
#LocalNews
Published - 2 Feb 2022
ကိုဗစ်ကြောင့် ပိတ်ထားရတဲ့ တမူးမြို့ အဝင်အထွက်ဂိတ်များကို ပြန်ဖွင့် ပေးဖို့ ဒေသခံများလိုလားလျက်ရှိနေတယ်လို့ သိရပါတယ်။
ကိုဗစ်လူနာအများအပြားနှင့် အိုမီခရွန် အတည်ပြု လူနာများကို ပြီးခဲ့သည့် ရက်ပိုင်း တွေ အတွင်းမှာ တမူးမြို့မှာတွေ့ ရှိခဲ့တာကြောင့် ဒေသဆိုင်ရာ အုပ်ချုပ် ရေးအဖွဲ့ က တမူးမြို့ ရှိ အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ် တွေ အပါအဝင် မြို့အဝင်၊အထွက် ဂိတ်များကို ပိတ်လိုက်ပြီး ရောဂါထိန်းချုပ်ရေးတွေကို ဆောင်ရွက်ခဲ့တာပါ။
သို့ သော်လည်း တမူးမြို့နေ ပြည်သူများအနေနဲ့ ယခုကာလ၏ အခြေအနေအရပ်ရပ်ကြောင့် မိသားစု
စားဝတ်နေရေးအခက်အခဲများဖြစ်နေချိန် ယခုကဲ့သို့ မြို့အဝင်၊အထွက် တွေကို ပိတ်ထားခြင်းမှာ ရေရှည်မှာ အခက်အခဲများစွာဖြစ်ပေါ်လာနေသည့်အတွက် မြို့အဝင်၊အထွက်ဂိတ် တွေကို ပြန်လည်ဖွင့်ပေးဖို့ တောင်းဆိုရခြင်းဖြစ်တယ်လို့ ဒေသခံ တွေက ဆိုပါတယ်။
ဒါ့အပြင် တမူးမြို့တွင် ယခုကူးစက်ခံနေရသော ရောဂါပိုးတွေ့လူနာများမှာ ဝေဒနာပြင်းထန်စွာခံစား
နေရသောလူနာများမရှိဘဲ မြို့နေလူထုမှာ ရာသီဥတုအပြောင်းအလွဲကြောင့် နှာစေးချောင်းဆိုးဖြစ်ယုံနှင့် စစ်ဆေးကြည့်ပါက ပိုးတွေ့ ရှိအဖြေထွက်ပြီး ဆေးရုံတွင်နေရသော(၁၀)ရက်အတွင်းဝေဒနာ ပြင်းထန်စွာခံစားနေရသောလူနာများမရှိသလောက်ဖြစ်တယ်လို့ လည်း ဒေသခံတွေက ပြောပါတယ်။
"တမူးမြို့ မှာ အခု(၁)လအတွင်း COVID-19 ရောဂါပိုးကူးစက်မှုက မယုံနိုင်လောက်အောင်များပြားလာတာဟာမှန်ပါတယ်။ ပြောရရင် တမူးမြို့ဟာ မြန်မာနိုင်ငံရဲ့ အစွန်းဆုံးမြို့ ဖြစ်တယ်။ အဲ့ဒါ ကြောင့် မြို့အဝင်၊အထွက် တွေကို (၇)ရက်ခန့်ပိတ်လိုက်တာနဲ့ လူအသုံးအဆောင် အစားအစာတွေသာမက ကြက်စာ၊ဝက်စာများပါ အခက်အခဲဖြစ်ပေါ်လာစေပါတယ်။ တမူးမြို့ ကနေ အနီးဆုံးဖြစ်တဲ့ ကလေးမြို့ဘက်မှကားများ ဝင်လာပါမှသာ မြို့နေပြည်သူ တွေက အစားအစာအသုံးဆောင်များနေ့စဉ်အဆင်ပြေကြတာ လေ။ ဒါကြောင့် ဖြစ်ပေါ်နေတဲ့ ရောဂါအခြေအနေ မြို့သူ၊မြို့သား တွေရဲ့ စားဝတ်နေရေး လူနေမှုအခြေအနေ တွေပေါ် သုံးသပ်ပြီး တော့ တမူးမြို့ကို အဝင်အထွက်ပိတ်ပင်ထား တွေကို ပြန်ပြီး တော့သုံးသပ်ပေးစေလိုတာပါ။ ဘာလို့လဲဆိုရင် ရေရှည်မှာ မြို့သူ၊မြို့သား တွေက ရောဂါဘေးထက် စားဝတ်နေရေးအခက်အခဲကြောင့်ဖြစ်ပေါ်လာနိုင်တယ်။ အဲ့ဒါ ကြောင့် တာဝန်ရှိလူကြီး တွေ အနေနဲ့ သိရှိ ညှိနှိင်းကူညီပေးနိုင်ဖို့ အောက်ခြေမှာ ဖြစ်ပေါ်နေတဲ့အခြေအနေ တွေကို တင်ပြရခြင်းဖြစ်ပါတယ်။" လို့ တမူးမြို့ ဒေသခံတစ်ဦးက ပြောပြခဲ့ပါတယ်။
အဆိုပါ ဓါတ်ခွဲစစ် ဆေးမှု တွေအရ တမူးမြို့ မှာ (ဇန်နဝါရီလ ၂၄ ရက် နေ့)တစ်ရက်ထဲမှာပင် ကိုဗစ်အတည်ပြုလူနာ ၅၉ ဦးကို စတင်တွေ့ ရှိခဲ့ခြင်းဖြစ်ပြီးအဲ့ဒီလို တွေ့ ရှိပြီး နောက်ပိုင်း ၄ ရက်အကြာ (ဇန်နဝါရီလ ၂၇ ရက် နေ့)မှာ ကိုဗစ်အတည်ပြု လူနာသစ် ၂၄ ဦး၊ (ဇန်နဝါရီလ ၂၈ ရက် နေ့)တွင် ကိုဗစ်အတည်ပြုလူနာ ၂၉ ဥှီးနှင့် ဒီကနေ့(ဇန်နဝါရီလ ၃၀ ရက် နေ့)တွင် ကိုဗစ်အတည်ပြု လူနာသစ် ၂၉ ဦးတို့ကို ထပ်မံ တွေ့ ရှိခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ယမန် နေ့ ဖေဖော်ဝါရီလ ၁ ရက် မှာ တမူးမြို့တွင် ကိုဗစ်အတည်ပြုလူနာ(၆)ဦးကို ထပ်မံ
တွေ့ ရှိခဲ့သည့်အတွက် ယင်းနေ့ ညနေပိုင်းအထိ ရရှိထား သော စာရင်းများအရ တမူးမြို့ ပြည်သူ့ဆေးရုံကြီးတွင် အတည်ပြုလူနာ (၁၁၆)ဦး၊ တမူးမြို့ အ .ထ. က (၂)တွင် အတည်ပြုလူနာ (၁၀၁)ဦးနှင့် တမူးမြို့ အ. ထ .က (၁)တွင် အတည်ပြုလူနာ (၄၂)ဦးရှိသည့် အတွက် လက်ရှိ တမူးမြို့တွင် ရောဂါပိုးကူးစက်ခံရပြီးဆေးကုသမှုခံယူနေဆဲ လူနာစုစုပေါင်း (၂၅၉)ဦးအထိ ရှိ နေတာဖြစ်တယ်လို့ သိရပါတယ်။
ဓါတ်ပုံ - တမူးဇွဲမာန်
ymg/kg
#Yangon_Media_Group
- Category: Myanmar
- Hits: 315

#LocalHealth
Published - 2 Feb 2022
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်က စက်ရုံတစ်ခုမှာ ကိုဗစ် -၁၉ ရောဂါ လူဦးရေ ၇၀၀ ကျော် တစ်နေရာတည်းမှာ ရောဂါကူးစက်ခံရပြီး အစုလိုက်ရောဂါဖြစ်ပွားခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သိရပါတယ်။
မင်္ဂလာဒုံမြို့နယ် စက်ရုံတစ်ခုမှာ ဓာတ်ခွဲ နမူနာ ၂,၂၃၃ ခုကို စစ်ဆေးခဲ့ရာ ၇၁၈ ဦးမှာ ကိုဗစ် ရောဂါတွေ့ရှိခဲ့တာဖြစ်ပါတယ်။
ရောဂါပိုးတွေ့ရှိသူ ၇၁၈ ဦးထဲက ရောဂါလက္ခဏာရှိသူ ၈ ဦးကို သတ်မှတ်ဆေးရုံမှာလည်းကောင်း၊ ကျန်လူနာ ၇၁၀ ဦးကိုလည်း သီးခြားထားကာ ကုသမှုဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
လက်ရှိ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာအရ ၈၆၁ ဦးမှာ ကိုဗစ်ရောဂါပိုးသစ်တွေ့ရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးမှာ ၁၈၈ ဦးနဲ့ အများဆုံးတွေ့ရှိခဲ့တာပါ။
ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းအနေနဲ့ ၂ ဒသမ ၁၅ ရာခိုင်နှုန်းရှိလာပြီး ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ အနည်းငယ်မြင့်တက်လာတာကို တွေ့ရှိရပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ် -၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၅၃၆,၃၉၃ ဦးရှိနေပြီး သေဆုံးသူ့မှာ ဇန်နဝါရီ ၂၃ ရက်အထိ ၁၉,၃၁၀ ဦးရှိနေရာ နောက်ပိုင်း ဖေဖော်ဝါရီ ၁ ရက်နေ့အထိ ၉ ရက်ဆက်တိုက် သေဆုံးသူမရှိတာကို တွေ့ရပါတယ်။
ymg/ ei
#Yangon_Media_Group
- Category: Myanmar
- Hits: 801

#WorldHealth
Published - 02 February 2022
ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဒယ်လ်တာမျိုးဗီဇကွဲဟာ ဟမ်းစတားကြွက်တွေကနေ တဆင့် ဟောင်ကောင်ကို ပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။တိရိစ္ဆာန်တွေကနေ လူတွေဆီ ကိုဗစ်ရောဂါကူးစက်စေနိုင်တဲ့အထဲမှာ မြွေပါကတိုးတွေအပြင် အခုအခါ ဟမ်းစတားကြွက်တွေပါ ပါဝင်လာပြီဖြစ်ပါတယ်။
လေ့လာတွေ့ရှိချက်အသစ်အရ ကိုဗစ်ရောဂါဖြစ်ပွားစေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဒယ်လ်တာမျိုးဗီဇကွဲဟာ လူသားတွေဆီကနေ ဟမ်းစတားကြွက်တွေထံသို့ ကူးစက်စေနိုင်ပြီး အဲဒီနောက် လူသားတွေထံသို့ ပြန်လည်ကူးစက်စေနိုင်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဟာ ၂၀၁၉ နှောင်းပိုင်းမှာ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေစတင်ပျံ့ပွားလာခဲ့ပြီး ကမ္ဘာတဝန်းလုံးကူးစက်စေခဲ့ကာ ဗိုင်းရပ်စ်ကြောင့် လူသန်းပေါင်းများစွာ အသက်သေဆုံးခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်အစပြုရာနဲ့ ပတ်သက်ပြီး အငြင်းပွားစရာတွေ ရှိနေသေးပေမယ့် တိရိစ္ဆာန်တွေ အထူးသဖြင့် လင်းနို့တွေကနေ အစပြုတယ်လို့ အများအပြားယူဆထားကြပါတယ်။
The Lancet ဂျာနယ်မှာဖော်ပြထားတဲ့ လေ့လာချက်အရ ဟမ်းစတားကြွက်တွေဟာလည်း လူသားတွေထံ ကိုရိုနာဗိုင်းရပ်စ်ကူးစက်စေတဲ့ တိရိစ္ဆာန်တစ်မျိုးဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ဟမ်းစတားကြွက်တွေ ကိုရိုနာဗိုင်းရပ်စ်ကူးစက်နိုင်တယ်ဆိုတဲ့အချက်က အထူးအဆန်းတော့မဟုတ်ပါဘူး။လူသားတွေဆီကနေ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ အခြားတိရိစ္ဆာန်တွေလည်း ရှိနေပြီး ကြောင်၊ ခွေး၊ မြွေပါကတိုး၊ ကြွက်၊ သမင်၊ မျောက်ဝံ၊ ဝက်၊ ဖျံ တို့ပါဝင်ပါတယ်။
ဒါပေမဲ့ သတ္တဝါတစ်မျိုးနဲ့တစ်မျိုး ကိုရိုနာဗိုင်းရပ်စ်ကို တုန့်ပြန်ပုံချင်း မတူကြပါဘူး။
ဥပမာအားဖြင့် ကြောင်တွေဆိုရင် ကူးစက်ခံရမှုမှ အလျင်အမြန်သက်သာလာတတ်ပါတယ်။
သမင်တွေဆိုရင် ရောဂါလက္ခဏာမပြပေမယ့် တစ်ကောင်ကနေ တစ်ကောင်ကူးစက်တတ်ပါတယ်။
ဝက်တွေဆိုရင် ရောဂါလက္ခဏာလုံးဝမပြတဲ့အပြင် နောက်ထပ်ကူးစက်မှုလည်း မဖြစ်စေတတ်ပါဘူး။ဒီလေ့လာချက်ရဲ့ ထူးခြားချက်က ဟမ်းစတားကြွက်တွေကနေ လူတွေဆီ ပြန်လည်ကူးစက်စေနိုင်တာပဲ ဖြစ်ပါတယ်။
လူတွေထံသို့ ကိုရိုနာဗိုင်းရပ်စ်ပြန်လည်ကူးစက်စေတဲ့ နောက်ထပ်သတ္တဝါကတော့ မြွေပါကတိုးတွေဖြစ်ပြီး ဒိန်းမတ်ရှိ မွေးမြူရေးခြံတွေမှာ ကူးစက်မှုတွေဖြစ်ခဲ့ပါတယ်။
ဟောင်ကောင်မှ လူနှစ်ယောက်ဟာ ဟမ်းစတားကြွက်တွေဆီကနေ ကိုရိုနာကူးစက်ထားပြီး အဲဒီကနေတဆင့် လူလူချင်းကူးစက်သူ တစ်ယောက်ကိုလည်းတွေ့ရှိထားကြောင်း အတည်ပြုထားပါတယ်။
Source: The Jerusalem Post
- Category: World
- Hits: 491

#WorldHealth
Published - 02 February 2022
ကိုဗစ်ကပ်ရောဂါကို တိုက်ဖျက်နိုင်မယ့် ဆေးဝါးအဖြစ်သတ်မှတ်ခဲ့ဖူးတဲ့ မာ့ခ်ကုမ္ပဏီထုတ် ကိုဗစ်ကုသရေးသောက်ဆေးဟာ ထိရောက်မှုနည်းပြီး ဘေးကင်းစိတ်ချရမှုနည်းပေမယ့် အသက်အန္တရာယ်စိုးရိမ်ရတဲ့ ကိုဗစ်လူနာတွေအတွက် အသုံးပြုနိုင်တဲ့ ကုသနည်း ၄ မျိုးထဲက နောက်ဆုံးရွေးချယ်စရာဖြစ်ကြောင်း အမေရိကန်မှ ဆရာဝန်များ၊ ကျန်းမာရေးစောင့်ရှောက်မှုစင်တာများနဲ့ ဆေးဆိုင်များက ရိုက်တာသတင်းဌာနကို ပြောကြားလိုက်ပါတယ်။
မာ့ခ်ကုမ္ပဏီနဲ့အပြိုင်ဖြစ်တဲ့ ဖိုင်ဇာကုမ္ပဏီမှထုတ်လုပ်တဲ့ ပက်ဇ်လိုဗစ် (Paxlovid) ဆေးကို အသုံးပြုချင်သူတွေများနေပြီး သူ့နောက်မှာ GlaxoSmithKline နဲ့ Vir Biotechnology မှထုတ်တဲ့ အကြောသွင်း antibody ကုသနည်းလည်း ရှိနေပါတယ်။
အဆိုပါဆေးတွေ ထုတ်လုပ်ဖို့ရှားပါးခက်ခဲနေစဉ် အိုမီခရွန်ကူးစက်မှုကလည်း မြင့်တက်နေတဲ့အချိန်မှာတော့ Gilead Sciences မှထုတ်တဲ့ ရမ်ဒီဆီဗီယာ remdesivir ကို အသုံးပြုလာကြရပါတယ်။
ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းမှာ မာ့ခ်ကုမ္ပဏီနဲ့ မိတ်ဖက် ရစ်ဂ်ျဘက်ဇီဝဆေးဝါးကုမ္ပဏီတိုက သူတိုထုတ်လုပ်တဲ့ မော်နျူပီရာဗီယာ ဆေးဝါးဟာ ဆေးရုံတက်ကုသခံယူရမှုကို တဝက်အထိလျှော့ချနိုင်ပြီး အိမ်မှာတင်သောက်သုံးနိုင်တဲ့ဆေးဖြစ်တာကြောင့် ကိုဗစ်ရောဂါကိုကုသအောင်မြင်နိုင်တော့မယ်လို့ အစက ကြေညာခဲ့ပါတယ်။
လက်တွေ့ကုသရာမှာတော့ ထိရောက်မှု ၃၀ ရာခိုင်နှုန်းသာရှိတဲ့အတွက် ဒီဆေးအပေါ် မျှော်လင့်ချက်တွေ လျော့နည်းခဲ့ရပါတယ်။
ပက်ဇ်လိုဗစ်ဆေးက ဆေးရုံတက်ကုသခံယူရမှုကို ၉၀ ရာခိုင်နှုန်း၊ GlaxoSmithKline ရဲ့ ဆိုထရိုဗီမက်က ၈၅ ရာခိုင်နှုန်းနဲ့ Gilead ရဲ့ ရမ်ဒီဆီဗီယာက ၈၇ ရာခိုင်နှုန်း အသီးသီးလျှော့ချနိုင်ကြောင်း ထွက်ပေါ်လာတဲ့အချိန်မှာတော့ မာ့ခ်ရဲ့ဆေးဟာ ပိုပြီးဆိုးရွားသွားခဲ့ပါတယ်။
အမေရိကန်လူမှုကျန်းမာရေးဝန်ဆောင်မှုဌာနရဲ့ အချက်အလက်တွေအရ ပက်ဇ်လိုဗစ်ဆေးပေါင်း ၂၆၅,၀၀၀ နဲ့ မော်နျူပီရာဗီယာ ၁၁ သန်းခန့် ဖြန့်ဝေထားပြီးဖြစ်ပါတယ်။
မာ့ခ်ကုမ္ပဏီရဲ့ဆေးဝါး သိန်းပေါင်းများစွာကို ဆေးရုံနဲ့ ဆေးဆိုင်တွေမှာ အသုံးမပြုဘဲကျန်နေကြောင်း အစောပိုင်းမှာ ဖော်ပြထားပါတယ်။
လော့စ်အိန်ဂျလိစ်ရှိ စိန့်ဂျွန်ဝဲလ်ဆေးကုသစင်တာမှ ဥက္ကဌ ဂျင်မ်မန်ဂျီယာက အစိုးရထံမှ ရရှိထားတဲ့ မော်နျူပီရာဗီယာဆေး ၂၀၀ ခန့်က အသုံးမပြုရဘဲ ပက်ဇ်လိုဗစ်ဆေးကိုသာ မှာယူနေကြကြောင်း၊ အခြားရွေးချယ်စရာဆေးတွေမရှိမှသာ မော်နျူပီရာဗီယာကို အကန့်အသတ်နဲ့ ပေးကြောင်း ရိုက်တာကို ပြောကြားခဲ့ပါတယ်။
လက်တွေ့အသုံးပြုကြပြီးတော့မှ မော်နျူပီရာဗီယာကို လိုချင်သူတွေ များလာမှာဖြစ်ကြောင်း မာ့ခ်ကုမ္ပဏီမှ ပြောကြားလိုက်ပါတယ်။
မာ့ခ်နဲ့ ဖိုင်ဇာတို့မှထုတ်လုပ်တဲ့ ဆေးဝါးတွေကို ရောဂါလက္ခဏာပေါ်ပြီးအစောပိုင်းမှာ ၅ ရက် သောက်သုံးရမှာဖြစ်ကာ အိမ်မှာတင်ကုသနိုင်မှာဖြစ်ပါတယ်။
မာ့ခ်ရဲ့ဆေးဝါးကိုထုတ်လုပ်ပြီး ဆင်းရဲတဲ့နိုင်ငံတွေမှာ ဖြန့်ချီနိုင်ဖို့ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီတွေများစွာ ရှိနေပေမယ့် မသေချာမှုတွေ ရှိလာပါတယ်။
Source: Reuters.
- Category: World
- Hits: 428