရာ ဦးဆောင်သူဖြစ်လာပါတယ်။
#Asia_Economy
#Published_ 05 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 05 April 2024
၁။ ရွှေတိဂုံစေတီတွင် နှစ်သစ်ဦးအလှူအဖြစ် သင်္ကြန်တွင်း စတုဒိသာလှူဒါန်းနိုင်ရန် စီစဉ်ပေးနေ
၂။ လာမည့် မေလ ၁ရက်နေ့မှစပြီး UID ကတ်ပါမှသာ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် ထုတ်ပေးမည်
၃။ ချေးငွေ၊ ဆုကြေးနှင့်ပတ်သက်သည့် အွန်လိုင်းလိမ်လည်မှုများ ဆက်လက်ရှိနေ
၄။ တရုတ်နိုင်ငံ ဟိုနန်သည် ကမ္ဘာပေါ်တွင် လူလုပ်ဓာတ်ခွဲခန်းစိန်ကို အများဆုံး ထုတ်လုပ်လျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
၅ ဧပြီ ၂၀၂၄
အနောက်နိုင်ငံများသည် အခြအနေကို မတည်ငြိမ်စေဖို့နှင့် ကိုလိုနီလက်သစ်ရည်မှန်းချက်များ သွတ်သွင်းဖို့ အတွက် မြန်မာနိုင်ငံတွင် အစွန်းရောက်အုပ်စုများကို ထောက်ခံအားပေးလုပ်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီး ဗာဆီလီ နီဘင်ညာက ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာဧပြီ ၄ရက်က ပြောကြားလိုက်ပါတယ်။
ရုရှားအစိုးရအနေနှင့် ရခိုင်ပြည်နယ်က အစွန်းရောက်တွေ အထူးသဖြင့် Arakan Army လို့ဆိုတဲ့ အဖွဲ့ရဲ့ လှုပ်ရှားမှုတွေ အပေါ် စိုးရိမ်ပူပန်မှုတွေရှိတယ်လို့ သံအမတ်ကြီးကပြောပါတယ်။
“ အဲဒီ တပ်တွေ (ယေဘုယျအားဖြင့် ဆန့်ကျင်ဖက်လက်နက်ကိုင်တွေ) ကို အနောက်နိုင်ငံတွေက ထောက်ခံအားပေးနေပြီး သူတို့ရဲ့ ကိုလိုနီလက်သစ်ရည်မှန်းချက်တွေရရှိဖို့ အသုံးချနေတယ်ဆိုတဲ့ အထောက်အထားအများကြီးရှိနေပါတယ်။ တစ်ပြိုင် နက်တည်းလိုပါပဲ အမေရိကန်၊ဗြိတိန်နှင့် သူတို့ရဲ့ မဟာမိတ်တွေဟာ ဒုက္ခသည်တွေပြန်လက်ခံပေးဖို့ မြန်မာခေါင်းဆောင်တွေ ကို ဖိအားတိုးမြှင့်ပေးဖို့ လူသိရှင်ကြားတောင်းဆိုနေကြတယ်။ အဲဒီလိုလုပ်ခြင်းဖြင့် သူတို့ဟာ ရခိုင်ပြည်နယ်ရဲ့ အခြေအနေ တွေကို ပိုမိုမတည်ငြိမ်အောင်မီးထိုးပေးနေပြီး IDP စခန်းတွေရဲ့အခြေအနေတွေကိုလည်း ပိုမိုဆိုးရွားအောင်လုပ်နေကြတယ်” လို့ သူကဆက်ပြောပါတယ်။
အနောက်နိုင်ငံတွေဟာ ဒေသအတွင်းမှာ သူတို့ရဲ့ကိုယ်ပိုင် ပထဝီနိုင်ငံရေး အကျိုးစီးပွားကိုပဲမြှင့်တင်ဖို့ပဲ စိတ်ဝင်စားကြတယ်” လို့ ရုရှားသံအမတ်ကြီးကပြောပါတယ်။ မြန်မာအာဏာပိုင်တွေဟာ သူတို့လိုအပ်ချက်တွေ ဖြည့်ဆည်းလို့မရနိုင်အောင် လုပ်နေကြတယ်လို့လည်းသူကပြောပါတယ်။
မြန်မာနိုင်ငံရဲ့ ပြည်တွင်းပြဿနာဖြေရှင်းရေးအတွက် လမ်းစကရှင်းပါတယ်”လို့သူကဆိုပါတယ်။
“ ၂၀၂၁ဖေဖော်ဝါရီကတည်းကရှိခဲ့တဲ့ အရေးပေါ်အခြေအနေအောက်မှာ အခြေအနေတွေကို ပုံမှန်ဖြစ်ဖို့ မျှော်မှန်းပြီး အနောက်အုပ်စုရဲ့လှုံ့ဆော်သွေးထိုးမှုကြောင့် လက်နက်ကိုင်အုပ်စုတွေက ငြင်းပယ်နေကြတဲ့ အမျိုးသားပြန်လည် ပေါင်းစည်းရေးကိုဆက်သွားတာနှင့် လူနည်းစုတွေအခြေစိုက်တဲ့ ရခိုင်ပြည်နယ်နှင့် အခြားဒေသတွေကနယ်မြေတွေမှာ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေ အကောင်အဖည်ဖော်ဖို့ဖြစ်တယ်” လို့ သံအမတ်ကြီးကပြောပါတယ်။
ရုရှားနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ကိုယ်ပိုင်အချုပ်အခြာအာဏာ နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် လွတ်လပ်မှုတို့ကိုပထမဦးစားပေး ထားရှိတယ်လို့ သူကပြောပါတယ်။
“ အဲဒါကြောင့် ကျွန်တော်တို့ဟာ စိတ်ဝင်စားမှုရှိတဲ့အဖွဲ့အစည်းအားလုံးနှင့် အပြုသဘောဆောင်ဆွေးနွေးပြီး မြန်မာ အစိုးရနှင့်အတူ ထိရောက်တဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကနေ ရခိုင်ပြည်နယ်တစ်ဝန်းမှာ အခြေအနေတွေဖြေရှင်းဖို့ နိုင်ငံတကာအကူအညီတွေတိုးမြှင့်ရေး အကောင်းဆုံးနည်းလမ်းတွေကိုအကောင်အထည်ဖော်ဖို့ အာရုံစိုက်ထားပါတယ်” လို့ သူကပြောပါတယ်။
အနောက်နိုင်ငံတွေရဲ့ ပထဝီနိုင်ငံရေးအစီအစဉ်တွေအကြိုက် ဘက်လိုက်မှုမရှိကြတဲ့ မိတ်ဆွေတွေအားလုံး ကျွန်တော် တို့နှင့် အတူပူးပေါင်းလုပ်ဆောင်ကြဖို့ ဖိတ်ခေါ်တိုက်တွန်းပါတယ်လို့လည်း သံအမတ်ကြီးက ပြောပါတယ်။
Source TASS
Published 05 April 2024
နေတိုး(NATO)အဖွဲ့ဝင်နိုင်ငံတွေဟာ ရုရှားပဲ့ထိန်းဒုံးကျည် တိုက်ခိုက်မှုတွေကနေ ယူကရိန်းကို ကာကွယ်ရန်အတွက် နောက်ထပ် လေကြောင်းကာကွယ်ရေးလက်နက်များ ထောက်ပံ့သွားရန် ကြာသပတေးနေ့က သဘောတူညီခဲ့ကြပါတယ်။
နေတိုးမဟာမိတ်အဖွဲ့ကြီးရဲ့ ၇၅ နှစ်ပြည့် အထိမ်းအမှတ်မှာတော့ စစ်ပွဲတွေနဲ့သာ လွှမ်းမိုးနေပါတယ်။
ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး ဒီမစ်ထရိုကူလေဘာက နေတိုးမှ ဝန်ကြီးများနဲ့ တွေ့ဆုံခဲ့ပြီး နောက်ထပ် လေကြောင်းကာကွယ်ရေး လက်နက်သစ်များ ထောက်ပံ့ပေးရန် တောင်းဆိုခဲ့ပြီးနောက် မဟာမိတ်တွေက ယူကရိန်းတို့ အရေးတကြီး လိုအပ်နေတာကို သဘောပေါက်ကြောင်း နေတိုးအထွေထွေ အတွင်းရေးမှူးချုပ် ယန်းစ်စတိုလ်တန်ဘာ့ဂ်က ပြောပြပါတယ်။
အခုဆိုရင် မဟာမိတ်တွေက သူတို့ရဲ့လက်နက်တိုက်တွေထဲမှာ ရှိသမျှပစ္စည်းတွေနဲ့ ထောက်ပံ့သွားမှာ ဖြစ်တဲ့အပြင် ပေးပြီးသား လက်နက်တွေမှာလည်း လက်နက်ခဲယမ်းနဲ့ အပိုပစ္စည်း အလုံအလောက်ရှိဖို့လည်း သေချာလုပ်ပေးသွားမှာ ဖြစ်ကြောင်း ပြောပြသွားပါတယ်။
တရုတ်၊ မြောက်ကိုရီးယား၊ အီရန်တို့လို နိုင်ငံတွေက ရုရှားကို ထောက်ပံ့နေတာကြောင့် ယူကရိန်းကို ပိုပြီးထောက်ပံ့ပေးဖို့က အလွန်အရေးကြီးကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ဆိုပါတယ်။
ယနေ့သိသမျှဆိုရင် အမေရိကန် အပါအဝင် အားလုံးဟာ နှစ်ဆထောက်ပံ့သွားမှာ ဖြစ်ပြီး ယူကရိန်းလိုအပ်သမျှကို ရှာဖွေသွားကြမယ်လို့ မျှော်လင့်ကြောင်း ဘလင်ကန်က ပြောပြသွားပါတယ်။
နေတိုးမွေးနေ့ပါတီကို ဖျက်လိုဖျက်ဆီး မလုပ်ချင်ပေမယ့် ရုရှားလေကြောင်းတိုက်ခိုက်မှုတွေကို ခံနေရတဲ့ ယူကရိန်းတွေကိုယ်စား ဝမ်းနည်းကြောင်း ကူလေဘာက သတင်းထောက်တွေကို ပြောပြလိုက်ပါတယ်။
ကြာသပတေးနေ့ ညပိုင်းကြီးမှာ ရုရှားဒရုန်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ခါကိဗ်မြို့ရှိ လူနေအိမ်များနဲ့ စွမ်းအင်စက်ရုံတို့ကို ထိမှန်ခဲ့သဖြင့် လူအများအပြားသေဆုံးကာ လူပေါင်း ၃ သိန်းခွဲအတွက် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့တယ်လို့ ယူကရိန်းအရာရှိများက ဆိုပါတယ်။
ရုရှားက တစ်လကို စစ်မှုထမ်း ၃ သောင်းခန့် ခေါ်ယူနေဟန်ရှိပြီး စစ်မြေပြင်မှာ ဆုံးရှုံးမှုများကိုဖြည့်တင်းကာ ဆက်လက်တိုက်ခိုက်နေပေမယ့် အဓိကတိုက်ခိုက်ရေးအတွက် လိုအပ်တဲ့ ကျွမ်းကျင်သူများနဲ့ လက်နက်ခဲယမ်းများကတော့ ပြတ်လပ်နေဆဲဖြစ်တယ်လို့ နေတိုးအရာရှိတစ်ဦးက ပြောပြပါတယ်။
ယူကရိန်းကို စစ်ရေးထောက်ပံ့ရာမှာ ပူးပေါင်းဖို့ အစီအစဥ်များကို နေတိုးဝန်ကြီးများက သဘောတူခဲ့ကြပေမယ့် စတိုလ်တန်ဘာ့ဂ်မှ အဆိုပြုတဲ့ ၁၀၀ ဘီလီယံယူရို ငါးနှစ်စာထောက်ပံ့ငွေကို နေတိုးအဖွဲ့ဝင်များ လက်ခံမှာလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
လာမယ့် နိုဝင်ဘာလ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်သာ ဂျိုးဘိုင်ဒင်ကို အနိုင်ရသွားပါက နေတိုးမဟာမိတ်ရဲ့ အနာဂတ်ကို ဥရောပခေါင်းဆောင်များက စိုးရိမ်နေကြသလို အမေရိကန်လွှတ်တော်မှာ ကြန့်ကြာနေတဲ့ ဘီလီယံတန် ယူကရိန်းထောက်ပံ့ရေးအတွက်လည်း ပူပန်နေကြပါတယ်။
Source: Reuters
#World_News
#Published_ 05 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 05 April 2024
တစ်နေ့တာအတွက် အရေးကြီးတဲ့ ညစာကို ညအိပ်ချိန်နဲ့ခွာပြီး စောစောစားခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရရှိနိုင်ကာ အစာမကြေခြင်းများကို ကာကွယ်နိုင်ပါတယ်။
အစာခြေခြင်းနဲ့ ပတ်သက်ပြီး ပြဿနာတွေရှိနေတယ်ဆိုရင် ညစာစောစော စားသင့်တဲ့အကြောင်းအရင်းများကို အာဟာရပညာရှင် လော့ဗ်နိဘာထရာက ဖော်ပြထားပါတယ်။
(၁) ပိုမိုကောင်းမွန်စွာ အစာခြေနိုင်ခြင်း
ညစာကို နောက်ကျမှစားခြင်းဖြင့် လေပွခြင်း၊ လေထခြင်းတို့ ဖြစ်တတ်ကာ စောစီးစွာ စားသုံးပါက အစာခြေခြင်းကို ကောင်းမွန်စေပြီး အစာမကြေပြဿနာများ ဖြစ်နိုင်ခြေ သက်သာစေပါတယ်။
(၂) အူလမ်းကြောင်းကျန်းမာရေး ကောင်းမွန်စေခြင်း
ညစာစောစောစားခြင်းဖြင့် အူလမ်းကြောင်းရှိ အကျိုးပြုဘက်တီးရီးယားများ ဖွံ့ဖြိုးမှုကို ကောင်းမွန်စေကာ အစာခြေခြင်းကို ထောက်ပံ့ပေးပါတယ်။
(၃) အာဟာရစုပ်ယူမှု ကောင်းမွန်စေခြင်း
ညစာအချိန်မှန်စားခြင်းဖြင့် အစာကြေစေကာ အစားအစာများမှ အာဟာရဓာတ်များ စုပ်ယူမှုကို အားကောင်းစေပြီး ခန္ဓာကိုယ်မှ အသုံးချနိုင်စေပါတယ်။
(၄) ပုံမှန်ဝမ်းသွားစေခြင်း
ညစာစောစီးစွာစားပါက အစာတွေက အစာခြေစနစ်အတိုင်း ရွေ့လျားပြီး ဝမ်းသွားခြင်းဖြစ်စဥ်ကို ထိန်းညှိပေးပါတယ်။
(၅) အစာအိမ်အက်ဆစ်လျှံတက်ခြင်းမှ ကာကွယ်ပေးခြင်း
ညစာစားချိန် မမှန်ခြင်းကြောင့် အက်ဆစ်လျှံတက်တာမျိုးက ဖြစ်လေ့ရှိပြီး ညစာစောစောစားခြင်းဖြင့် ဒီပြဿနာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
Source: DoctorNDTV.
#World_Health
#Published_ 05 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 05 April 2024
တစ်ပတ်ကို အယ်လ်ကိုဟောပါဝင်တဲ့ သောက်စရာ ၈ ခွက်ထက် ပိုမိုသောက်သုံးတဲ့ အမျိုးသမီးတွေဟာ နှလုံးရောဂါဖြစ်နိုင်ခြေ ပိုမိုများပြားတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။
ကယ်လီဖိုးနီးယားမြောက်ပိုင်းမှ ကျန်းမာရေးအဖွဲ့ အစည်းတစ်ခုက အသက် ၁၈ နှစ်မှ ၆၅ နှစ်ကြား လူတွေကို လေ့လာခဲ့ပါတယ်။
ယနေ့ခေတ်မှာ အယ်လ်ကိုဟော သောက်သုံးခြင်းက နှလုံးကျန်းမာရေးအတွက် ကောင်းမွန်တယ်လို့ ယူဆလာကြပေမယ့် အထောက်အထားတွေအရ ဒီလိုယူဆဖို့ ခက်နေကြောင်း နှလုံးအထူးကု ဒေါက်တာ ဂျာမယ်လ်ရာနာက ပြောပြပါတယ်။
တစ်ပတ်အတွင်းမှာ အမျိုးသားများအနေနဲ့ ၃ ခွက်မှ ၁၄ ခွက်သောက်သုံးခြင်းက သာမန်ပမာဏလို့ ယူဆပြီး အမျိုးသမီးတွေမှာတော့ ၃ ခွက်မှ ၇ ခွက်အထိက သာမန်လို့ ယူဆနိုင်ပါတယ်။
၄ နှစ်ကြာ စောင့်ကြည့်လေ့လာပြီးနောက် လူ ၃၁၀၀ ကျော်မှာ နှလုံးသွေးကြောရောဂါ တွေ့ရှိခဲ့ပြီး အယ်လ်ကိုဟော သောက်သုံးမှုပိုများလေ ရောဂါဖြစ်နိုင်ခြေ ပိုများလေ ဖြစ်ပါတယ်။
သက်ငယ်ပိုင်းနဲ့ သက်လတ်ပိုင်း အမျိုးသမီးတွေမှာ အယ်လ်ကိုဟော သောက်သုံးလာကြပြီး အသက်မအိုသေးသရွေ့ နှလုံးရောဂါ မဖြစ်နိုင်ဘူးလို့ ယူဆနေကြတာ ဖြစ်နေနိုင်တယ်လို့ ရာနာကဆိုပါတယ်။
အမျိုးသမီးတွေဟာ တစ်နေ့ကို တစ်ခွက်ထက် ပိုမိုသောက်သုံးခြင်းဖြင့် နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေများတယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။
အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်က အယ်လ်ကိုဟောကို ချေဖျက်တဲ့အခါ အမျိုးသားတွေ ခန္ဓာကိုယ်နဲ့ ကွဲပြားပါတယ်။
ဒါပေမဲ့ ဒီလေ့လာချက်တွေဟာ လူနာတွေက သူတို့ဘာသာ အကဲဖြတ်ပြောပြတာသာ ဖြစ်ပြီး သူတို့အမှန်တကယ် သောက်သုံးတာထက် နည်းပါးစွာ တင်ပြတာလည်း ဖြစ်နိုင်ပါတယ်။
Source: New York Post
#World_Health
#Published_ 04 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 320 of 979