Published 22 March 2024
ရှမ်းပြည်နယ်အရှေ့ပိုင်း၌ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ဆေးဖက်ဝင်အပင်မျိုးစိတ်များ ထိန်းသိမ်းခြင်းစီမံကိန်း ဆောင်ရွက်လျှက်ရှိရာ အချိန်အားဖြင့် နှစ်နှစ်ကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံ မဲခေါင်မြစ်ဝှမ်းဒေသအတွင်းရှိ သဘာဝဆေးဖက်ဝင် အပင်မျိုးစိတ်များထိန်းသိမ်းခြင်း စီမံကိန်းကို မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ၂၀၂၃ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး စီမံကိန်း ကာလမှာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအထိ နှစ်နှစ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းကို ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်၊ မိုင်းယောင်းခရိုင်နှင့် ကျိုင်းတုံခရိုင်များတွင် ဆောင်ရွက် သွားမည် ဖြစ်ပြီး စီမံကိန်းဧရိယာအတွင်းရှိ ဆေးဖက်ဝင်အပင် မျိုးစုံမျိုးကွဲများကို သုတေသနပြုလေ့လာဖော်ထုတ်ခြင်း၊ ဌာနေ တိုင်းရင်းသားလူမျိုးစုများ အသုံးပြုတဲ့ သဘာဝဆေးဖက်ဝင်အပင်များကို လေ့လာမှတ်တမ်းပြုစုခြင်း၊ ရှားပါး၍ မျိုးသုဉ်းရန် အန္တရာယ်ရှိသော မျိုးစိတ်များ၊ ဒေသရင်းမျိုးစိတ်များ၊ စီးပွားရေးအရအရေးပါတဲ့ မျိုးစိတ်များကို ကာကွယ်ထိန်းသိမ်းခြင်း၊ သုတေသနတွေ့ရှိချက်ရလဒ်များကို မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများနှင့် အာဆီယံနိုင်ငံများသို့ ဖလှယ်ရန်အတွက် Database စနစ်တစ်ခု တည်ထောင်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ယခုစီမံကိန်းကို ဌာနေတိုင်းရင်းသားလူမျိုးစုများ၊ သစ်တောဝန်ထမ်းများ၊ သုတေသနပညာရှင်များ၊ ဆက်စပ်ဌာနများနဲ့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး သုတေသနတွေ့ရှိချက်များကိုအခြေခံ၍ သဘာဝဆေးဖက်ဝင်အပင်များ စနစ်တကျစီမံ အုပ်ချုပ်နိုင်မည့် သင့်တော်သောထိန်းသိမ်းကာကွယ်ခြင်းနည်းလမ်းများကို ဌာနေတိုင်းရင်းသားလူမျိုးစုများအား ဖြန့်ဝေသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
Yangon_Times/NN
#Local_News
#Published_ 22 March 2024
#YMG_News #Yangon_Times #Yangon_Media_Group