#Local_News
Published 10 September 2026

■ ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်အတွင်းရှိ ဧရိယာအကျယ်အဝန်း ၃၀,၇၅၅ ဧကရှိသည့် နယ်မြေကို “ခိုလမ်ကြိုးပြင်ကာကွယ်တော”အဖြစ် စက်တင်ဘာ ၁ ရက်မှစတင်၍ သတ်မှတ်လိုက်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

■ အဆိုပါသတ်မှတ်ချက်ကို ၂၀၁၈ ခုနှစ် သစ်တောဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ (င)အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ ၁၃၈၈ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် (၄) ရက်ဖြစ်သည့် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၁ ရက်မှစ၍ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

■ ကြိုးပြင်ကာကွယ်တောသတ်မှတ်ခြင်း၏ ရည်ရွယ်ချက်မှာ ရေ၊ မြေထိန်းသိမ်းကာကွယ်ရေး၊ သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး၊ ရာသီဥတုကောင်းမွန်မျှတရေးနှင့် သစ်တောထွက်ပစ္စည်းများကို စဉ်ဆက်မပြတ်ထုတ်ယူသုံးစွဲနိုင်ရေးအတွက် သစ်တောများကို စနစ်တကျ ပြုစုထိန်းသိမ်းရန် ဖြစ်သည်။

■ ထို့အပြင် သစ်တောဖုံးလွှမ်းလျက်ရှိပြီး အစိုးရက စီမံခန့်ခွဲခွင့်ရှိသည့် မြေများတွင် ကြိုးဝိုင်းနှင့် ကြိုးပြင်ကာကွယ်တောများ တိုးချဲ့ဖွဲ့စည်းခြင်းဖြင့် သစ်တောနယ်မြေများ တိုးပွားလာစေရန်နှင့် ဒေသခံတိုင်းရင်းသားများ၏ အခြေခံစားဝတ်နေရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်လည်း ရည်ရွယ်ထားသည်။

■ ခိုလမ်ကြိုးပြင်ကာကွယ်တော သတ်မှတ်ခြင်းကြောင့် အင်ကြင်း၊ ထင်းရှူး၊ သစ်ယား၊ ထောက်ကြံ့၊ ယမနေ၊ သစ်မန်၊ ကျည်း၊ သစ်နီ၊ ရင်းစပ်၊ သစ်စေး၊ ဆီးဖြူ၊ ကြို့၊ ရင်းတိုက်၊ လက်ပံနှင့် မျှင်ဝါးတောများကို ထိန်းသိမ်းနိုင်မည်ဖြစ်သည့်အပြင် ဝက်ဝံ၊ ယုန်၊ တောဝက်၊ ဂျီ(ချေ)၊ တောကြောင်၊ ကြက်တူရွေးနှင့် ဗျိုင်းငှက်များ၏ နေရင်းဒေသများကိုလည်း ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

■ ယင်းသို့ ထိန်းသိမ်းကာကွယ်နိုင်ခြင်းဖြင့် ဂေဟစနစ် ပိုမိုကောင်းမွန်လာစေခြင်း၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုခြင်းနှင့် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများကို လျှော့ချနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

#YMG/SW #Yangon_Times