#WorldHealth
Published - 04 March 2022
ဖန်ပြွန်သန္ဓေသားမျိုးစပ်ခြင်း(IVF)ဖြစ်စဉ်တွင် အေးခဲထားသောသန္ဓေသားလောင်းအား အရည်ပျော်စေပြီးနောက် အမျိုးသမီးသားအိမ်ထဲသို့ပြောင်းရွှေ့ခြင်း(FET)ဟာ အဓိကလုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။
mRNA ကိုဗစ်ကာကွယ်ဆေးတွေထိုးနှံခြင်းက အဆိုပါ FET ဖြစ်စဉ်အပေါ် ဆိုးကျိုးသက်ရောက်မှုမရှိစေနိုင်ကြောင်း အစ္စရေးလ်နိုင်ငံ ရှီဘာဆေးကုသစင်တာရဲ့လေ့လာချက်ကို Fertility and Sterility ဆေးပညာဂျာနယ်မှာ ကြာသပတေးနေ့က ဖော်ပြလိုက်ပါတယ်။
သုတေသီတွေလေ့လာဆန်းစစ်ခဲ့တဲ့ သန္ဓေသားလောင်း ၆၇၂ ယောက်ဟာ အသက် ၃၈ နှစ်အရွယ်တွေအထိပါဝင်တဲ့ အမျိုးသမီး ၄၂၈ ဦးထံ ရွှေ့ပြောင်းခဲ့ကြတာဖြစ်ပါတယ်။
ထိုအမျိုးသမီးတွေဟာ IVF နည်းလမ်းဖြင့် သန္ဓေယူခဲ့ကြပြီး အဲဒီအထဲက ၁၄၁ ယောက်ဟာ mRNA ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားသူတွေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းမှ သက်သာလာသူတွေပါဝင်ပါတယ်။
အဲဒီနောက်မှာတော့ ကာကွယ်ဆေးထိုးထားတဲ့အမျိုးသမီးတွေနဲ့ ကာကွယ်ဆေးမထိုးထားတဲ့သူတွေကြား ကိုယ်ဝန်သန္ဓေအောင်မြင်မှုနှုန်း ခြားနားခြင်းမရှိကြောင်း သုတေသီတို့ တွေ့ရှိခဲ့ကြပါတယ်။
"ကမ္ဘာတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးတွေ စတင်ထိုးနှံနေတဲ့အချိန်ကတည်းက ကိုယ်ဝန်ဆောင်အရွယ်အမျိုးသမီးတွေ ပူပန်နေရတဲ့ကိစ္စတစ်ခုရှိပါတယ်။ ကာကွယ်ဆေးထိုးနှံခြင်းက IVF ဖြစ်စဉ်ကို ဆိုးကျိုးသက်ရောက်စေနိုင်တယ်ဆိုတဲ့ အတွေးပါပဲ။ အမျိုးသမီးတွေနဲ့ မိခင်အများအပြား ဒီကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်နေကြပါတယ်" လို့ ရှီဘာဆေးရုံ IVF ဌာနမှ ညွှန်ကြားရေးမှူး ပရော်ဖက်ဆာ'ရာအူးလ်အော်ဗီယေတို'က ပြောပြခဲ့ပါတယ်။
တစ်ကမ္ဘာလုံးမှာ ကာကွယ်ဆေးထိုးနှံသူတွေများပြားလာပေမယ့် ဒီလိုဆိုးကျိုးသက်ရောက်မှုတွေကို စိုးရိမ်နေတဲ့သူတွေကြောင့် ကာကွယ်ဆေးထိုးနှံဖို့ နှောင့်နှေးနေကြပြီး ကာကွယ်ဆေးထိုးနှံမှုနှုန်း အခက်အခဲဖြစ်နေပါတယ်။
ကာကွယ်ဆေးထိုးနှံပြီးနောက် နောက်ဆက်တွဲဆိုးကျိုးတွေက ပြင်းထန်ခြင်းမရှိပေမယ့် အအေးမိဖျားနာလက္ခဏာတွေကနေ ရောဂါလက္ခဏာတွေအထိ ခံစားရနိုင်ပါတယ်။
နိုင်ငံတော်ကျန်းမာရေးအဖွဲ့ အစည်းရဲ့ ဖော်ပြချက်အရ ကာကွယ်ဆေးထိုးပြီးတဲ့အမျိုးသမီးအချို့ မှာ ရာသီဓမ္မတာစက်ဝန်း တစ်ရက်တာပိုကြာနိုင်တယ်လို့ သိရှိရပါတယ်။
၂၀၂၁ ခုနှစ်မေလအတွင်း မျိုးပွားခြင်းဆိုင်ရာဇီဝဗေဒဂျာနယ်မှာ mRNA ကိုဗစ်ကာကွယ်ဆေးမထိုးခင်နဲ့ ထိုးအပြီး IVF လုပ်ငန်းစဉ်တွေမှာ 'မ'မျိုးဥလှုံ့ဆော်ခြင်းနဲ့ သန္ဓေသားအောင်နိုင်စွမ်းအခြေအနေတွေ ပြောင်းလဲခြင်းမရှိကြောင်း ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့လအတွင်း လူသားမျိုးပွားခြင်းဆိုင်ရာဂျာနယ်ရဲ့ဖော်ပြချက်အရ ကိုဗစ်ကာကွယ်ဆေးထိုးပြီး ၃ လအတွင်း အမျိုးသမီးတွေရဲ့သားဥထွက်ရှိမှု ပြောင်းလဲခြင်းမရှိပါဘူး။
"အကျဉ်းချုပ်ကြည့်ရင် ကာကွယ်ဆေးထိုးနှံခြင်းက FET နည်းလမ်းဖြင့် အမျိုးသမီးတွေကိုယ်ဝန်ဆောင်နိုင်မှုနှုန်းကို ဆိုးကျိုးမသက်ရောက်စေပါဘူး" လို့ 'အော်ဗီယေတို'က သုံးသပ်သွားပါတယ်။
Source: The Jerusalem Post.
Published 3 March 2022
ဖေဖော်ဝါရီ(၂၇)ရက်မှာ အဆုံးသတ်တဲ့ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ကူးစက်မှုဟာ ၁၆ရာခိုင်နှုန်း ကျဆင်းသွားပြီး သေဆုံးနှုန်းဟာလည်း ၁၀ရာခိုင်နှုန်းကျဆင်းသွားတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အပတ်စဉ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဖေဖော်ဝါရီ(၂၁)ရက်မှ (၂၇)ရက်အထိ တစ်ပတ်တာအတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ဒေသကြီး(၆)ခုအတွင်း ကူးစက်မှု အသစ် ဆယ်သန်းကျော်နှင့် သေဆုံးမှုအသစ် ခြောက်သောင်းကျော်ရှိခဲ့ပါတယ်
အဲဒီအထဲမှာ ပစိဖိတ်အနောက်ပိုင်းဒေသတစ်ခုတည်းသာ ကူးစက်မှုမြင့်မားခဲ့ပြီး ၃၂ရာခိုင်နှုန်းတက်ခဲ့တာပါ။ မြေထဲပင်လယ် အရှေ့ပိုင်းဒေသမှာတော့ ကူးစက်မှုတွေက ၃၄ရာခိုင်နှုန်းအထိကျဆင်းခဲ့ရာ ဒေသကြီး(၆)ခုမှာ ကူးစက်မှုအကျဆင်းဆုံး ဒေသဖြစ်ပါတယ်။
ပစိတ်ဖိတ်အနောက်ပိုင်းဒေသဟာ သေဆုံးနှုန်းလည်း ၂၂ရာခိုင်နှုန်းအထိတက်ခဲ့ပြီး အရှေ့ပိုင်းမြေထဲပင်လယ်ဒေသကတော့ သေဆုံးနှုန်း(၄)ရာခိုင်နှုန်းတက်ခဲ့ပါတယ်။တစ်ပတ်အတွင်း ထပ်မံသေဆုံမှုအသစ်တွေဟာ အာဖရိက၊အရှေ့တောင်အာရှ၊ဥရောပနှင့် အမေရိကားဒေသတွေမှာ ကျဆင်းလာခဲ့တာဖြစ်ပါတယ်
Source: CMG
#WorldHealth
Published- 02 March 2022
အမေရိကန်မှာ နှာခေါင်းစည်းတပ်ဆင်ခြင်း၊ ခပ်ခွာခွာနေထိုင်ခြင်းစတဲ့ ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ကန့်သတ်ချက်တွေကို သိပ်ပြီးမလိုအပ်တော့ကြောင်း အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ (CDC)က ဖေဖော်ဝါရီ ၂၅ ရက်နေ့က စည်းမျဉ်းတွေပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။
အလားတူ ပြည်နယ်အများစုမှာလည်း ရောဂါကာကွယ်ရေးလုပ်ဆောင်မှုတွေ ဖြေလျှော့ဖို့ စီစဉ်လာကြတာဖြစ်ပါတယ်။ဒါပေမဲ့ တိုင်းပြည်မျှော်လင့်ချက်တိုးတက်လာရေးနဲ့ ပုံမှန်အတိုင်းပြန်လည်နေထိုင်နိုင်ဖို့ အလျင်လိုနေမှုက အမေရိကန်ပြည်သူ့ကျန်းမာရေးကျွမ်းကျင်သူတွေ စိုးရိမ်နေရတဲ့ကိစ္စဖြစ်ကာ အိုမီခရွန်ကူးစက်မှုပြီးဆုံးခြင်းကို ကပ်ရောဂါကြီးအဆုံးသတ်ခြင်းမျိုး ယူဆလို့ မရနိုင်ကြောင်း သတိပေးလိုက်ပါတယ်။
"အခြေအနေတွေက တိုးတက်လာနေပေမယ့် လက်လွတ်စပယ်နေထိုင်လို့ တော့ မဖြစ်သေးပါဘူး" လို့ ဂျော့ဂျ်ဝါရှင်တန်တက္ကသိုလ်မှ ဒေါက်တာ'လင်းအာရ်ဂိုးလ်မန်း'က ဆိုပါတယ်။
မျိုးဗီဇကွဲအသစ်တွေ ပေါ်ထွက်နိုင်ဆဲဖြစ်ပြီး နိုင်ငံရဲ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်က နောက်ထပ်ကူးစက်မှုတွေအတွက် အဆင်သင့်ရှိမနေဘဲ CDC ရဲ့လမ်းညွှန်ချက်အသစ်တွေက ကပ်ရောဂါအခြေအနေနဲ့ လမ်းလွဲသွားနိုင်ပါတယ်လို့ ဒေါက်တာ'ဂိုးလ်မန်း'က ထောက်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၁၄ ရက်အတွင်း အမေရိကန်မှာ နေ့စဉ်ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်း ၆၃ ရာခိုင်နှုန်းကျဆင်းခဲ့ကာ ဆေးရုံတက်ကုသခံယူရမှုနဲ့ အသက်သေဆုံးမှုတို့မှာလည်း ကျဆင်းလာခဲ့ကြောင်း နယူးယော့ခ်တိုင်းမ်စ်မှ ဖော်ပြထားပါတယ်။
CDC ရဲ့လမ်းညွှန်ချက်ပြောင်းလဲမှုတွေကြောင့် အမေရိကန်နိုင်ငံသား ၇၀ ရာခိုင်နှုန်းလောက်က နှာခေါင်းစည်းတပ်ဆင်ခြင်းတွေ၊ ခပ်ခွာခွာနေထိုင်ခြင်းတွေ၊ လူစုလူဝေးရှောင်ကြဉ်ခြင်းတွေ မပြုလုပ်တော့ဘဲနေသွားနိုင်တယ်လို့ ယူဆလို့ရပါတယ်။
CDC ရဲ့လမ်းညွှန်ချက်အသစ်တွေက သင့်တော်မှုရှိပေမယ့် ဖြစ်မလာသေးတဲ့ကပ်ရောဂါအခြေအနေတွေကို ထည့်သွင်းတွက်ချက်ထားခြင်းမရှိဘူးလို့ ကျွမ်းကျင်ပညာရှင်အများအပြားက စိုးရိမ်ပူပန်နေကြပါတယ်။
အမေရိကန်ဆေးဘက်ဆိုင်ရာအဖွဲ့ အစည်းမှ ဥက္ကဌဖြစ်သူ ဒေါက်တာ'ဂျရဲအီးဟာမွန်'က လမ်းညွှန်ချက်အသစ်နဲ့ပတ်သက်ပြီး တုန့်ပြန်ပြောကြားရာမှာ သူကတော့ လူများရာနေရာတွေမှာ နှာခေါင်းစည်းတပ်ဆင်သွားဦးမှာဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံသားအားလုံးကိုလည်း သူ့လိုမျိုးနေထိုင်ဖို့ တိုက်တွန်းကြောင်း ပြောဆိုသွားပါတယ်။
အမေရိကန်ပြည်နယ်များဖြစ်တဲ့ အီလီနွိက်စ်၊ ကွန်နက်တီကတ်၊ နယူးယော့ခ်တိုအပါအဝင် ပြည်နယ်အများအပြားမှာ နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ခြင်းကို အဆုံးသတ်ဖယ်ရှားဖို့ ပြုလုပ်နေကြပြီဖြစ်ပါတယ်။
ကိုလိုရာဒိုပြည်နယ်မှ အုပ်ရေးမှူး'ဂျဲရတ်ပေါလစ်'က "ဗိုင်းရပ်စ်က ရှိနေဆဲဖြစ်ပြီး တသက်လုံးရှိနေတာလဲ ဖြစ်ချင်ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကိုဗစ်ကာကွယ်ဆေးအပြည့်ထိုးထားတဲ့ ကိုလိုရာဒိုကပြည်သူတွေအနေနဲ့ ရောဂါကိုကြောက်စရာမလိုဘဲ လွတ်လွတ်လပ်လပ်နေထိုင်နိုင်တဲ့ အနေအထားဖြစ်သင့်နေပါပြီ" လို့ ပြောကြားသွားပါတယ်။
Source: The Straits Times
#WorldHealth
Published - 02 March 2022
ကိုရိုနာဗိုင်းရပ်စ်စမ်းသပ်စစ်ဆေးတဲ့ပစ္စည်းတွေဟာ ဈေးကြီးပြီး အရွယ်အစားနေရာယူလေ့ရှိပါတယ်။အခုစမ်းသပ်နေတဲ့လေဆာစမ်းသပ်ပစ္စည်းဟာဆိုရင် ကုန်ကျစရိတ်မများဘဲ ကျစ်ကျစ်လစ်လစ်ရှိတဲ့အပြင် တံတွေးထဲရှိကိုရိုနာဗိုင်းရပ်စ်တွေကို PCR test တွေကဲ့သို့ အဖြေတိတိကျကျနှင့် rapid antigen test တွေလို မြန်မြန်ဆန်ဆန်ရှာဖွေတွေ့ရှိနိုင်မှာဖြစ်ကြောင်း စပိန်သုတေသီများက ပြောကြားလိုက်ပါတယ်။
ဒီပစ္စည်းမှာပါဝင်တဲ့ flow cytometry နည်းပညာဟာ လေဆာကိုအသုံးပြုပြီး ဖန်ပြွန်လေးထဲမှာ ဆဲလ်တွေနဲ့အမှုန်လေးတွေကို စီတန်းတွက်ချက်ပေးတာဖြစ်ပါတယ်။
စမ်းသပ်ခံသူရဲ့တံတွေးကို အဏုမြူရောင်ခြယ်ပဋိပစ္စည်းတွေပါဝင်တဲ့အရည်နဲ့ ရောစပ်ကာ ကိုရိုနာဗိုင်းရပ်စ်အမှုန်တွေပါလာရင် သွားရောက်ချိတ်တွယ်လိုက်တာဖြစ်ပါတယ်။
မိနစ် ၂၀ ကြာပြီးနောက် ဖန်ပြွန်ထဲအရည်ဖြတ်သန်းတဲ့အခါ လေဆာဖြင့် အဏုမြူရောင်ခြယ်ပစ္စည်းတွေကိုရှာဖွေပြီး ဗိုင်းရပ်စ်ပါလာက တွေ့ရှိနိုင်မှာဖြစ်တယ်လို့ သုတေသီတွေက အင်္ဂါနေ့က Biomedical Optics Express မှာ ရှင်းပြထားပါတယ်။
SARS-CoV-2 ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့လူ ၃၄ ဦးနဲ့ ကူးစက်ခြင်းမခံရတဲ့လူ ၂၀ ဦးတိုရဲ့ တံတွေးနမူနာယူပြီးစမ်းသပ်ခဲ့ကြရာမှာ ဗိုင်းရပ်စ်ရှာဖွေ့တွေ့ရှိမှုက ၉၁.၂ ရာခိုင်နှုန်းတိကျမှုရှိခဲ့ပြီး ဗိုင်းရပ်စ်ပိုးမရှိကြောင်းပြသရာမှာ ၉၀ ရာခိုင်နှုန်းတိကျမှုရှိခဲ့ပါတယ်။
ဒါ့အပြင် ဗိုင်းရပ်စ်ပမာဏအလွန်နည်းပါးတဲ့အနေအထားမျိုးတွေမှာလည်း ဗိုင်းရပ်စ်ကိုတွေ့ရှိနိုင်ပါတယ်။"စမ်းသပ်ချက်ရလာဒ်တွေအရ တံတွေးနမူနာနဲ့အသုံးပြုရတဲ့ ကျွန်တော်တိုပစ္စည်းဟာ လျင်မြန်တယ်၊ သယ်ဆောင်ရလွယ်ကူတယ်၊ အသုံးပြုရလွယ်ကူတယ်၊ တစ်နေ့ကို အကြိမ်ပေါင်း ၂၀၀၀ လောက်ပြုလုပ်လို့ ရနိုင်ပါတယ်" လို့ သုတေသီတွေက ရှင်းပြထားပါတယ်။
"သင့်တော်တဲ့ပဋိပစ္စည်းတွေအသုံးပြုပါက အခြားဗိုင်းရပ်တွေဖြစ်တဲ့ တုပ်ကွေးဗိုင်းရပ်စ်တွေအပြင် လီဂျင်နယ်လာနဲ့ အီးကိုလိုင်တိုလို ပိုးမွှားတွေကိုပါ ရှာဖွေတွေ့ရှိနိုင်ပါတယ်" လို့ ဘာစီလိုနာရှိ အလင်းလှိုင်း သိပ္ပံပညာတက္ကသိုလ်မှ ပူးတွဲစာတမ်းပြုစုသူ 'အယ်ဝယ်လီနာဝါ့ဂျ်စ်'က ဖော်ပြထားပါတယ်။
Source: Reuters
#WorldHealth
Published - 1 March 2022
အားပြင်းသည့် ကင်ဆာကုသနည်းများက ကိုဗစ်ရောဂါဖြစ်ပွားနေတဲ့ ကင်ဆာရောဂါသည်တွေရဲ့ အသက်သေဆုံးနိုင်ချေကို ပိုမိုဆိုးရွားစေခြင်းမရှိကြောင်း ယူကေမှ ကိုရိုနာဗိုင်းရပ်စ်နှင့်ကင်ဆာစောင့်ကြည့်ရေးအစီအစဉ်ရဲ့ သုတေသနအချက်အလက်များအရ သိရှိရပါတယ်။
ဓာတုဆေးဝါးကုထုံး၊ ကိုယ်ခံအားမြှင့်တင်ခြင်းကုထုံး၊ ဟော်မုန်းကုထုံး ဒါမှမဟုတ် ကင်ဆာဆေးဝါးများဖြင့် ကင်ဆာရောဂါကုသမှုခံယူနေတဲ့ ကိုဗစ်ရောဂါလူနာ ၂,၅၁၅ ဦးကို သုတေသီတို့က လေ့လာခဲ့ကြပါတယ်။
အဆိုပါလူနာတွေထဲက ၃၈ ရာခိုင်နှုန်းဟာ ကိုဗစ်ရောဂါလက္ခဏာစပေါ်ပြီး တစ်ပတ်အတွင်း ကွယ်လွန်ခဲ့ကြပါတယ်။စမ်းသပ်လေ့လာတဲ့လူနာတဝက်ခန့်ဟာ အသက် ၇၂ နှစ်အထက်လူကြီးတွေဖြစ်ပြီး ခြုံငုံကြည့်တဲ့အခါ အဆုတ်ကင်ဆာ သွေးကင်ဆာခံစားရတဲ့လူနာတွေဟာ အသက်သေဆုံးနိုင်ချေများနေပါတယ်။
ဓာတုဆေးဝါးကုထုံးဖြင့် ကိုဗစ်ရောဂါကြောင့်သေဆုံးနိုင်ချေကို မသက်ရောက်စေပေမယ့် ကိုယ်ခံအားမြှင့်တင်ခြင်းကုထုံးကတော့ အသက်ရှင်နိုင်စွမ်းကိုတောင် မြင့်မားစေနိုင်ကြောင်း JAMA Network Open ဂျာနယ်မှာ တနင်္လာနေ့က ဖော်ပြထားပါတယ်။
အစောပိုင်းလေ့လာချက်များအရ ကင်ဆာရောဂါအခံရှိတဲ့ ကိုဗစ်လူနာတွေဟာ အခြေအနေဆိုးရွားလေ့ရှိတယ်လို့ တွေ့ရှိခဲ့ကြပေမယ့် ဒါဟာ ကင်ဆာကုထုံးတွေကြောင့်ဆိုတာထက် အသက်အရွယ်၊ ကျား/မ၊ အခြားရောဂါအခံများနဲ့ ကင်ဆာအမျိုးအစားတို့ အပေါ် ပိုပြီးမူတည်နေနိုင်ကြောင်း သုတေသနအဖွဲ့ က သုံးသပ်သွားပါတယ်။
Source: Reuters
#WorldHealth
Published - 1 March 2022
ကိုဗစ်ရောဂါပြင်းထန်စွာဖြစ်ပွားပြီး ဆေးရုံတက်ကုသခံယူရတဲ့လူနာတွေမှာ ဆီးချိုရောဂါဖြစ်ပေါ်လာတတ်ပေမယ့် အချိန်ကြာလာရင် သွေးတွင်းသကြားဓာတ်ပမာဏ ပုံမှန်ပြန်ဖြစ်သွားတာမျိုးတွေ့ရတတ်ကြောင်း လေ့လာချက်အသစ်မှာ ဖော်ပြထားပါတယ်။
ကိုဗစ်ရောဂါကြောင့် ဆေးရုံတက်ကုသခံယူရပြီး ဆီးချိုလက္ခဏာပေါ်ပေါက်လာတဲ့လူနာ ၅၉၄ ဦးကို သုတေသနပညာရှင်တွေလေ့လာခဲ့ကြရာ အရင်ကဆီးချိုရောဂါမဖြစ်ဖူးတဲ့သူ ၇၈ ဦးပါဝင်လာပါတယ်။
အရင်တည်းက ဆီးချိုရောဂါရှိနေခဲ့သူတွေနဲ့ယှဉ်ရင် လက်ရှိအချိန်မှဆီးချိုလက္ခဏာပေါ်လာတဲ့သူတွေမှာ ကိုဗစ်ရောဂါပြင်းထန်တတ်ပေမယ့် သွေးတွင်းသကြားဓာတ်လွန်ကဲခြင်းကတော့ သိပ်ပြီးဆိုးရွားလေ့မရှိပါဘူး။
ကိုဗစ်ရောဂါဖြစ်ပွားခြင်းကနေ ဆီးချိုလက္ခဏာပေါ်လာတဲ့သူ ၄၀ ရာခိုင်နှုန်းက ဆေးရုံဆင်းပြီးတစ်နှစ်ခန့်ကြာတဲ့အခါ သွေးတွင်းသကြားဓာတ်ပမာဏက ပုံမှန်ပြန်ရောက်သွားကြောင်း သုတေသီတွေက ဆီးချိုရောဂါဆိုင်ရာဂျာနယ်မှာ ဖော်ပြခဲ့ကြပါတယ်။
"ကိုဗစ်ရောဂါရဲ့ ပြင်းထန်တဲ့သက်ရောက်မှုကြောင့် ဆီးချိုလက္ခဏာပေါ်ပေါက်လာခြင်းက ခဏတာအခြေအနေပြောင်းလဲတာမျိုး ဖြစ်နိုင်ပါတယ်" လို့ ဘော့စ်တွန်ရှိ မာဆာချူဆက်စ်အထွေထွေဆေးရုံမှ ဒေါက်တာ'ဆာရာခရွမ်မာ'က ရေးသားဖော်ပြထားပါတယ်။
"အင်ဆူလင်ချို့တဲ့ခြင်းကနေ ဆီးချိုရောဂါပေါ်လာတတ်ပေမယ့် အမြဲတမ်းဖြစ်သွားတာမျိုးမဟုတ်ပါဘူး။ ဆေးကုသခံယူခြင်း ဒါမှမဟုတ် အင်ဆူလင်ပေးခြင်းတို့ဖြင့် ဆီးချိုလက္ခဏာသက်သာစေပါတယ်။ ဒါ့အပြင် ဆီးချိုလက္ခဏာတွေ ဘယ်အချိန်လောက်ကျရင် သက်သာသွားသလဲဆိုတာကို ဆရာဝန်တွေအနေနဲ့ အနီးကပ်စောင့်ကြည့်နေဖို့လိုပါတယ်" လို့ 'ခရွမ်မာ'က ရှင်းလင်းပြထားပါတယ်။
Source: Reuters
Page 13 of 24