#World_Health
Published 12 April 2025

▪️ စိတ်ဒဏ်ရာရခြင်းရဲ့ ရေတိုသက်ရောက်မှုများအနေနဲ့ ခေါင်းကိုက်ခြင်း၊ ဆာလောင်စိတ်နဲ့ အိပ်စက်မှု ပြောင်းလဲခြင်း၊ ကြောက်ရွံ့ခြင်း၊ စိုးရိမ်ခြင်း၊ အာရုံစူးစိုက်ပြဿနာများ ဖြစ်တတ်ကြပါတယ်။

▪️ လေ့လာချက်အသစ်မှာတော့ စစ်ပွဲကရတဲ့ ဆိုးရွားတဲ့ စိတ်ဒဏ်ရာမျိုးဟာ မျိုးရိုးစဉ်ဆက်အလိုက် DNA မျိုးဗီဇအမာရွတ်တွေပါ ကျန်ခဲ့တယ်လို့ ဖော်ပြနေပါတယ်။

▪️ နောက်မျိုးဆက်တွေကိုပါ စိတ်ထိခိုက်မှု လက်ဆင့်ကမ်းသွားပြီး စိတ်ဓာတ်ကျခြင်းနဲ့ အခြားသော စိတ်ကျန်းမာရေးပြဿနာများ ဖြစ်နိုင်ခြေ သိသိသာသာ များစေပါတယ်။

▪️ ဒီသုတေသနမှာ ဆီးရီးယားမိသားစုပေါင်း ၄၈ ခုကို မျိုးဆက် ၃ ခုအထိ DNAဆန်းစစ်မှုများ ပြုလုပ်ကာ အတည်ပြုခဲ့ပါတယ်။

▪️ အကြမ်းဖက်ခံရခြင်းကြောင့် မျိုးဗီဇအချက်အလက်ပေါ်မှာ အမှတ်အသားဖြစ်သွားပြီး နောက်မျိုးဆက်တွေအထိ စိတ်ထိခိုက်မှုက ကိန်းအောင်းနေနိုင်တဲ့ သက်ရောက်မှုတွေအကြောင်း ပထမဆုံး အထောက်အထား ပြနိုင်တာဖြစ်တယ်လို့ ယေးလ်တက္ကသိုလ်မှ မနုဿပညာရှင် ကက်သရင်းပန်တာဘရစ်က ပြောပြပါတယ်။

▪️ ၁၉၈၀ ဝန်းကျင်နဲ့ ၂၀၁၁ တို့က ဆီးရီးယားပဋိပက္ခများအတွင်း ကိုယ်ဝန်ဆောင်ခဲ့တဲ့ အမျိုးသမီးတွေကို လေ့လာခဲ့ကြပါတယ်။

▪️ ၁၉၈၀ ပဋိပက္ခတွေနဲ့ ထိတွေ့ခဲ့တဲ့ မိသားစု ၁၀ ခုရဲ့ DNAတွေ၊ ၂၀၁၁ ပဋိပက္ခနဲ့ ထိတွေ့ခဲ့တဲ့ မိသားစု ၂၂ ခုရဲ့ DNAတွေကို ၁၉၈၀ မတိုင်ခင် ဆီးရီးယားမှ ထွက်ခွာခဲ့တဲ့ မိသားစု ၁၆ ခုရဲ့ မျိုးဗီဇပစ္စည်းများနဲ့ နှိုင်းယှဉ်ခဲ့ကြပါတယ်။

▪️ အကြမ်းဖက်မှုတွေနဲ့ တိုက်ရိုက်ထိတွေ့ခဲ့တဲ့ ကလေးတွေနဲ့ မိခင်တို့ရဲ့ DNAတွေထဲက နေရာ ၂၁ ခုမှာ မျိုးဗီဇပြောင်းလဲမှု အမှတ်အသားတွေကို တွေ့ခဲ့ကြပါတယ်။

▪️ ဒါ့အပြင် မိခင်ဝမ်းတွင်းထဲရှိနေစဉ် အကြမ်းဖက်မှုခံရတဲ့ သူတွေဟာ ဆဲလ်အဆင့်မှာ လျင်မြန်စွာအိုမင်းလာတာလည်း တွေ့ရပါတယ်။

▪️ အကြမ်းဖက်မှုတွေနဲ့ စိတ်ထိခိုက်မှုတွေက နောက်မျိုးဆက်တွေကိုပါ သက်ရောက်လာခြင်းကို ဖော်ထုတ်မှုက လူတွေကို သနားကြင်နာစိတ် ပိုရှိလာစေရန်၊ အကြမ်းဖက်မှုပြဿနာများကို ဥပဒေပြုသူများ ပိုမိုအရေးစိုက်ရန် အကူအညီဖြစ်သင့်ကြောင်း လေ့လာချက်ပြုစုသူ ကော်နီမာလီဂန်က ပြောသွားပါတယ်။

#Source: New York Post