#LocalNews
Published_ 11 March 2022
မြန်မာ့အာမခံလုပ်ငန်းမှာ ရှိတဲ့ ကျန်းမာရေးအာမခံ အမျိုးအစားတွေထဲက ထပ် ဆောင်း ကျန်းမာရေးအာမခံအဖြစ် လုပ်ထားတဲ့ ကိုဗစ်အာမခံ ကို စိတ်ဝင်စားသူ များနေတယ်လို မြန်မာ့ အာမခံလုပ်ငန်းက သိရပါတယ်။
#Yangon_Media_Group
- Category: Myanmar
- Hits: 310

#WorldHealth
Published - 11 March 2022
SARS-CoV-2 ဗိုင်းရပ်စ်ရဲ့ အိုမီခရွန်မျိုးဗီဇကွဲကူးစက်ခံရသူများဟာ အနည်းဆုံး ၆ ရက်ကြာတဲ့အထိ ရောဂါပိုးပျံ့ပွားစေနိုင်ကြောင်း၊ အရင်မျိုးဗီဇကွဲတွေကူးစက်ပျံ့ပွားနိုင်တဲ့အချိန်နဲ့ အတူတူနီးပါးလောက်ဖြစ်ကြောင်း လေ့လာချက်တစ်ခုမှာဖော်ပြထားပါတယ်။
သုတေသီတို့က ဒယ်လ်တာကူးစက်ခံရသူ ၃၇ ဦး၊ အိုမီခရွန်ကူးစက်ခံရသူ ၁၉ ဦးအပါအဝင် ရောဂါပိုးကူးစက်ခံထားရတဲ့လူနာ ၅၆ ဦးထံမှ သွေးနမူနာများရယူခဲ့ပါတယ်။
လူနာအားလုံးဟာ တုပ်ကွေးရောဂါလက္ခဏာလိုမျိုး သာမန်လက္ခဏာတွေလောက်သာခံစားခဲ့ရပြီး တစ်ယောက်မှဆေးရုံတက်ကုသရခြင်းမရှိပါဘူး။
လူနာတွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေးတွေထိုးထိုးမထိုးထိုး ဘယ်မျိုးဗီဇကွဲကူးစက်သည်ဖြစ်စေ ရောဂါလက္ခဏာစပေါ်ပြီး အနည်းဆုံး ၆ ရက်အထိ ဗိုင်းရပ်စ်အရှင်တွေကူးစက်ပျံ့ပွားနိုင်ကြောင်း ဘော့စ်တွန်မြို့ မာဆာချူဆက်စ်အထွေထွေဆေးရုံမှ ဒေါက်တာ'အေမီဘာချက်'က ပြောပြလိုက်ပြီး medRxiv ဝက်ဘ်ဆိုက်မှာဖော်ပြခဲ့ပါတယ်။
"အခြားလူတွေဆီ ရောဂါပိုးကူးစက်ဖို့အတွက် ဗိုင်းရပ်စ်အရှင်ဘယ်လောက်အထိလိုအပ်သလဲဆိုတာကို သေချာမသိရသေးပါဘူး။ ရောဂါအပျော့စားသာခံစားရတဲ့သူတွေဆီကလည်း ပျမ်းမျှအားဖြင့် ၆ ရက်ကြာတဲ့အထိ ရောဂါကူးစက်လာနိုင်ပါတယ်။ ကာကွယ်ဆေးထိုးထားမထိုးထား ဘယ်မျိုးဗီဇကွဲကူးစက်သည်ပဲဖြစ်စေ သီးသန့်ခွဲနေထိုင်ခြင်း၊ နှာခေါင်းစည်းတပ်ဆင်ခြင်းများ လုပ်ဆောင်သင့်ပါတယ်" လို့ 'ဘာချက်'က ဆိုပါတယ်။
#Yangon_Media_Group
- Category: World
- Hits: 915

#WorldHealth
Published - 11 March 2022
ကိုဗစ်ရောဂါကူးစက်ခြင်းကြောင့် ဦးနှောက်ကျုံ့ခြင်းဖြစ်ပွားနိုင်ပြီး အသက်အလတ်ပိုင်းလူတွေမှာ ဦးနှောက်ပျက်ယွင်းခြင်းက ပုံမှန်ထက် ၃ ဆလောက် ပိုမိုမြန်ဆန်စွာဖြစ်ပေါ်နိုင်ကြောင်း လေ့လာချက်အသစ်တစ်ခုမှာဖော်ပြထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ထားတဲ့လူ ၄၀၁ ယောက်ကို အောက်စ်ဖို့ဒ်တက္ကသိုလ်က ရောဂါမကူးစက်ခင်နဲ့ ရောဂါကူးစက်အပြီး ဦးနှောက်တွေကိုစကင်ဖတ်လေ့လာခဲ့ကြပါတယ်။
ရောဂါကူးစက်ထားတဲ့သူတွေရဲ့ အနံ့ခံအာရုံနဲ့ဆိုင်တဲ့ ဦးနှောက်အစိတ်အပိုင်းနေရာဟာ ရောဂါမကူးစက်တဲ့သူတွေနဲ့ယှဉ်ရင် ဝ.၇ ရာခိုင်နှုန်းပိုကျုံ့လာခဲ့ပါတယ်။
ပုံမှန်အတိုင်းဆိုရ၍ သက်လတ်ပိုင်းလူတစ်ယောက်ရဲ့ အနံ့ခံအာရုံဦးနှောက်အစိတ်အပိုင်းနေရာဟာ နှစ်တစ်နှစ်အတွင်း ဝ.၂ ရာခိုင်နှုန်းလျော့ပါးသွားပြီး အသက်ကြီးတဲ့သူတွေမှာတော့ ဝ.၃ ရာခိုင်နှုန်းနှစ်စဉ်လျော့နည်းလာနိုင်ပါတယ်။
ကိုဗစ်ကူးစက်ထားတဲ့သူတွေမှာတော့ ဦးနှောက်အစိတ်အပိုင်းက ပိုမိုမြန်ဆန်စွာယိုယွင်းလာနိုင်တယ်လို့ အသိပေးချင်တာဖြစ်ပါတယ်။ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိတဲ့သူတွေမှာ အသိဉာဏ်စမ်းသပ်စစ်ဆေးချက်တွေပြီးမြောက်ဖို့ ပိုမိုကြာရှည်နေခဲ့ပါတယ်။
သုံးသပ်လေ့လာထားတဲ့သုတေသီတွေက "ကိုဗစ်ရောဂါကြောင့်ဖြစ်လာတဲ့ ဆိုးကျိုးသက်ရောက်မှုတွေက သိသာထင်ရှားပြီး ဆိုးဆိုးရွားရွားထိခိုက်စေပါတယ်။ ဆေးရုံတက်ကုသခံယူရတဲ့သူတွေကို ထည့်မတွက်ရင်တောင် ဒီသက်ရောက်မှုတွေဆက်ရှိနေပါသေးတယ်။
ဒီဆိုးကျိုးတွေက တစိတ်တပိုင်းပြန်ကောင်းလာနိုင်လား ဒါမှမဟုတ် ရေရှည်အထိသက်ရောက်နေမှာထားဆိုတာကို ဆက်လက်လေ့လာသွားရမှာပါ" လို့ Natue ဂျာနယ်မှာဖော်ပြခဲ့ပါတယ်။
ဦးနှောက်ကျုံ့ခြင်းနဲ့ဆိုးကျိုးသက်ရောက်မှုတွေက အသက်ရှူလမ်းကြောင်းရောဂါပိုးကူးစက်မှုကြောင့် ဖြစ်တာလားဆိုတာကို လေ့လာစစ်ဆေးကြည့်ဖို့အတွက် အဆုတ်ရောင်ရောဂါဖြစ်တဲ့လူနာတွေရဲ့ဦးနှောက်တွေကို ဆန်းစစ်လေ့လာခဲ့ရာမှာ ကိုဗစ်နဲ့မသက်ဆိုင်ကြောင်းတွေ့ခဲ့ရပါတယ်။
ဦးနှောက်ကျုံ့ခြင်းက ဗိုင်းရပ်စ်နဲ့သက်ဆိုင်သလားဆိုတာကိုမသိရသလို ဦးနှောက်အစိတ်အပိုင်းထိခိုက်မှုကြောင့် အနံ့ခံအာရုံဆုံးရှုံးတာလား၊ ခုခံအားကြောင့်ဖြစ်တာလားဆိုတာတွေကို မသိရှိရသေးကြောင်း သိပ္ပံပညာရှင်တွေက ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့လည်း ကိုဗစ်ရောဂါကူးစက်ခံရတဲ့လူတွေမှာ ကိုဗစ်နောက်ဆက်တွဲလက္ခဏာခံစားရတဲ့ အကြောင်းအရင်းကိုတော့ သိရှိနိုင်ဖွယ်ရှိနေပါတယ်။
Source: The Telegraph
- Category: World
- Hits: 813

#Local_Health
Published_ 10 March 2022
ကိုဗစ်-၁၉ စတုတ္ထလှိုင်းတွင် ရောဂါဖြစ်ပွားမှုမှာ ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ နေ့စဉ်ပိုးတွေ့မှု သိသာစွာမြင့်တက်လာခဲ့သော်လည်း ယခု မတ်လဆန်းပိုင်းတွင် စတင်ကျဆင်းလာပြီး နေ့စဉ်ရောဂါကြောင့် သေဆုံးမှုမှာလည်း ၀.၁ မှ ၀.၂ ရာခိုင်နှုန်းခန့်သာရှိကြောင်း နစက ကျန်းမာရေးဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
ကိုဗစ်-၁၉ ရောဂါ စတုတ္ထလှိုင်းအတွင်း ရောဂါဖြစ်ပွားသေဆုံးမှုများကို သုံးသပ်ကြည့်ရာ ရောဂါကြောင့် သေဆုံးသူအများစုဖြစ်သည့် ၉၀ မှ ၉၅ ရာခိုင်နှုန်းခန့်မှာ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံမှုမရှိသူများဖြစ်တယ်လို့ ဆိုပါတယ်။
ရောဂါဖြစ်ပွားမှု လျင်မြန်စွာပြန်လည်ကျဆင်းလာခြင်းနှင့် ရောဂါကြောင့်သေဆုံးမှု လျော့ကျရခြင်းတို့မှာ ကိုဗစ်-၁၉ရောဂါ စတုတ္ထလှိုင်းမစတင်မီကတည်းက ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများကို ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်ခဲ့ခြင်းနှင့် အသက်(၁၈)နှစ်အထက် ဦးတည်အုပ်စုများတွင် ကာကွယ်ဆေးလွှမ်းခြုံမှု ၆၀ ရာခိုင်နှုန်းကျော်ရရှိအောင် ဆောင်ရွက်ထားရှိခဲ့နိုင်ခြင်း၊ အသက် ၁၂ နှစ်မှ အသက် ၁၈ နှစ်အရွယ် အခြေခံပညာကျောင်းသား၊ကျောင်းသူ ၁.၅ သန်းခန့်အား ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံနိုင်ခဲ့ခြင်းတို့ကြောင့်ဖြစ်တယ်လို့ ဝန်ကြီးကဆိုပါတယ်။
ကာကွယ်ဆေးများ ပျက်စီးဆုံးရှံးးခြင်းမဖြစ်စေရေးအတွက် အအေးလမ်းကြောင်းမပျက် သိုလှောင်ထားရှိ၍ ပို့ဆောင်ပေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမှာဖြစ်ပြီး ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရန် တိုက်တွန်းခဲ့ပါတယ်။
ယခုကိုဗစ်-၁၉ ရောဂါစတုတ္ထလှိုင်းတွင် တစ်နိုင်ငံလုံးအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား ကူစက်မှုနှင့်သေဆုံးမှုများမှာ ကျဆင်းလျက်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ နေ့စဉ်ထုတ်ပြန်ချက်များအရ သိရပါတယ်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိဆေးရုံများတွင် ကုသရေးလုပ်ငန်းများကို နိုင်နိုင်နင်းနင်းဆောင်ရွက်နိုင်ပြီး အောက်ဆီဂျင်လုံလောက်မှုလည်းရှိတယ်လို့သူကပြောပါတယ်
#ymg_mnn
#Yangon_Media_Group
- Category: Myanmar
- Hits: 374

#WorldHealth
Published - 10 March 2022
ကမ္ဘာတဝန်းမှာ အိုမီခရွန်မျိုးဗီဇကွဲအလျင်အမြန်ကူးစက်နေတာကြောင့် လူတစ်ယောက်အနေနဲ့ ကိုဗစ်ရောဂါကူးစက်ခံရဖူးတယ်ဆိုရင် ကိုဗစ်ကာကွယ်ဆေးတွေ အားမြှင့်ကာကွယ်ဆေး(booster)တွေထိုးနှံဖို့ လိုအပ်သေးသလားဆိုတာကို အတော်များများကသိချင်နေကြပါတယ်။
ဆေးပညာသီအိုရီတွေအရ ရောဂါကူးစက်ခံရရင် ပဋိပစ္စည်း(antibody)ထွက်ပေါ်ကာ သဘာဝခုခံအားရရှိစေပါတယ်။ဒါပေမဲ့မေးစရာရှိတာက သဘာဝခုခံအားက ကိုဗစ်ကာကွယ်ဆေးနေရာမှာ အစားထိုးပေးနိုင်လား၊ နောက်ထပ်ကိုဗစ်ရောဂါကူးစက်မှုကို ကာကွယ်ပေးနိုင်လား ဆိုတာပါပဲ။
လေ့လာစမ်းသပ်ချက်တွေအရ ကိုဗစ်ကူးစက်ပြီးသားလူတွေလည်း ကာကွယ်ဆေးထိုးသင့်ပြီး ကာကွယ်ဆေးထိုးပြီးသားလူတွေကလည်း အားမြှင့်ကာကွယ်ဆေးထိုးနှံသင့်ပါတယ်။
ကိုဗစ်ရောဂါကူးစက်ခံရပြီးနောက်ပိုင်း ကာကွယ်ဆေးမထိုးရသေးတဲ့လူတွေဟာ ရောဂါကူးစက်ခံရပြီးနောက် ကာကွယ်ဆေးထိုးလိုက်တဲ့သူတွေထက် ရောဂါထပ်မံကူးစက်နိုင်ချေပိုများကြောင်း အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ(CDC)က ဖော်ပြထားပါတယ်။
ကိုဗစ်အားမြှင့်ကာကွယ်ဆေး(booster)က ရောဂါပြင်းထန်စွာဖြစ်ပွားခြင်းကို ကာကွယ်ပေးနိုင်တာကြောင့် ရောဂါကူးစက်ဖူးသူတွေမှာလည်း အားမြှင့်ကာကွယ်ဆေးထိုးနှံသင့်ကြောင်း နိုင်ငံအများအပြားမှ တာဝန်ရှိသူများက အကြံပြုထားပါတယ်။
ကိုဗစ်ရောဂါကူးစက်ခံရခြင်းကြောင့် ဆေးရုံတက်ကုသခံယူခဲ့ရတဲ့ ကာကွယ်ဆေးမထိုးရသေးတဲ့လူတွေဟာ ဖိုင်ဇာ-ဘိုင်အိုတက်ခ်ကာကွယ်ဆေး ၂ ကြိမ်ထိုးထားသူတွေထက်စာရင် ရောဂါထပ်မံကူးစက်နိုင်ချေ ၅ ဆခွဲမျှပိုများနေကြောင်း အမေရိကန် CDC က ပြီးခဲ့တဲ့နိုဝင်ဘာလက ဖော်ပြခဲ့ပါတယ်။
အရင်က SARS-CoV-2 ကူးစက်ခံရဖူးသူတွေထဲမှာ ကာကွယ်ဆေးအပြည့်ထိုးနှံထားခြင်းဖြင့် ရောဂါထပ်မံကူးစက်မှုမဖြစ်ပွားအောင် ထပ်ဆောင်းကာကွယ်ပေးနိုင်ပါတယ်။
ရောဂါကူးစက်ခံရဖူးပြီး ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားသူတွေမှာ ရောဂါကာကွယ်နိုင်စွမ်းက ပိုမိုအားကောင်းကာ တာရှည်ခံနိုင်ပြီး ကာကွယ်ဆေးနှစ်ကြိမ်ထိုးအပြီးမှာ ၉၀ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်ပါတယ်။
အဆိုပါကာကွယ်နိုင်စွမ်းက ရောဂါကူးစက်ခံရအပြီး တစ်နှစ်ကျော်အထိတာရှည်ခံနိုင်ကာ ကာကွယ်ဆေးထိုးအပြီးမှာ ၆ လကျော်တာရှည်ခံနိုင်ပါတယ်။
ရောဂါကူးစက်ခံရပြီးရရှိခဲ့တဲ့ သဘာဝခုခံအားကတော့ ၆ လလောက်အထိ ကာကွယ်မှုပေးနိုင်ပါတယ်။၄ လမှ ၆ လကြာပြီးနောက် ခုခံအားကတဖြည်းဖြည်းလျော့ကျလာမှာဖြစ်ပါတယ်။
ဂျွန်ဟော့ကင်းစ်တက္ကသိုလ်လေ့လာချက်အရ mRNA ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီး ရောဂါကူးစက်ခဲ့တဲ့လူတွေမှာ ကာကွယ်ဆေးမထိုးထားဘဲ ရောဂါကူးစက်ခဲ့တဲ့လူတွေထက် ခုခံအားက ပိုမိုကြာရှည်ခံနိုင်ပါတယ်။
ကိုဗစ်ရောဂါဖြစ်ပွားခြင်းမှ ပြန်လည်သက်သာလာတဲ့လူတွေကို ရောဂါပိုးမတွေ့ရှိတော့ကြောင်းအဖြေထွက်ပြီးတဲ့အခါ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုစင်တာတွေမှာ ကူးစက်မှုတွေကိုလျှော့ချနိုင်မှာဖြစ်ကြောင်း CDC က ဆိုပါတယ်။
Source: South China Morning Post
- Category: World
- Hits: 638

#WorldHealth
Published - 08 March 2022
ဒိန်းမတ်နိုင်ငံမှာ လူပေါင်း ၁၅၂,၀၀၀ ဦးကို စစ်တမ်းကောက်ယူခဲ့ရာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး ၆ လမှ ၁၂ လအတွင်း လူသုံးပုံတစ်ပုံနီးပါးလောက်ဟာ နောက်ဆက်တွဲလက္ခဏာအနည်းဆုံးတစ်မျိုးလောက် ခံစားရကြောင်း တွေ့ရှိခဲ့ကြပါတယ်။
ဒီလေ့လာကောက်ယူချက်မှာ ကိုဗစ်ရောဂါဖြင့် ဆေးရုံတက်ရောက်ခြင်းမရှိတဲ့ လူအများဆုံးပါဝင်ကာ အခြားအရေးကြီးလေ့လာချက်တွေကထက် အချိန်ပိုမိုကြာရှည်စွာစောင့်ကြည့်လေ့လာခဲ့တာဖြစ်ကြောင်း ဒိန်းမတ်နိုင်ငံဆီရမ်အင်စတီကျုမှ သုတေသီများက ပြောကြားခဲ့ပါတယ်။
စစ်တမ်းကောက်ယူချက်တွင် မေးခွန်းပုံစံများဖြင့်ကောက်ယူခဲ့ရာ အဖြစ်အများဆုံးနောက်ဆက်တွဲလက္ခဏာတွေမှာ အနံ့အရသာအာရုံပြောင်းလဲခြင်းနဲ့ နွမ်းနယ်နုံးချည့်ခြင်းတို့ဖြစ်နေပါတယ်။
အိုမီခရွန်မျိုးဗီဇကွဲမပေါ်ပေါက်သေးတဲ့အချိန် ၂၀၂၀ စက်တင်ဘာလမှ ၂၀၂၁ ဧပရယ်လ်လအတွင်း လေ့လာချက်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။အရင် ၆ လ၊ ၉ လ၊ ၁၂ လအတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ထားတဲ့ လူပေါင်း ၆၁,၀၀၂ ဦးကို ရောဂါပိုးမကူးစက်ခဲ့တဲ့ လူပေါင်း ၉၁,၈၇၈ ဦးနဲ့ နှိုင်းယှဉ်ခဲ့ပါတယ်။
ရောဂါပိုးကူးစက်ခဲ့တဲ့လူဦးရေ ၂၉.၆ ရာခိုင်နှုန်းဟာ ကူးစက်ခံရပြီး ၆ လမှ ၁၂ လအတွင်း အနည်းဆုံးရုပ်ပိုင်းဆိုင်ရာရောဂါလက္ခဏာတစ်မျိုးခံစားရကြောင်း တွေ့ရှိခဲ့ပြီး ရောဂါပိုးမကူးစက်ခဲ့တဲ့သူတွေထဲမှာတော့ ၁၃ ရာခိုင်နှုန်းသောလူတွေက နောက်ဆက်တွဲလက္ခဏာတွေခံစားခဲ့ရပါတယ်။
ရောဂါပိုးကူးစက်ခဲ့တဲ့သူ ၅၃.၁ ရာခိုင်နှုန်းကတော့ ရောဂါကူးစက်ခံရပြီး ၆ လမှ ၁၂ လအတွင်း စိတ်ပိုင်းဆိုင်ရာ သိုမဟုတ် ရုပ်ပိုင်းဆိုင်ရာမောပန်းခြင်း၊ အိပ်စက်မှုပြဿနာဖြစ်ခြင်း၊ မှတ်ဉာဏ်သိရှိမှုပြဿနာဖြစ်ခြင်းများ ခံစားခဲ့ကြရပါတယ်။
SARS-CoV-2 ကူးစက်ခံရတဲ့သူတွေမှာ စိတ်ဓာတ်ကျခြင်းဝေဒနာနဲ့ စိုးရိမ်ပူပန်ခြင်းဝေဒနာတွေလည်း အဖြစ်များလာပါတယ်။ရောဂါကူးစက်ပြီး ၃ လအတွင်း နောက်ဆက်တွဲလက္ခဏာတွေထဲမှာ အသက်ရှူခက်ခဲခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းတို့ကိုလည်း အနည်းဆုံး ၂ လလောက်ခံစားရနိုင်ကြောင်း WHO က ဖော်ပြထားပါတယ်။
လူဦးရေ ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းကြားမှာ ဒီလိုနောက်ဆက်တွဲလက္ခဏာတွေ ပေါ်ပေါက်လာနိုင်ပြီး စောင့်ရှောက်ကုသမှုတွေ လိုအပ်လာနိုင်ကြောင်း WHO က ခန့်မှန်းဖော်ပြထားပါတယ်။
"အိုမီခရွန်က အခြားမျိုးဗီဇကွဲတွေလို ကိုဗစ်နောက်ဆက်တွဲလက္ခဏာတွေ ပေါ်ပေါက်လာနိုင်တာကြောင့် အိုမီခရွန်ကူးစက်ခံရတဲ့လူအရေအတွက်အတိုင်း မှန်းဆကြည့်ပါက နောက် ၁၂ လအတွင်း ဒီပြဿနာကြီးနဲ့ကြုံတွေ့ရနိုင်ပါတယ်" လို့ အိတ်စ်တာဆေးဘက်ဆိုင်ရာတက္ကသိုလ်မှ သင်ရိုးပို့ချသူ'ဒေးဗစ်စထရိန်း'က ပြောကြားခဲ့ပါတယ်။
Source: Reuters
- Category: World
- Hits: 1017

#WorldHealth
Published - 07 March 2022
ကိုဗစ်ရောဂါဖြစ်ပွားစေတဲ့ အိုမီခရွန်မျိုးဗီဇကွဲက ရာသီအလိုက်ဖြစ်ပွားတတ်တဲ့ တုပ်ကွေးရောဂါထက် ပိုပြီးအန္တရာယ်များကြောင်း ဂျပန်သုတေသီတွေက သတိပေးလိုက်ပါတယ်။
ကပ်ရောဂါထိန်းချုပ်ကန့်သတ်ချက်တွေကို ဖြေလျှော့ဖို့ စောလွန်းသေးကြောင်း၊ ဗိုင်းရပ်စ်ကြောင့် ကျန်းမာရေးအန္တရာယ်တွေဖြစ်လာနိုင်ကြောင်း အထူးသတိပေးခဲ့ပါတယ်။
ဂျပန်နိုင်ငံအတွင်း အိုမီခရွန်မျိုးဗီဇကွဲကြောင့် ရောဂါကူးစက်မှုနှုန်းနဲ့ယှဉ်ရင် အသက်သေဆုံးမှုနှုန်းက ဝ.၁၃ ရာခိုင်နှုန်းရှိနေကြောင်း နိုင်ငံတော်ကျန်းမာရေးဝန်ကြီးအတိုင်ပင်ခံ သိပ္ပံပညာရှင်များက သုံးသပ်ထားပါတယ်။
ပြီးခဲ့တဲ့ကူးစက်မှုလှိုင်းတုန်းက သေဆုံးမှုနှုန်း ၄.၂၅ ရာခိုင်နှုန်းနဲ့ယှဉ်ရင် အခုကူးစက်မှုလှိုင်းက သေဆုံးမှုနှုန်းနည်းနေပေမယ့် ရာသီတုပ်ကွေးကြောင့် အသက်သေဆုံးမှုနှုန်းထက်တော့ များနေတာဖြစ်ပါတယ်။
ကမ္ဘာတဝန်းကနိုင်ငံတွေမှာ နှာခေါင်းစည်းတပ်ဆင်ခြင်းကနေ ရောဂါပိုးစမ်းသပ်ခြင်းများအထိ ကိုဗစ်စည်းကမ်းတွေကို ဖြေလျှော့နေပြီဖြစ်ကာ ပုံမှန်အတိုင်းပြန်လည်နေထိုင်သွားကြဖို့ ဆောင်ရွက်နေကြပါတယ်။
လူအများစုက ကန့်သတ်ထိန်းချုပ်ချက်တွေကို စိတ်ကုန်နေပြီဖြစ်ပြီး အိုမီခရွန်က ရောဂါပြင်းထန်ခြင်းနည်းပါးတာကြောင့် စည်းမျဉ်းကန့်သတ်ချက်တွေ မလိုအပ်တော့ဘူးလို့ ယူဆလာကြပါတယ်။
ဂျပန်နိုင်ငံမှာလည်း စည်းမျဉ်းဖြေလျှော့ခြင်းတွေ သိပ်မပြုလုပ်သေးပေမယ့် ပြည်ဝင်ခွင့်ပိတ်ပင်ထားခြင်းကို ဖွင့်ပေးလိုက်ကာ ခရီးသွားဧည့်သည်တွေ၊ အရေးပါတဲ့ဝန်ထမ်းလုပ်သားတွေ၊ ရောဂါပိုးရှိသူနဲ့ထိတွေ့ရသူတွေကို ကွာရန်တင်းသတ်မှတ်ချက်အတိုင်းနေခိုင်းပြီး စီးပွားရေးမှာရှေ့ဆက်နေကြပါတယ်။
ကန့်သတ်ပိတ်ပင်ချက်အားလုံးကို တပြိုင်တည်းဖြေလျှော့ပေးလိုက်ပါက ဖြစ်လာနိုင်တဲ့အကျိုးဆက်ကို ထပ်မံလေ့လာဖို့ လိုအပ်နေသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာနအကြံပေးအဖွဲ့မှ ဥက္ကဌဖြစ်သူဒေါက်တာ'တာကာဂျီဝါကီတာ'က ပြောကြားလိုက်ပါတယ်။
အခုလက်ရှိလေ့လာထားတဲ့ ကိန်းဂဏန်းအချက်အလက်တွေဟာ ထိန်းချုပ်ကန့်သတ်ချက်တွေ ထားရှိထားဆဲအချိန်မှာ ရယူထားတာဖြစ်ပါတယ်။
ကိုဗစ်ရောဂါနဲ့ တုပ်ကွေးရောဂါကြားမှာ အရင်က အသက်သေဆုံးမှုနှုန်းကွာခြားခဲ့ပေမယ့် အိုမီခရွန်ပေါ်ပေါက်လာချိန်မှာတော့ သိပ်ပြီးမကွာခြားတော့ဘူးလို ဒေါက်တာ'ဝါကီတာ'က ဆိုပါတယ်။
Source: The Straits Times
- Category: World
- Hits: 751