၂၈ ဇန်နဝါရီ ၂၀၂၄
လာအိုမှာကျင်းပနေတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် မြန်မာနိုင်ငံကိုယ်စားလှယ် နိုင်ငံခြားရေးဝန်ကြီးဌာန ခေတ္တ အမြဲတမ်းအတွင်းဝန် ဒေါ်မာလာသန်းထိုက်တက်ရောက်နေပါတယ်။
မြန်မာနိုင်ငံမှ နိုင်ငံရေးကိုယ်စားမပြုသူတစ်ဦးကို စေလွှတ်ဖို့ အာဆီယံကဆုံးဖြတ်ထားတဲ့အပေါ် မြန်မာနိုင်ငံနစကမှ လာအိုမှာ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ပထမဆုံးအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြီးတန်းအရာရှိကြီးတစ်ဦးဖြစ်တဲ့ ဒေါ်မာလာသန်းထိုက်ကို စတင်စေလွှတ်ခဲ့ခြင်းဖြစ်ပါတယ်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီနှင့်အခြား သံတမန်အရင်းအမြစ်နှစ်ခုကလည်း ဒေါ်မာလာသန်းထိုက် တက်ရောက်နေတာကို အတည်ပြုတယ်လို့ ရိုက်တာသတင်းအရသိရပါတယ်။
“အာဆီယံရဲ့မူဝါဒမပြောင်းလဲဘူး။ မြန်မာဟာ အာဆီယံရဲ့ ဆုံးဖြတ်ချက်လုပ်ဆောင်ရာမှာ အကျိုးသက်ရောက်မှုရှိမှာ မဟုတ်ဘူး” လို့ ရက်နိုမာဆူဒီက ရိုက်တာသတင်းဌာနကိုပြောပါတယ်။
လာအိုနိုင်ငံမှ အာဆီယံအထူးကိုယ်စားလှယ် Alounkeo Kittikhoun ဟာ ရာထူးလက်ခံပြီးသိပ်မကြာခင်မှာပဲ မြန်မာနိုင်ငံ နေပြည်တော်ကိုလာရောက်ပြီး နစက ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုလာရောက်တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံစဉ် ၂၀၂၄ ခုနှစ်၊ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်သည့်အချိန်၌ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများကိစ္စများဆွေးနွေးခဲ့ကြတယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံရဲ့ လွမ်ဖရာဘန်မြို့မှာ ယနေ့ ဇန်နဝါရီ ၂၈ ရက်မှာကျင်းပနေတာဖြစ်ပါတယ်။
@ymg/knl
Published_28 Jan 2024
ရှမ်းပြည်နယ်၊ မိုးမိတ်မြို့အတွင်း KIA ၊ TNLA အဖွဲ့နှင့် PDF အဖွဲ့တို့ကို တပ်မတော်စစ်ကြောင်းများက တိုက်ခိုက်ချေမှုန်းကာ မိုင်းရှင်းလင်းရေး များ ဆက်လက်ဆောင်ရွက်ခဲ့ရကြောင်း နစကသတင်းထုတ်ပြန်ရေး အဖွဲ့ က ထုတ်ပြန်လိုက်သည်။
KIA ၊TNLA အဖွဲ့နှင့် PDF တို့ အုပ်စုဖွဲ့လျက် ဇန်နဝါရီလ ၁၈ ရက်မှ စ၍ မိုးမိတ်မြို့ လုံခြုံရေး စခန်းများကို အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်လာခဲ့သောကြောင့် တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်ချေမှုန်း ရေးစစ်ဆင်ရေး (Counter- Terrorism Operation)ကို စစ်ကူ၊ စစ်ကြောင်းများ၊ အမြောက်နှင့် လက်နက်ကြီး ပစ်ကူများဖြင့် ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲ (၁၆)ကြိမ် ဖြစ်ပွားခဲ့ပြီး မိုးမိတ်မြို့ ကို ဇန်နဝါရီ ၂၇ ရက်တွင် တပ်မတော် စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ အဖွဲ့များက မိုးမိတ်မြို့အတွင်းသို့ ရောက်ရှိနေစဉ်အတွင်း စစ်ရေးနှင့်သက်ဆိုင်ခြင်း မရှိသည့် ဘာသာ ရေးဆိုင်ရာ အဆောက်အဦများ၊ ဆေးရုံများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာ အဆောက်အဦများ၊ လူနေအိမ် များ တွင် သဲအိတ်များစီ၍ ဘန်ကာများ ဆောက်လုပ်ပြီး တပ်မတော်စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၊ လူနေအိမ်အဆောက်အဦများအကြားနှင့် အများ ပြည်သူသွားလာအသုံးပြုသည့် ဆက်သွယ်ရေးလမ်းကြောင်းများပေါ်၌ မိုင်းထောင် ခြင်းများ၊ ဒေသခံပြည်သူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ရယူ၍ ပစ်ခတ် တိုက်ခိုက်ခြင်းများကို လုပ်ဆောင်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထုတ်ပြန် ထားသည့်ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်းအတိုင်း တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ရကြောင်းလည်း နစက သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိတွေ့မှုများဖြစ်ပွားစဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံး၊ ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး KIA ၊ TNLA အဖွဲ့နှင့် PDF အဖွဲ့တို့ဘက်က လက်နက်ကြီး၊ လက်နက်ငယ်များ၊ ခဲယမ်း၊ ဗုံးသီးများ၊ အကြမ်းဖက်သမား ရုပ်အလောင်းအချို့နှင့် အကြမ်းဖက် လုပ်ငန်း များလုပ်ဆောင်ရာတွင် အသုံးပြုသည့် ဖောက်ခွဲရေးဆက်စပ် ပစ္စည်းများ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
ယခုအခါ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မိုးမိတ်မြို့အတွင်း နေရပ်စွန့်ခွာ ဒေသခံပြည်သူများ ပြန်လည်ဝင် ရောက်နေထိုင်နိုင်ရေးနှင့် အပျက်အစီးများ ဖယ်ရှား ရှင်းလင်းပေးခြင်း၊စာသင်ကျောင်း ပျက်စီးမှုများကို ပြန် လည် ပြုပြင်ပေးခြင်း၊ မိုင်း ရှင်းလင်းပေးခြင်း များစသည်ဖြင့် မြို့ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့်အတူ အမြန်ဆုံး ဆက်လက် ဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း လည်း သိရသည်။
Yangon_Times/PP
#Local_News
#Published_ 28 January 2024
#YMG #Yangon_Times #Yangon_Media_Group
Published 28 January 2024
ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ ကိုးလတာအတွင်း ပြည်တွင်းပြည်ပခရီးသွား ၈၀၀၀ကျော်ဝင်ရောက်ခဲ့ကြောင်းရှေးဟောင်းသုတေသနနှင့်အမျိုးသား ပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) သိရသည်။ထိုသို့ဝင်ရောက်ရာတွင် ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်၊ဧပြီလမှ ဒီဇင်ဘာလအထိပြည်တွင်းခရီးသွား ၈၃၆၀ ဦး၊ပြည်ပနိုင်ငံသား ၁၂၃ ဦးဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါဝင်ရောက်ခဲ့သည့်ပြည်တွင်း၊ပြည်ပခရီးသွားများထံမှ ပြတိုက် ဝင်ကြေး(၃၈၅၂၆၀၀၀)ကျပ်ကောက်ခံရရှိထားကြောင်းသိရသည်။
အဆိုပါ ပုဂံရှေးဟောင်းသုတေသန ပြတိုက်အား တနင်္လာနေ့နှင့် အများပြည်သူ ရုံးပိတ်ရက်များမှအပနေ့စဉ် နံနက် (၉) နာရီခွဲမှ ညနေ (၄)နာရီခွဲထိ ပုံမှန်ဖွင့်လှစ်ထားခြင်းဖြစ်သည်။
ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာခွဲ) ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ ဝင်ရောက် လေ့လာသည့် ဇုန်ဝင်ကြေးကိုလည်း ၂၀၂၃ခုနှစ် ဒီဇင်ဘာ (၁) ရက်မှစတင်ကာ ပြည်ပဧည့်သည်တစ်ဦးလျှင် ၁၀၀၀၀ ကျပ်နှင့် ပြည်တွင်းဧည့်သည်တစ်ဦးလျှင် ၁၀၀၀ ကျပ်သို့ တိုးမြင့်ကောက်ခံနေပြီး ပြတိုက်သို့ (၁၀)နှစ်အောက် ကလေးငယ်များ၊ ရဟန်းတော်များ၊ သီလရှင်ဆရာကြီး၊ ဆရာလေးတို့ကိုမူအခမဲ့ဝင်ရောက်ခွင့် ပြုပေးထားကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#Published_ 28 January 2024
#YMG #Yangon_Times #Yangon_Media_Group
Published 28 January 2024
စည်းကမ်းမလိုက်နာသည့် YBS ယာဉ်မောင်းများကို ထုတ်ပယ်မှုများ ဆောင်ရွက်လျက်ရှိနေပြီး ယင်း ယာဉ်မောင်းနေရာများကို အစားထိုးရန် ယာဉ်မောင်းအသစ်များကို ခေါ်ယူထားကြောင်းရန်ကုန်န်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC မှ သိရသည် ။
ရန်ကုန်မြို့တွင်း YBS ယာဉ်ကြီးများ မောင်းနှင်နိုင်ရန် ကျွမ်းကျင်ယာဉ်မောင်းများ လိုအပ် သဖြင့် YBS မော်တော်ယာဉ်ကြီးမောင်းသင်တန်းကို YRTC ၏ ကြီးကြပ်မှုဖြင့် ဖွင့်လှစ်ရန်ရှိပြီး သင်တန်းသား စုစုပေါင်း ၅၀ ဦးခေါ်ယူရန်ရှိကြောင်း သိရသည်။
လျှောက်ထားသူများ အနေဖြင့် အသက် ၂၅ နှစ် က နေ ၅၅ နှစ်အတွင်းရှိရမှာဖြစ်ပြီး ‘‘ခ’’ လိုင်စင် အနည်းဆုံး ၅ နှစ်သက်တမ်းနှင့် အခြေခံပညာအလယ်တန်းအဆင့် အောင်မြင်ပြီးသူဖြစ်ရမည်ဖြစ်ကာ အခြေခံယာဉ်မောင်းနိုင်မှုကို သင်တန်းက စစ်ဆေးရွေးချယ်သွားမည်ဖြစ်ကြောင်းသိရသည်။
၄အပြင်လက်ရှိ YBS ယာဉ်လိုင်းများတွင် ကျင့်သုံးနေသည့် YPS ကတ်ဖြင့် ယာဉ်စီးခငွေပေးချေခြင်း စနစ်ကို ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ စက်မဖွင့်ထားပါက ကားနံပါတ်နှင့် ယာဉ်အမှတ်ကို ပြည်သူများမှပေးပို့ အကြောင်းကြားရန်နှင့် တိုင်ကြားခံရသည့် ယာဉ်ကိုသက်ဆိုင်ရာယာဉ်လိုင်းများနှင့် ပူးပေါင်းဆောင်ရွက်ကာ ချက်ချင်းစစ်ဆေးပြင်ဆင်အရေးယူပေးနေကြောင်း သိရသည် ။
လက်ရှိတွင် YBS စီးနင်းသူများအနေဖြင့် ယာဉ်စီးခအတွက် ငွေအကြွေရှာဖွေပေးချေရမှု အခက်အခဲ မဖြစ်စေရေးအတွက် YPS ကတ်ကို အသုံးပြုနိုင်သကဲ့သို့ မိုဘိုင်းဖုန်းဖြင့် Scan ပြုလုပ်ကာ ငွေပေးချေနိုင်မည့် YPS QR Code ကို အသုံး ပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။
Yangon_Times/NN
#Local_News
#Published_ 28 January 2024
#YMG #Yangon_Times #Yangon_Media_Group
Published 28 January 2024
သက်န်းကျွန်းမြို့နယ်၊လေးထောင့်ကန်ရပ်ကွက်အနီးရှိလက်ဆည်ကန်၌ လူတစ်ဦး ေ-သဆုံးမှုယနေ့မနက်ပိုင်းကဖြစ်ပွားခဲ့ကြောင်းmedical လူငယ်များအဖွဲ့မှသိရသည်။
ယနေ့မနက် ၁၂နာရီဝန်းကျင်ခန့်က သက်န်းကျွန်းမြို့နယ်၊လေးထောင့်ကန်ရပ်ကွက်အနီးရှိလက်ဆည်ကန်အတွင်း၌ လူတစ်ဦး ေ-သဆုံးကြောင်း သတင်းရရှိသဖြင့် သွားရောက်ကူညီခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
'လူတစ်ဦး ေ-သဆုံးတယ်လို့ သတင်းရလို့ ကူညီသယ်ဆောင်ပေးဖို့ သွားတာပါ၊အမှန်က ရေထဲခုန်ချသွားတာပါ၊ အခုသက်န်းကျွန်းစံပြဆေးရုံကို dead _bodyကိုပို့ဆောင်ခဲ့ပါပြီ ' ဟု medical လူငယ်များအဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါ ေ-သဆုံးသူသည် လူလတ်ပိုင်းတစ်ဦးဖြစ် ေ-သဆုံးသူအား သက်န်းကျွန်းမြို့နယ်ရှိ စံပြဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#Published_ 28 January 2024
#YMG #Yangon_Times #Yangon_Media_Group
Published 28 January 2024
မန္တလေးမြို့၌ တောင်သမန် မယ်ဇယ်လွင်ပြင်အလှ ဓါတ်ပုံပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်ရာ ပြိုင်ပွဲဝင်ဓာတ်ပုံများကို ဇန်နဝါရီ၂၉ရက်နေ့နောက်ဆုံးထားပေးပို့ရမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှသိရသည်။
အဆိုပါပြိုင်ပွဲကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ဦးစီးပြီး ကျင်းပမည်ဖြစ်ရာ ပြိုင်ပွဲဝင်ဓါတ်ပုံများကိုဇန်နဝါရီလ(၂၉) ရက်နေ့ မနက်(၁၀)နာရီမှ ညနေ (၄)နာရီအတွင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာန၊ ဌာနမှူးရုံးခန်းသို့ ပေးပို့ရမည်ဖြစ်ပြီး ဓါတ်ပုံဆု ရွေးချယ်ခြင်းကို ဇန်နဝါရီလ(၃၀)ရက်နေ့ တွင် ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။
ပြိုင်ပွဲဝင်သူများအနေဖြင့်ကိုယ်တိုင် ရိုက်ကူးထားသော ဓာတ်ပုံများကိုသာ တာဝန်ယူယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အရှုပ်အရှင်း ပြဿနာပေါ်လာပါက ပြိုင်ပွဲဝင်သူက တာဝန်ယူဖြေရှင်းရမည်ဖြစ်ကာ ပေးအပ်ထားသောဆုကို ပြန်လည်ရုပ်သိမ်းမည်ဖြစ်သည့်အပြင် ပုံဟောင်းများ ပါဝင်ယှဉ်ပြိုင်ခွင့်မပြုကြောင်းကော်မတီမှ ထုတ်ပြန်ထားသည်။
ပြိုင်ပွဲဝင်တစ်ဉီးလျင် ၁၀ လက်မ၊ ၁၄ လက်မအရွယ်ရောင်စုံဓာတ်ပုံ (၄) ပုံ အထိ တင်သွင်းယှဉ်ပြိုင်နိုင်ပြီး ပြိုင်ပွဲဝင်အမည်တစ်ခုထက် ပိုပြီးမယှဉ်ပြိုင်ကြရန်နှင့် ယှဉ်ပြိုင်သည်ကိုတွေ့ရှိပါက ဆုစာရင်းမှ ပယ်ဖျက်မည်ဖြစ်ကြောင်း၊ပြိုင်ပွဲဝင်ဓာတ်ပုံများသည် Digital DSLR နှင့် Mirrarless ကင်မရာများဖြင့် ရိုက်ကူးယှဉ်ပြိုင်ခွင့်ပြုပြီး ပြိုင်ပွဲဝင်ရိုက်ကူးထားသော မူရင်းဖိုင်ကို CD ဖြင့် တင်ပြရမည်ဖြစ်သည်။
တောင်သမန်အင်းနှင့်မယ်ဇယ်တန်းသည် ခေတ်အဆက်ဆက်၏ သမိုင်းဝင်နေရာတခုဖြစ်သကဲ့သို့ မြန်မာနိုင်ငံတွင်သာမက ကမ္ဘာကပါအထင်ကရနှင့်စိတ်ဝင်စားကြသည့်အတွက်တောင်သမန်မယ်ဇယ်လွင်ပြင် ဓါတ်ပုံပြိုင်ပွဲမှ တဆင့် ကမ္ဘာတဝှမ်းကပါသိရှိစေလိုသည့်ရည်ရွယ်ချက်ဖြင့် ဓါတ်ပုံပြိုင်ပွဲကျင်းပပေးတာဖြစ်ကြောင်းသိရသည်။
ယခုအခါ တောင်သမန်အင်းနှင့် မယ်ဇယ်တန်းတွင် ဓါတ်ပုံပြိုင်ပွဲဝင်မည့်သူများက ကြိုတင်ပြင်ဆင် ရိုက်ကူးလျက်ရှိပြီးပြိုင်ပွဲတွင်ဆုရရှိသူများကို ဆုများထိုက်တန်စွာချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#Published_ 28 January 2024
#YMG #Yangon_Times #Yangon_Media_Group
Published 28 January 2024
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ အရှေ့ပိုင်း စက်မှုဇုန် ၄ တွင် ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ထံ က သိရသည်။
ဇန်နဝါရီ ၂၈ရက် မနက် ၁၁နာရီ ၄၀ မိနစ်ခန့်က လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ စက်မှုဇုန်(၄)၊ ပင်စည်မင်းသားကြီးလမ်းတွင် ကားမီးလောင်မှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး ထွက်ခွာငြိမ်းသတ်ခဲ့ရာ ၁၁နာရီ ၄၈မိနစ် တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှု အကြောင်းရာနှင့်ဆုံးရှုံးမှု တန်ဖိုး ကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Yangon_Times/NN
#Local_News
#Published_ 28 January 2024
#YMG #Yangon_Times #Yangon_Media_Group
Page 432 of 1810