Published 1 August 2022
အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ထဲက ဦးစားပေး ဆောင်ရွက်နိုင်တာတွေကို အဖြစ်နိုင်ဆုံး အာဆီယံမူဘောင်နှင့်အညီ ဆောင်ရွက်သွားမှာဖြစ်ပြီး နိုင်ငံပုံမှန်အခြေအနေဖြစ်လာတာနှင့်အမျှ တိုးတက်ဆောင်ရွက်မှုတွေရှိလာမှာဖြစ်တယ်လို့ နစက ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။
နစက ၁၈လတာ တာဝန်ထမ်းဆောင်မှုနှင့်ပတ်သက်လို့ ဩဂုတ်(၁)ရက်က ပြောကြားတဲ့မိန့်ခွန်းမှာ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က အဆိုပါအချက်ကိုထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
“ယခုနှစ်မှာတော့ အခြေအနေအားလုံး တိုးတက်လာပြီဖြစ်တဲ့အတွက် ဘုံသဘောတူညီချက် ၅ ရပ်ထဲက ဦးစားပေးဆောင်ရွက်နိုင်တာတွေ အဖြစ်နိုင်ဆုံး အာဆီယံမူဘောင်နဲ့အညီ ဆောင်ရွက်သွားပါမယ်။ နိုင်ငံအနေနဲ့ မိမိပြည်တွင်းရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး ၃ ရပ်ပါဝင်တဲ့ အချုပ်အခြာအာဏာကို ထိပါးမယ့်ကိစ္စတွေမဖြစ်အောင် သုံးသပ်ဆောင်ရွက်နေပါတယ်၊နိုင်ငံပုံမှန်အခြေအနေဖြစ် လာတာနဲ့အမျှ တိုးတက်ဆောင်ရွက်မှုတွေ ရှိလာမှာဖြစ်ပါတယ်” လို့ ဗိုလ်ချူပ်မှူးကြီးက ပြောကြားခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်ကာလ အတွင်း မှာ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဒုတိယလှိုင်းနဲ့ တတိယလှိုင်းမှာ ပြင်းထန်စွာခံစား ခဲ့ရပြီး ကိုဗစ်-၁၉ ကပ်ဘေးရောဂါကျော်လွှားဖို့ အပြင်းအထန်လုံးပန်းနေရသလို ပြည်တွင်း ဆူပူဆန္ဒပြအကြမ်းဖက်မှုများကို ဖြေရှင်းဆောင်ရွက်နေရတဲ့အတွက် နိုင်ငံ တည်ငြိမ်မှုမရှိလို့ အာဆီယံဘုံသဘောတူညီချက် အကောင်အထည်ဖော်နိုင်ဖို့ အခက်အခဲရှိခဲ့တယ်လို့လည်း သူကပြောပါတယ်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၄ ရက်က ပြုလုပ်ခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးကနေ မြန်မာနိုင်ငံနှင့်ပတ်သက်လို့ ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ပရက် ဆော့ခွန်ဟာ ပြီးခဲ့တဲ့ မတ်လနင့်ဇွန်လများအတွင်း မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး အာဆီယံဘုံသဘောတူညီချက်(၅)ရပ် အကောင်အထည်ဖော်ရေး ဆွေးနွေးမှုတွေလုပ်ခဲ့ပါတယ်။ ယခုလည်း စက်တင်ဘာလခန့်မှာ ထပ်မံလာရောက်ဦးမယ်လို့ ကမ္ဘောဒီးယားအခြေစိုက် သတင်းမီဒီယာများက ရေးသားနေကြပါတယ်။
-ymg/knl
#ASEAN_Myanmar
#SG_Min_Aung_Hlaing
Published 31 July
နိုင်ငံတော် အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး၂/၂၀၂၂ကို ဇူလိုင်(၃၁)ရက်က ကျင်းပပြီး ယာယီသမ္မတ ဦးမြင့်ဆွေက ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၂၁ (ခ)အရ နစက အား ပေးအပ်ထားတဲ့ တာဝန်ကို သက်တမ်းနောက်ထပ်(၆)လ ထပ်မံတိုးမြှင့်ပေးလိုက်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အဆိုပါအစည်းအဝေးကို ယာယီသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချူပ်မှူးကြီး စိုးဝင်းနှင့် နိုင်ငံတော် အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဝင်များတက်ရောက်ခဲ့ကြပြီး ဒုတိယသမ္မတ ဦးဟန်နရီဗန်ထီးယူ ကျန်းမာရေးအရ ခွင့်ပန်ကြားခဲ့ပါတယ်။
နစက ဥက္ကဋ္ဌက တိုင်းပြည်၏ လက်ရှိအခြေအနေများနှင့် နစက၏ လုပ်ဆောင်များကို အစီရင်ခံသုံးသပ်တင်ပြခဲ့ပြီး လုပ်ငန်းတာဝန်များကို အောင်မြင်ပြီးမြောက်သည်အထိ ထမ်းဆောင်နိုင်ရေးအတွက် နစကကို နောက်ထပ်(၆)လသက်တမ်း ထပ်မံတိုးမြှင့်ပေးနိုင်ပါရန် ဆက်လက်တင်ပြခဲ့တာဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ အရ အချိန်ကာလတိုးမြှင့်ပေးရန်ကိစ္စနှင့်စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၂၁ ပုဒ်မခွဲ (ခ)၏ လုပ်ပိုင်ခွင့်များအရလည်းကောင်း၊ ပုဒ်မ ၄၂၅ နှင့်အညီ နိုင်ငံအရေးပေါ်အခြေအနေကြေညာထားသည့်ကာလကို နောက်ထပ်ခြောက်လတိုးမြှင့်သတ်မှတ်ရတင်ပြမှုကို နိုင်ငံတော်အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက သဘောတူညီခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ပြည်တွင်းပြည်ပ တားဆီးနှောက်ယှက်မှုများ၊ အခက်အခဲများကြားမှ ကြံ့ကြံခံပြီး နိုင်ငံတော်ရဲ့ အမျိုသား အကျိုးစီးပွားဖြစ်တဲ့ အမျိုးသား အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးခဲ့တဲ့အတွက် နစကရဲ့လုပ်ဆောင်မှုတွေကို အသိအမှတ်ပြုတယ်လို့ ယာယီသမ္မတ ဦးမြင့်ဆွေက အစည်းအဝေးမှာ ပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ယခုသက်တမ်း(၆)လတိုးမြှင့်တဲ့အတွက် နစကဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီ (၃၁)ရက်အထိ တာဝန်တွေ ဆက်လက်ထမ်းဆောင်ခွင့်ရရှိသွားတာဖြစ်ပါတယ်။
ymg/knl
Published 31 July 2022
တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(PLA)ရဲ့ စစ်နယ်တိုင်းကြီး (၃)တိုင်းဟာ ပင်လယ်ဝါ၊ အရှေ့တရုတ်ပင်လယ်နှင့် အခြား တရုတ်ရေပိုင်နက်တွေမှာ တကယ်စစ်ပွဲပုံစံ ရေကြောင်းစစ်ရေးလေ့ကျင့်မှုတွေကို အရှိန်မြှင့်ပြုလုပ်ခဲ့ပါတယ်။
အဲဒီလိုလေ့ကျင့်မှုဟာ စစ်ပွဲအတွက် တိုက်ပွဲဝင် အဆင်သင့်အနေအထား အသင့်ပြင်ဆင်ထားခြင်းဖြစ်တယ်လို့ CCTV က ပြောပါတယ်။
တရုတ်တပ်မတော် မြောက်ပိုင်းစစ်နယ်တိုင်း ရေတပ်ဟာ ပင်လယ်ဝါထဲမှာ လက်တွေ့ပစ်ခတ်ပြီး လေ့ကျင့်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ အလားတူ အရှေ့ပိုင်းစစ်နယ်တိုင်းကလည်း အရှေ့တရုတ်ပင်လယ်ထဲမှာ ရေတပ်သင်္ဘော အုပ်စုနှင့်အတူ ပစ်ခတ်တိုက်ခတ် လေ့ကျင့်ခဲ့ကြပါတယ်။ တောင်ပိုင်းစစ်နယ်တိုင်းကလည်း အလားတူ စစ်ရေးလေ့ကျင့်မှုတွေကို ပြီးခဲ့တဲ့ရက်များအတွင်း ပြုလုပ်ခဲ့ကြပါတယ်။
Source: CCTV Plus
#China_ PLA_combat_ready_drill
#China_Taiwan_Tension
#China_US_Pelosi_Visit
Published: 31 July 2022
ဖိလစ်ပိုင်သမ္မတဟောင်း ဖီဒဲလ်ဗယ်ဒက်ဇ်ရာမို့စ်ဟာ ဒီကနေ့ ဇူလိုင် ၃၁ ရက်၊ တနင်္ဂနွေနေ့မှာ ကွယ်လွန်ခဲ့ပြီး ကွယ်လွန် ချိန်မှာ သူဟာ အသက် ၉၄နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။
သူဟာ မားကို့စ်ရဲ့အစိုးရကနေ စွန့်ခွာ ဘက်ပြောင်းခဲ့တဲ့အတွက် လူတော်တော်များများရဲ့ သူရဲကောင်းဖြစ်ခဲ့သူပါ။ အဲဒီတုန်းက သူဟာ ဖိလစ်ပိုင်ရဲတပ်ဖွဲ့ကို ဦးဆောင်နေသူဖြစ်ပြီး ၁၉၈၆ခုနှစ် လူထုအုံကြွမှုမှာ အာဏာရှင်မားကို့စ် ပြုတ်ကျစေဖို့သူ့ရဲ့ဘက်ပြောင်းမှုက တွန်းအားဖြစ်ခဲ့ပါတယ်။
အခြာတစ်ဖက်မှာလည်း မားကို့စ်အာဏာရစဉ်အတွင်း စစ်အုပ်ချုပ်ရေးဥပဒေထုတ်ပြန်ခဲ့ရာမှာ ပါဝင်ခဲ့တဲ့ သူ့ရဲ့ အခန်းကဏ္ဍကို မေ့မရနိုင်သူတွေလည်းရှိနေခဲ့ကြပါတယ်။
၁၉၉၂ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ကပ်နိုင်ခဲ့ပြီးနောက် ရာမို့စ်ဟာ မားကို့စ်ကို ဖြုတ်ချခဲ့တဲ့ ပြည်သူ့အာဏာခေါင်းဆောင် ကော်ရာဇွန် အကီနိုနေရာကို အစားထိုးရောက်ရှိလာပြီး သမ္မတဖြစ်လာခဲ့ပါတယ်။အဲဒီတုန်းက သူဟာ ထောက်ခံမဲ ၂၃ရာခိုင်နှုန်းလျော့လျော့ရရှိခဲ့ပေမယ် သူ့ရဲ့သမ္မတသက်တမ်းမှာ ငြိမ်းချမ်းတည်ငြိမ်မှုနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုရရှိခဲ့တာကြောင့် လူထုထောက်ခံမှု ၆၆ ရာခိုင်နှုန်းအထိ ရရှိခဲ့သူလည်းဖြစ်ပါတယ်။
သမ္မတဟောင်းရာမို့စ်ကွယ်လွန်တာသိရလို့ အထူးကြေကွဲဝမ်းနည်းရတယ်လို့ သမ္မတဖာဒီနန်မားကိုစ်ဂျူနီယာရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ထရီဇီခရုခ် အိန်ဂျယ်ကပြောပါတယ်။
Source: Reuters
#Fidel_Valdez_Ramos_died
#Philippine_Former_President_Ramos
#Philippine_Politics
Published 31 July 2022
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ စနေနေ့ မနက်မှာ ကိုဗစ်-၁၉ စစ်ဆေးရာမှာ ပေါ့စတစ်အဖြေထွက်ခဲ့တယ်လို့ သမ္မတရဲ့ ဆရာဝန် ဒေါက်တာ ကီဗင် အိုကော်နာက စာထုတ်ပြန်ပါတယ်။ ဒီလို ထပ်မံကူးစက်မှုတွေ့ရတာဟာ ပြန်ကန်"rebound" ကူးစက်မှုဖြစ်နိုင်ကာ ပက်လိုဗစ်ဆေးနှင့်ကုသတဲ့ လူနာတွေထဲက ရာခိုင်နှုန်းအနည်းငယ်ဆီမှာ ဒီလို ပြန်ကန်ကူးစက်မှုမျိုး တွေ့ရတတ်တယ်လို့လည်း ဒေါက်တာကပြောပါတယ်။
ဘိုင်ဒင်ဟာ ရောဂါလက္ခဏာပြန်ပေါ်ပေါက်တာမျိုးမရှိဘဲ နေထိုင်ကောင်းနေတယ်လို့လည်း ဆရာဝန်ကပြောပါတယ်။
ဘိုင်ဒင်ဟာ ကိုဗစ်ကူးစက်ခံခဲ့ရပြီးနောက် ပြီးခဲ့တဲ့ အင်္ဂါနေ့ညနေပိုင်းက စစ်ဆေးရာ နဂ္ဂတစ်အဖြေထွက်ခဲ့ပြီး နေ့စဉ်ဆက်လက် စစ်ဆေးရာမှာ ဗုဒ္ဓဟူးနေ့မနက်၊ကြာသပတေးနေ့မနက်နှင့် သောကြာနေ့မနက်တွေမှာလည်း နဂ္ဂတစ် အဖြေပဲထွက်ခဲ့ပါတယ်။ စနေမနက်ထပ်စစ်တော့မှ ပေါ့စတစ်အဖြေ ပြောင်းထွက်ခဲ့တာဖြစ်ပါတယ်။
“ သူနေကောင်းပေမယ့် ပေါ့စတစ်ထွက်ထားလို့ သူ့ကို တင်းကြပ်တဲ့ သီးသန့်ခွဲထားတဲ့ လုပ်ငန်းစဉ်တွေအတိုင်း ပြန်လည် ထားရှိမှာဖြစ်တယ်” လို့ ဒေါက်တာကပြောပါတယ်။
ဗုဒ္ဓဟူးနေ့မှာ ဘိုင်ဒင်ငဟာ နဂ္ဂတစ်အဖြေထွက်ခဲ့ပြီးနောက် သူဟာ သီးသန့်ခွဲနေတာတွေရပ်တန့်ခဲ့ပါတယ်။ အိမ်ဖြူတော် နှင်းဆီဥယျဉ်မှာတောင် သူပြန်လာတဲ့ အထိမ်းအမှတ် လုပ်ခဲ့ပါသေးတယ်။
Source: CNN
#Biden_Covid_Rebound_Infection
#Biden_Covid_positive _again
Published 28 July 2022
ယူကရိန်းစစ်တပ်က ပိုလန်နိုင်ငံလုပ် ခရက်ဘ် ဟောင်ဝစ်ဇာ အမြောက်တွေကို ရုရှားနှင့်စစ်ဖြစ်နေတဲ့ နိုင်ငံအရှေ့ပိုင်း ရှေ့တန်းကို ပေးပို့လိုက်ပါတယ်။
ပိုလန်နိုင်ငံက အဲဒီဟောင်ဝစ်ဇာ အမြောက် ၁၈ လက်ကို လှုဒါန်းခဲ့တာဖြစ်ပြီး တစ်လအကြာမှာ နောက်ထပ် ဟောင်ဝစ်ဇာ အမြောက် အလက်(၆၀)ကို ယူရိုသန်း ၆၅၀နှင့်ရောင်းချမယ်လို့ကြေညာခဲ့ပါတယ်။
ခရက်ဘ်ဟာ self-propelled tracked gun အမျိုးအစား ဟောင်ဝစ်ဇာဖြစ်ပြီး ၁၅၅ မီလီမီတာရှိတဲ့ အမြောက်တပ်ဆင်ထားပါတယ်။
Source: AFP
#Polish-made_howitzers
#Ukraine_war
#Russia_Ukraine_Conflict
Published 28 July 2022
မြောက်ကိုးရီးယားနိုင်ငံသည် ယင်းရဲ့ နျူကလီးယားစစ်အဟန့်အတားတွေကို တိုက်ခိုက်ရန်ပြင်ဆင်ဖို့နှင့် အမေရိကန်ရဲ့ စစ်ရေး ထိပ်တိုက်ဖြစ်မှုကိုတန်ပြန်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ခေါင်းဆောင် ကင်မ်ဂျုန်အမ်က ပြောလိုက်ပါတယ်။
တောင်ကိုးရီးယားသမ္မတအသစ်ကိုလည်း ပထမဆုံးအဖြစ် ဝေဖန်ပြစ်တင်လိုက်ပြီး ဆိုးလ်ဟာ စစ်ပွဲရဲ့နှုတ်ခမ်းဝ ရောက်အောင် တွန်းပို့နေတယ်လို့ သူကပြောလိုက်ပါတယ်။
ဇူလိုင်၂၇ရက်နေ့ ကိုးရီးယားစစ်ပွဲ ရပ်စဲမှု ၆၉နှစ်ပြည့် အခမ်းအနားမှာ ကင်မ်က မိန့်ခွန်းပြောကြားရာမှာ ယခုလိုပြောခဲ့တာ ဖြစ်ပါတယ်။ ကိုးရီးယားစစ်ပွဲရပ်စဲခဲ့ပေမယ့် နည်းပညာသဘောအရ စစ်ကဆက်လက်ဖြစ်နေတာပါ။
၁၉၅၀-၅၃ စစ်ပွဲကတည်းက အမေရိကန်ပြည်ထောင်စုနှင့် ထိပ်တိုက်တွေ့ခဲ့ပြီး မြောက်ကိုးရီးယားအဖို့ အရေးတကြီး သမိုင်းပေးတာဝန်တစ်ခုပေါက်မြောက်ဖို့လိုအပ်လာတဲ့အတွက် ကိုယ်ပိုင်ကာကွယ်ရေးကို တိုးမြှင့်လုပ်ဆောင်ခဲ့ရတယ်လို့ ကင်မ်ကပြောပါတယ်။
“ ကျွန်တော်တို့တပ်တွေဟာ ဘယ်လိုအကျပ်အတည်းမဆို တုန့်ပြန်ဖို့ ပြင်ဆင်ထားရှိပြီးဖြစ်တယ်။ ကျွန်တော်တို့နိုင်ငံရဲ့ နျူကလီးယားအဟန့်အတားအစီအမံတွေဟာ ယင်းရဲ့မစ်ရှင်ကိုအတိအကျချက်ခြင်းလုပ်ဆောင်နိုင်အောင် စစ်ပြင်ဆင်ဖို့ အပြည့်အဝအဆင်သင့်ဖြစ်နေပြီ” လို့ သူကပြောပါတယ်။
ပထမဆုံးနျူကလီးယားစမ်းသပ်မှုပြုလုပ်ဖို့ ဆိုးလ်နှင့် ဝါရှင်တန်တို့ဟာ ပြင်ဆင်မှုတွေကို ၂၀၁၇ခုနှစ်ကတည်းက ပြီးစီးနေပြီး ဖြစ်တယ်လို့ တောင်ကိုးရီးယားနှင့် အမေရိကန်အရာရှိတွေက ပြောဆိုပြီးနောက် မြောက်ကိုးရီးယာခေါင်းဆောင်ကင်မ်က ယခုလိုပြောကြားလာတာဖြစ်ပါတယ်။
နျူကလီးယာစမ်းသပ်မှုကို စစ်ရပ်စဲရေးနှစ်ပတ်လည်နေ့ ဝန်းကျင်မှာပြုလုပ်နိုင်တယ်လို့ တောင်ကိုးရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးက အင်္ဂါနေ့တုန်းကပြောထားပါတယ်။ ဒါပေမယ့် စစ်အရာရှိကြီးတွေကတော့ လတ်တလောမှာ အဲဒီအရိပ်လက္ခဏာမတွေ့ရသေးဘူးလို့ဆိုပါတယ်။
တကယ်လို့ မြောက်ကိုးရီးယားက နျူကလီးယားစမ်းသပ်မှုလုပ်လာရင် ဆိုက်ဘာတိုက်ခိုက်မှုအစီအမံတွေအပါအဝင် အခြားသော ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှုတွေ နှင့်ရင်ဆိုင်ရဖွယ်ရှိတယ်လို့ တောင်ကိုရီးယား ဝန်ကြီးက ပြောထားပါတယ်။
အမေရိကန်နိုင်ငံဟာ စစ်ရေးလှုပ်ရှားမှုတွေအပေါ် စံနှုန်းနှစ်ခုထားနေတယ်လို့ မြောက်ကိုးရီးယားက နှစ်ရှည်လများ ဝေဖန်နေခဲ့ပါတယ်။
“ ကျွန်တော်တို့တပ်တွေရဲ့ ပုံမှန်ဆောင်ရွက်မှုတွေကို ရန်လိုတာ ခြိမ်းခြောက်တာအဖြစ် အမေရိကန်က အထင်အမြင်မှားေ အာင်လုပ်နေပြီး အဲဒီအချိန်မှာပဲ ကျွန်တော်တို့ရဲ့လုံခြုံရေးကို အကီဲးအကျယ်ခြိမ်းခြောက်တဲ့ ကြီးမားတဲ့ စစ်ရေးလေ့ကျင့်မှုတွေကို သူကလုပ်ပြနေတယ်။ ဒါဟာ တကယ့်ကို ဓားပြတိုက်မှုတစ်ခုပဲ” လို့ ကင်မ်က ပြောပါတယ်။
Source: Reuters
#North_Korea
#Nuclear_war_deterrent_ready
#North_South_Korea_US
Page 183 of 243