Published 4 Sept 2022
တရုတ်နိုင်ငံက နေရောင်ခြည်စွမ်းအင်သုံး မောင်းသူမဲ့ ချီမင်ရှင်း-၅၀ သို့မဟုတ် ဖော့စ်ဖရပ်-၅၀ လို့အမည်ပေးထားတဲ့ လေယာဉ်ကို စနေနေ့ကတရုတ်နိုင်ငံ အနောက်မြောက် ရှန်ရှီးပြည်နယ်က ယုလင်မြို့မှာ အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ အဓိက လေယာဉ်ပျံထုတ်လုပ်တဲ့ တရုတ်လေကြောင်းစက်မှုလုပ်ငန်းကော်ပိုရေးရှင်း AVIC ရဲ့ အမှတ်(၁) လေယာဉ်ဒီဇိုင်းနှင့်သုတေသနဌာနက ထုတ်လုပ်တဲ့ အဲဒီ နေရောင်ခြည်စွမ်းအင်သုံး ဒရုန်းကြီးဟာ စနေနေ့ ညနေ(၅)နာရီ မိနစ်(၅၀)မှာ ပျံတက်ခဲ့ပြီး ၂၆မိနစ်ကြာပျံသန်းပြီးနောက် ညနေ ၆နာရီ ၁၆ မိနစ်မှာ ချောမွေ့စွာဆင်းသက်နိုင်ခဲ့ပါတယ်။
ဒီလေယာဉ်ဟာ AVIC ကထုတ်လုပ်တဲ့ အလွန်မြင့်မားတဲ့ သွင်ပြင်အချိုးအစားရှိတဲ့ အမြင့်ပျံ မြန်နှုန်းနိမ့် လေယာဉ်ပျံတစ်စီးဖြစ်ပါတယ်။ပထမဆုံး လေယာဉ်ကိုယ်ထည်နှစ်ခုနှင့် အကြီးစားလေယာဉ်ဖြစ်ပြီး ပထမဆုံး နေရောင်ခြည်စွမ်းအင်တစ်ခုတည်းသုံး အရာအားလုံး လျှပ်စစ်နှင့် အရွယ်ကြီးမား ဒရုန်းပလက်ဖောင်းလည်းဖြစ်ပါတယ်။
ဒီလေယာဉ်ဟာ အမြင့် ထောက်လှမ်းခြင်းတောမီးလောင်မှုစောင့်ကြပ်ကြည့်ရှုခြင်း၊ လေထုဝန်းကျင်စောင့်ကြပ်ကြည်ရှုခြင်း၊ ပထဝီအနေအထားမြေပုံမှတ်သားခြင်းနှင့်ဆက်သွယ်ရေးဆောင်ရွက်ခြင်းတွေ အတွက် သန့်ရှင်းစိမ်းလန်းပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးအထောက်အကူပြုတဲ့ နေရောင်ခြည်စွမ်းအင်သုံးကာ အမြင့်မှာ အချိန်ကြာကြာ မရပ်မနားပျံသန်းနိုင်ပါတယ်။
ယခုလေယာဉ်တည်ဆောက်နိုင်တဲ့အတွက် လေကြောင်းပျံသန်းရေးမှာ မောင်းသူမဲ့ နေရောင်ခြည်စွမ်းအင်သုံးလေယာဉ် အကြီးစားတွေတည်ဆောက်ဖို့ ခိုင်မာတဲ့အုတ်မြစ်တစ်ခု အောင်မြင်စွာချလိုက်နိုင်တာလို့ သတင်းကဖော်ပြပါတယ်။
Source: CCTV Plus
#Solar_powered_unmanned_aircraft
#China_avaiation
#Green_energy
Published - 4 September 2022
နစကဥက္ကဋ္ဌရဲ့ ယခုရုရှားခရီးစဉ်အတွင်း ရုရှားသမ္မတပူတင်နှင့် နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံကြဖို့ရှိတယ်လို့ နစက အဆင့်မြင့် အရာရှိကြီးတစ်ဦးက YMG ရဲ့မေးမြန်းချက်အပေါ် အတည်ပြုပြောဆိုပါတယ်။
"ဒီခရီးစဉ်မှာ ရုရှားနိုင်ငံအစိုးရအဖွဲ့ဝန်ကြီးတော်တော်များများနဲ့တွေ့ဖြစ်ပါမယ်၊ရုရှားသမ္မတနဲ့ တွေ့မယ်။ဘာတွေဆွေးနွေးဖြစ်မယ်ဆိုတာတော့ မသိရသေးပါဘူး"ဟု ယင်းကပြောပါတယ်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီဘော့စတော့မြို တွင် စက်တင်ဘာ ၅ ရက်မှ ၈ ရက်အထိ ကျင်းပပြုလုပ်မည့် (၇ ) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်- ၂၀၂၂ ( The 7th Eastern Economic Forum 2022) သို တက်ရောက်ရန် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ယနေ့ စက်တင်ဘာ ၄ရက်နေ့မှာ ရုရှားနိုင်ငံ ဗလာဒီဘော့စတော့မြိုသို ရောက်ရှိကြောင်း ရုရှားမီဒီယာအချို့ရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံအစိုးရ၊အရှေ့ဖျားစီးပွားရေးဖိုရမ်(EEF)၏ ဖိတ်ကြားချက်အရ ရက်ပိုင်းအတွင်း သွားရောက်မည် ဖြစ်ကြောင်း စက်တင်ဘာလ ၂ ရက် ည ပိုင်းတွင် နစက အနေဖြင့် သတင်းထုတ်ပြန်ထားခဲ့တာဖြစ်ပါတယ်။
အဆိုပါ ခရီးစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဘော့စတော့မြို့တွင် စက်တင်ဘာလ ၅ ရက် မှ ၈ ရက်ထိ ပြုလုပ်မည့် ၇ ကြိမ်မြောက် အရှေ့ဖျား စီးပွားရေးဖိုရမ် ကို ပါဝင်တက်ရောက်မည်ဖြစ်ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံအစိုးရအဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံကာ နှစ်နိုင်ငံကြား ချစ်ကြည်ရေးနှင့် စီးပွားရေးပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
ymg/mt
Yamgon_Media_Group
#SAC_Myanmar
#Russia_Myanmar
#Myanmar_Politics



Published 4 Sept 2022
1MDB နှင့်ဆက်စပ်တဲ့ အဂတိလိုက်စားမှုကြောင့် ထောင်ကျခံနေရတဲ့ မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်ဟာ ဒီကနေ့ ဆေးရုံတင်လိုက်ရတယ်လို့ သူ့ရဲ့ အထူးအရာရှိက စက်တင်ဘာ ၄ ရက်က ပြောပါတယ်။
“ သူဟာလက်ရှိ ကွာလာလမ်ပူဆေးရုံမှာ တက်ရောက်ကုသခံနေပါတယ်။ ပူးပေါင်းကူညီပြီး လိုအပ်တာဆောင်ရွက်ပေးကြတဲ့ အကျဉ်းထောင် အာဏာပိုင်တွေနှင့် ကွာလာလမ်ပူဆေးရုံဝန်ထမ်းတွေကိုကျေးဇူးတင်ပါတယ်” လို့ မူဟာမက် မူခလစ် မက်ရီဘီက ပြောပါတယ်။
ဒါပေမယ့် ဆေးရုံတက်ကုသရတဲ့အထိဖြစ်လာရတဲ့ နာဂျစ်ရဲ့ နာမကျန်းမှုအသေးစိတ်ကိုတော့ သူက ပြောမသွားပါဘူး။
နာဂျစ်အခြေအနေဟာတည်ငြိမ်နေပြီး ဆေးကုသဖို့လိုအပ်နေတယ် လို့ အကျဉ်းထောင်အရာရှိတစ်ဦးကပြောတယ်လို့ အက်စထရို အန်ဝါနီ သတင်းဌာနက ပြောပါတယ်။
အကျဉ်းထောင်အတွင်း မသိရသေးတဲ့ အဖြစ်တစ်ခုအပြီးမှာ ဝန်ကြီးချုပ်ဟာ ကျန်းမာရေးစစ်ဆေးခံရတာဖြစ်တယ်လို့ ယုံကြည်ရတယ်လို့ အရင်းအမြစ်တစ်ခုကပြောပါတယ်။
“ ကျန်းမာရေးစစ်ဆေးမှုတွေပြီးရင်တော့ သိရမှာပါ ။ အချိန်တော့ နည်းနည်းကြာမယ်” လို့ အဆိုပါ အရင်းအမြစ်ကပြောပါတယ်။
အခြားသတင်းပေါ်တယ်တစ်ခုကတော့ ဝန်ကြီးချုပ်ဟောင်းဟာ ကိုယ်တွင်းသွေးယိုစိမ့်မှုတစ်ခုကြောင့် ကွာလာလမ်ပူ ဆေးရုံတင်လိုက်ရတာလို့ ရေးသားပါတယ်။
Source: Straits Times
#Najib Razak
#Najib_Razak_hospitalized
#Hospital_Kuala_Lumpur
Published 4 Sept 2022
သမ္မတဟောင်း ဒေါ်နယ်ထရမ့်က သူ့နေရာဆက်ခံထားတဲ့ ဂျိုးဘိုင်ဒင်ကို “ နိုင်ငံတော်ရဲ့ရန်သူ” လို့ တံဆိပ်တပ်လိုက်ပါတယ်။ စက်တင်ဘာ ၃ရက်က ပဲင်စီလ်ဗေးနီးယား မှာ ကျင်းပတဲ့ စုရုံးပွဲတစ်ခုမှာ သူက အဲသလိုပြောကြားခဲ့တာဖြစ်ပါတယ်။ သူက ပြီးခဲ့တဲ့လက သူ့ရဲ့ဖလော်ရီဒါအိမ်ကို အက်ဖ်ဘီအိုင်က စီးနင်းတဲ့ကိစ္စကိုလည်း ပြစ်တင်ဝေဖန်လိုက်ပါတယ်။
“ ခင်ဗျားတို့ အမှန်တရားကို သိချင်ကြသလား။ နိုင်ငံတော်ရဲ့ ရန်သူက သူနှင့် သူ့ကိုထိန်းချုပ်နေတဲ့ အုပ်စုပဲ” လို့ သူက ပြောလိုက်တဲ့အခါ သူ့ထောက်ခံသူတွေက ဩဘာပေးကြပါတယ်။
Source AFP
#Donald_Trump
#Joe_Biden
#Enemy _of_the_state
Published. 4 Sept 2022
အိန္ဒိယနို်ငံဟာ ကမ္ဘာ့ နံပါတ်(၅) စီးပွားရေးနိုင်ငံအဖြစ်ရောက်ရှိလာပြီး ဗြိတိန်ဟာ နံပါတ်(၆)နိုင်ငံအဖြစ် အိန္ဒိယရဲ့ နောက်ကိုရောက်ရှိသွားကာ နေရာဖယ်ပေးလိုက်ရတယ်လို့ ဘလွန်းဘတ်သတင်းဌာနက သတင်းဖော်ပြလိုက်ပါတယ်။
ဒါဟာလူနေမှုစရိတ်တွေကြောက်စဖွယ်ကြီးမြင့်လာနေတဲ့ ဗြိတိန်မှာ အစိုးရအတွက် ထိုးနှက်မှု တစ်ခုဖြစ်လာပါတယ်။
ယခင်ကဗြိတိန်ရဲ့ ကိုလိုနီဖြစ်ခဲ့ရတဲ့ အိန္ဒိယနိုင်ငံဟာ ၂၀၂၁ ခုနှစ် နောက်ဆုံးသုံးလမှာ ဗြိတိန်ကိုကျော်တက်သွားပြီး ကမ္ဘာ့နံပါတ်(၅)မြောက်အင်အားကြီးနိုင်ငံဖြစ်လာခဲ့တာပါ။ တွက်ချက်မှုကို အမေရိကန်ဒေါ်လာအခြေခံခဲ့တာဖြစ်ပြီး နိင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က ရရှိတဲ့ ဂျီဒီပီ ကိန်းဂဏန်းတွေအရ ယခုနှစ် ပထမလေးလပတ်မှာလည်း အိန္ဒိယဟာ ဆက်လက် ဦးဆောင်နေပါတယ်။
နိုင်ငံတကာအဆင့်သတ်မှတ်ချက်တစ်ခုမှာ ဗြိတိန်လျောကျရတာဟာ ဗြိတိန်ဝန်ကြီးချုပ်အသစ်ဖြစ်လာမယ့်သူအတွက် ကြိုဆိုလက်ခံစရာ မရှိတဲ့ နောက်ခံတစ်ခုဖြစ်လာပါတယ်။လာမယ့်တနင်္လာနေ့မှာ ကွန်ဆာဗေးတစ်ပါတီဝင်တွေဟာ ဘောရစ်ဂျွန်ဆန် ကိုဆက်ခံမယ့်သူကို ရွေးချယ်မှာဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီး လစ်ထရပ်စ်ဟာ အကြီးတန်း ဝန်ကြီးဟောင်း ရီရှီဆူနက်ကို အနိုင်ယူအရွေးချယ်ခံရလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။
ဝန်ကြီးချုပ်အသစ်ဖြစ်လာမယ့်သူဟာ ဆယ်စုနှစ်လေးစုအတွင်း အလျင်အမြန်ဆုံး ငွေကြေးဖောင်းပွမှုတွေကြုံနေရပြီး စီးပွားရေးကျဆင်းမှုကြုံရဖွယ်ရှိတယ်လို့ အင်္ဂလန်ဘဏ်က သတိပေးထားရတဲ့ ဗြိတိန်နိုင်ငံကို တာဝန်လွှဲ ယူရမှာဖြစ်ပါတယ်။
ဗြိတိန်နှင့်ခြားနားစွာပဲ အိန္ဒိယစီးပွားရေးဟာ ဒီနှစ်မှာ ၇ ရာခိုင်နှုန်းတိုးတက်ဖို့ရှိနေပါတယ်။ တူညီတဲ့ လေးလပတ်နောက်ဆုံးရက်မှာရှိတဲ့ ဒေါ်လာလဲလှယ်နှုန်းကို အသုံးပြုပြီး တွက်ချက်ကြည့်တဲ့အခါ အိန္ဒိယ စီးပွားရေး အရွယ်အစား ဟာ မတ်လ အထိ အမေရိကန်ဒေါ်လာ ၈၅၄.၇ ဘီလျံဖြစ်လာပါတယ်။ အခြေခံနည်း စနစ်အတူတူနှင့်တွက်ချက်ကြည့်တဲ့ အခါ ဗြိတိန်စီးပွားရေး အရွယ်အစားက ဒေါ်လာ ၈၁၆ ဘီလျံပဲရှိတယ်လို့ စီးပွားရေး သတင်းမီဒီယာကြီးဖြစ်တဲ့ ဘလွန်းဘတ်က ရေးသားပါတယ်။

ဒီတွက်ချက်မှုတွေကို နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ကိန်းဂဏန်းတွေနှင့် ဘလွန်းဘတ်တာမင်နယ်ရဲ့ သမိုင်းဝင် ငွေကြေးလဲလှယ်နှုန်းတွေကို အသုံးပြုထားတာဖြစ်တယ်လို့ဆိုပါတယ်။
ဗြိတိန်ဟာ ဆက်လက်ပြီးကျဆင်းဖို့ရှိနေပါတယ်။
အိန္ဒိယဟာ ဗြိတိန်ကို ကျော်ဖြတ်ပြီး ကမ္ဘာ့နံပါတ်(၅)အဆင့်စီးပွားရေးတက်လှမ်းသွားတာကြောင့် အိန္ဒိယရဲ့ရှေ့မှာ အမေရိကန်၊တရုတ်၊ဂျပန်နှင့် ဂျာမနီတို့ပဲရှိတော့မှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ဆယ်စုနှစ်ကတော့ အိန္ဒိယဟာ ကမ္ဘာ့စီးပွားရေးမှာ အဆင့် ၁၁သာရှိခဲ့ပြီး အဲဒီတုန်းက ဗြိတိန်က အဆင့် (၅)မှာရှိခဲ့ပါတယ်။
Source Bloomberg
#India_Economy
#The_fifth_largest_world-economy
#India_overtake_Britain
Published 3 Sept 2022
ဂျာကာတာနှင့် ဘန်ဒေါင်း ကျည်ဆန်အမြန်ရထားလမ်းစီမံကိန်းအတွက် သီးခြားထုတ်လုပ်ထားတဲ့ တရုတ်နိုင်ငံထုတ် မြန်နှုန်းမြင့် ခရီးသည်တင် လျှပ်စစ် ရထားနှင့် စစ်ဆေးရေး ရထားတွေဟာ ကြာသပတေးနေ့က တရုတ်နိုင်ငံ ချင်းဒေါင်ဆိပ်က်းမှ ဂျာကာတာ ဆိပ်ကမ်းကို ရောက်ရှိလာခဲ့ပါတယ်။
ဒီရထားတွဲတွေရောက်ရှိလာတာဟာ ဂျာကာတာ-ဘန်ဒေါင်း အမြန်ရထားလမ်းဆောက်လုပ်ရေးရဲ့ နောက်ထပ် အထင်ကရ မှတ်တိုင်တစ်ခုဖြစ်တယ်လို့ စီစီတီဗွီကသတင်းရေးသားပါတယ်။ တရုတ်နိုင်ငံထုတ် မြန်နှုန်းမြင့်ရထားတွေကို နိုင်ငံခြားတိုင်းပြည်တစ်ခုကို တင်ပို့တာ ဒါပထမဆုံးလည်းဖြစ်ပါတယ်။
စီအာရ်အာရ်စီ ချင်းဒေါင်ဆီဖန်ကုမ္ပဏီက ဒီဇိုင်းထုတ်တည်ဆောက်တဲ့ ဒီရထားတွဲတွေဟာ ကျည်ဆံရထားပုံစံအတွက် ခေတ်မီနည်းပညာအသုံးပြုထားပါတယ်။ အီအမ်ယူမြန်ှုန်းမြင့် နှင့် စီအိုင်တီရထားတွေဟာ တစ်နာရီကို ၃၅၀ ကီလိုမီတာ အထိမောင်းနှင်နိုင်ပါတယ်။ ဒီရထားတွေကို တရုတ်နိုင်ငံရဲ့ စံချိန်စံညွှန်းတွေနှင့်အညီ တည်ဆောက်ထားတယ်လို့လည်း ဆိုပါတယ်။
အဲဒီအပြင် အင်ဒိုနီးရှားနိုင်ငံရဲ့ ပတ်ဝန်းကျင်နှင့် လိုင်းအခြေအနေနှင့်လည်း လိုက်လျောညီထွေရှိအောင်ဒီဇိုင်းလုပ်ထားတယ် လို့လည်းသိရပါတယ်။
၂၀၂၃ နှစ်ဆန်းပိုင်းမှာ နောက်ထပ် ရထား ၁၀စီး ထပ်မံ တင်ပိုပေးဦးမှာဖြစ်ပါတယ်။ ဂျာကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ကျည်ဆံရထားလမ်းဟာ ဂျာကာတာနှင့် အနောက်ဂျာဗားပြည်နယ်မြို့တော် ဘန်ဒေါင်းတို့အကြား ခရီးသွားချိန်ကို လျှော့ချဖြတ်တောက်ပေးနိုင်ပါလိမ့်မယ်။ ယခုပုံမှန်အားဖြင့် သုံနာရီကျော်မောင်းနှင်ရတဲ့ခရီးကို မိနစ်၄၀သာ ကြာမြင့် ပြီး မောင်းနှင်နိုင်တော့မှာဖြစ်ပါတယ်။
Source CCTV Plus
#Jakarta-Bandung_High-Speed_Railway
#Indonesia_China
#China_Made_Bullet_train
Published- 2Sept 2022
အိန္ဒိယနိုင်ငံက နိုင်ငံရဲ့ ပထမဆုံးပြည်တွင်းထုတ် လေယာဉ်တင်သင်္ဘောကြီးကို စက်တင်ဘာ ၂ရက် သောကြာနေ့က ပွဲထုတ်လိုက်ပါတယ်။ ဒါဟာ အိန္ဒိယအစိုးရရဲ့ နိုင်ငံခြားလက်နက်တွေကို မှီခိုနေရတာကိုလျှော့ချဖို့နှင့် ဒေသအတွင်း တရုတ်ရဲ့စစ်ရေးအရယုံကြည်စိတ်ချ မှုတိုးပွားလာနေတာ ကို တန်ပြန်နိုင်ဖို့အတွက်ကြိုးပမ်းမှုဖြစ်ပါတယ်။
INS Vikrant (အိုင်အင်န်အက်စ် ဗစ်ကရန့်) လို့ အမည်ပေးထားတဲ့ အဲဒီ လေယာဉ်တင်သင်္ဘောကြီးဟာ အလျား ၈၆၀ ပေရှိပြီး ကမ္ဘာ့အကြီးဆုံးလေယာဉ်တင်သင်္ဘောတွေထဲမှာ တစ်စီးဖြစ်ကာ နှစ်ပေါင်း ၁၇နှစ်ကြာ တည်ဆောက်မှုနှင့်စမ်းသပ်မှုတွေပြုလုပ်ပြီးနောက် လုပ်ငန်းခွင်ထဲ ဝင်ရောက်တော့မှာဖြစ်ပါတယ်။
၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးစစ်ပွဲအတွင်း ပါကစ္စတန်ရေတပ်ကို ပိတ်ဆို့နိုင်ခဲ့လို့ နာမည်ကြီးခဲ့ပြီး အနားယူသွားတဲ့ လေယာဉ်တင်သင်္ဘောကြီးရဲ့ အမည်ကို အမွေဆက်ခံထားတာလည်းဖြစ်ပါတယ်။
“ ယနေ့မှာ အိုင်အင်န်အက်စ် ဗီကရန့်ဟာ နိုင်ငံကို ယုံကြည်မှုအသစ်တွေနှင့် ဖြည့်ဆည်းပေးလိုက်ပါပြီ။ ဖန်တီးပေးလိုက်ပါပြီ “ လို့ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီက တောင်ပိုင်း ကရာလာပြည်နယ်မှာပြုလုပ်တြ့ သင်္ဘော တပ်တော်ဝင် အခမ်းအနားမှာ ပြောကြားပါတယ်။
“ ပြည်တွင်းမှာ ဒီလို လေယာဉ်တင်သင်္ဘောတွေ တည်ဆောက်နိုင်တဲ့ အနည်းငယ်သော နိုင်ငံအုပ်စုထဲ ကျွန်တော်တို့ ဝင်ရောက်လိုက်ပါပြီ” လို့လည်းသူကပြောပါတယ်။
အိန္ဒိယရဲ့ တစ်စီးတည်းသော အခြားလေယာဉ်တင်သင်္ဘောရဲ့တိုက်လေယာဉ်တွေမှာ အမှုထမ်းနေသူ ၁၆၀၀ဦးခန့်ကို ယခုလေယာဉ်တင် သင်္ဘောကြီးမှာ တာဝန်ပေးမှာဖြစ်ပါတယ်။
အဲဒီအခြားလေယာဉ်တင်သင်္ဘောကြီးကို အိန္ဒိယရဲ့ အဓိက လက်နက်ရောင်းနိုင်ငံဖြစ်တဲ့ ရုရှားထံမှ တစ်ပတ်ရစ်သင်္ဘောကြီးအဖြစ် အိန္ဒိယက ဝယ်ယူခဲ့တာဖြစ်ပါတယ်။
မိုဒီအစိုးရဟာ နိုင်ငံက နိုင်ငံခြားကနေ စစ်ရေးပစ္စည်းတွေ ဝယ်ယူမှီခိုနေရတာကို ဖြတ်တောက်ဖို့ နည်းလမ်းရှာဖွေခဲ့ပြီး ပြည်တွင်းဖြစ် ကာကွယ်ရေးပစ္စည်းစက်မှုလုပ်ငန်းတွေကို တည်ဆောက်ခဲ့ပါတယ်။
အခုဆို စစ်သင်္ဘောတွေနှင့် ရေငုပ်သင်္ဘောတွေ အစီးရေ သုံးဒါဇင်ကျော်ကို နိုင်ငံရဲ့ သင်္ဘောကျင်းတွေမှာ တည်ဆောက်နေပါတယ်။
အိန္ဒိယရဲ့ ကိုလိုနီခေတ်က ကျန်ရစ်ခဲ့တဲ့ ဗြိတိသျှကိုလိုနီသရုပ်သကန်တွေမပါတော့ တဲ့ ရေတပ်အလံအသစ်ကိုပါ သောကြာနေ့က စတင်အသုံးပြုပြသခဲ့ပါတယ်။
“ ဒီနေ့ဟာ သမိုင်းဝင်နေ့ဖြစ်တယ်။ ကျွန်တော်တို့ သမိုင်းတစ်ခုလုပ်ခဲ့ကြပြီ။ ကျွန်တော်တို့လက်အောက်ခံဘဝ အမှတ်လက္ခဏာတွေကို ဖယ်ရှားပစ်ခဲ့ပြီ” လို့ လည်း မိုဒီက ပြောပါတယ်။
ရေတပ်အလံသစ်မှာ ယခင်ကပါခဲ့တဲ့ အင်္ဂလန် နိုင်ငံတော်အလံက စိန့်ဂျော့ကြက်ခြေခတ်နေရာမှာ ဟိန္ဒူစစ်ဘုရင် ချတ်ထရာပါတီ ရှီဗာဂျီရဲ့ တော်ဝင်တံဆိပ်ကို အစားထိုးခဲ့တာဖြစ်ပါတယ်။
Source: AFP
#India
#India_Home_made_aircraft_carrier
#INS_Vikrant
Page 190 of 261