#Local_News
Published_ 11 May 2023
ကျန်းမာရေးဝန်ကြီးဌာနရဲ့ မေ ၁၀ ရက်နေ့ည၈နာရီထုတ်ပြန်ချက်အရ ပြည်တွင်းမှာ ဓာတ်ခွဲနမူနာ ၁၁၁၉၂ ဦးကိုဓာတ်ခွဲစစ်ဆေးခဲ့ရာ ကိုဗစ်(၁၉)လူနာသစ် ၂၅၄ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိပါတယ်။ အဲ့ဒီလူနာများထဲမှ ၁ ဦးသေဆုံးခဲ့ကြောင်းလည်း သိရပါတယ်။
#Local_News #ကိုဗစ်လူနာသစ်၂၅၄ ဦးထပ်တိုး
#YMG #Yangon_Media_Group
#Daily_News
Published_ 11 May 2023
၁။ မြန်မာတွင် ကိုဗစ်လူနာသစ်၂၅၄ ဦးထပ်တိုးတွေ့ရှိ တစ်ဦးထပ်မံသေဆုံး
၂။ အာဆီယံ-ကိုရီးယားစီမံချက်ဖြင့် မြန်မာကလေးငယ်များစာဖတ်ခြင်း ပိုမိုတိုးတက်အောင်ဆောင်ရွက်နေ
၃။ မွန်-တနင်္သာရီကမ်းရိုးတန်းဒေသ သံဖြူဇရပ်၊ ကျိုက်က္ခမီ၊ စက်စဲနှင့်ရေးမြို့တွင် ကမ်းနီးကမ်းဝေးသွားခြင်း ပိတ်ပင်လိုက်ပြီး ကယ်ဆယ်ရေးများပြင်ဆင်ထား
၄။ နာဇီခေတ်နှင့်ဆက်စပ်နေသည့် ကျောက်မျက်ရတနာများအား လေလံပွဲ၌ဒေါ်လာသန်း(၁၅၀)ဖြင့် ရောင်းချနိုင်ရန်မျှော်မှန်း... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 11 May 2023
အာဆီယံ-ဘရပ်ဆဲလ်ကော်မတီနှင့် ဥရောပကော်မရှင်၊ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေးဌာနတို့အကြား တွေ့ဆုံဆွေးနွေးပွဲကို မေ ၁၀ ရက်တွင် ဥရောပကော်မရှင် အဆောက်အဉီ Albert Borschette Building ၌ ကျင်းပခဲ့ရာ ဘယ်လ်ဂျီယံနိုင်ငံနှင့် ဥရောပသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန် တက်ရောက်ဆွေးနွေးခဲ့ ပါတယ်။
ဆွေးနွေးပွဲ၌ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ၊ အာဆီယံ-အီးယူ ထိပ်သီးအစည်းအဝေးတွင် ထုတ်ပြန်ခဲ့သော ယူရို (၁၀) ဘီလီယံ ဘတ်ဂျက်လျာထားသည့် ASEAN-EU Global Gateway အစီအစဉ်၌ အရှေ့တောင်အာရှအတွက် ဉီးစားပေးနယ်ပယ်များဖြစ်သည့် green transition နှင့် sustainable connectivity အား အကောင်အထည်ဖော်နိုင်မည့် Plan of Action ဆောလျင်စွာ ချမှတ်နိုင်ရေး၊ အီးယူက ချမှတ်ထားသည့် Digital Service Act နှင့် Digital market Act များ အပေါ် ဥပဒေဆိုင်ရာ မူဘောင်ရေးဆွဲမှုနှင့် နည်းပညာဆိုင်ရာ ဗဟုသုတ ဖလှယ်နိုင်ရေး၊ ကုန်သွယ်မှု၊ စီးပွားရေးနှင့် sustainable value chain ၊ အဆောက်အဉီ၊ သယ်ယူပို့ဆောင်ရေးနှင့် ပြည်သူအချင်းအချင်း ပေါင်းစည်းဆက်နွယ် မှုများ ပိုမိုအားကောင်းစေရေး၊ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဉတုပြောင်းလဲမှု၊ ကျန်းမာ ရေးနှင့် စွမ်းအင်အသွင်ကူးပြောင်းရေးတို့ ပူးပေါင်းဆောင်ရွက် နိုင်ရေးဆွေးနွေးကြ ပါတယ်။
ထို့ပြင် ဥရောပ၏ ပညာရေးဆိုင်ရာ အစီအစဉ်ဖြစ်သည့် Eramus scholarships များအား အာဆီယံလူငယ်များထံသို့ ပိုမိုပေးအပ်နိုင်ရေး၊ ထုတ်လုပ်သည့် ကုန်ပစ္စည်းများ ကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဉီးတည်၍ ပြန်လည်အသုံးပြုနိုင်သည့် စီးပွားရေး တို့နှင့် ပတ်သက်၍ ကောင်းမွန်သော အလေ့အထများ မျှဝေနိုင်ရေး စသည်တို့အပေါ် အမြင်ချင်းဖလှယ် ခဲ့ကြပါတယ်။
မြန်မာသံအမတ်ကြီးက အီးယူ၏ Global Gateway အစီအစဉ်ကို ကြိုဆိုပါ ကြောင်း၊ ယင်းသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများအား strategic resilience ၊ strategic autonomy ပိုမိုအားကောင်းစေရေးနှင့် ဘဏ္ဍာရေး အရင်းအမြစ် တစ်ခုအပေါ် မှီခိုမှု (strategic dependency) လျော့ချနိုင်ရေးတို့ကို ပံ့ပိုးပေးမည့် ရည်ရွယ်ချက်ကောင်းများ ရှိသည်ဟု ယုံကြည်မိတယ်လို့ ဆိုပါတယ်။
ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် မြန်မာ-ထိုင်း-လာအို-ကမ္ဘောဒီးယား-ဗီယက်နမ်တို့ အကြား ပေါင်းစည်းမှုဆိုင်ရာ အခြေခံအဆောက်အဉီ စီမံကိန်း (on-going project) ဖြစ်သည့် East-West Corridor ကို ဆောင်ရွက်လျက်ရှိကြောင်း၊ နှစ်နိုင်ငံအဆင့် ပေါင်းစည်းဆက်နွယ်မှု ဆိုင်ရာ စီမံကိန်းများလည်း ဆောင်ရွက်လျက်ရှိရာ အီးယူအနေဖြင့် country specific မဟုတ်ဘဲ အာဆီယံအဖွဲ့ဝင် တစ်နိုင်ငံ၏ လူမှုအခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခွင့်အရေးများ လေးစားလိုက်နာမှု၊ စီးပွားရေးဆိုင်ရာ ရေရှည်တည်တံ့နိုင်မှုနှင့် အလားအလာ ကောင်းမှု စသည့် စံချိန်စံနှုန်းများဖြင့် ရေးဆွဲထားသည့် စီမံကိန်းမျိုးကို နိုင်ငံရေးသဘော သက်ဝင်မှု မရှိဘဲ Global Gateway ၏ မဟာဗျူဟာကျသည့် မူဘောင်ဆိုင်ရာ ရည်ရွယ်ချက်တွင် ထည့်သွင်းစဉ်းစား ပေးနိုင်ခြင်း ရှိ/မရှိကို သိရှိလိုကြောင်း မေးမြန်းဆွေးနွေးခဲ့ပါတယ်။
ygm_mnn
#Local_News #အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ #မြန်မာသံအမတ်ကြီး
#YMG #Yangon_Media_Group

#Local_News
Published_ 11 May 2023
ပြင်ပရွှေပေါက်စျေးဟာ မေလ ၁၁ ရက်နေ့ မနက်ပိုင်းမှာ သိန်း၃၀ နဲ့ ၇၀၀ ၀န်းကျင်ပေါက်စျေးရှိနေပြီး ရန်ကုန်တိုင်းရွှေအသင်းကတော့ ၂၃သိန်း ၉ သောင်းကျော်ရည်ညွှန်းသတ်မှတ်ထားပါတယ်။ မေလ ပထမအပတ်ထဲက ပြင်ပရွှေပေါက်စျေး သိန်း ၃၀ အထက်မှာရှိနေတဲ့အတွက် စျေးအမြင့်ပိုင်းစံချိန်တင်ရောက်ရှိနေတယ်လို့ ရန်ကုန်ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။
#Local_News #ပြင်ပရွှေပေါက်စျေး #ရန်ကုန်ရွှေအသင်း
#YMG #Yangon_Media_Group
#Local_News
Published-11 May 2023
အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း“မိုခါ" စစ်တွေမြို့အနီးမှ မေလ ၁၄ ရက်တွင် ဖြတ်ကျော်နိုင်မည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းထားသည်။
ယနေ့ မေလ ၁၁ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲအချိန်က တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “မိုခါ(MOCHA)” သည် မြောက်-အနောက်မြောက်ဘက် သို့ ဆက်လက်ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၃၄၅)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့ (Hainggyigyun)၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၄၆၀) မိုင်ခန့်၊ စစ်တွေမြို့ (Sittwe)၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၅၈၀) မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ နီကိုးဘားကျွန်း(Nicobar Islands)၏ အနောက်-အနောက် မြောက်ဘက် ရေမိုင်(၄၄၅)မိုင်ခန့်၊ ပို့ပလဲယား(Port Blair)၏ အနောက် ဘက် ရေမိုင်(၂၈၅)မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar) ၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၆၃၀)မိုင်ခန့်အကွာ ပင်လယ်ပြင် ကို ဗဟိုပြုနေကြောင်း သိရသည်။
ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “မိုခါ(MOCHA)”၏ လက်ရှိအခြေ အနေမှာ ဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနိုင်သည့် အခြေအနေရှိသောကြောင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ထားကြောင်း၊ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “မိုခါ(MOCHA)”သည် မြန်မာစံ တော်ချိန် (၁၂:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု(၁၁.၆)ဒီဂရီနှင့် အရှေ့လောင် ဂျီကျု (၈၇.၉)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၈)ဟက်တိုပါစကယ်နှင့် အမြင့် ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅)မိုင်နှုန်းခန့် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန က ခန့်မှန်းထားသည်။
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “မိုခါ(MOCHA)”သည် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ နောက်(၁၈)နာရီအတွင်း အားကောင်း သော ဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) “မိုခါ(MOCHA)” အဖြစ်သို့ လည်းကောင်း၊ မေလ ၁၂ ရက်တွင် မြောက်-အရှေ့မြောက်ဘက်သို့ တဖြည်းဖြည်း ကွေ့ကာ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ အားအလွန်ကောင်းသောဆိုင်ကလုန်း မုန်တိုင်း (Very Severe Cyclonic Storm) “မိုခါ(MOCHA)” အဖြစ်သို့လည်းကောင်း ၊မေလ ၁၄ ရက်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံ အရှေ့တောင်ပိုင်းနှင့် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းကမ်းခြေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar)နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့ (Kyaukpyu)တို့ကြား စစ်တွေမြို့(Sittwe)အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်မည်ဟုလည်းကောင်း ခန့်မှန်းထားကြောင်း သိရသည်။
ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “မိုခါ(MOCHA)”သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ အရှေ့တောင်ပိုင်းနှင့် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းကမ်းခြေ ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar)နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့(Kyaukpyu)တို့ကြားမှ ဖြတ်ကျော်စဉ် အမြင့်ဆုံးလေတိုက် နှုန်းမှာ တစ်နာရီလျှင် မိုင်(၉၀)မှ မိုင်(၁၀၀)ခန့်အထိ တိုက်ခတ်နိုင်ကြောင်း ၊မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ မောင်တော ခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း (၁၀)ပေမှ (၁၄)ပေခန့်အထိနှင့် ကျောက်ဖြူခရိုင်ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း (၇)ပေမှ (၁၀)ပေခန့် အထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားသည်။
#ymg/pl #Local_News #ဆိုင်ကလုန်းမုန်တိုင်း“မိုခါ" #စစ်တွေမြို့အနီး
#YMG #Yangon_Media_Group
#Local_News
Published_ 11 May 2023
မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း မိုခါဝင်ရောက်လာပါကဘေးသင့်နိုင်သည့်ပြည်သူများ၊ထိခိုက်လွယ်သူများကိုဘေးကင်းရာအရပ်သို့ကူညီရွေ့ပြောင်းပေးခြင်း၊ထိခိုက်ဒဏ်ရာရသူ များကိုရှေးဦးပြုစုကုသပေးခြင်း၊ ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ပေးခြင်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်၊၊
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ရပ်ရွာလူထု သဘာဝဘေးအန္တရာယ်များ ရင်ဆိုင်ကြုံတွေ့လာရပါက အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လျှင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားကြောင်း၊ အသင်း၏ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနသည် မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနနှင့် အနီးကပ်ချိတ်ဆက်မှုများပြုလုပ်ကာ နေ့စဉ်ထုတ်ပြန်သည့် သတင်းအချက်အလက်များအား စောင့်ကြည့်လက်ခံပြီး မြို့နယ်များသို့ အချိန်နှင့်တပြေးညီ ဆက်သွယ်အကြောင်းကြားလျှက်ရှိပြီး အသင်းတွင် ကြက်ခြေနီအရေးပေါ်ကွပ်ကဲရေးစင်တာထားရှိပြီး စင်တာတွင် တာဝန်ရှိဝန်ထမ်းများက အရေးပေါ်အခြေအနေများကိုစောင့်ကြည့်ကာ လုပ်ငန်းများဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်၊၊
အသင်း၏ ဝယ်ယူဖြည့်တင်းရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ စီမံခန့်ခွဲမှုဌာနကလည်း ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ကြောင့် ထိခိုက်နိုင်ရှိသော အိမ်ထောင်စုများအတွက် ထောက်ပံ့ပစ္စည်းများ စောလျှင်စွာထောက်ပံ့နိုင်ရေးအတွက် မြို့နယ်များရှိ ပစ္စည်းသိုလှောင်ရုံများတွင် ထောက်ပံ့ပစ္စည်းများအား အဆင်သင့် ကြိုတင်သိုလှောင်ထားကြောင်း၊
ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်ကြက်ခြေနီ အသင်းခွဲများမှ ကြက်ခြေနီစေတနာလုပ်အားရှင်များကလည်း ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဝင်ရောက်လာပါက ချက်ချင်းတုန့်ပြန်နိုင်ရန် ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုများကို ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့များ၊ ကျေးရွာသူ/သားများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျှက်ရှိသည်ဟုဖော်ပြထားသည်၊၊
ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဝင်ရောက်လာပါက ဘေးကင်းသောနေရာများသို့ရွေ့ပြောင်းစေနိုင်ရန် စုရပ်နေရာများသတ်မှတ်ခြင်း၊ ထိခိုက်လွယ်သူများအား ဘေးကင်းရာအရပ်သို့ ပြောင်းရွေ့ပေးခြင်း၊ မြို့နယ်များနှင့် ကျေးရွာများအတွင်း အသိပညာပေးလိုက်လံနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် မုန်းတိုင်းအန္တရာယ်မကျရောက်မီ၊ ကျရောက်နေချိန်နှင့် ကျရောက်ပြီးချိန်များတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များအား ဗီနိုင်းများကပ်ကာ အသိပညာပေးခြင်း၊ ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA)ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို ရှေးဦးပြုစုပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာအားပေးကူညီခြင်းနှင့် ဆေးအကူအညီလိုအပ်သူများကို ဆေးရုံသို့ပို့ဆောင်ပေးခြင်းတို့ကို စီစဉ်ဆောင်ရွက်ထားပါသည်။ ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဝင်ရောက်ချိန်တွင်လည်း ရပ်ရွာလူထုအား ချက်ချင်းကူညီဆောင်ရွက်ပေးနိုင်စေရန် မြို့နယ်များတွင် ကြက်ခြေနီစေတနာလုပ်အားရှင်များအား လေ့ကျင့်သင်ကြားပေးထားပြီး အဆင်သင့်ရွေးချယ်ထားကြောင်း၊
အသင်းသည် နိုင်ငံတော်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရာတွင် နိုင်ငံတော်၏အရန်အင်အားအဖြစ် ရှေ့တန်းမှ ပါဝင်ဆောင်ရွက်လျက်ရှိပြီး၊ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်အမျိုးမျိုး၏ အကျိုးဆက်များကို လျှော့ချရန်နှင့် အချိန်နှင့်တစ်ပြေးညီ တုန့်ပြန်ဆောင်ရွက်နိုင်ရေးကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်၊၊


#ymg/tthl #Local_News #ကြက်ခြေနီများကူညီရွေ့ပြောင်းပေးမည်
#YMG #Yangon_Media_Group
#Local_News
Published-11 May 2023
ရှမ်းပြည်နယ်၊ ကလောမြို့နယ်ရွှေဖုန်းမင်းကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်း၍ နယ်ခြားချောင်းရေလျှံမှုဖြစ်ပွားပြီး ရွှေတူးဖော်သည့် လုပ်သားများနေထိုင်သော ယာယီတဲအိမ်(၇၃)လုံးခန့် ရေနစ်မြှပ်မှုဖြစ်ပွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သိရသည်။
မေလ ၁၁ ရက် နံနက် ၈ နာရီ ၁၀မိနစ်ခန့်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကလောမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်ကြားရှိ နယ်ခြားချောင်းရေလျှံမှုဖြစ်ပွားကာ ရေနစ်မြုပ်မှုဖြစ်ခဲ့ကြောင်း သိရသည်။
ယင်းကြောင့် အဆိုပါနေရာသို့ ကလောမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်လျက်ရှိကြောင်း မီးသတ်တပ်ဖွဲ့သတင်းထုတ်ပြန်ချက်အရသိရသည်။



#ymg/pl #Local_News #မိုးသည်းထန်စွာရွာသွန်း #ကလော #ယာယီတဲ အိမ် ၇၀ ကျော်ရေနစ်
#YMG #Yangon-Media-Group
Page 1387 of 2316