Published 19 March 2024
အမေရိကန်က ယူကရိန်းကို ဆက်လက်ပြီး လက်နက်ထောက်ပံ့ရန် ငွေကြေးပြတ်လပ်နေပြီး ကွန်ဂရက်လွှတ်တော်ကလည်း ထောက်ပံ့ငွေပြန်လည်ဖြည့်တင်းပေးဖို့ အရိပ်အယောင် သိပ်မမြင်ရပေမယ့် သမ္မတဂျိုးဘိုင်ဒင်ရဲ့ အစိုးရအဖွဲ့ဟာ ယူကရိန်းကို ထောက်ပံ့ရန် သန္နိဌာန်ချထားဆဲ ဖြစ်ကြောင်း ဥရောပမဟာမိတ်များ ယုံကြည်လာစေရန်အတွက် အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။
ရီပတ်ဘလစ်ကန် အောက်လွှတ်တော်ဥက္ကဌ မိုက်ခ်ဂျွန်ဆန်က ယူကရိန်းအတွက် ဒေါ်လာ ၆၀ ဘီလီယံကျော် ထောက်ပံ့သွားမယ့် မူကြမ်းတစ်ခုကို မဲဆန္ဒပေးဆုံးဖြတ်ဖို့ ယခုထက်ထိ ငြင်းဆန်နေပြီး အိမ်ဖြူတော်ကတော့ ယူကရိန်းကို အထောက်အပံ့များ ပေးပို့နိုင်ရန် နည်းလမ်းများ အသည်းအသန် ရှာဖွေနေပါတယ်။
ဂျာမနီနိုင်ငံ ရမ်စတိန်းလေတပ် အခြေစိုက်စခန်းမှာ ကျင်းပတဲ့ ယူကရိန်းကာကွယ်ဆက်သွယ်ရေးအဖွဲ့ (UDCG)လို့ခေါ်တဲ့ လစဉ်အစည်းအဝေးပွဲကို အော်စတင်က ဦးဆောင်သွားမှာ ဖြစ်ပြီး ယူကရိန်းကို စစ်ရေးကူညီနေတဲ့ မဟာမိတ် ၅၀ လောက်ပါဝင်ပါတယ်။
အော်စတင်ဟာ ဆီးကျိတ်ကင်ဆာ ကုသမှုခံယူပြီးနောက်ပိုင်း ပထမဆုံးနိုင်ငံခြားခရီးစဉ် ထွက်နေတာဖြစ်ပြီး အမေရိကန်က ယူကရိန်းကိုကူညီရန် ကတိပြုဆုံးဖြတ်ထားဆဲ ဆိုတာကို အလေးပေးပြောဆိုသွားမှာ ဖြစ်တယ်လို့ ပင်တဂွန်က ဆိုပါတယ်။
ငွေကြေးထောက်ပံ့မှု ပြတ်လပ်လာခြင်းက ယူကရိန်း စစ်မြေပြင် အခြေအနေအပေါ် သက်ရောက်နေပြီးဖြစ်ကာ ယူကရိန်းတပ်တွေက ရှားပါးရင်းမြစ်များကို စီမံထိန်းချုပ်သုံးစွဲနေရပါတယ်။
အမေရိကန် အရာရှိတွေက နောက်ထပ်ပမာဏအချို့ကို ရှာပေးနိုင်ဖွယ်ရှိပေမယ့် ကွန်ဂရက်မှ အတည်မပြုသေးတဲ့ ပမာဏကို အစားထိုးရန်အတွက်တော့ မလုံလောက်ဘူးလို့ ဆိုကြပါတယ်။
ယူကရိန်းကို ကာလကြာမြင့်စွာ ဘဏ္ဍာရေး၊ စစ်ရေး၊ စီးပွားရေး ထောက်ပံ့သွားမယ်ဆိုတဲ့ စကားက အမေရိကန်လွှတ်တော်မှာ တကယ်လက်တွေ့ ဖြစ်ပျက်နေတာတွေကြောင့် အရာမရောက်ဘူးလို့ အမေရိကန်ရှိ အတ္တလန္တိတ်ကောင်စီ ဥရောပစင်တာမှ ရေချယ်ရစ်ဇိုက ပြောပြသွားပါတယ်။
ဘိုင်ဒင်တို့က ကွန်ဂရက်ကနေ ယူကရိန်းထောက်ပံ့ရေးကြီး အတည်မပြုနိုင်ဘဲ ဖြစ်နေသလို နိုင်ငံခြားရေးဝါဒ စွမ်းအားအများစုကိုလည်း ဂါဇာစစ်ပွဲအပေါ် အရေးစိုက်နေတာကြောင့် ဥရောပထောက်ပံ့မှုက အချက်အခြာ ကျလာပါတယ်။
ဒါပေမဲ့ အမေရိကန် အကူအညီမပါဘဲ ဥရောပထောက်ပံ့မှု သပ်သပ်ဖြင့် ရုရှားတပ်တွေကို ယူကရိန်း တွန်းလှန်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ အမှန်တရားရှိနေကြောင်း အမေရိကန်အရာရှိများက ပြောပါတယ်။
ရုရှားက မေလနှောင်းပိုင်းလောက်က စတင်ပြီး ယူကရိန်းကို နောက်ထပ်ထိုးစစ်ဆင်ရန် ပြင်ဆင်နေတယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇယ်လန်စကီက ပြောလိုက်ပါတယ်။
Source: Reuters
#World_News
#Published_ 19 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
#World_Science
Published 19 March 2024
ခွေးမွေးခြင်းဖြင့် စိတ်ဖိစီးမှုတွေ ပြေလျော့စေတယ်လို့ ခွေးပိုင်ရှင်တွေ ပြောကြတာကို အခုဆိုရင် လေ့လာချက်တစ်ခုကလည်း ထောက်ခံလိုက်ပါတယ်။
တောင်ကိုရီးယား ဂွန်ဂုခ်တက္ကသိုလ်မှ သုတေသီတွေက ခွေးတွေနဲ့ အတူရှိနေခြင်းဟာ လူတွေအတွက် စိတ်ပြေလျော့စေပြီး အာရုံစူးစိုက်မှု ကောင်းစေတယ်လို့ တွေ့ရှိခဲ့ကြပါတယ်။
လေ့လာချက်အတွက် သုတေသီတွေက စမ်းသပ်ခံအယောက် ၃၀ ကိုခေါ်ယူကာ အေရိုလို့အမည်ပေးထားတဲ့ ချစ်စရာခွေးလေးနဲ့အတူ လှုပ်ရှားပြုမူပုံများကို လျှပ်တိုင်နားကြပ်များမှတဆင့် ဦးနှောက်လှိုင်းများ တိုင်းတာခဲ့ကြပါတယ်။
တစ်ယောက်ချင်းစီကို ၃ မိနစ်အတွင်း တွေ့ဆုံခြင်း၊ လမ်းလျှောက်ခြင်း၊ ဆော့ကစားခြင်း၊ အစာကျွေးခြင်း၊ နှိပ်ပေးခြင်း၊ ပွေ့ဖက်ခြင်း၊ ဓာတ်ပုံရိုက်ခြင်း စတဲ့ အပြုအမူများ ပြုလုပ်စေခဲ့ပါတယ်။
ထိုအခါမှာ ခွေးနဲ့ဆော့ကစားခြင်းဖြင့် လူတစ်ယောက် စိတ်ပြေလျော့စေပြီး အာရုံစူးစိုက်မှု ကောင်းမွန်စေတာကို တွေ့ရှိခဲ့ကြပါတယ်။
အေရိုနဲ့ ဆော့ကစားခြင်း၊ လမ်းလျှောက်ထွက်ခြင်းတို့ဖြင့် စမ်းသပ်ခံသူတွေမှာ အယ်လ်ဖာ ဦးနှောက်လှိုင်းတွေ ထွက်လာကာ စိတ်ပြေလျော့ခြင်းကို ပေးစွမ်းပါတယ်။
ခွေးကို အမွေးပွတ်သပ်ပေးပြီး နှိပ်နယ်ပေးပါက ဘီတာဦးနှောက်လှိုင်းများ ထုတ်လွှတ်ကာ အာရုံစူးစိုက်မှု ကောင်းစေပါတယ်။
စမ်းသပ်ခံသူအားလုံးဟာ အေရိုကို အစာကျွေးပြီး ပွေ့ဖက်ရတဲ့အခါ စိတ်အခြေအနေ ကောင်းမွန်တယ်လို့ ဆိုပါတယ်။
ခွေးတွေနဲ့အတူ အချို့သောလှုပ်ရှားပြုမူပုံတွေက စိတ်ပြေလျော့စေခြင်း၊ စိတ်ခံစားမှု တည်ငြိမ်စေခြင်း၊ အာရုံစူးစိုက်မှုကောင်းခြင်း၊ ဖန်တီးမှုကောင်းမွန်စေခြင်းတို့ ပေးနိုင်တယ်လို့ လေ့လာချက်မှာ တွေ့ရပါတယ်။
ခွေးတွေနဲ့အတူ ရှိနေခြင်းက လူတွေရဲ့ စိတ်ကျန်းမာရေးကို ကောင်းမွန်စေတယ်ဆိုတာ ဒါပထမဆုံး လေ့လာချက်မဟုတ်သလို အသက် ၄၅ နှစ်အထက် ခွေးပိုင်ရှင်တွေဟာ ဒီမန်ရှာရောဂါ ဖြစ်နိုင်ခြေ ၄၀ ရာခိုင်နှုန်း ပိုမိုလျော့နည်းတယ်လို့လည်း တွေ့ရှိထားပါတယ်။
#World_Science #အာရုံစူးစိုက်မှုကောင်းစေ #သိပ္ပံပညာရှင်များဆို #Source: New York Post
#World_Technology
Published 19 March 2024
လူလုပ်အသိဉာဏ်(AI)စနစ် အသုံးပြုကာ အသံပြဿနာရှိတဲ့သူတွေ စကားပြောနိုင်ရန် ကူညီပေးမယ့် ကပ်ခွာအသစ်တစ်မျိုးကို သုတေသီများ ဖန်တီးလိုက်ပါတယ်။
AI က လည်ချောင်းကြွက်သား လှုပ်ရှားမှုတွေကို ကြည့်ရှုကာ စကားအဖြစ်သို့ ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။
ထိုကပ်ခွာလေးကို ကြွက်သားလှုပ်ရှားမှုဖြင့်သာ စွမ်းအင်ပေးထားတာ ဖြစ်တယ်လို့ အမေရိကန် အခြေစိုက်သုတေသီများက လေ့လာဖော်ပြခဲ့ပါတယ်။
အရေပြားကို ကပ်ပြီးနောက် လည်မျိုကြွက်သား လှုပ်ရှားမှုများကို လျှပ်စစ်အချက်ပြမှုအဖြစ် ပြောင်းလဲပေးပြီး AI အမျိုးအစားမှ ဖန်တီးတဲ့ စကားအဖြစ်သို့ ဘာသာပြန်ပေးပါတယ်။
ဒီနောက် အသုံးပြုသူပြောချင်တဲ့ စာသားတွေကို စပီကာကနေ အသံထွက်လာတာဖြစ်ပြီး လက်ရှိမှာတော့ ထည့်သွင်းပြီးသား စကားတွေကိုသာ ပြောနိုင်ပါသေးတယ်။
လူရဲ့အသံကြိုး မလိုအပ်တာကြောင့် အသံကြိုး ပျက်စီးထားတဲ့ လူတွေမှာလည်း ကပ်ခွာစက်ဖြင့် ပြောဆိုနိုင်မှာ ဖြစ်တယ်လို့ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ဦးဆောင်စာတမ်းပြုစုသူ ကျိယွမ်ချီက AFP သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။
ရေစိုခံကပ်ခွာလေးက အကြွေစေ့အရွယ်မျှသာရှိပြီး မျက်နှာပြင်က ရော်ဘာလက်အိတ်လို အထိအတွေ့ရှိပါတယ်။
သုတေသီတွေက အသံပြဿနာရှိသူ ၈ ဦးဖြင့် စမ်းသပ်ခဲ့ပါတယ်။
ကပ်ခွာက မတ်တပ်ရပ်ချိန်၊ လမ်းလျှောက်ချိန်၊ ပြေးနေချိန်တို့မှာလည်း အလုပ်လုပ်တာကို တွေ့ရှိခဲ့ပါတယ်။
စမ်းသပ်ခံသူတွေ ပြောချင်တဲ့စကားတွေကို ကပ်ခွာစက်လေးက ၉၅ ရာခိုင်နှုန်းနီးပါး မှန်ကန်စွာ ပြောပေးနိုင်ပါတယ်။
#World_Technology #စကားပြောနိုင်စေမည့်AIကပ်ခွာစက် #သိပ္ပံပညာရှင်များတီထွင် #Source: WION
ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်ကျဲခဲ့သည့်ဗုံးများကြောင့် လာအိုဒေသခံများယနေ့အထိ ထိတ်လန့်စိုးရိမ်နေရဆဲ
လာအိုနိုင်ငံမှာ အမေရိကန်တို ဗုံးကျဲစစ်ဆင်ရေး အများအပြား ပြုလုပ်ခဲ့ပြီးနောက် ဆယ်စုနှစ်တွေအကြာမှာ လာအိုနိုင်ငံက လူတွေဟာ ပြင်ပဒဏ်ရာများ၊ အတိတ်ဆိုးများနဲ့ ဆက်လက်ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။
#World_History
Published_ 18 March 2024
#အမေရိကန်ကျဲခဲ့သည့်ဗုံး #လာအိုဒေသခံများယနေ့အထိထိတ်လန့်
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 18 March 2024
၁။ အချိန်အခါမဟုတ်မိုးရွာဦးမည်ဖြစ်၍ မိုးကြောင့် စိုက်ပျိုးသီးနှံမပျက်ရအောင်ဆောင်ရွက်ထားရန်လိုဟုဆို
၂။ တရုတ်အာလူးတွေ ကုန်အဝင်များနေသဖြင့် ပြည်တွင်းအာလူးဈေးထိုးကျပြီး တောင်သူတွေအခက်တွေ့
၃။ မြတ်မော်တင်စွန်းစေတီတော်ပြုပြင်မှုမှာ ရာနှုန်းပြည့်နီးပါးပြီးစီး၊ သုံးထပ်ကျောင်းဆောင်နှင့် အာရုံခံတန်ဆောင်များ တည်ဆောက်ရန်ပါဝင်လှူဒါန်းနိုင်
၄။ ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်ကျဲခဲ့သည့်ဗုံးများကြောင့် လာအိုဒေသခံများ ယနေ့အထိထိတ်လန့်စိုးရိမ်နေရဆဲ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#World_Politics
Published 18 March 2024
တနင်္ဂနွေနေ့က ပြီးဆုံးခဲ့တဲ့ ရုရှားနိုင်ငံ ရွေးကောက်ပွဲမှာ သမ္မတ ဗလာဒီမာပူတင်က ဆိုဗီယက်ခေတ်နောက်ပိုင်း စံချိန်တင် အပြတ်အသတ် အနိုင်ရခဲ့ပြီး အရင်ကတည်းက အာဏာချုပ်ကိုင်ထားနိုင်တဲ့ကြားထဲက ပိုမိုအာဏာမြဲလာတဲ့သဘော ဖြစ်ပါတယ်။
အနောက်နိုင်ငံကို ဆန့်ကျင်ရင်ဆိုင်ပြီး ယူကရိန်းကို တပ်သားတွေ လွှတ်လိုက်တာ ရုရှားအနေနဲ့ မှန်ကန်တယ်ဆိုတာကို ပြသရာ ရောက်တယ်လို့ ပူတင်ကဆိုပါတယ်။
KGB ဒုဗိုလ်မှူးကြီးဟောင်း ဖြစ်ပြီး ၁၉၉၉ ခုနှစ်မှာ ပထမဆုံးအာဏာရလာတဲ့ ပူတင်က ထိုရွေးကောက်ပွဲရလဒ်ဟာ အနောက်တိုင်းခေါင်းဆောင်တွေအနေနဲ့ နောင်နှစ်များစွာတိုင်အောင် စစ်ဖြစ်နေသည်ဖြစ်စေ ငြိမ်းချမ်းရေး ရနေသည်ဖြစ်စေ ယုံကြည်ချက်မြင့်လာတဲ့ ရုရှားကို လက်ခံရင်ဆိုင်သွားရလိမ့်မယ်လို့ ရှင်းလင်းပြောကြားသွားပါတယ်။
အသက် ၇၁ နှစ်ရှိပူတင်က သမ္မတသက်တမ်း နောက်ထပ် ၆ နှစ်တာဝန်ယူရမှာဖြစ်ကာ သက်တမ်းပြည့်မြောက်ပါက ဟိုဆက်ဖ်စတာလင်ကို ကျော်လွန်ပြီး ရုရှားရဲ့ သက်တမ်းအကြာဆုံး ခေါင်းဆောင် ဖြစ်လာမှာပါ။
စစ်တမ်းကြေညာချက်အရ ပူတင်ဟာ ၈၇.၈ မဲရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့တာဖြစ်ပြီး ဆိုဗီယက်ခေတ်နောက်ပိုင်း အများဆုံးရလဒ် ဖြစ်ပါတယ်။
နိုင်ငံရေးပြိုင်ဘက်တွေနဲ့ စိစစ်ဖြတ်တောက်သူတွေကို အကျဥ်းချထားတာတွေကြောင့် မဲဆန္ဒပေးပွဲက လွတ်လပ်မျှတမှာ မဟုတ်ဘူးလို့ အမေရိကန်၊ ဂျာမနီ၊ ဗြိတိန်ပြည်ထောင်စုနဲ့ အခြားနိုင်ငံများက ပြောပါတယ်။
ကွန်မြူနစ်ကိုယ်စားလှယ် နီကိုလိုင်ခါရီတိုနော့ဗ်က ၄ ရာခိုင်နှုန်းအောက်ဖြင့် ဒုတိယနေရာ၊ မျက်နှာသစ်ကိုယ်စားလှယ် ဗလာဒီဆလပ်ဒါဗန်ကော့ဗ်က တတိယနေရာ၊ အမျိုးသားဝါဒီစွန်းရောက် လီယိုနစ်ဆလုစကီက စတုတ္ထနေရာ အသီသီးရှိခဲ့ပါတယ်။
ယူကရိန်းမှာ အထူးစစ်ဆင်ရေး ပြုလုပ်တာနဲ့ ပတ်သက်တဲ့ လုပ်ငန်းတာဝန်တွေနဲ့ ရုရှားစစ်တပ် ခိုင်မာရေးတို့ကို ဦးစားပေး လုပ်ဆောင်သွားမယ်လို့ ပူတင်က မော်စကိုမှာ အောင်ပွဲခံမိန့်ခွန်း ပြောကြားသွားပါတယ်။
ရုရှားကို ဖိနှိပ်ဆန့်ကျင်ချင်တဲ့သူတွေ အခုလည်း မအောင်မြင်သလို နောင်လည်းဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူးလို့ ကြွေးကြော်လိုက်ပါတယ်။
အတိုက်အခံခေါင်းဆောင် အဲလက်ဇိုင်းနေဗယ်နီ အာတိတ်အကျဥ်းထောင်ထဲမှာ ပြီးခဲ့တဲ့လက သေဆုံးခဲ့တာကြောင့် မဲပေးရုံတွေမှာ ပူတင်ကိုဆန့်ကျင်ကြောင်း ဆန္ဒပြကြပေမယ့် ပူတင်က ထိုရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ဆန်ပြီး ဆန္ဒပြမှုတွေက ရွေးကောက်ပွဲရလဒ်တွေကို သက်ရောက်နိုင်မှာ မဟုတ်ကြောင်း သတင်းထောက်တွေထံ ပြောပြခဲ့ပါတယ်။
၃ ရက်တာ ရွေးကောက်ပွဲအတွင်း ယူကရိန်းဘက်က ရုရှားရှိ ရေနံချက်စက်ရုံများ ၊ ရုရှားနေရာများကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ကာ ရုရှားနယ်စပ်များကို ထိုးဖောက်ရန် ကြိုးပမ်းခဲ့ပါတယ်။
ရုရှားမြို့များရှိ မဲရုံတွေမှာ မဲပေးသူပေါင်း ရာထောင်ချီ တန်းစီနေတာ မြင်တွေ့ရပြီး အထူးသဖြင့် လူငယ်တွေများပြားတာကို ရိုက်တာသတင်းဌာနက မြင်တွေ့ခဲ့ရပါတယ်။
#World_Politics #ရုရှားသမ္မတရွေးကောက်ပွဲ #ပူတင်မဲအပြတ်အသတ်အနိုင်ရ #Source: Reuters
#World_Health
Published 18 March 2024
ယနေ့ခေတ်မှာ လူတွေဟာ အိမ်သာတက်ရင်း လက်ကိုင်ဖုန်းအသုံးပြုကြပြီး အချိန်ကြာမြင့်စွာ ထိုင်နေတတ်ကြပါတယ်။
ဒါဟာ အချိန်ကြာလာတာနဲ့အမျှ အန္တရာယ်ဖြစ်လာနိုင်ပြီး ကာကွယ်လျှော့ချနိုင်မယ့် နည်းလမ်းတွေကို အစာအိမ်နဲ့ အူလမ်းကြောင်း ဆရာဝန် အဲလက်ရှာဘူခရစ္စက ပြောပြသွားပါတယ်။
ဖြစ်လာနိုင်တဲ့ ဘေးအန္တရာယ်တွေကတော့
(၁) သွေးလိပ်ခေါင်း
မာတဲ့မျက်နှာပြင်ပေါ်မှာ ကြာမြင့်စွာထိုင်ခြင်းက သွေးကြောများ ရောင်ရမ်းစေပြီး မအီမသာဖြစ်နိုင်ကာ ဝမ်းသွားစဥ် သွေးထွက်ခြင်းပင် ဖြစ်နိုင်ပါတယ်။
(၂) အူဆန့်ခြင်း
ကြာမြင့်စွာ ထိုင်ခြင်းကြောင့် အူထဲမှာ ဖိအားများလာကာ ဝမ်းသွားရ ခက်ခဲလာပါတယ်။
(၃) တင်ပါးဆုံရိုးအားနည်းလာခြင်း
တင်ပါးဆုံကြွက်သားတွေက ဆီးအိမ်နဲ့ အစာဟောင်းအိမ်တို့ကို ထောက်ပံ့ထားတာကြောင့် အဆိုပါကြွက်သားများ အားနည်းသွားတဲ့အခါ ဆီးအကုန်မသွားနိုင်တာမျိုး ဖြစ်လာပါတယ်။
ထိုအန္တရာယ်တွေကို လျှော့ချနိုင်မယ့် နည်းလမ်းတွေကတော့
(၁) အိမ်သာထဲမှာ ထိုင်တဲ့အချိန် အရမ်းမကြာစေဘဲ လိုအပ်သလောက် ကိစ္စပြီးတဲ့အခါ ပြန်ထသင့်ပါတယ်။
(၂) ထိုင်တဲ့အခါ ကိုယ်နေဟန်ထား မှန်ကန်စွာထားသင့်ပါတယ်။
(၃) ခြေထောက်ကို ခုံပုပေါ်တင်ထားခြင်းဖြင့် အူလမ်းကြောင်းကို သဘာဝကျကျ ရှိနေစေပါတယ်။
(၄) ရေများများသောက်ခြင်း၊ ရေဓာတ်ပါတဲ့ အစားအစာ စားခြင်းတို့ဖြင့် ဝမ်းကိုပျော့ပျောင်းစေပါတယ်။
(၅) အိမ်သာတက်တဲ့အခါ အခက်အခဲ တွေ့လာပြီဆိုရင် ကျွမ်းကျင်သူများနဲ့ တိုင်ပင်သင့်ပါတယ်။
#World_Health #အချိန်ကြာမြင့်စွာအိမ်သာတက်ခြင်း #ကျန်းမာရေးဆိုးကျိုးပြဿနာများကြုံတွေ့#Source: The Jerusalem Post
Page 177 of 824