၁ ဇန်နဝါရီ ၂၀၂၅

KBZPay နှင့်ပတ်သက်၍ လတ်တလောဖြစ်စဉ်များကို အမြန်ဆုံး စိစစ်ဆောင်ရွက်နေကာ ဗဟိုဘဏ်၏ ကြီးကြပ်လမ်းညွှန်မှု နှင့်အတူ စုံစမ်းထုတ်ဖော်သွားမယ်လို့ KBZPay က အသိပေးခဲ့ပါတယ်။

လတ်တလောတွင် KBZPay အသုံးပြုသူအချို့၏ အကောင့်များသို့ OTP ကို ရယူပြီး PIN နံပါတ် ကို ခန့်မှန်းကာ ဝင်ရောက်သည့် ဖြစ်စဉ်များရှိခဲ့ပြီးနောက် KBZPay က သတင်းထုတ်ပြန်ချက်တစ်ခုကို ဒီဇင်ဘာ ၃၁ရက်က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အဆိုပါဖြစ်စဉ်များကို ကမ္ဘောဇဘဏ်မှ သိရှိသတိပြုမိထားပြီး ဖြစ်ကြောင်းနှင့် အသုံးပြုသူများ ငွေကြေးဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် ကမ္ဘောဇဘဏ်မှ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် အကောင်းဆုံး ဝန်ဆောင်မှု ပေးလျက်ရှိကြောင်းလည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။

PIN နံပါတ်သည် ဒစ်ဂျစ်တယ်ငွေကြေးလုံခြုံစိတ်ချရမှုရှိစေရန်  အရေးကြီးသည့် ဒစ်ဂျစ်တယ် သော့တစ်ချောင်း ဖြစ်ပါသည်။  PIN နံပါတ်အား မိတ်ဆွေအပေါင်းအသင်းများဖြစ်စေ၊ မိသားစုဝင်များဖြစ်စေ၊ ဘဏ်ဝန်ထမ်းများဖြစ်စေ၊ ကုန်သည် (merchant) များဖြစ်စေ မည်သူနှင့်မျှ လုံးဝ (လုံးဝ) မျှဝေခြင်းမပြုရန် အလွန်အရေးကြီးတယ်လို့လည်း KBZPay က သတိပေးထားပါတယ်။

အဆိုပါနံပါတ်ကို KBZPay မှလည်း မည်သည့်အခါမျှ တောင်းဆိုမည်မဟုတ်သလို  PIN  နံပါတ်သတ်မှတ်ရာတွင်လည်း ခန့်မှန်းရလွယ်ကူသော ဆင်တူဂဏန်းများ၊ မိမိ၏မွေးနေ့၊ မှတ်ပုံတင်နံပါတ်၊ ဖုန်းနံပါတ် အစရှိသည့် နံပါတ်များကိုရှောင်ရှားပြီး မိမိတစ်ဦးသာသိနိုင်မည့် ခိုင်မာသော PIN နံပါတ်မျိုးပေးထားရန် အထူးအရေးကြီးတယ်လို့လည်း ထပ်မံသတိပေးထားပါတယ်။

OTP နှင့် PIN ထက် ပိုမိုကောင်းမွန်သော နည်းပညာ လုံခြုံမှုအားထပ်မံတိုးမြှင့်ရန်အတွက် biometric identification နှင့် device-based notification ကဲ့သို့ လုပ်ဆောင်ချက် များကို အကောင် အထည်ဖော်သွားဖို့ရှိတယ်လို့လည်း သတင်းထုတ်ပြန်ချက်ကဆိုပါတယ်။

အယောင်ဆောင် အက်ပလီကေးရှင်းများနှင့် လင့်ခ်များ၊ အယောင်ဆောင် ဖုန်းခေါ်ဆိုမှုများနှင့် message များမှတစ်ဆင့် မသမာသူများသည် လူကြီးမင်း၏ အချက်အလက်များအား ၎င်းတို့ထံသို့ ရောက်ရှိစေရန်အတွက် နည်းလမ်းပေါင်းစုံဖြင့် ချဉ်းကပ် လှည့်စားလေ့ရှိတာကို သတိပြုကြဖို့လည်း တိုက်တွန်းထားပါတယ်။
အဲဒါကြောင့် Google Play Store သို့မဟုတ် Apple App Store ကဲ့သို့သော ယုံကြည်စိတ်ချရသည့် အရင်းအမြစ်များမှသာလျှင် KBZPay app ကို download လုပ်၍ ရယူကြဖို့လည်း ဆက်လက်တိုက်တွန်း ထားပါတယ်။

အကောင့်လုံခြုံမှုအတွက် KBZPay app ကို နောက်ဆုံး version သို့ အဆင့်မြှင့်တင်ထားရန် လိုအပ်သလို အခြားသူများနှင့် မျှဝေသုံးစွဲထားသည့် device များဖြင့်  မိမိ၏ KBZPay သို့ login ဝင်ရောက်ခြင်း ကိုရှောင်ကြဉ်သင့်တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အကောင့်တွင် သံသယဖြစ်ဖွယ်ငွေကြေးဆောင်ရွက်ချက်များကို သတိပြုမိလျှင်ဖြစ်စေ၊ အကူအညီ လိုအပ်လျှင်ဖြစ်စေ KBZPay ၏ Hotline 3211 သို့  ၂၄ နာရီ ဆက်သွယ် အကူအညီ တောင်းခံနိုင်ကြောင်း သိရှိရပါတယ်။

#ymg/knl