#Local_News
Published_ 31 March 2023
ယခုလအတွက် အောင်ဘာလေထီလက်မှတ် ကျပ်၁၀၀၀တန်ရောင်းရငွေမှာ ကျပ်သန်းပေါင်း ၅၂၁၄ကျော် ရရှိကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲမှသတင်းထုတ်ပြန်ထားသည်။
၂၀၂၃ခုနှစ် ဧပြီလ ၁ရက်နေ့တွင်ကျင်းပမည့် (၄၉)အောင်ဘာလေထီလက်မှတ်များကို"က" အက္ခရာမှ "ဆ" အက္ခရာအထိ စုစုပေါင်းအက္ခရာ (၇)လုံးတွင်းထီစာအုပ်ပေါင်း (၅၂၁၄၃၀) ရောင်းချခဲ့ကြောင်းအဆိုပါအောင်ဘာလေသိန်းဆုဌာနခွဲမှသိရသည်။
ထီလက်မှတ်များရောင်းရငွေများမှ ၇၀ ရာခိုင်နူန်းကိုဆုငွေအဖြစ်ပြန်လည်ချီးမြှင့်ပေးမှာဖြစ်ပြီးချီးမြှင့်ပေးမည့် ဆုငွေမှာ (၃၆၅၀.၀၁၀)ဖြစ်ကြောင်းသိရသည်။
ဆုမဲအရေအတွက်မှာရောင်းရငွေ ၇၀ ရာခိုင်နူန်းပေါ်အခြေခံတွက်ချက်ထားခြင်းဖြစ်ပြီးထီဖွင့်ပွဲတွင်ဝေဝေဆာဆာပဒေသာဆုမဲစနစ်မှရောင်းမကုန်ထီလက်မှတ်များထွက်ပေါ်လာပါက အဆိုပါဆုမဲတန်ဖိုးစုစုပေါင်းအား အခြားသင့်လျော်သောဆုမဲများအဖြစ်ပြန်လည်ဖွင့်လှစ်ပေးသွားဖြစ်ကြောင်းထုတ်ပြန်ထားသည်။
ymg/ynzw
# အောင်ဘာလေထီ #ကျပ်သန်းပေါင်း ၅ထောင်ကျော်
#YMG #Yangon_Media_Group
#Local_News
Published 31 March 2023
သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas -LNG) ကနေ လျှပ်စစ်မီးပေးသည့် LNG သင်္ဘောကြီး ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းကနေ ပြန်လည်ထွက်ခွာ သွားပါပြီလို့ သိရသည် ။
ရန်ကုန်မြို့ကို မီးပေးဖို့အတွက် အဆိုပါ MT CNTIC VPOWER ENERGY သင်္ဘော သည်၂၀၂၀ ပြည့်နှစ်ဧပြီလအတွင်း မလေးရှားနိုင်ငံကနေ ရန်ကုန်မြစ်ဝသို့ ရောက်ရှိလာပြီးနောက်LNG (Liquefied Natural Gas) ဖြင့် သာကေတရှိ ဓာတ်အားခွဲရုံကို မဂ္ဂါဝပ် ၄၀၀ နဲ့ သန်လျင်ရှိ မဂ္ဂါဝပ် ၃၅၀ ဓာတ်အားပေး စက်ရုံတွေကို ဓာတ်အား ချိတ်ဆက်ပို့လွှတ်ကာ လျှပ်စစ်ဓာတ်အားလိုအပ်ချက် ဖြည့်ဆည်းရန် ပံ့ပိုး လုပ်ဆောင်ခဲ့သည်။
အဆိုပါ သင်္ဘောကြီးသည် ၂ နှစ်နဲ့ ၄လကျော်အကြာ မတ်လ၃၀ ရက်နေ့မှာတော့ ရန်ကုန်သီလဝါဆိပ်ကမ်းကနေ ပြန်လည်ထွက်ခွါသွားပြီ ဖြစ်ပါသည် ။
ymg/ppk
#LNG ဂတ်စ် #လျှပ်စစ်ဓာတ်အား #သင်္ဘောကြီး #ရန်ကုန်
#YMG #Yangon_Media_Group
#Local_News
Published 31 March 2023
မြန်မာရေလုပ်သား ငါးဦးပါ ငါးဖမ်းလှေတစ်စီးကို မလေးရှားရေပိုင်နက်တွင် မလေးရှားပင်လယ်ရေကြောင်းထိန်းသိမ်းရေးအေဂျင်စီ(မလေးရှားပင်လယ်ရေကြောင်းပို့ဆောင်ရေးအေဂျင်စီ) က မတ်လ ၂၉ ရက် ညအချိန် ဖမ်းမိခဲ့ကြောင်း သိရသည်။
ပီနန်းပြည်နယ် ရေကြောင်းညွန်ကြားရေးမှူးဌာနမှ ပုံမှန်လှည့်ကင်းဆောင်ရွက်နေစဉ်ဒေသတွင်း ဒေသခံ C အတန်းအစား ငါးဖမ်းသင်္ဘောတစ်စင်းကို မလေးရှားရေကြောင်းကင်းလှည့်သင်္ဘောမှ တွေ့ရှိခဲ့ရာက အထက်ပါအတိုင်း ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Perak ၊ Pantai Remis အခြေစိုက်ဒေသခံ ငါးဖမ်းစက်လှေကို Muka Head ၏ အနောက်မြောက်ဘက် ရေမိုင် ၃၂ ဒသမ ၇မိုင်တွင် စစ်ဆေး ထိန်းသိမ်းခဲ့ပြီး ယင်းလှေ၏ ရေယာဉ်မှူးတစ်ဦး အပါအဝင် မြန်မာနိုင်ငံသား ငါးဦးကိုတွေ့ရှိရသောကြောင့်လှေပေါ် လိုက်ပါသူများအား စစ်ဆေးရာ တရားဝင် သက်သေခံအထောက်အထား၊ စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာမရှိကြောင်း သိရသည်။
ယင်းကြောင့် လှေလိုင်စင် စည်းကမ်းဖောက်ဖျက်ကြောင်း တွေ့ရှိခဲ့ရသည့်အတွက် ယင်းတို့အားလုံးကို မလေးရှား ပင်လယ်ရေကြောင်း စုံစမ်းစစ်ဆေးရေး အရာရှိထံ မလွှဲပြောင်းမီ Batu Maung Limbongan ဆိပ်ခံတံတားတွင် ဖမ်းဆီး ထိန်းသိမ်းထားကြောင်း၊အရင်က ဖမ်းဆီးခြင်း နှင့် သတိပေးချက်များကို လိုက်နာခြင်းမရှိသူများဖြစ်နေပါက ပြင်းပြင်းထန်ထန် အရေးယူသွားမည် ဖြစ်ကြောင်းလည်း မလေးရှား ရေကြောင်းသွားလာရေးက အသိပေးထားသည်။
ymg/mt
#မြန်မာရေလုပ်သား #ငါးဖမ်းလှေ #မလေးရှား #ရေပိုင်နက်
#YMG #Yangon_Media_Group
#Local_News
Published 31 March 2023
ထိုင်းနိုင်ငံသို့သွားမည့် မြန်မာနိုင်ငံသားများအား ဧပြီ ၁ ရက်ကစ၍ ဆိုက်ရောက်ဗီဇာ ၁၄ ရက်သာ ခွင့်ပြုမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက မတ်လ ၃၀ ရက်တွင် ထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့်၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်အတွင်း လာရောက်ကြသော နိုင်ငံအသီးသီးမှ နိုင်ငံသားများနှင့် ပတ်သက်၍ မြန်မာနိုင်ငံအပါအဝင် အခမဲ့ဗီဇာ (Visa Free) သဘောတူညီမှုရရှိထားသော နိုင်ငံသားများအနေဖြင့် ၄၅ ရက်အထိ နေထိုင်နိုင်ပြီး ဆိုက်ရောက်ဗီဇာ (Visa on Arrival) ရရှိထားသော နိုင်ငံသားများအနေဖြင့် ၃၀ ရက်အထိ နေထိုင်ခွင့်ရရှိခဲ့ကြကြောင်း သိရသည်။
"အရင်အတိုင်း ပြန်ဖြစ်တာပါ၊ ပြီးခဲ့တဲ့၂၀၂၂ ခုနှစ် အောက်တိုဘာ ၁ရက်က စပြီးတော့ ဆိုက်ရောက်ဗီဇာအနေနဲ့ ၄၅ရက် ဗီဇာမလိုဘဲ နေထိုင်ခွင့် သတ်မှတ်ချက်ကာလ ပြည့်သွားပြီဖြစ်လို့ပါ။
အရင်ခွင့်ပြုပေးခဲ့တဲ့ ဗီဇာမလိုဘဲ ၁၄ရက်ကြာနေထိုင်ခွင့် ရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘောဒီးယား၊ လာအို၊ မကာအို၊ မွန်ဂိုလီးယား၊ ရုရှားနဲ့ တခြား နိုင်ငံအချို့လည်း အတူတူပါပဲ၊ ထိုင်းမှာ ရက်ရှည်နေထိုင်လိုသူတွေ အနေနဲ့ ရန်ကုန်က ထိုင်းသံရုံးမှာ ဗီဇာလျှောက်ထားပြီး သွားရမှာပါ။
ဗီဇာမဲ့ ၁၄ရက်နေထိုင်ပြီးရင်တော့ နောက်ထပ် ရက် ၃၀ ဗီဇာကို သံရုံးထောက်ခံချက်နဲ့ ထပ်မံသက်တမ်းတိုးလျှောက်ထား နိုင်ပါသေးတယ်"ဟု ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ရှင်းပြသည်။
ထိုင်းနိုင်ငံအစိုးရအနေဖြင့် အဆိုပါ ဆိုက်ရောက်ဗီဇာ အနေဖြင့် ဗီဇာမလိုဘဲ ၁၄ရက်ကြာ ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်ကို လွန်ခဲ့သည့် ၂၀၁၅ခုနှစ် သြဂုတ်ကစတင် ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ymg/mt
#ထိုင်းနိုင်ငံ # မြန်မာနိုင်ငံသား #ဆိုက်ရောက်ဗီဇာ
#YMG #Yangon_Media_Group
#Local_News
Published 31 March 2023
ရခိုင်ပြည်နယ်၊စစ်တွေမြို့၊ ကန်တော်ကြီးအတွင်း မြေအောက်ရေအကူပိုက်လိုင်းမှ ရေစတင် သွယ်တန်းမှုကို မတ်လ ၃၀ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရေသွယ်တန်းမှုမှာ သင်္ဂနက်ဆည်နှင့် ကန်တော်ကြီးသို့ မြေအောက်ရေအကူပိုက်လိုင်းမှ ရေသွယ် တန်းမှုဖြစ်ကြောင်း၊စက်ရေတွင်းတူးဖော်နိုင်သည့် နေရာများကို ဘူမိရူပ ဆိုင်ရာတာတိုင်းတာမှုများပြုလုပ်၍ စက်ရေတွင်းများတူးဖော်နိုင်ရေး ဆောင်ရွက်ရာတွင် သင်္ဂနက်ဆည်မှ ကန်တော်ကြီးအထိ (ဆည်ရေနှင့် တွင်းအမှတ်-၁)တို့မှ ရေပိုက်လိုင်းအရှည် ၄၄၀၀ ပေအား သွယ်တန်းခဲ့ပြီး ကန်တော်ကြီးအတွင်းသို့ ရေစတင်ဖြည့်တင်း နိုင်ခဲ့ကြောင်း သိရသည်။
စစ်တွေမြို့ ရေပေးဝေရေးအတွက် အဓိကဖြစ်သည့် ကန်တော်ကြီးအတွင်းရေပြန်လည် ဖြည့်တင်းပေးနိုင်ရေးအတွက် မြေအောက်ရေရရှိဆောင်ရွက် ရာတွင် ရေရရှိနိုင်သည့် နေရာများကို ထပ်မံသုတေသနပြု၍ တူးဖော်ဆောင်ရွက်ကြရန် နစက ဥက္ကဌက မှာကြားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၈ ရက်က နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း စစ်တွေမြို့ ရေရရှိရေး ကန်တော်ကြီးအတွင်း ရေပြန်လည်ဖြည့်တင်းနိုင်ရေးအတွက် လမ်းညွှန်မှာကြားခဲ့မှုအရ ကန်တော်ကြီးအတွင်းသို့မြေအောက်ရေဖြင့် ရေပြန်လည် ဖြည့်တင်းနိုင်ရေး ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ထပ်မံတူးဖော်ရရှိသည့် စက်ရေတွင်းများမှထွက်ရှိသည့် ရေများကို ကန်တော်ကြီးအတွင်းသို့ ထပ်မံဖြည့်တင်းနိုင်ရေး ရေပိုက်လိုင်းများနှင့် ရေတွန်းစက်များ ထပ်မံတပ်ဆင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ စစ်တွေမြို့ကို အဓိကရေပေးဝေလျက်ရှိသည့် ကန်တော်ကြီး၏ ရေသိုလှောင်နိုင်မှု ပမာဏမှာ ရေဂါလံ ၄၈၁ ဒသမ ၁၀ သန်းဖြစ်ပြီး ကန်တော်ငယ်(၁၊၂)၊ ကန်တော်လေးနှင့် တြိဂံကန် ရေသိုလှောင် နိုင်မှုမှာ ရေဂါလံ ၆၂ ဒသမ ၃၇ သန်း၊ တိုးချဲ့ ကန်ရေသိုလှောင်နိုင်မှုမှာ ရေဂါလံ ၁၁၉ ဒသမ ၅၉ သန်း၊ ဆက်ရိုးကျကန်အမှတ်(၁)နှင့် (၂) တို့၏ ရေသိုလှောင်နိုင်မှုမှာ ရေဂါလံ ၁၂၀ သန်း ဖြစ်ကြောင်း သိရသည်။
ymg/mt
#စစ်တွေမြို့ #ကန်တော်ကြီး #မြေအောက်ရေ #အကူပိုက်လိုင်း
#YMG #Yangon_Media_Group
#LocalNews
Published 31 March 2023
လျှပ်စစ်ဓာတ်အားပေး စက်ရုံများ၊ လျှပ်စစ်ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ ဖောက်ခွဲဖျက်ဆီးခံရသည့်အကြိမ် (၂၂၇ ကြိမ်) ရှိနေပြီ ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန က သိရသည်။
ပြီးခဲ့သည့် မတ်လ ၂၇ ရက် က ၂၃၀ ကေဗွီ သထုံ - မော်လမြိုင် ဓာတ်အားလိုင်း တာဝါတိုင် (၂) တိုင်ကို မိုင်းခွဲဖောက်ခွဲဖျက်ဆီးမှုနှင့် ဆိုပါက ၂၂၇ ကြိမ် ရှိနေခြင်း ဖြစ်ကြောင်း၊ အများပြည်သူ လျှပ်စစ် ရရှိစေရေးအတွက် လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အား ကို နည်းမျိုးစုံဖြင့် တိုးမြှင့်ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိသော်လည်း ယခုကာလများတွင် လုံလောက်အောင် ဖြည့်ဆည်းပေး နိုင်မှုမရှိသဖြင့် ထုတ်လုပ်ပေးနိုင်မှုကိုအခြေခံ၍ မျှတစွာခွဲဝေခံစားရရှိနိုင်ရန် စီမံဆောင်ရွက်ဖြန့်ဖြူး နေရကြောင်းလည်း အဆိုပါ ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
မတ်လ ၂၇ ရက်က မော်လမြိုင်သဘာဝဓာတ်ငွေ့ သုံးဓာတ်အားပေးစက်ရုံမှ ထွက်ရှိသည့် ဓာတ်အား (၈၀) မဂ္ဂါဝပ်ကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ဓာတ်အားချိတ်ဆက် ဖြန့်ဖြူး ပေးလျက်ရှိသည့် ၂၃၀ကေဗွီ သထုံ - မော်လမြိုင် ဓာတ်အားလိုင်း၏ သထုံမြို့ နယ်၊ ဒူးရင်းဆိပ်ကျေးရွာ၊ ဒုံသမိချောင်းအနီးရှိ တာဝါတိုင်(၂)တိုင်ကို မိုင်းခွဲဖျက်ဆီးခဲ့ကြရာ တာဝါတိုင် (၁) တိုင်မှာ ပြိုလဲခဲ့ပြီး၊ တာဝါတိုင် (၁) တိုင်မှာ အောက်ခြေခြေထောက် (၁) ချောင်း ပျက်စီးခဲ့ကြောင်း၊ ယင်းကြောင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်လျှက်ရှိသည့် ဓာတ်အား (၈၀) မဂ္ဂါဝပ် လျော့နည်းခဲ့ရကြောင်း သိရသည်။
ymg/mt
#လျှပ်စစ်ဓာတ်အားလိုင်း #ဖောက်ခွဲဖျက်ဆီး
#YMG #Yangon_Media_Group
#LocalNews
Published 31 March 2023
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်း-ကျောက်ကြီးသွား ကားလမ်းပေါ်၌ မတ်လ ၃၀ ရက် က ဒေသန္တရာကားမိုင်းနင်းမိ၍ ပေါက်ကွဲခဲ့သောကြောင့် အရပ်သား ၁ ဦးသေကာ ၄ ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။
နတ်သံကွင်းကျေးရွာဘက်မှ ကျောက်ကြီးမြို့ဘက်သို့ အုတ်များတင် ဆောင်၍ ပဲနွယ်ကုန်းမြို့နေ မောင်စိန်မင်း(ဘ)ဦးလှမြင့် မောင်းနှင်ပြီး အမျိုးသား ၄ ဦးလိုက်ပါလာသည့် .. 9N/--- ချင်းလုံဒန်းထရပ် အမျိုးအစား မော်တော်ယာဉ်သည် နတ်သံကွင်း- ကျောက်ကြီးသွားကားလမ်းပေါ်ရှိ ရန်မျိုးအောင်တံတားအနီးသို့အရောက်၌ အထက်ပါအတိုင်း မိုင်းနင်းမိခဲ့ခြင်း ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ယင်းကြောင့် ယာဉ်ပေါ် တွင် လိုက်ပါလာသည့် အမျိုးသား ၁ ဦးသေဆုံးပြီး ၄ ဦးတို့တွင် မိုင်းစထိမှန် ဒဏ်ရာ များရရှိခဲ့သည့်အတွက် ဒဏ်ရာရရှိသူများအား ကျောက် ကြီးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရသည်။
နစက ၏ သတင်းထုတ်ပြန်ချက်တွင် အဆိုပါ မိုင်းမှာ KNLA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသော အဖွဲ့က ထောင် ထားသည့် မိုင်း ဖြစ်ကြောင်း သိရသည်။
ymg/mt
#ကျောက်ကြီးမြို့နယ် # ရန်မျိုးအောင်တံတား
#YMG #Yangon_Media_Group
Page 995 of 1839