#Local_News
Published-16 Oct 2023
နှစ်စဉ်ရေနစ်မြုပ်သည့် ရေနက်ကွင်းစပါးစိုက်ခင်းများအား ရေနစ်မှုဒဏ်ခံနိုင်သည့်စပါးမျိုးနှင့် မျိုးသန့်များပြောင်းလဲရွေးချယ်စိုက်ပျိုးရန် လိုအပ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
ပဲခူးမြို့၌ မိုးရွာသွန်းမှုများပြီး မြစ်ရေတက်ခြင်း၊ ဆည်ရေလျှံခြင်းများကြောင့်စပါးစိုက်ခင်းများနှင့် နေအိမ်များနှစ်စဉ်နှစ်တိုင်းလိုလိုရေနစ်မြုပ် ထိခိုက်ပျက်စီးခဲ့ပြီးယခုနှစ်ပဲခူးဒေသရေကြီးရေလျှံမှုအတွင်း ပဲခူးမြို့နယ်အပါအဝင်စုစုပေါင်းမြို့နယ်ရှစ်ခုမှ စပါးစိုက်ဧကတစ်သိန်းဝန်းကျင်ရေနစ်မြုပ်ပျက်စီးခဲ့ရာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဌဉီးရဲမင်းအောင်ကယခုကဲ့သို့အကြံပြုခြင်းဖြစ်သည်။
"ရေကြီးတဲ့နေရာဆို ဘယ်လိုစပါးမျိုးကို စိုက်မလဲ ၊ ဘယ်လိုပုံစံလုပ်မှာလဲ။ စပါးရောစိုက်သင့်လား ၊ မစိုက်သင့်ဘူးလားစဉ်းစားရမယ့် အပိုင်းရှိတယ်။ မွေးမြူရေးလုပ်မလားစသဖြင့်စဉ်းစားရမယ့်အပိုင်းရှိတယ်။ ဒါတွေက MRF အနေနဲ့ဝိုင်းပြီးကူပြီးစဉ်းစားပေးလို့ရတယ်။ တချို့နေရာတွေဆို ဝင်ကူပေးလို့ရနိုင်တာရှိကောင်းရှိနိုင်တယ်။ ဘယ်ကျေးရွာ၊ ဘယ်ကွင်းမှာ ဖြစ်နေပါတယ်ဆိုတာတော့သိဖို့လိုတယ်။ စိုက်ပျိုးရေးလုပ်ငန်းရော၊ မွေးမြူရေးလုပ်ငန်းတွေဟာ စိန်ခေါ်မှုတွေများပါတယ် " ဟု၄င်းကဆက်ပြောသည်။
လတ်တလောတွင် ပဲခူးရေကြီးမှုကြောင့် စပါးစိုက်ဧကတစ်သိန်းကျော် ထိခိုက်ခဲ့ရပြီး ဆန်စပါးအပါအဝင် ကဏ္ဍအသီးသီးမထိခိုက်ပျက်စီးဆုံးရှုံးမှု ပမဏာအတိုင်းအတာကို သက်ဆိုင်ရာဌာန အဖွဲ့အစည်းများမှကွင်းဆင်းတိုင်းထွာပြီးအချက်အလက်များအား ဆက်လက်စုဆောင်းကောက်ခံရယူနေဆဲ ဖြစ်ကြောင်းသိရသည်။
ပဲခူးတိုင်း၌မိုးရွာသွန်းမှုများပြားပြီး မြစ်ရေတက်ခြင်း၊ ဆည်ရေလျှံခြင်းများကြောင့်စပါးနှင့်အခြားသီးနှံ စိုက်ခင်းများအပါအဝင်နေအိမ်များ နှစ်စဉ်နီးပါးရေနစ်မြုပ်ထိခိုက်ပျက်စီးခြင်းများရှိသော်လည်း ယခုနှစ်၌ရေကြီးရေလျှံမှုမှာ နှစ်ပေါင်း၆၀ကျော်အတွင်း ထိခိုက်မှုအများဆုံးရေကြီးမှုဖြစ်ကြောင်းသိရသည်။
#Local_News #ရေနက်ကွင်းစပါးစိုက်ခင်းများ #စပါးမျိုးနှင့်မျိုးသန့်များ #YMG/NN
#Local_News
Published -16 October 2023
ငြိမ်းချမ်းရေးကို မြန်မာ့ကိုယ်ပိုင်နည်းလမ်းဖြင့် ဖော်ဆောင်ရမည်ဟု ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး Mr. Sihasak Phuangketkeow က ယနေ့ နေပြည်တော်၌ ပြုလုပ်ခဲ့သော တစ်နိုင်ငံလုံးပစ်ခတ် တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ပြောသည်။
“ပြန်လည်သင့်မြတ်ရေးနဲ့ တွေ့ဆုံဆွေးနွေးမှုများကို အခြေခံကာ မြန်မာဦးဆောင်တဲ့ မြန်မာ့ကိုယ်ပိုင် နည်းလမ်းနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဖော်ဆာင်သွားရမှာ ဖြစ်ပါတယ်၊ ထိုင်းနိုင်ငံအနေနဲ့ လွန်ခဲ့တဲ့(၈)နှစ်ခန့်ကတည်းကပင် အပြည့်အဝ ထောက်ခံအားပေးခဲ့ပါတယ်။ ယနေ့ထိတိုင် ခိုင်မြဲစွာနဲ့ တသမတ်တည်း ဆက်လက်တည်ရှိနေဆဲဖြစ်ပါတယ်။မည့်သည်နိုင်ငံတွင်မဆို ငြိမ်းချမ်းရေးကို ဦး တည်တဲ့လမ်းကြောင်းမှာ ယင်းနိုင်ငံရဲ့ ပြည်သူများကိုယ်တိုင်က ဖန်တီးဆုံးဖြတ်ရမယ်လို့ ထိုင်းနိုင်ငံအနေနဲ့ ယုံကြည်ပါတယ်”ဟု၎င်းက ပြောသည်။
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ ငြိမ်းချမ်းရေးနှင့်သာယာဝပြောရေးတို့မှာ နီးကပ်စွာ ပတ်သက်ဆက်နွှယ်လျက်ရှိကြောင်း၊နယ်နိမိတ်ချင်းထိဆက်နေသော အိမ်နီးချင်းနိုင်ငံအနေဖြင့် အပြန်အလှန်နားလည်မှု၊ အပြန်အလှန်လေးစားမှု၊အပြန်အလှန် အကျိုးဖြစ်ထွန်းမှုတို့ရှိသော စစ်မှန်သည့် မိတ်ဖက်အဖြစ် ဖော်ဆော် သွားရန် ထိုင်းနိုင်ငံ၏ ကတိကဝတ်တွင် ရှိနေကြောင်း၊ မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံ၏အကျိုးစီးပွားနှင့် အာဆီယံအပါအဝင် ဒေသတစ်ခုလုံး၏ အကျိုးစီးပွားလည်း ဖြစ်ကြောင်း ၊ယင်းအပြင် မြန်မာနိုင်ငံရှိ အဖွဲ့အစည်းများအနေဖြင့် ယခုလမ်းကြောင်းအတိုင်း ပြီးမြောက် အောင်မြင်အောင် ဆက်လက်လျှောက်လှမ်းသွားကြရန်လည်း ယင်းကတိုက်တွန်းခဲ့သေးသည်။
#Local_News #မြန်မာ့ကိုယ်ပိုင်နည်းလမ်း #ထိုင်းနိုင်ငံခြားရေးဒုဝန်ကြီး #Yangon_Times/PP
#Local_News
Published -16 October 2023
နှစ်တာကာလကြာမြင့်သည့်တိုင် NCA ကို အကောင်အထည်မဖော်နိုင်ခဲ့သောကြောင့် ပြည်ထောင်စုကြီးအတွက် များစွာနှမျောမိကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ်က ပြောသည်။
ယနေ့ အောက်တိုဘာလ ၁၅ ရက်တွင် ကျင်းပခဲ့သော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးခြင်း (၈) နှစ်ပြည့် အခမ်းအနားတွင် NCA စာချုပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်း(၇)ဖွဲ့၏ကိုယ်စား ယင်းက ပြောခြင်း ဖြစ်သည်။
“အထူးသဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံရေးအကျပ်အတည်းများ ဖြစ်ပေါ်လာခဲ့ရာမှာ နိုင်ငံ ရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းနိုင်ခဲ့ကြတဲ့အတွက် NCA အကောင်အထည်ဖော်မှုသည်လည်း ရပ်တန့်သွားခဲ့ရပါတယ်။ နိုင်ငံ့အရေး၊ ငြိမ်းချမ်းရေးအတွက်အချိန်တွေ အလဟဿ ဖြစ်ခဲ့ရပါတယ်”ဟု ၎င်းက ပြောသည်။
သို့သော်လည်း NCA လက်မှတ်ရေးထိုးထားခဲ့ကြသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အစည်းများအနေဖြင့် NCA ၏ အနှစ်သာရများဖြစ်သော နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေး၊ သက်ဆိုင်သူအားလုံးပါဝင်သော အဓိပ္ပာယ်ပြည့်ဝသည့် နိုင်ငံရေးဆွေးနွေးပွဲများဖြစ်မြောက်ရေးနှင့် အရပ်သားများကို အကာအကွယ်ပေးရေး စသော မူများကိုကိုင်စွဲကာ လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် တစိုက်မတ်မတ် အားထုတ်ကြိုးပမ်းခဲ့ကြောင်းနှင့် ကြိုးပမ်းနေဆဲလည်း ဖြစ်ကြောင်း ယင်းက အသိပေးတင်ပြခဲ့သည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) သည် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ ပါဝင် လက်မှတ်ရေးထိုးခဲ့သည့်သာကမ ကုလ သမဂ္ဂ၊ ဥရောပသမဂ္ဂ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံတို့က အသိသက်သေအဖြစ် ပါဝင် လက်မှတ်ရေးထိုးခဲ့သည့် သဘောတူစာချုပ်ဖြစ်သည့်အပြင် တွေ့ဆုံဆွေးနွေးခြင်းလမ်းကြောင်းမှတစ်ဆင့် တိုင်းပြည်ရဲ့အုပ်ချုပ်ရေးစနစ် ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းခဲ့သော်လည်း အလျှော့အတင်းမလုပ်နိုင်ခဲ့သဖြင့် NCA အကောင်အထည် ဖော်ဆောင်ခြင်းလုပ်ငန်းများ ရှေ့မတိုးနိုင်ဖြစ်ခဲ့ရကြောင်းလည်း ၎င်းက ပြောသည်။
လက်ရှိတွင် ပြည်တွင်း၌ စစ်ရေးပဋိပက္ခ နှင့် နောက်ဆက်တွဲအကျိုးအဆက်များကို ရင်ဆိုင်ကြုံတွေ့နေရသော ကြောင့် ဘက်ပေါင်းစုံ အကျပ်အတည်းကို ပိုမိုပြီးဆိုးဝါးသထက် မဆိုးဝါးလာစေရန် ဝိုင်းဝန်းပြီး အဖြေရှာရမည့် အချိန် ရောက်ပြီဟုလည်း တိုက်တွန်းခဲ့သည်။
ယင်းအပြင် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကို မဖြစ်မနေ အကောင်အထည်ဖော်ရမည့်အချိန် ကျရောက်နေပြီဖြစ်၍ သက်ဆိုင်သူများအကြား ယုံကြည်မှုတည်ဆောက်နိုင်ရေးကလည်း လိုအပ်နေကြောင်း၊ သူ့မူကိုယ့်မူ အသေစွဲကိုင်နေကြမည်ဆိုပါက လက်ရှိ နိုင်ငံရေးအကြပ်အတည်းကို ကျော်လွှားနိုင်မည်မဟုတ်ကြောင်းလည်း ဆိုသည်။
နိုင်ငံရေးပြဿနာ၏ အရေးကြီးသောအစိတ်အပိုင်းတစ်ရပ်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်းပြင်ရန် လိုအပ်သကဲ့သို့ အားလုံးလက်ခံနိုင်သည့် ဥပဒေ ဖြစ်ရန် လိုကြောင်းလည်း ဗိုလ်ချုပ်ကြီးယွက်ဆစ်က ပြောကြားခဲ့သည်။
#Local_News #NCA #ဗိုလ်ချုပ်ကြီးယွက်ဆစ် #Yangon_Times/PP
#Local_News
Published -16 October 2023
ငြိမ်းချမ်းရေးတွက် ဆန္ဒကိုရှေ့တန်းမတင်ဘဲ ညှိနှိုင်းအဖြေရှာကြ ရန် တိုင်းရင်းသားခေါင်းဆောင် စောမူတူး စေးဖိုး က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း (၈) နှစ်ပြည့် အခမ်းအနားတွင် တောင်းဆိုလိုက်သည်။
“ကျွန်တော်တို့ အားလုံးဟာ မိမိတို့အသီးသီးရဲ့ ဆန္ဒသဘောထားတွေကိုသာ ရှေ့တန်းမတင်ဘဲ အပြန်အလှန် လေးစားတန်ဖိုးထားမှုနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်ကာ ညှိနှိုင်းအဖြေရှာကြဖို့ကိုလည်း သက်ဆိုင်သူအားလုံးကို တောင်းဆိုလိုပါတယ်”ဟု ယင်းကဆိုသည်။
မြန်မာနိုင်ငံဟာ လွတ်လပ်ရေး ရပြီးကတည်းက နှစ်ရှည်လများ ဖြစ်ပွားခဲ့သော လက်နက်ကိုင် ပဋိပက္ခကို အဆုံးသတ်နိုင်ရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ရရှိရေး(၂) နှစ်ခန့် အချိန်ယူ ဆွေးနွေးခဲ့ကြရကြောင်း၊နှစ်ဖက်ညှိနှိုင်းဆွေးနွေးဘက်အကြား ရဲရင့်တက်ကြွသောအားမာန်ဖြင့်တွေ့ဆုံ ဆွေး နွေးခြင်းအားဖြင့် အဖြေရှာလိုသည့် အာသီသကိုအခြေခံကြသောကြောင့် NCA ဆိုသည့် သမိုင်းစာမျက်နှာ သစ်တစ်ခု ပေါ်ပေါက်စေခဲ့ခြင်း ဖြစ်ကြောင်း ယင်းကပြောသည်။
“ဒါတွေဟာ အလျှော့အတင်း ပြုလိုတဲ့စိတ်ဓါတ်၊ အခက်အခဲတွေကို အတူတကွ ပူးပေါင်း ဖြေရှင်းလိုတဲ့ဆန္ဒ၊ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလိုတဲ့သန္နိဋ္ဌာန်၊ ဆွေးနွေးဘက်တစ်ဘက်စီမှာ ပါဝင်ခဲ့ကြတဲ့ ကိုယ်စားလှယ်တွေအကြား ထိန်းသိမ်းထားနိုင်တဲ့ ညီညွတ်မှုနဲ့ယုံကြည်မှုတွေကြောင့်ဖြစ်ပါတယ်။
လက်ရှိ ကာလမှာလည်း ဒီလိုစိတ်ဓါတ်ဆန္ဒနဲ့ ထပ်မံပြီး ကြိုးပမ်းအားထုတ်ကြဖို့ တိုက်တွန်းလိုပါတယ်”ဟု စောမူတူး စေးဖိုးက ပြောသည်။
မြန်မာနိုင်ငံသည် လူမျိုးပေါင်းစုံနေထိုင်သော တိုင်းပြည်ဖြစ်သည့်အတွက် ငြိမ်းချမ်းစွာအတူတကွ နေထိုင်နိုင်ရေး အတွက် ရှေးရှုရန်လိုနေကြောင်း၊ ခါးသီးစွာတွေ့ကြုံခံစားလာခဲ့ကြရသော လက်နက်ကိုင် ပဋိပက္ခကို အမြန်ဆုံး ချုပ်ငြိမ်းစေပြီး အနာဂတ်မျိုးဆက်သစ် ပြည်သူပြည်သား လူငယ်လူရွယ်များအတွက် "ငြိမ်းချမ်းရေး" အမွေအနှစ် ကို ချန်ရစ်ထားနိုင်ရန်၊တရားမျှတမှု နှင့် ဂုဏ်သိက္ခာရှိမှုတို့အပေါ်အခြေခံသည့် တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့် လင်း မြင်သာမှုရှိမည့် ငြိမ်းချမ်းရေးကို ဖော်ဆောင်သွားကြရန် နှင့် လက်ရှိနိုင်ငံရေး အကျပ်အတည်းကို ကျော် လွှား၍ ဒီမိုကရေစီနှင့် ဖက်ဒရယ်စံနစ်ကိုအခြေခံသည့် ပြည်ထောင်စုကိုတည်ဆောက်နိုင်ရေး မဆုတ်မနစ် ကြိုးပမ်းကြရန်လည်း ယင်းက ပြောကြားခဲ့သည်။
#Local_News #တိုင်းရင်းသားခေါင်းဆောင် #စောမူတူးစေးဖိုး
#Yangon_Times/PP
#Local_News
Published-15 Oct2023
မကွေးတိုင်းဒေသကြီးရှိ မန်းရွှေစက်တော်ဘုရားကြီးအားလာမည့်နှစ်များတွင် သဘာဝဘေးအန္တရာယ်မှ ကာကွယ်ရန်ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရား၏ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ မန်းရွှေစက်တော်၌ မိုခါမုန်တိုင်းအလွန်နှင့် မိုးများမှုကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအားမန်းရွှေစက်တော်ဘုရားပွဲ တော်အမီပြင်ဆင်ဆောင်ရွက်နေလျှက်ရှိကြောင်းသိရသည်။
"လာမယ့်နှစ်တွေမှာလည်း သဘာဝဘေးအန္တရာယ်ကနေကာကွယ်နိုင်ဖို့ ကြိုတင်ကာကွယ်မှုလုပ်ငန်းတွေဆောင်ရွက်သွားဖို့ရှိပါတယ်။ အခုကပွဲတော်အမီ မိုခါမုန်တိုင်းနဲ့ဒီမိုးကာလမှာ မိုးများတာတွေကြောင့် ထိခိုက်တာလေးတွေလဲလုပ်ဆောင်နေပါတယ်။ ဒီအချိန်ကပွဲတော်အချိန်မဟုတ်ပေမယ့် စိမ်းစိုလှပနေတာကြောင့် ဘုရားဖူးလာရောက်ကြဖို့ ဖိတ်ခေါ်ပါတယ် "ဟု၄င်းကဆက် ပြောသည်။
ပြီးခဲ့သည့်မိုးဦးကာလအတွင်းက ဖြစ်ပွားခဲ့သည့်မိုခါမုန်တိုင်းနှင့် မိုးတွင်းကာမိုးများခဲ့သည့်အတွက် ရေတိုက်စားခဲ့ခြင်းများရှိခဲ့ရာ မန်းချောင်းတစ်လျှောက်ပြင်ဆင် ဆောင်ရွက်ခြင်းများနှင့် မန်းရွှေစက်တော်ဘုရားဝန်းသုံးမိုင်လမ်း၌ ဘုရားဖူးကားများသွားလာရေးအဆင်ပြေစေရန် ဆောင်ရွက်ခြင်းများကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့အပြင်အောက်စက်တော်ရာတိုင်လုံးကြီးများနှင့်ဘုံခုနှစ်ဆင့်ကိုမြန်မာမှုမပျက်ရှေးမူလက်ရာများအတိုင်းပြင်ဆင်ခြင်းများကိုလည်းပြုပြင်ဆောင်ရွက်နေကြောင်းသိရသည်။
မန်းရွှေစက်တော်ဘုရားပွဲတော်အားနှစ်စဉ်တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိ ကျင်းပလေ့ရှိပြီး ဘုရားပွဲတော်ကာလ၌ တစ်ရက်လျှင် ဘုရားဖူးဦးရေတစ်သောင်းခန့်လာရောက်လေ့ရှိကြောင်း သိရသည်။
#Local_News #မန်းရွှေစက်တော်ဘုရားကြီး #သဘာဝဘေးအန္တရာယ်မှကာကွယ် #YMG/NN
#Local_News
Published 15 October 2023
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် မိုးရွာသဖြင့် ခရီးသည်တင်ယာဉ် Express တစ်စီး လမ်းချော်ကာ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့သတင်းများအရ သိရသည်။
ယနေ့ အောက်တိုဘာလ ၁၅ရက် မနက် ၈နာရီ ၂၀မိနစ်အချိန်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးရှိ မိုင်တိုင် ၃၅၂/၁နဲ့ ၃၅၂/၂ကြားမှာ ရန်ကုန်ကနေ မန္တလေးသို့ မောင်းနှင်လာသည့် ခရီးသည်တင် Express ယာဉ်သည် မိုးရွာတာကြောင့် လမ်းချော်ပြီး လမ်းယာဘက်သို့ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။
Express ယာဉ်တစ်စီး တိမ်းမှောက်မှုကြောင့် စကားအင်းအမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ Express ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုဖြစ်စဉ်အတွင်း လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
#Local_News #ရန်ကုန်-မန္တလေး #လမ်းချော်ကာ တိမ်းမှောက် #YMG/NN
#Local_News
Published - 15 Oct 2023
စစ်တောင်းမြစ်ရေသည် တောင်ငူမြို့၏စိုးရိမ်ရေအမှတ်ကိုရောက်ရှိနေပြီး ဆက်လက်မြင့်တတ်လာနိုင်ကြောင်းမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကသတိပေးထုတ်ပြန်သည်။
အောက်တိုဘာ ၁၅ ရက် နံနက် ၆ နာရီခွဲ တိုင်းတာချက်အရ စစ်တောင်းမြစ်ရေသည်တောင်ငူမြို့၏ စိုးရိမ်ရေမှတ်ကိုရောက်ရှိနေပြီးလာမည့် ၂၄နာရီအတွင်း စိုးရိမ်ရေအမှတ်ထက် ၂လက်မ ခန့်ပိုမြင့်လာမည်ဟု ထုတ်ပြန်ထားသည်။
ထို့ကြောင့် တောင်ငူမြို့နယ် အတွင်းရှိမြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့်အထူးသတိပြုနေထိုင်ကြရန် အတွက် အကြံပြုထားသည်။
ပြီးခဲ့သည့် တပတ်က စံချိန်တင်မြင့်တတ်ခဲ့သည့် ပဲခူးမြစ်ရေသည် ယနေ့နံနက်တိုင်းတာချက်အရ စိုးရိမ်ရေမှတ်အောက် ၉၀ စင်တီမီတာလျော့ကျလာကြောင်း သိရသည်။
#Local_News #စိုးရိမ်ရေမှတ်ကိုရောက်ရှိ #မိုးဇလသတိပေး #YMG/NN
Page 647 of 1836