
#LocalHealth
Published_ 16 Feb 2022
ရန်ကုန်တိုင်းဒေသကြီးအတွင်း နေအိမ်တွင်သီးသန့်ခွဲခြား နေထိုင်သော ကိုဗစ်ပိုးတွေ့လူနာများ ဆရာဝန်နှင့် ဆက်သွယ်မေးမြန်းတိုင်ပင်နိုင်မည့် ဖုန်းနံပတ်များကို ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်ပေးထားပါတယ်။
နေအိမ်တွင်သီးသန့်ခွဲခြားနေထိုင်သော ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများ (Home Isolation) နှင့် မိဘပြည်သူများအနေဖြင့် ရောဂါနှင့်ပတ်သက်၍ တာဝန်ကျဆရာဝန်နှင့် တိုက်ရိုက် ဆက်သွယ်မေးမြန်းတိုင်ပင်နိုင်မည့်(Teleconsultation Program) အတွက် အထူးကုဆရာဝန်နှင့်ဆေးပညာရှင်များပါရှိသည့် Teleconsultation Team များကို ခရိုင်အလိုက် ဖွဲ့စည်းထားရှိပြီးဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါပညာရှင်အဖွဲ့ များ၏ ဖုန်းနံပါတ်များသို့ သက်ဆိုင်ရာခရိုင်အလိုက် ဆက်သွယ်နိုင်ပါကြောင်း အသိပေးကြေညာထားပါတယ်။
တောင်ပိုင်းခရိုင် ကိုဗစ်-၁၉ ကျန်းမာရေးဆိုင်ရာ တိုင်ပင်ဆွေးနွေးနိုင်မည့်ပညာရှင် အဖွဲ့ (Teleconsultation Team) သို့ ၂၄ နာရီ ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များ
၀၉ ၈၈ ၂၅၅ ၃၆၀၆
၀၉ ၈၈ ၂၅၅ ၃၆၀၅
မြောက်ပိုင်းခရိုင် ကိုဗစ်-၁၉ ကျန်းမာရေးဆိုင်ရာ တိုင်ပင်ဆွေးနွေးနိုင်မည့်ပညာရှင် အဖွဲ့ (Teleconsultation Team) သို့ ၂၄ နာရီ ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များ
၀၉ ၈၈၂၅၅၄၀ ၀၈
၀၉ ၈၈၂၅၅၄၀ ၀၉
အနောက်ပိုင်းခရိုင် ကိုဗစ်-၁၉ ကျန်းမာရေးဆိုင်ရာ တိုင်ပင်ဆွေးနွေးနိုင်မည့် ပညာရှင်အဖွဲ့ (Teleconsultation Team) သို့ ၂၄ နာရီ ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များ
၀၉ ၈၈၂၅၅၄၀ ၁၀
၀၉ ၈၈၂၅၅၄၀ ၁၁
အရှေ့ပိုင်းခရိုင် ကိုဗစ်-၁၉ ကျန်းမာရေးဆိုင်ရာ တိုင်ပင်ဆွေးနွေးနိုင်မည့်ပညာရှင် အဖွဲ့ (Teleconsultation Team) သို့ ၂၄ နာရီ ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များ
၀၉ ၈၈၂၅၅၄၀ ၀၅
၀၉ ၈၈၂၅၅၄၀ ၀၆
ymg-mnn
#Yangon_Media_Group
- Category: Myanmar
- Hits: 621

#WorldHealth
Published - 15 February 2022
လက်ရှိအိုမီခရွန်ကူးစက်မှုမြင့်မားချိန်ကာလအတွင်း အမေရိကန်ရှိ ကိုဗစ်အားမြှင့်ကာကွယ်ဆေး booster ထိုးနှံထားသူတွေရဲ့ ရောဂါကာကွယ်နိုင်စွမ်းကို လေ့လာကြည့်ရာမှာ ထိရောက်မှုအာနိသင်လျော့နည်းလာကြောင်း တွေ့ရှိရပေမယ့် ရောဂါပြင်းထန်စွာဖြစ်ပွားခြင်းကိုတော့ ထိထိရောက်ရောက်ကာကွယ်နိုင်ဆဲဖြစ်ပါတယ်။
အိုမီခရွန်ကူးစက်မှုက ဒီဇင်ဘာလနဲ့ဇန်နဝါရီလတွေမှာ ကူးစက်မှုအမြင့်ဆုံးဖြစ်ခဲ့ပေမယ့် လတ်တလောမှာတော့ ကူးစက်မှုလျော့နည်းလာပြီဖြစ်ပါတယ်။
ကိုဗစ်အားမြှင့်ကာကွယ်ဆေးတွေက ဘေးကင်းစိတ်ချရဆဲဖြစ်ပြီး ရောဂါပြင်းထန်စွာဖြစ်ပွားခြင်းကို ဆက်လက်ကာကွယ်ပေးနိုင်ဆဲဖြစ်ကြောင်း ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ CDC မှ ပြောရေးဆိုခွင့်ရှိသူ 'ခရစ္စတန်နော့ဒ်လန်'က ပြောဆိုခဲ့ပါတယ်။
အမေရိကန် ပြည်နယ် ၁၀ ခုမှ ဆေးရုံတွေနဲ့ အရေးပေါ်ကုသမှုတက်ရောက်ခံယူရတဲ့ လူနာတွေကို သုတေသီတို့ က လေ့လာကြည့်ကြပြီး ဖိုင်ဇာနဲ့ မိုဒါနာ အားမြှင့်ကာကွယ်ဆေးတွေ ဘယ်လောက်အထိ ကာကွယ်ပေးနိုင်လဲဆိုတာကို ခန့်မှန်းတွက်ချက်ခဲ့ကြပါတယ်။
လေ့လာခဲ့တဲ့လူတွေထဲက ၁၀ ရာခိုင်နှုန်းက အားမြှင့်ကာကွယ်ဆေးထိုးနှံထားပြီး သူတို့ ရဲ့ရောဂါခုခံနိုင်စွမ်းက မူလကာကွယ်ဆေးသာထိုးထားတဲ့သူတွေထက် ပိုများနေတာကို တွေ့ခဲ့ရပါတယ်။
အိုမီခရွန်မျိုးဗီဇကွဲ ကူးစက်ပျံ့ပွားနေတဲ့ကာလအတွင်း ပြင်ပလူနာတွေရဲ့ ကာကွယ်ဆေးထိရောက်မှုနှုန်းကို လေ့လာရာမှာ အားမြှင့်ကာကွယ်ဆေးထိုးပြီး ၂ လအကြာမှာ ၈၇ ရာခိုင်နှုန်းရှိခဲ့ပြီး ၄ လကြာတဲ့အချိန်မှာတော့ ၆၆ ရာခိုင်နှုန်းဖြစ်သွားပါတယ်။
ဆေးရုံတက်ကုသခံယူရမှုကို ကာကွယ်နိုင်စွမ်းမှာလည်း အားမြှင့်ကာကွယ်ဆေးထိုးပြီး ၂ လအကြာမှာ ၉၁ ရာခိုင်နှုန်းရှိနေပြီး ၄ လအကြာမှာတော့ ၇၈ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါတယ်။
ဒါပေမဲ့လည်း ဒီလေ့လာချက်တွေက အိုမီခရွန်ကူးစက်ပျံ့ပွားမှုမတိုင်ခင် ၄ လလောက်က အားမြှင့်ကာကွယ်ဆေးထိုးထားတဲ့ လူ ၂၀၀ အောက်ကိုသာ အခြေခံလေ့လာထားတာဖြစ်ပါတယ်။
ဒါကြောင့် ကျန်းမာရေးအခြေအနေများကြောင့် ကိုဗစ်အားမြှင့်ကာကွယ်ဆေး (booster) ကို စောစောထိုးထားတဲ့သူတွေက ရောဂါပြင်းထန်နိုင်ချေများတယ်ဆိုတာကိုတော့ သေချာမသိရသေးပါဘူး။
ကနဦးကိုဗစ်ကာကွယ်ဆေးထိုးပြီး ၆ လကျော်တဲ့အခါ ကာကွယ်ဆေးအာနိသင်လျော့နည်းလာခဲ့တာကြောင့် အမေရိကန်မှာ ပြီးခဲ့တဲ့နှစ်က အားမြှင့်ကာကွယ်ဆေးထိုးဖို့ အစီအစဉ် ကြေညာခဲ့တာဖြစ်ပါတယ်။
ဆေးရုံတက်ကုသခံယူရမှုကို ၇၈ ရာခိုင်နှုန်းကာကွယ်နိုင်တယ်ဆိုတာ အတော်လေးထိရောက်နေသေးတယ်လို ပြောလို့ ရကြောင်း ဘာမင်ဂမ် အလာဘာမာတက္ကသိုလ်မှ ကူးစက်ရောဂါကုဆရာဝန်ဒေါက်တာ'မိုက်ကယ်ဆာ့ဂ်'က ပြောကြားလိုက်ပါတယ်။
ကိုယ်ခံအားနည်းတဲ့သူတွေမှာတောင် အားမြှင့်ကာကွယ်ဆေးထိုးထားရင် အသက်သေဆုံးမှုအလွန်အဖြစ်နည်းကြောင်း၊ ကာကွယ်ဆေးတွေက အကျိုးသက်ရောက်ဆဲဖြစ်ကြောင်း ဆိုပါတယ်။
Source: AP News
- Category: World
- Hits: 396

#LocalNews
Published - 15 Feb 2022
ကိုဗစ်လူနာသစ်အနေနဲ့ နေ့စဉ် လူဦးရေတစ်ထောင်ကျော် နေ့စဉ်ပိုးတွေ့ရှိမှုမှာ ဖေဖော်ဝါရီလ ၈ ရက်နေ့က စတင်တွေ့ရှိလာခဲ့ပြီး တစ်ပတ်တိတိ ရက်ဆက်တွေ့ရှိနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
နေ့စဉ် ပိုးတွေ့လူနာသစ် တစ်ထောင်ကျော်တွေ့ရှိမှုမှာ ရန်ကုန်တိုင်းဒေသကြီးက တစ်နေ့ကို လူဦးရေ ၆၀၀ ကနေ ၇၀၀ နှုန်းနဲ့ အများဆုံးပိုးတွေ့ရှိနေတာလည်းဖြစ်ပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီ လဆန်းပိုင်းက ပိုးတွေ့နှုန်းမှာ ၃ ရာခိုင်နှုန်းသာ ရှိခဲ့ရာကနေ အခုဆိုရင် ၇ ရာခိုင်နှုန်းအထိ တိုးမြင့်တွေ့ရှိလာတာလည်း ဖြစ်ပါတယ်။
ရန်ကုန်မှာ ပိုးတွေ့လူနာ တိုးမြင့်လာတဲ့အချိန်မှာ ကိုဗစ် - ၁၉ အရေးပေါ်တုံပြန်ရေးအဖွဲ့ (RRT) အဖွဲ့ကို ခရိုင် ၄ ခုမှာ စတင်ဖွဲ့စည်းခဲ့ပြီး ကိုဗစ်ဓာတ်ခွဲစစ်ဆေးလိုသူတွေကို စစ်ဆေးပေးတာ၊ ပိုးတွေ့လူနာတွေကို ဆေးရုံ သို့မဟုတ် ကိုဗစ် ကုသရေးဌာနတွေမှာ ရောဂါကုသမှုခံယူဖို့ ကူညီဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ကိုဗစ် ပိုးတွေ့လူနာသစ်ကို ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ၁,၁၄၅ ဦး စတင်တွေ့ရှိခဲ့ပြီး ၉ ရက်နေ့က ၁,၀၄၃ ဦး၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ၁,၃၀၇ ဦး၊ ဖေဖော်ဝါရီလက ၁၁ ရက်နေ့က ၁,၆၀၇ ဦး၊ ၁၂ ရက်နေ့က ၁,၇၈၇ ဦး၊ ၁၃ ရက်နေ့မှာ ၁,၄၇၃ ဦးနဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ၁,၅၈၆ ဦး ပိုးတွေ့လူနာသစ်တွေကို တွေ့ရှိနေတာဖြစ်ပါတယ်။
သို့ပေမယ့်လည်း ကိုဗစ်ဓာတ်ခွဲအတည်ပြုလူနာတွေကို နေအိမ်မှာ သီးသန့်နေထိုင်ခြင်း (Home Isolation) နေထိုင်လိုသူတွေကို လိုက်နာရမယ့် အချက်တွေကို လိုက်နာနိုင်မယ်ဆိုရင် နေအိမ်မှာ သီးသန့်နေနိုင်တယ်လို့ ထုတ်ပြန်ထားပါသေးတယ်။
photo - Reuters
ymg/ei
#Yangon_Media_Group
- Category: Myanmar
- Hits: 315

#WorldHealth
Published- 15 February 2022
ခန္ဓာကိုယ်ခုခံအားစနစ်တွင် အဓိကအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ တီဆဲလ်တွေဟာ အချို့သောလူတွေမှာ အိုမီခရွန်ကို ထိရောက်စွာမကာကွယ်နိုင်ကြောင်း လေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။
ကာကွယ်ဆေးထိုးပြီးတဲ့အခါနဲ့ ရောဂါကူးစက်ခံရပြီးတဲ့အခါတွေမှာ တီဆဲလ်တွေက ရောဂါပိုးမွှားတွေကို သိရှိမှတ်မိအောင်ပြုလုပ်ပါတယ်။ရောဂါပိုးတွေက ပဋိပစ္စည်း antibody ကို ကျော်ဖြတ်လာတဲ့အခါ ရောဂါပြင်းထန်ခြင်းမဖြစ်စေရန် တီဆဲလ်တွေက တိုက်ခိုက်ပေးပါတယ်။
သုတေသီတွေက စမ်းသပ်ခံမည့်သူ ၇၆ ဦးကို လေ့လာကြည့်တဲ့အခါ လူအများစုမှာ ပဋိပစ္စည်း antibody တွေက မကာကွယ်နိုင်ခဲ့ရင်တောင် တီဆဲလ်တွေက အိုမီခရွန်ကိုသိရှိပြီး ဆက်လက်ခုခံပေးတာကို တွေ့ရှိခဲ့ကြပါတယ်။
ဒါပေမဲ့ ၂၀ ရာခိုင်နှုန်းသောလူဦးရေမှာတော့ အခြားမျိုးဗီဇကွဲတွေထက်စာရင် အိုမီခရွန်ကို တီဆဲလ်တွေရဲ့ခုခံတုန့်ပြန်မှုက တဝက်ကျော်လောက်အထိ လျော့နည်းနေတာဖြစ်ပါတယ်။
ဒါတွေဟာ မျိုးရိုးဗီဇကွဲပြားမှုကြောင့် ဖြစ်နိုင်တယ်လို့ ရေဂွန်တက္ကသိုလ်မှ ဒေါက်တာ'ဂူရက်ဗ်ဂိုင်ဟာ'က ပြောပြခဲ့ပါတယ်။
အိုမီခရွန်မျိုးဗီဇကွဲကို တီဆဲလ်ရဲ့မှတ်မိနိုင်စွမ်းလျော့နည်းသွားခြင်းက သေချာမရှင်းလင်းပေမယ့် ရောဂါပြင်းထန်ခြင်းတွေကို ကာကွယ်နိုင်စွမ်းလျော့ကျသွားတာမျိုး ဖြစ်နိုင်ပါတယ်။
SARS-CoV-2 က တီဆဲလ်မမှတ်မိနိုင်လောက်တဲ့အထိ ဆင့်ကဲပြောင်းလဲသွားနိုင်ပါတယ်။
ဒါကြောင့် နောင်ထွက်ပေါ်လာနိုင်တဲ့ မျိုးဗီဇကွဲတွေကို ခုခံနိုင်ဖို့အတွက် ကာကွယ်ဆေးတွေဆက်လုပ်ထုတ်လုပ်ဖို့ လိုအပ်နေပြီး နှာခေါင်းစည်းတပ်ဆင်ခြင်း၊ ရောဂါပိုးစစ်ဆေးခြင်းများ စတဲ့ ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်ဖို့ လိုအပ်ကြောင်း 'ဂိုင်ဟာ'က ဖြည့်စွက်ပြောကြားထားပါတယ်။
ကိုဗစ်အားမြှင့်ကာကွယ်ဆေးတွေက တီဆဲလ်တွေရဲ့ အိုမီခရွန်ကာကွယ်နိုင်စွမ်းကို အဆ ၂၀ လောက်အထိ တိုးမြှင့်ပေးကြောင်းလည်း ဆိုခဲ့ပါတယ်။
Source: Reuters
- Category: World
- Hits: 704

#LocalNews
Published - 14 Feb 2022
ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာတွေအနေနဲ့ နေအိမ်သီးသန့်နေထိုင်လိုသူများ လိုက်နာရမယ့်အချက်တွေကို ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၃ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
ကိုဗစ် -၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာတွေ နေအိမ်တွင် သီးသန့်နေထိုင်လိုသူတွေဟာ ကာကွယ်ဆေးအကြိမ် ပြည့်ထိုးနှံထားသူဖြစ်ရမယ့်အပြင် နောက်ဆုံးအကြိမ် ကာကွယ်ဆေးနဲ့ ထပ်ဆောင်းထိုးနှံပြီး ၆ လအတွင်းဖြစ်ရမယ်လို့ သတ်မှတ်ထားပါတယ်။
ရောဂါပိုးစစ်ဆေးတွေ့ရှိထားသူတွေအနေနဲ့ နေအိမ်တွင် သီးသန့် ၁၀ ရက်တိတိ နေထိုင်ရမှာဖြစ်ပြီး ရောဂါပိုးတွေ့ရှိရတာကြောင့် ဆေးရုံ(သို့မဟုတ်) ကုသရေးစင်တာမှာ ၅ ရက်ကြာ တက်ရောက်ကုသမှုခံယူခဲ့ပါက နေအိမ်မှာ ဆက်လက် ၅ ရက် စုစုပေါင်း ၁၀ ရက်တိတိ နေအိမ်တွင် သီးသန့်ခွဲခြားနေထိုင်တာကို သတ်မှတ်လမ်းညွှန်ချက်တွေနဲ့အညီ တိကျစွာလိုက်နာဖို့ ကြေညာထားပါတယ်။
မိမိနေအိမ်မှာ သီးသန့်နေထိုင်မယ့်သူတွေဟာ သတ်မှတ်ကာလအတွင်း မိမိနေအိမ်တွင်သာ သီးခြားအခန်းနဲ့ သီးသန့်ခွဲခြားနေထိုင်ရမှာဖြစ်ပြီး သီးခြားအခန်းမရှိပါက အိမ်အတွင်း လေဝင်/လေထွက်ကောင်းတဲ့နေရာကို မိမိအတွက် သီးခြားနေရာအဖြစ်သတ်မှတ်နေထိုင်ဖို့ အကြံပြုထားပါတယ်။
ဒ့ါအပြင် ရောဂါလက္ခဏာမရှိသူဖြစ်ရမှာဖြစ်ပြီး အန္တရာယ်ရှိလူနာအုပ်စုမှာ ပါဝင်သူမဖြစ်ရပါဘူး။ တစ်နေ့ကို ၂ ကြိမ် ပုံမှန်သတင်းပေးပို့နိုင်သူဖြစ်ရမှာအပြင် သီးခြားခွဲခြားနေထိုင်မယ့်နေအိမ်မှာ အတူနေသူတွေမှာလည်း ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံထားသူတွေဖြစ်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြည်တွင်းကိုဗစ်တွေ့ရှိမှုမှာ ၁ ရာခိုင်နှုန်းကျော်သာရှိရာကနေ ဖေဖော်ဝါရီလ ရက်သတ္တပတ် ၂ ပတ်အတွင်း နေ့စဉ်ပိုးတွေ့ရှိမှုနှုန်းမှာ ၇ ရာခိုင်နှုန်းအထိ မြင့်တက်လာပါတယ်။
ymg/ei
#Yangon_Media_Group
- Category: Myanmar
- Hits: 427

Published 14 February 2022
ကိုဗစ်ရောဂါကူးစက်ထားတဲ့ အမျိုးသမီးတွေမှာ ကိုရိုနာဗိုင်းရပ်စ်က သားအိမ်အချင်းကို ဖျက်ဆီးပစ်ပြီး ကလေးအသေမွေးလာနိုင်ကြောင်း သုတေသနအသစ်တစ်ခုမှာ ဖော်ပြထားပါတယ်။
ဒီဖြစ်ရပ်က ကိုယ်ဝန်ဆောင်တွေမှာ အဖြစ်များတာမဟုတ်ပေမယ့် ကိုဗစ်ရောဂါကူးစက်မိတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှာတော့ ဖြစ်လာနိုင်ချေရှိနေပါတယ်။
ကိုဗစ်ကာကွယ်ဆေးထိုးခြင်းဖြင့် ဒီလိုပြဿနာကို ကာကွယ်နိုင်မယ်လို့ အာဏာပိုင်တွေက ယုံကြည်ထားကြပါတယ်။
အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံ ၁၂ နိုင်ငံမှ သုတေသနပညာရှင်များက အသေမွေးလာတဲ့ကလေး ၆၄ ယောက်နဲ့ မွေးဖွားပြီးခဏအတွင်း သေဆုံးသွားခဲ့တဲ့ကလေး ၄ ယောက်တို့ဆီမှ အသားစတစ်ရှူးများရယူပြီး အချင်းကို ခွဲခြမ်းစိတ်ဖြာခဲ့ကြပါတယ်။
ဒီဖြစ်ရပ်တွေအားလုံးမှာ ကိုယ်ဝန်ဆောင်စဉ်အတွင်း ကိုဗစ်ရောဂါကူးစက်ပြီး ကာကွယ်ဆေးမထိုးထားတဲ့ အမျိုးသမီးတွေပါဝင်နေတာကို တွေ့ရပါတယ်။
သန္ဓေသားကိုကူးစက်ခြင်းထက် အချင်းကိုထိခိုက်စေခြင်းက ကလေးအသေမွေးတာတွေ တွေ့လာရတာဖြစ်နိုင်ကြောင်း ဖိုင်းဘာ့ဂ်ဆေးပညာတက္ကသိုလ်မှ ဒေါက်တာ'ဂျက်ဖရီဂိုးလ်စတိုင်း'က ပြောပြသွားပါတယ်။
ကလေးအသေမွေးလာနိုင်တဲ့နှုန်းက ကိုဗစ်ရောဂါကူးစက်ထားတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှာ ပိုဖြစ်နိုင်ပြီး အထူးသဖြင့် ဒယ်လ်တာမျိုးဗီဇကွဲကြောင့် ပိုပြီးဖြစ်နိုင်ပါတယ်။
ဇီကာဗိုင်းရပ်စ်လို အခြားဗိုင်းရပ်စ်တွေက အချင်းကိုဖြတ်သန်းဝင်ရောက်လာကာ သန္ဓေသားဆီကူးစက်တာကြောင့် ကလေးအသေမွေးခြင်းဖြစ်ပေါ်တတ်ကြောင်း ရောဂါဗေဒပညာရှင် ဒေါက်တာ'ဒေးဗစ်ရှဝါ့ဇ်'က ရှင်းပြပါတယ်။
ကိုဗစ်ရောဂါပိုးကူးစက်တဲ့ ကိုယ်ဝန်ဆောင်တွေမှာလည်း အဲဒီလိုသန္ဓေသားဆီကူးစက်ပြီး ကလေးအသေမွေးတာလားဆိုတာကို လေ့လာကြည့်ခဲ့ကြပါတယ်။
ဒါပေမဲ့ တကယ်တမ်းက သားအိမ်အချင်းကိုကူးစက်စေပြီး ပျက်စီးသွားတာဖြစ်ပါတယ်။
ဒီဖြစ်ရပ်အများစုမှာ အချင်းရဲ့ ၉၀ ရာခိုင်နှုန်းလောက်က ဖျက်ဆီးခံလိုက်ရတာကိုတွေ့ရပါတယ်လို့ 'ရှဝါ့ဇ်'ကဆိုပါတယ်။
ပုံမှန်အချင်းက နီသလိုလိုရှိပြီး ပွပွလေးဖြစ်နေပါတယ်။ပျက်စီးသွားတဲ့အချင်းတွေကတော့ မာတောင့်ပြီး တစ်ရှူးအသေတွေနဲ့ မဲညစ်နေခဲ့ပါတယ်။အခြားရောဂါပိုးကူးစက်မှုတွေက အချင်းကိုထိခိုက်နိုင်ပေမယ့် အခုလောက်တော့ ပျက်စီးခြင်းမရှိခဲ့ကြပါဘူး။
အချင်းအင်္ဂါက မိခင်ဝမ်းဗိုက်နဲ့ သန္ဓေသားကို ချက်ကြိုးဖြင့်ဆက်သွယ်ထားပြီး မိခင်သွေးကြောလည်ပတ်မှုစနစ်ကနေ အောက်ဆီဂျင်နဲ့ အဟာရဓာတ်တွေ ထောက်ပံ့ပေးပါတယ်။
ဗိုင်းရပ်စ်က သွေးကြောတွေကနေတဆင့် အချင်းကိုရောက်ရှိလာကာ အချင်းရှိ ဆဲလ်တွေနဲ့တစ်ရှူးတွေ ကူးစက်သေဆုံးကုန်ကြတာဖြစ်ပါတယ်။
အချင်းပျက်စီးပြီး သန္ဓေသား အောက်ဆီဂျင်မလုံမလောက်ဖြစ်ကာ ကလေးအသေမွေးလာရခြင်းဖြစ်နိုင်ပါတယ်လို့ ယူဆထားကြပါတယ်။
ကိုဗစ်ကူးစက်ထားတဲ့ ကိုယ်ဝန်ဆောင်တွေမှာ သွေးပေါင်ချိန်တက်ခြင်း၊ နာတာရှည်ရောဂါခံစားရခြင်း၊ သန္ဓေသားပုံစံမမှန်ခြင်း စသည်တို့ကလည်း ကလေးအသေမွေးလာနိုင်ချေ များလာစေပါတယ်။
ဒီလေ့လာချက်ကို အိုမီခရွန်ပျံ့ပွားမှုမဖြစ်ခင် ပြုလုပ်ထားတာကြောင့် အိုမီခရွန်မျိုးဗီဇကွဲက ကလေးအသေမွေးနိုင်ချေကို များလာစေသလားဆိုတာကိုတော့ သေချာမသိရသေးပါဘူး။
Source: AP News
- Category: World
- Hits: 805

Published 14 February 2022
ကိုဗစ်ရောဂါကူးစက်ခံရပြီးနောက် နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေအကြောင်းကို လေ့လာဆန်းစစ်ကြည့်ရာမှာ ၂၀၂၀ အတွင်းရောဂါကူးစက်ခဲ့တဲ့ အသက် ၆၅ နှစ်နဲ့အထက်လူကြီး ၃ ပုံ ၁ ပုံလောက်ဟာ လအနည်းငယ်ကြာပြီးနောက် ကျန်းမာရေးပြဿနာအခြေအနေ အနည်းဆုံးတစ်မျိုး ဖြစ်ပေါ်တတ်ကြောင်း ဗြိတိန်ဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
အဆိုပါလူနာတွေဟာ နှလုံး၊ ကျောက်ကပ်၊ အဆုတ်၊ အသည်း စတဲ့အဓိကအင်္ဂါအစိတ်အပိုင်းတွေမှာ ဆေးကုသမှုခံယူရလောက်တဲ့ ရောဂါတွေခံစားရကြောင်း တွေ့ရှိရပြီး စိတ်ကျန်းမာရေးပြဿနာခံစားရသူတွေပါ ရှိနေပါတယ်။
UnitedHealth Group ရဲ့ ကိုဗစ်ကူးစက်မှုဆိုင်ရာ သုတေသနဒေတာစင်တာမှ အချက်အလက်တွေကိုအသုံးပြုကာ ဆေးကုသခံယူဖို့ စာရင်းပေးထားတဲ့ အသက် ၆၅ နှစ်အထက်လူကြီး ၁၃၃,၃၆၆ ယောက်ကို လေ့လာခဲ့ကြပါတယ်။
ဒီလူနာအားလုံးဟာ ၂၀၂၀ ဧပရယ် ၁ ရက်နေ့မတိုင်ခင်အထိ ကိုဗစ်ရောဂါတွေ့ရှိထားတဲ့သူတွေဖြစ်ပါတယ်။
အဆိုပါလူနာတွေကို ကိုဗစ်ရောဂါကူးစက်ခြင်းမရှိတဲ့ အဖွဲ့ ၃ ဖွဲ့နဲ့နှိုင်းယှဉ်လေ့လာခဲ့ကြရာ ၂၀၁၉ ခုနှစ်အတွင်းကလူနာတွေအဖွဲ့၊ ၂၀၂၀ အတွင်းကလူနာတွေအဖွဲ့နဲ့ အသက်ရှူလမ်းကြောင်းအောက်ပိုင်း ရောဂါပိုးကူးစက်သူတွေအဖွဲ့ ဆိုပြီး ခွဲခြားခဲ့ပါတယ်။
ဒီ ၃ ဖွဲ့နှိုင်းယှဉ်ပြီး ဖြစ်လာနိုင်တဲ့ရောဂါပြဿနာတွေကို တွက်ချက်ခန့်မှန်းနိုင်ရန်အတွက် ကိုဗစ်ရောဂါပိုးတွေ့ရှိပြီးနောက်ပိုင်း ၂၁ ရက်ကနေ ပေါ်ထွက်လာတဲ့ ကျန်းမာရေးပြဿနာတွေကို မှတ်သားခဲ့ကြပါတယ်။
နှိုင်းယှဉ်လေ့လာချက်တွေအရ ၂၀၂၀ ခုနှစ်အတွင်းက ကိုဗစ်ပိုးတွေ့လူနာ ၁၀၀ မှာ ၃၂ ယောက်က အနည်းဆုံးကျန်းမာရေးပြဿနာတစ်ခု ထွက်ပေါ်လာပြီး ဆေးကုသခံယူခဲ့ရပါတယ်။
ဒါဟာ ၂၀၂၀ အတွင်း ကိုဗစ်ကူးစက်ခြင်းမရှိတဲ့လူနာတွေနဲ့ယှဉ်ရင် ၁၁ ရာခိုင်နှုန်းပိုများနေတာဖြစ်ပါတယ်။
ဆေးကုသမှုခံယူရတဲ့အထဲမှာ အဖြစ်အများဆုံးပြဿနာက အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာဖြစ်ပြီး လူနာ ၁၀၀ မှာ ၇.၅၅ ယောက်နှုန်းရှိခဲ့ပါတယ်။
ပင်ပန်းနွမ်းနယ်ခြင်းတွေ့ကြုံရသူ ၅.၆၆ ယောက်၊ သွေးပေါင်တက်ခြင်းပြဿနာတွေ့ကြုံရသူ ၄.၃၄ ယောက်၊ ကျောက်ကပ်ပြဿနာခံစားရသူ ၂.၅၉ ယောက်ရှိခဲ့ပြီး စိတ်ကျန်းမာရေးပြဿနာကြောင့် ကုသမှုခံယူရသူက ၁၀၀ မှာ ၂.၅ ယောက်ရှိခဲ့ပါတယ်။
ဒီလေ့လာသုံးသပ်ချက်ရဲ့ အနှစ်ချုပ်ကတော့ အသက် ၆၅ နှစ်နဲ့အထက်လူကြီးတွေမှာ SARS-CoV-2 ကူးစက်ခံရပြီးပါက နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေ ပေါ်ပေါက်လာနိုင်တာပဲဖြစ်ပါတယ်။
ကိုဗစ်ရောဂါမှသက်သာလာပြီး နောက်ဆက်တွဲရောဂါပြဿနာကြုံတွေ့ရသူတွေ များလာတာကြောင့် ဒီလေ့လာတွေ့ရှိချက်တွေက ဆရာဝန်တွေနဲ့ သိပ္ပံပညာရှင်တွေကို အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။
Source: The Jerusalem Post
- Category: World
- Hits: 1323