Published 14 Feb 2022
ကမ္ဘောဒီးယားဟာ အမျိုးသား အင်တာနက်ဂိတ်ဝေး အသစ်ကို စတင်သက်ဝင်စေတော့မှာဖြစ်ပါတယ်။ဒီလိုလုပ်တာဟာ နိုင်ငံမှာ ပြသနာဝိုင်းနေတဲ့ အတိုက်အခံအသံတွေကို ပိုပြီးတိတ်သွားအောင်လုပ်လိုက်သလိုပဲလို့ တက်ကြွလှုပ်ရှားသူတွေက ပြောလိုက်ပါတယ်။
ဖေဖော်ဝါရီ(၁၆)ရက်ကစပြီး အဲဒီအမျိုးသားအင်တာနက်ဂိတ်ဝေးကြောင့် ဝက်ဘ်အသွားအလာတွေအာလုံးဟာ နိုင်ငံတော်က ထိန်းချုပ်ထားတဲ့ အဝင်ဂိတ်နေရာကနေသာ ဖြတ်သန်းသွားကြရမှာဖြစ်ပါတယ်။ အဲဒါကြောင့် ကိုယ်ရေးလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာပြောဆိုခွင့်အပေါ် အကြီးအကျယ်ထိခိုက်စေတော့မယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးကျွမ်းကျင်သူတွေက သတိပေးလိုက်ကြပါတယ်။
Source AFP
Published 14 Feb 2022
ကုလသမဂ္ဂ ဝန်ထမ်း(၅)ဦးဟာ စစ်ဒဏ်ခံနေရတဲ့ ယီမင်နိုင်ငံတာင်ပိုင်း မှာ ပြန်ပေးဆွဲခံရတယ်လို့ ကုလသမဂ္ဂအဖွဲ့အစည်းက တနင်္ဂနွေနေ့ကပြောလိုက်ပါတယ်။ သူတို့ငါးဦးဟာ ကွင်းဆင်းလုပ်ငန်းတွေဆောင်ရွက်ပြီးစီးလို့ အေဒင်ဆိပ်ကမ်းမြို့ကို အပြန်မှာ တောင်ပိုင်းက အေဘီယန်အုပ်ချုပ်ရေးဒေသမှာ ပြန်ပေးဆွဲခံလိုက်ရတာဖြစ်ပါတယ်လို့ ကုလသမဂ္ဂရဲ့ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် အီရီကန်နီကိုက ပြောပါတယ်။
Source AFP
#LocalPolitics
Published - 14 Feb 2022
ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် အပေးအယူ မျှတစွာဖြင့် အတူတကွလက်တွဲဆောင်ရွက်ကြရန် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီမှ ဥက္ကဋ္ဌ ဦးဟန်ရွှေမှ တိုက်တွန်းပြောကြားလိုက်ပါတယ်။
(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့တွင် ပါတီဝင်များထံ ပေးပို့တဲ့ တိုင်းရင်းသားစည်းလုံးညွတ်ရေးပါတီဥက္ကဋ္ဌ ဦးဟန်ရွှေမှ သဝဏ်လွှာ ပေးပို့ခဲ့ရာတွင် ထည့်သွင်းပြောဆိုထားတာဖြစ်ပါတယ်။
ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် အပေးအယူမျှတစွာ အတူတကွ လက်တွဲဆောင်ရွက်ကြရန် တိုင်းရင်းသားပြည်သူများ၏ လက်ရှိ ပကတိအခြေအနေကို ကိုယ်စားပြုကာ တိုက်တွန်နှိုးဆော်အပ်ကြောင်း ဦးဟန်ရွှေက ပြောပါတယ်။
“နှစ်ပေါင်း(၇၀)ကျော် ခံစားနေကြရတဲ့ ဆင်းရဲဒုက္ခအပေါင်းကို စာနာပြီး အကြောင်းအမျိုးမျိုးကြောင့် နှောင့် နှေးလျက်ရှိတဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက ပင်လုံစိတ်ဓာတ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးစိတ်ဓာတ်အပြည့်အဝနဲ့ ပါဝင် လက်မှတ်ရေးထိုးကြရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်မယ်လို့ ယုံကြည်ပါတယ်” လို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဥက္ကဋ္ဌ ဦးဟန်ရွှေက ပြောပါတယ်။
ဆက်လက်ပြီး လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် နယ်မြေတည်ရှိမှုတို့နှင့် စပ်လျဉ်း၍ ဖြစ်ပေါ်လာသည့် ပြည်တွင်းပြည်ပအန္တရာယ်နှင့် စိတ်ခေါ်မှုမှန်သမျှကို ရင်ဆိုင်ကျော်လွှားရာတွင် ပြည့်အင်အား သည် ပြည်တွင်းမှာသာရှိသည်ဟူသော အခြေခံမူအပေါ်တွင် အခိုင်အမာ ရပ်တည်ကြရမည်ဖြစ်ကြောင်း၊ သို့ပါ၍ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အခိုင်အမာ တည်ဆောက်ခြင်းဖြင့် ပြည်တွင်းအားကို ရယူကာ ပြည်တွင်းပြည်ပ စိတ်ခေါ်မှုမှန်သမျှကို တွန်းလှန်ဖယ်ရှားပြီး နိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာရေးနှင့် ဖွံဖြိုးတိုး တက်ရေးအတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ပင်လုံစိတ်ဓာတ် အခြေခံဖြင့် အတူတကွ လက်တွဲ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ကြောင်း ထုတ်ပြန်ချက်မှာရေးသားပြောဆိုထားပါတယ်။
ymg/hm
#Yangon_Media_Group
Published -12 Feb 2022
ကမ္ဘာ့နိုင်ငံကြီးအချို့ဟာ မြန်မာနိုင်ငံကို သူတို့အလိုကျပုံဖော်ချင်နေကြပြီးဒေသတွင်းဩဇာကျယ်ပြန့်လာဖို့အတွက် နည်းမျိုးစုံနှင့် ဖိအားပေးအကျပ်ကိုင်တိုက်ခိုက်ပိတ်ဆို့နေကြတယ်လို့ နစကဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။
ဒီကနေ့ နေပြည်တော်က ဗိုလ်ရှုခံရင်ပြင်မမှာ ကျင်းပတဲ့ ၇၅နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ဂုဏ်ပြုအခမ်းအနားမှာ နစကဥက္ကဋ္ဌက ယခုလိုထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ဘယ်နိုင်ငံရယ်လို့ အမည်နာမထည့်သွင်းပြောကြားမသွားပေမယ့် နစကအစိုးရအပေါ် အမေရိကန်၊ဗြိတိန်နှင့်အနောက်နိုင်ငံအချို့က စီးပွာရေးပိတ်ဆို့ကန်သတ်ခြင်းများအပါအဝင် သံတမန်ရေးအရပါ ဖိအားပေး မှုများလုပ်ဆောင်နေတာဖြစ်ပါတယ်။
"ယနေ့အချိန်မှာ ကမ္ဘာ့နိုင်ငံကြီးအချို့ဟာ နိုင်ငံငယ်များရဲ့ပြည်တွင်း ရေးကိစ္စတွေမှာ အကြောင်းအမျိုးမျိုးပြကာ ဝင်ရောက်စွက်ဖက်ပြီး တည်ငြိမ်မှုပျက်ပြားအောင်၊ စည်းလုံးညီညွတ်မှုပြိုကွဲအောင် နည်းလမ်း မျိုးစုံအသုံးပြုပြီး ဆောင်ရွက်နေကြပါတယ်"လို့ နယ်ချဲ့အင်္ဂလိပ်ထံမှ လွတ်လပ်ရေးရရှိရေးအတွက် တိုင်းရင်းသားခေါင်းဆောင်တွေ ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့တဲ့ သမိုင်းဝင်“ပြည်ထောင်စုနေ့”ရဲ့ ၇၅နှစ်ပြည့်အခမ်းအနားမှာ သူကဆက်လက်ပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့ မြန်မာနိုင်ငံလို ပထဝီနိုင်ငံရေးအရ အရေးပါတဲ့နိုင်ငံကို သူတို့အလိုကျ ပုံဖော်ဆောင်ရွက်နိုင်ရေးနဲ့ ဒေသတွင်း သြဇာကျယ်ပြန့်လာရေးအတွက် နည်းလမ်းမျိုးစုံနဲ့ ဖိအားပေးအကြပ်ကိုင် တာတွေ၊ အပြစ်ရှာဝေဖန်တိုက်ခိုက်တာတွေ၊ ပိတ်ဆို့အရေးယူတာတွေ ဆောင်ရွက်နေတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် တိုင်းရင်းသားအချင်းချင်း သံသယစိတ်များ ဖြစ်ပေါ်ကာ နိုင်ငံပြိုကွဲအောင်၊ တည်ငြိမ်မှုပျက်ပြားပြီး ဖွံ့ဖြိုးမှု နှောင့်နှေးအောင် ဆောင်ရွက်နေကြတယ်” လို့ နစကဥက္ကဋ္ဌက ဝေဖန်ပြောဆိုခဲ့ပါတယ်။
အဲဒီအပြင်ကာလရှည်ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ က နိုင်ငံဖွံ့ဖြိုးရေးနှင့် စည်းလုံးညီညွတ်မှုကို များစွာထိခိုက်စေတယ်လို့လည်း သူက ပြောကြားလိုက်ပါတယ်။
"လွတ်လပ်ရေးနဲ့အတူဖြစ်ပွားခဲ့တဲ့ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့ စည်းလုံးညီညွတ်မှုကို များစွာထိခိုက်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ အရင်းအမြစ်တွေ၊ ခွန်အားတွေ၊ စွမ်းအားတွေ ဒီပဋိပက္ခအပေါ်မှာ ဆုံးရှုံးခဲ့ပါတယ်။ ဒီလိုဆုံးရှုံးမှုတွေ ထပ်မဖြစ်ဖို့ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေး၊ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ထာဝရ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေး ဆောက်ရွက်ကြရပါမယ်"လို့ပြောဆိုခဲ့ပါတယ်။
နစကအနေနှင့်လက်ရှိဆောင်ရွက်နေတာတွေဟာ နိုင်ငံရေးလုပ်နေတာမဟုတ်ဘဲ နိုင်ငံ့အရေး ဖြစ်တဲ့ တိုင်းပြည်တည်ဆောက်ရေး(Nation Building)ကို ပုံဖော်နေတာ ဖြစ်တယ်လို့ပါသူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
ယနေ့ဖေဖော်ဝါရီ(၁၂)ရက်မှာကျင်းပတဲ့ စိန်ရတုပြည်ထောင်စုနေ့ဂုဏ်ပြုအခမ်းအနားသို့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေထဲက (၇)ဖွဲ့နှင့် NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေထဲက (၄)ဖွဲ့တို့က ကိုယ်စားလှယ်များစေလွှတ်ခဲ့တယ်လို့သတင်းရရှိပါတယ်။
ymg/hm
Published 12 Feb 2022
ရုရှားနှင့် ဘီလာရု(စ်)တို့ဟာ ဘီလာရုစ်နိုင်ငံရဲ့ အိုဆီပိုဗင်ချီစကီ လေ့ကျင့်ရေးကွင်းမှာ ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခု ဖေဖော်ဝါရီ၁၀ရက်က ပြုလုပ်ခဲ့ပါတယ်။
အဲဒီပူးတွဲလေ့ကျင့်မှုမှာ ဒုံကျည်ပစ်လောင်ချာတွေအများကြီးကနေ ဒုံးကျည်တွေတစ်ပြိုင်နက်ပစ်လွှတ်စမ်းသပ်ခဲ့ကြတဲ့ဗွီဒီယိုကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ပေးခဲ့ပါတယ်။
ယူကရိန်းကိုရုရှားကကျူးကျော်တော့မယ်လို့ အနောက်နိုင်ငံတွေက စိုးထိတ်နေကြပြီး စစ်ရေးတင်းမာမှုတွေဖြစ်နေတဲ့အချိန်မှာ ဒီစစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ကြတာပါ။
စစ်အေးတိုက်ပွဲပြီးဆုံးပြီးကတည်းက မမြင်ရတဲ့ တင်းမာမှုအဆင့်တစ်ခုဟာ ရုရှားနှင့် အနောက်နိုင်ငံတွေအကြား ရောက်ရှိနေတာဖြစ်ပါတယ်။
Source AFP
#LocalPolitics
Published- 12 Feb 2022
နိုင်ငံရေးသဘောထား ကွဲလွဲမှုများကို အင်အားသုံးဖြေရှင်းခြင်းကအခိုက်အတန့်အားဖြင့် အနိုင်အရှုံးရလဒ် ဖြစ်ပေါ်လေ့ရှိသော်လည်း၊ အမုန်းတရားအာဃာတများသည် ပဋိပက္ခဆက်လက်ကြီးထွားစေရန် လောင်စာများစုဆောင်းထားသကဲ့သို့ ဖြစ်ပေါ်စေတယ်လို့ ပြည်သူ့ပါတီ(ဗဟိုဌာနချုပ်)ကထုတ်ပြန်လိုက်ပါတယ်။
ယနေ့ ကျရောက်တဲ့ ပြည်ထောင်စုနေ့ စိန်ရတုနဲ့ပတ်သတ်ပြီး ကြေညာချက်တစ်စောင်ကိုပြည်သူ့ပါတီကထုတ်ပြန်လိုက်တာဖြစ်ပြီး ပင်လုံစာချုပ် ၂၅ နှစ်ပြည့် ငွေရတုသဘင်သည် ၁၉၇၂ ခုနှစ် တော်လှန်ရေးကောင်စီ လက်ထက်တွင်လည်းကောင်း၊ နှစ် ၅ဝ ပြည့် ရွှေရတုသဘင်သည် ၁၉၉၇ ခုနှစ် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံဖြိုးရေးကောင်စီ လက်ထက် တွင်လည်းကောင်း၊ ယခု ၇၅ နှစ်ပြည့် စိန်ရတုသဘင်သည် ၂ဝ၂၂ ခုနှစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက် ထက်တွင်လည်းကောင်း ဖြတ်သန်းခဲ့ကြရပြီဖြစ်တယ်လို့ဖော်ပြထားပါတယ်။
ထိုအပြင် ပင်လုံစာချုပ်၏ အနှစ်သာရဖြစ်သောတိုင်းရင်းသား တန်းတူညီမျှရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး နှင့် အမျိုးသားခေါင်းဆောင်ကြီးများ ချမှတ်ခဲ့သည့် ဒီမိုကရေစီရေးတို့ကို မဖေါ်ဆောင်နိုင်ခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာ သော လက်နက်ကိုင်ပဋိပက္ခသည်လည်း စိန်ရတုနှင့်အမျှ ရှည်ကြာခဲ့ပြီဖြစ်တယ်လို့ဆက်လက်ဖော်ပြထားပါတယ်။
ထိုအပြင်ညီညွတ်ရေးကြောင့် လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာကို တစ်စုတစ်စည်းတည်း ပြန်လည်ရရှိခဲ့သော်လည်းညီညွတ်ရေးပြိုကွဲခြင်းသည် ပြည်ထောင်စုပြိုကွဲခြင်း၊ အချုပ်အခြာအာဏာပြိုကွဲခြင်း အလုံးစုံပျက်သုဉ်းခြင်းသို့ ဦးတည်သွားစေနိုင်ကာ ညီညွတ်ရေးပြိုကွဲမှုကြောင့် လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာသော ပြည်တွင်းစစ်နှင့် တပ်မတော်မှ နိုင်ငံရေးတွင် ပါဝင်စွက်ဖက်၍၊ အကြိမ်ကြိမ်အာဏာသိမ်းမှုတို့ ၏ အကျိုးဆက်အဖြစ် တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်မှု နောက်ကျကျန်ခဲ့ခြင်း၊ ပညာရေး၊ ကျန်းမာရေးနိမ့်ကျခြင်း၊ လူမှုရေးမညီမျှမှုဖြစ်ခြင်းများစသည့် အနိဋ္ဌါရုံများကိုပြည်သူတစ်ရပ်လုံး ခံစားခဲ့ကြရတယ်လို့ လည်းရေးသားထားပါတယ်။
ဆက်လက်၍တိုင်းရင်းသားပြည်သူအားလုံး မျှော်မှန်းတည်ဆောက်ခဲ့ကြသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ရေးအတွက်၊ နိုင်ငံရေးနည်းလမ်းဖြင့် အမြန်ဆုံးဝိုင်းဝန်းကြိုးပမ်းကြပါရန် တိုက်တွန်းတယ်လို့ ကြေညာချက်မှာဖော်ပြထားပါတယ်။
ymg/hm
#Yangon_Media_Group
Page 186 of 192