#Local_News
Published_ 30 November 2022
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ကမ်းနားလမ်း၊ ဗိုလ်တထောင်ဘုရားအနီးတွင် ယနေ့နိုဝင်ဘာလ ၃၀ ရက် နံနက် ၁၁ နာရီ ၄၅ အချိန်က ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ လူလေးဦးကို ဖမ်းမိခဲ့ကြောင်း သိရသည်။
ဗိုလ်တထောင်ဘုရားအနီးတွင် မသင်္ကာသူ ၄ ဦးကို လုံခြုံရေးတပ်ဖွဲ့က စစ်ဆေးရန်ခေါ်ဆောင်စဉ် ပြန်လည်ရန်ပြုတိုက်ခိုက်သဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရခြင်းဖြစ်ကြောင်း၊ ယင်းတို့နှင့်အတူ ကီးပက်ဖုန်း၊ ဓာတ်ခဲတို့ ချိတ်ဆက်ထားသည့် ဖောက်ခွဲရန်အသင့်ပြင်ထားသော လက်လုပ်ဗုံး ၂ လုံးကိုလည်း သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published _ 30 November 2022
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ရှုခင်းသာပတ်လမ်းတွင် နိုဝင်ဘာလ ၂၉ ရက် ညနေပိုင်းက YBS နှစ်စီးယှဉ်တိုက်မိ၍ အမျိုးသားတစ်ဦးလက်ပြတ်သွားခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။
ထိုနေ့ ညနေ ၅ နာရီခွဲကျော်ခန့်တွင် သာကေတမြို့နယ်၊ ရှုခင်းသာပတ်လမ်း၌ ခရီးသည်တင် YBS 31 နှင့် YBS 42 တို့တိုက်မိခဲ့၍ ထိခိုက်ဒဏ်ရာရသူရှိနေကြောင်း သတင်းရရှိသဖြင့် သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့က ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ပြုလုပ်ခဲ့ကြသည်။
ဖြစ်စဉ်ကြောင့် YBS ကားပေါ်၌ လိုက်ပါလာသူတစ်ဦးမှာ လက်ပြတ်သွားခဲ့သဖြင့် သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့က အရေးပေါ်ပြုစုကုသမှုများ ပြုလုပ်ပေးခဲ့ကြကြောင်းလည်း သိရှိရသည်။
"ကားနှစ်စီးပေါ်မှာက ခရီးသည်တစ်ယောက်မှမပါဘူး၊ ရှုခင်းသာပတ်လမ်းပေါ်က PT Power ဆီဆိုင်ရှေ့မှာ ဖြစ်သွားတာပါ၊ အရေးပေါ်ကယ်ဆယ်ပြီး ရန်ကုန်ဆေးရုံကြီးကို ပို့ပေးခဲ့ပါတယ်"ဟု သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့၏ သတင်းပြန်ကြား ရေးတာဝန်ခံကိုဇင်လင်းမောင်က ဆိုသည်။
ဖြစ်စဉ်အတွင်း လက်ပြတ်သွားခဲ့သူအား အောင်နိုင်သူ လူမှုကူညီရေးအသင်းကားဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published_ 30 November 2022
ရန်ကုန်တိုင်းဒေသကြီးအတွင် ယခုနှစ်ဇန်နဝါရီလမှအောက်တို ဘာလကုန်ထိ မီးလောင်ကျွမ်းမှု(၁၉၈)ကြိမ်ဖြစ် ပွားခဲ့သည့် အနက် မီးပြတ်ချိန် မီးခလုပ် မပိတ်မိရာက လောင်ကျွမ်းမှု အများဆုံးဖြစ်နေကြောင်း မြန်မာနိုင်ငံ မီးသတ်အဖွဲ့ချုပ်က သိရသည်၊၊
"ရန်ကုန်တိုင်းမှာတော့ ယခုနှစ်ဇန်နဝါရီလမှ အောက်တိုဘာလကုန်အထိ မီးလောင်ကျွမ်းမှု(၁၉၈)ကြိမ်ဖြစ်ပွားခဲ့တယ်၊၊ တိုက်ခန်းတွေမှာ မီးလန့်မှုတွေ မကြာခဏဖြစ်တယ်၊၊ အခုလို လျှပ်စစ်မီးတွေယာယီပြတ်တောက်ချိန်တွေမှာ မီးပူတိုက်ရင်း ထမင်းဟင်းချက်ရင်း မီးပျက်သွားချိန်မှာ မီးမပိတ်မိဘဲအပြင်ထွက်သွားမိတာမျိုး၊ အိပ်ပျော်သွားတာမျိုးတွေကြောင့် လောင်ကျွမ်းမှုအများဆုံးဖြစ်နေပါတယ်၊၊ မီးပူတွေ၊ မီးဖိုတွေဖွင့်ထားမိတာမျိုးတွေကြောင့် ဖြစ်ပွားနေပါတယ်၊၊ ၁၉၁ကိုဆက်သွယ်ဖို့လိုတယ်၊၊ မိမိမြို့နယ်က မီးသတ်စခန်းကဖုန်းနံပါတ်တွေ သိထားဖို့လိုတယ်၊၊ မီးသတ်ဆေးဗူးဆောင်ထားဖို့လိုပါတယ်"ဟု မြန်မာနိုင်ငံမီးသတ်အဖွဲ့ချုပ်၏ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကပြောသည်၊၊
ရန်ကုန်တိုင်းဒေသကြီးတွင် ဆယ်လတာအတွင်း ၂၀၂၀ပြည့်နှစ်က မီးလောင်ကျွမ်းမှု (၁၈၇)ကြိမ်၊၂၀၂၁ခုနှစ်တွင်(၂၅၄) ကြိမ်၊၂၀၂၂ခုနှစ်တွင်(၁၉၈)ကြိမ် ဖြစ်ပွားခဲ့ကြောင်းသိရသည်၊၊
လတ်တလောတွင် ရန်ကုန်တိုင်း၌မီးလောင်ကျွမ်းမှု များဆက်တိုက်ဖြစ်ပွားနေသဖြင့် ရန်ကုန်နေပြည်သူများမီးသတိပြုဖို့နှင့် လျှပ်စစ်မီးများကို အသုံးမပြုလျှင်ချက်ချင်းပိတ်ထားရန်လိုအပ်ကြောင်းနှင့် မီးသတိပြုရန်လည်း နှိုးဆော်မှုများ ပြုလုပ်နေကြောင်း သိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_ 30 November 2022
ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းအဆင့် မြှင့်တင်ခြင်းလုပ်ငန်းများတွင် ရထားလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မြန်မာ့မီးရထား၏ အချက်အလက်များကို ကိုးကား၍ နစကက ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်မှ စတင်၍ ရန်ကုန်မြိုပတ်ရထားလမ်းပိုင်းအဆင့် မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်ပြီး မြို့ပတ်ရထားလမ်းပိုင်းတွင် ပါဝင်သည့် ရထားလမ်းအဆင့်မြှင့်တင်ခြင်း၊ ဘူတာရုံများအဆင့်မြှင့်တင်ခြင်း စသည့်လုပ်ငန်းများကို လာမည့် ၂၀၂၆ ခုနှစ်တွင် အပြီးဆောင်ရွက်ရန် စီမံချက်ရေးဆွဲထားခြင်းလည်း ဖြစ်သည်။
ရန်ကုန်မြို့ပတ် ရထားလမ်းမိုင်အရှည်မှာ ၅၉ မိုင်ရှိပြီး ယင်းတွင် ဘူတာအသစ် ၃၆ ခု၊ ရန်ကုန်ဘူတာကြီးနှင့် ကြည့်မြင်တိုင်ဘူတာတို့ကို အဆင့်မြှင့်တင်ဆောင်ရွက်ခြင်း၊ လူကူးခုံးကျော်တံတား ၂၉ စင်းတည်ဆောက်ခြင်း၊ လူကူးခုံးကျော်တံတား ၃၀ စင်း ပြုပြင်ခြင်း၊ ကားလမ်းခုံးကျော်တံတား ၂၂ စင်း တည်ဆောက်ခြင်းနှင့် ခြံစည်းရိုး ၃၅၉၉၀ ပေ ကာရံခြင်းလုပ်ငန်းတို့လည်း ပါဝင်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published _ 30 November 2022
မုံရွာမြို့နယ်၊ သာစည်ဆည်အတွင်း ပိုင်ရှင်မဲ့ အမျိုးသမီးရုပ်အလောင်းတွေ့ရှိခဲ့၍ ဆယ်ယူရခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာ)မှ သိရသည်။
နိုဝင်ဘာလ ၂၉ ရက်က သာစည်ဆည်အတွင်း ရုပ်အလောင်းတွေ့ရှိကြောင်း ဖုန်းဆက်အကြောင်းကြားသည့်အတွက် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာ)မှ ကူညီသယ်ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။
သာစည်ဆည်အတွင်းမှ ပုပ်ပွနေသည့် အဆိုပါ အမျိုးသမီးအလောင်းအားဆယ်ယူ၍ မုံရွာဆေးရုံကြီး OPD မှတစ်ဆင့် ရင်ခွဲရုံသို့ အသင်း၏လူနာတင်ယာဥ်ကားတစ်စီးဖြင့်
သယ်ယူကူညီပေးခဲ့ကြောင်း သိရသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published_30 November 2022
ဖူဆယ်ချန်ပီယံရှစ် ဗိုလ်လုပွဲတွင် ခိုက်ရန်ဖြစ်ပွားသည့် MIU အသင်းကို ဒဏ်ကြေး သိန်း ၃၀နှင့် အသင်းသားအချို့ကို ရာသက်ပန်ပွဲပယ်ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း MFF ကအသိပေးထုတ်ပြန်ထားသည။
နိုဝင်ဘာ ၁၂ ရက်မှ ၂၆ ရက်အထိ ကျင်းပပြီးစီးခဲ့သည့် MFF ဖူဆယ်ချန်ပီယံရှစ် ၂၀၂၂ ဗိုလ်လုပွဲကို ရန်ကုန်နှင့် မန္တလေးရှိ ပြိုင်ပွဲဝင်အသင်းပေါင်း ၁၈ သင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံးဗိုလ်လုပွဲတွင် VUC အသင်းက ဗိုလ်စွဲသွားခြင်းဖြစ်သည်။
အဆိုပါ ပွဲစဉ်တွင် MIU အသင်းမှ အသင်းသားများနှင့်တစ်ဖက်အသင်းပရိသတ်တွေက ပွဲစဉ်ရှိ ဒိုင်လူကြီးတွေကို ရန်ပြုတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းအပြင် အရေးယူဆောင်ရါက်ရာတွင် MIU FC အသင်းမှ ကစားသမားဟောင်းဖြစ်သူ ဦးမောင်မောင်ဇော်နှင့် ဦးအောင်သူကို ကစားခွင့်၊ ကြီးကြပ်ခွင့်၊ ပြိုင်ပွဲ ကြည့်ရှုခွင့်ရာသက်ပန် ပိတ်ပင်သည်အထိ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီက ပြစ်ဒဏ်ချခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းအပြင် ပြိုင်ပွဲကျင်းပရေးဆိုင်ရာ ပစ္စည်းတွေကို ဖျက်ဆီးခဲ့သည့် ပရိသတ် တစ်ဦးကို ရာသက်ပန် ပွဲကြည့်ခွင့်ပိတ်ခဲ့ကာ ခိုက်ရန်ဖြစ်ပွားသည့် ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် MIU အသင်းက ကစားသမား ခင်ဇော်လင်းကိုလည်း အကောင်းဆုံး ကစားသမားဆု ချီးမြှင့်ခဲ့ခြင်းကို ပြန်လည်ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ရန်ပြုထိုးကြိတ်မှုဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် MIU အသင်းရှိ တခြားကစားသမားတွေနှင့် နည်းပြတွေကိုလည်း ရာသီအလိုက်ပွဲပယ်ပြစ်ဒါဏ်တွေ ချမှတ်ကြောင်း MFF က ထုတ်ပြန်ခဲ့သည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published _30 November 2022
မြန်မာ MoU လုပ်သားများ တင်လာသောယာဉ်တစ်စီး မဲ့ဆောက်တွင်
တိမ်းမှောက်၍ ၃ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းများကို ကိုးကား၍ မြန်မာရွှေ့ပြောင်းအလုပ်သမားများ အရေးလုပ်ဆောင်နေသူများထံမှ သိရသည်။
ထိုင်းနိုင်ငံ၊ တတ်ပြည်နယ်၊ ဒေါက်လွတ်၊ မဲ့ဆောက်လမ်းတွင် နိုဝင်ဘာလ ၂၉ ရက် ည ၉နာရီခန့်အချိန်က တိမ်းမှောက်ခြင်းဖြစ်ပြီး အများအပြားဒဏ်ရာ ရခဲ့ကြကြောင်းလည်း သိရသည်။
"တောင်တက်၊ တောင်ဆင်းလမ်းတွေမဟုတ်ဘူး၊ မြေပြန့်လမ်းမှာဖြစ်တာ၊ ကားက မှန်လုံကား၊ လမ်းဘေးကို ထိုးကျပြီးမှောက်သွားတာလို့သိရတယ်"ဟု ရွှေ့ပြောင်းမြန်မာလုပ်သားများအရေး ဆောင်ရွက်နေသူတစ်ဦးက ပြောသည်။
အဆိုပါယာဉ်ဖြင့် မြန်မာ MOU လုပ်သား ၄၅ ဦးကို တင်ဆောင်၍ ဘန်ကောက်သို့ မောင်းနှင်စဉ် တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။
#ymg/mt
#Yangon _Media_Group
Page 1420 of 2042