#Local_News
Published_ 4 October 2022
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စားသောက်ကုန်ပစ္စည်းများ တင်ပို့ရန် GACC တွင် စက်တင်ဘာ ၃၀ ရက်အထိ ကုမ္ပဏီ/စက်ရုံ ၁၀၂၂ ခုမှ စောင်ရေစုစုပေါင်း ၁၈၅၀ စောင်အား မှတ်ပုံတင်ရန် လျှောက်ထားပြီးဖြစ်ကြောင်း သိရပါတယ်။
လျှောက်ထားမှုများမှာ စိုက်ပျိုးရေးဦးစီးဌာနမှ ကုမ္ပဏီ ၈၈၃ ခု၊ စောင်ရေ ၁၇၁၁ စောင်၊ ငါးလုပ်ငန်းဦးစီးဌာနမှ ကုမ္ပဏီ/ စက်ရုံ ၁၁၈ ခု၊ စောင်ရေ ၁၁၈ စောင်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကုမ္ပဏီ ၁၂ ခု၊ စောင်ရေ ၁၂ စောင်နှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ကုမ္ပဏီ ၉ ခု၊ စောင်ရေ ၉ စောင် တို့ဖြစ်ကြပါတယ်။
တရုတ်နိုင်ငံ၊ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၏ ကြေညာချက် အမှတ် (၂၄၈) နှင့် (၂၄၉) တို့အရ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စားသောက်ကုန် တင်ပို့မည့်/တင်ပို့လျက်ရှိတဲ့ လုပ်ငန်းရှင်များ အနေဖြင့် GACC တွင် မှတ်ပုံတင်ပြီးမှသာလျှင် တင်ပို့ခွင့်ရရှိမှာဖြစ်ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့မည့် ကုန်စည်အမျိုး အစားလေးခုဖြစ်သည့် အသားနှင့် အသားထုတ်ကုန်များ၊ ရေထွက် ကုန်များ၊ နို့ထွက်ပစ္စည်းများ၊ ငှက်သိုက်နှင့် ဆက်စပ်ထုတ်ကုန်များနှင့် ကုန်စည်အမျိုးအစား ၁၄ ခုဖြစ်သည့် အစာသွတ်ရန် အသုံးပြုသည့် အပေါ်ခွံ အစွပ်၊ ပျားရည်နှင့် ပျားထွက်ပစ္စည်း၊ ဥနှင့် ဥထုတ်ကုန်များ၊ စားသုံးဆီ၊ အပြင်အသားအား ဂျုံသားဖြင့် ပြုလုပ်ထားပြီး စားသုံးနိုင်သည့် သို့မဟုတ် အေးခဲထားသည့်ထုတ်ကုန် များ၊ စားသုံးနိုင်သောအစေ့အဆန်များ၊ ကြိတ်ခွဲသီးနှံထွက်ကုန်များနှင့် မုယောစပါး၊ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ၊ ရေဓာတ်ထုတ်ထားသော ဟင်းသီးဟင်းရွက်များနှင့် ပဲခြောက်များ၊ အနံ့အရသာအတွက် အသုံးပြုသော ဟင်းခတ်အမွှေးအကြိုင်များ၊ အခွံမာသီးနှင့် အစေ့အဆန်များ၊ သစ်သီးခြောက်များ၊ မလှော်ထားသော ကော်ဖီနှင့် ကိုကိုးစေ့များ၊ အထူးအာဟာရ အစား အသောက်များ၊ ကျန်းမာရေးဖြည့်စွက်စာများ စုစုပေါင်း ကုန်စည် အမျိုးအစား ၁၈ အုပ်စုကို တရုတ်နိုင်ငံ၊ GACC တွင် မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။
ကုန်စည်အုပ်စု အလိုက် GACC တွင် မှတ်ပုံတင်နိုင်ရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့များမှာ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ ဖြစ်ကြပါတယ်။
အဆိုပါ ကုန်စည်အမျိုးအစား ၁၈ အုပ်စု၌ ပါဝင်ခြင်းမရှိသည့် ကုန်စည်များကို ထုတ်လုပ်/ တင်ပို့မည့်လုပ်ငန်းများ အနေဖြင့် https://cifer.singlewindow.cn သို့ ဝင်ရောက်၍ ကိုယ်တိုင် Account ဖွင့်လှစ်ကာ တိုက်ရိုက်လျှောက်ထားရမှာ ဖြစ်ပါတယ်။
#ygm_mnn
#Yangon_Media_Group
#Local_News
Published_ 4 October 2022
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကင်ဆာဝေဒနာရှင်များအတွက် အိန္ဒိယမှလှူဒါန်းသည့် ဓာတ်ရောင်ခြည်စက်အသစ်ထပ်မံ တပ်ဆင်နေကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ သိရသည်၊၊
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့်အဖွဲ့သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဓာတ်ရောင်ခြည်ဆေးကုဌာနတွင် အိန္ဒိယသမ္မတနိုင်ငံအစိုးရမှ လှူဒါန်းထားရှိသော Bhabhatron II Cobalt စက်တပ်ဆင်နေမှုကို အောက်တိုဘာလ(၁)ရက်က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်၊၊
ပြည်ထောင်စုဝန်ကြီးက "ကင်ဆာရောဂါလူနာများ အနေဖြင့် ဓာတ်ရောင်ခြည်ဖြင့် ကုသမှုခံယူရန် စောင့်ဆိုင်းရသည့် အချိန်လျှော့ချပေးနိုင်ရေးအတွက် Bhabhatron စက် အမြန်ဆုံးတပ်ဆင်ပြီးစီးရေး ကြီးကြပ်ဆောင်ရွက် ပေးကြရန်၊ လက်ရှိဆောင်ရွက်လျက်ရှိသည့် Linear Accelerator စက်နှစ်လုံး၏ လုပ်ငန်းဆောင်ရွက်မှုများ နှောင့်နှေးခြင်း မရှိစေရေး စက်ပစ္စည်းကြံ့ခိုင်မှုအတွက် အလေးထားဆောင်ရွက်ပေးကြရန်၊ ဆေးကုသရေးလုပ်ငန်းများ ပိုမိုတိုးတက်ရေး ဆောင်ရွက်ကြရန်နှင့် လူနာများ အားကိုးအားထားရသည့် ပြည်သူ့ဆေးရုံကြီးအဖြစ် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြရန် "မှာကြားခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် ကင်ဆာရောဂါလူနာများအတွက် ဓာတ်ရောင်ခြည်ဖြင့် ကုသမှု အပတ်စဉ် လူနာ (၁၀၀၀)ခန့် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အသစ်တည်ဆောက်နေသည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတိုးချဲ့ ခုနှစ်ထပ်ဆောင်တွင် ဓာတ်မှန်ဌာန၊ ဓာတ်ခွဲဌာန၊ ဆေးကုသမှုလူနာဆောင်များနှင့် စာသင်ခန်းများ ပါဝင်မည်ဖြစ်၍ ဆေးကုသရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်၊၊
ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ တိုးချဲ့ ခုနှစ်ထပ်ဆောင်ကို စီမံကိန်းတန်ဖိုး ငွေကျပ်( ၂၁၈၉၇ )ဒသမ (၉၈၂) သန်းဖြင့် ဆောင်ရွက်လျက်ရှိပြီးလာမည့်ဘဏ္ဍာ ရေးနှစ်တွင် ပြီးစီးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published _4 October 2022
ခရီးသည်တင်လေယာဉ်ကို တိုက်ခိုက်ခြင်းမှာ အပြည်ပြည်ဆိုင်ရာဥပဒေများကို ချိုးဖောက်ခြင်းဖြစ်၍ အရေးယူနိုင်ရေး ဆောင်ရွက်မည်ဟု နစက က သတင်း ထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ ရက်က ခရီးသည် ၆၃ ဦးပါ အမျိုးသားလေကြောင်းလိုင်း (MNA) မှ လေယာဉ်အမှတ် XY-AML၊ လေယာဉ်အမျိုးအစား ATR-72(600) ကို လွိုင်ကော်လေဆိပ်တွင် ပစ်ခတ်ခဲ့ခြင်း ဖြစ်သောကြောင့် လေယာဉ်ပေါ်၌စီးနင်းလိုက်ပါလာသည့် ခရီးသည်တစ်ဦး၏ ညာဘက်ပါးတွင် ကျည်ထိမှန်ဖောက်ဝင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ အရပ်ဘက်ဆိုင်ရာ လေယာဉ်၊ ပစ္စည်းများနှင့် အရပ်သားများကို ထိခိုက်အောင် တိုက်ခိုက်ခြင်းမှာ ဂျီနီဗာကွန်ဗင်းရှင်း ၄ ရပ်ကို အခြေခံသော လက်နက်ကိုင်ပဋိပက္ခဆိုင်ရာဥပဒေ (Law Of Armed Conflict) သို့မဟုတ် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေ (International Humanitarian Law) အရလည်းကောင်း ကြီးလေးသောပြစ်မှုများကို ချိုးဖောက်ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး အဆိုပါကျူးလွန်ခဲ့သူများကို နိုင်ငံတော်၏တည်ဆဲဥပဒေများအရ ထိရောက်ပြင်းထန်စွာ အရေးယူနိုင်ရေး လိုအပ်သလိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
လွန်ခဲ့သော၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်ကတည်းကလည်း အဖွဲ့အချို့အနေဖြင့် ပြည်တွင်းလေကြောင်းလိုင်းပြေးဆွဲမှုများအပေါ် တိုက်ရိုက်ခြိမ်းခြောက်သည့် ထုတ်ပြန်ချက်များလည်း ရှိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ဆိုသည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၉ တွင် မည်သူမဆို လေယာဉ် ဝန်ဆောင်မှုပေးချိန်တွင် လေယာဉ်ပေါ်တွင် လေယာဉ်ဘေးကင်းလုံခြုံမှုကို အန္တရာယ်ဖြစ်စေရန် လေယာဉ်ပေါ်ရှိသူ တစ်ဦးဦးကို အတင်းအဓမ္မပြုလုပ်မှု၊ လေယာဉ်ကိုပျက်စီးစေရန် သော်လည်းကောင်း၊ လေယာဉ်ကို ပျံသန်းခြင်းမပြုနိုင်စေရန်သော်လည်းကောင်း၊ လေယာဉ်ပျံသန်းစဉ် ဘေးအန္တရာယ်ဖြစ်စေရန်သော်လည်းကောင်း၊ ဝန်ဆောင်မှုပေးနေသည့် လေယာဉ်ကိုပျက်စီးမှု၊ ထိခိုက်ပျက်စီးစေမှု သို့မဟုတ် လေယာဉ်ပျက်စီးစေနိုင်သည့် ပစ္စည်းကိရိယာ သို့မဟုတ် အရာဝတ္ထုတစ်ခုခုကို လေယာဉ်ပေါ်၌ချထားမှု သို့မဟုတ် ထားရှိစေမှု၊ လေယာဉ်ပျံသန်းစဉ် ဘေးအန္တရာယ်ဖြစ်စေရန် လေကြောင်းလမ်းညွှန်ဆိုင်ရာ အဆောက်အအုံစနစ်များနှင့် ဆက်သွယ်ရေးအသုံး အဆောင်ပစ္စည်းများကို ပျက်စီးမှု၊ ထိခိုက်ပျက်စီးစေမှု သို့မဟုတ် လေကြောင်းလမ်းညွှန် ဆောင်ရွက်မှုကို ဝင်ရောက်နှောင့်ယှက်မှု၊ လေယာဉ်ပျံသန်းမှုအား ဘေးအန္တရာယ်ဖြစ်စေရန် မမှန်ကန်သော သတင်းအချက်အလက်များကို သိလျက်နှင့် ဆက်သွယ်ပေးပို့မှုတို့ကို ကျူးလွန်လျှင် မြို့ပြလေကြောင်းပျံသန်းရေးကို ဘေးအန္တရာယ် ဖြစ်စေသည့် ပြစ်မှုမြောက်ကြောင်း ဖော်ပြပါရှိ ကြောင်း သိရသည်။
အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၉ အရ အထက်ဖော်ပြပါ ဥပဒေပုဒ်မ ၉ ပါ မြို့ပြ လေကြောင်းပျံသန်းရေးအား ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် ပြစ်မှုတစ်စုံတစ်ခုကို ကျူးလွန်ပြုလုပ်မိပါက အနည်းဆုံး ထောင်ဒဏ် (၁၀)နှစ်မှ အများဆုံး ထောင်ဒဏ်တစ်သက်အထိဖြစ်စေ၊ သေဒဏ်အထိဖြစ်စေ ချမှတ်နိုင်ကြောင်း ဖော်ပြပါရှိသည်။ ပုဒ်မ ၄၉ တွင် အကြမ်းဖက်မှုတစ်ခုခုကို ကျူးလွန်ရာ၌ သူတစ်ဦးဦးကိုဖြစ်စေ၊ အများကိုဖြစ်စေ သေစေလျှင် သို့မဟုတ် အပြင်းအထန်နာကျင်စေလျှင် ကျူးလွန်သူကို အနည်းဆုံး ထောင်ဒဏ် (၁၀)နှစ်မှ အများဆုံး ထောင်ဒဏ်တစ်သက်အထိဖြစ်စေ၊ သေဒဏ်အထိဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြပါရှိသည်။ ထို့အပြင် နိုင်ငံတော်၏ တည်ဆဲဥပဒေ တစ်ရပ်ဖြစ်သော ရာဇသတ်ကြီးဥပဒေတွင်လည်း လူကိုသေစေခြင်း သို့မဟုတ် နာကျင်စေခြင်း၊ ပစ္စည်းကိုထိခိုက်နစ်နာစေခြင်း၊ ပျက်စီးစေခြင်း၊ ပျက်စီးခြင်းတို့အား ပြုလုပ်ပါက ကျူးလွန်မှုအပေါ် မူတည်၍ ထိရောက်ပြင်းထန်သော ပြစ်ဒဏ် သတ်မှတ်ချက်များ ပြဋ္ဌာန်းထားသည်။
ယင်းကြောင့် KNPP နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် လေယာဉ်ဝန်ဆောင်မှုပေးနေချိန်တွင် ၎င်းတို့၏ အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်မှုကြောင့် လေယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည်၏ မျက်နှာကိုထိမှန်ဒဏ်ရာ ရရှိစေခြင်းသည် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၉ နှင့် ပုဒ်မ ၄၉ ကို ကျူးလွန်ခြင်းသာမက ပုဒ်မ ၅၄ ကိုလည်း ကျူးလွန်ရာရောက်ကြောင်း၊ စစ်ရေးပစ်မှတ် မသက်ဆိုင်သည့် အရပ်ဘက်ပစ်မှတ်များနှင့် အရပ်သားပြည်သူများအား ထိုကဲ့သို့ အကြမ်းဖက်ပစ်ခတ်တိုက်ခိုင်ခြင်းသည် ဂျီနီဗာကွန်ဗင်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရလည်း စစ်ရာဇဝတ်မှု (War Crime) ကို ကျူးလွန်ခြင်းဖြစ်ကြောင်း၊ ဂျီနီဗာကွန်ဗင်းရှင်း (၄) ရပ် (Four Geneva Convention) ကို အခြေခံသော လက်နက်ကိုင် ပဋိပက္ခဆိုင်ရာဥပဒေ (Law Of Aumed Conflict) သို့မဟုတ် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေ (International Humanitarian Law) တွင် မည်သည့်လက်နက်ကိုင်ပဋိပက္ခမျိုး (နိုင်ငံတကာလက်နက်ကိုင်ပဋိပက္ခ/ နိုင်ငံတကာအရေးအခင်းမဟုတ်သော လက်နက်ကိုင်ပဋိပက္ခ) တွင် အရပ်သားများနှင့် အရပ်ဘက် ပစ္စည်းများကို စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်ခြင်းမပြုရန် ပြဋ္ဌာန်းထားရှိကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှု ဓလေ့ထုံးတမ်းဥပဒေ စည်းမျဉ်းများတွင်လည်း (နိုင်ငံတကာပဋိပက္ခ/ နိုင်ငံတကာမဟုတ်သော ပဋိပက္ခ) အရပ်သားများနှင့် တိုက်ပွဲဝင် စစ်သည်များအကြား ခွဲခြားခြင်းနှင့်ပတ်သက်၍ စည်းမျဉ်း ၁ အဖြစ် ပဋိပက္ခတွင် ပါဝင်သည့်အဖွဲ့များသည် အရပ်သားများနှင့် တိုက်ပွဲဝင်စစ်သည်များအကြား အမြဲတစေခွဲခြားရမည်။ တိုက်ပွဲဝင်စစ်သည်များကိုသာ ဦးတည်တိုက်ခိုက်ရမည်။ အရပ်သားများကို ဦးတည်တိုက်ခိုက်ခြင်း မပြုရဟူ၍လည်းကောင်း၊ စည်းမျဉ်း ၂ တွင် အရပ်သားလူထုအကြား အထိတ်တလန့်ဖြစ်စေရန် အဓိကရည်ရွယ်လုပ်ဆောင်သည့် အကြမ်းဖက်လုပ်ရပ်များနှင့် ခြိမ်းခြောက်မှုများအား တားမြစ်ကြောင်းဟူ၍လည်းကောင်း ဖော်ပြပါရှိသည်။ အရပ်ဘက်အဆောက်အအုံများနှင့် စစ်ရေးဆိုင်ရာရည်မှန်းချက်များအကြား ခွဲခြားခြင်းနှင့်ပတ်သက်၍ စည်းမျဉ်း ၇ အဖြစ် ပဋိပက္ခတွင်ပါဝင်သော အဖွဲ့များသည် အရပ်ဘက်အဆောက်အအုံများနှင့် စစ်ရေးဆိုင်ရာ ရည်မှန်းချက်များအကြား အမြဲတစေခွဲခြားရမည်၊ စစ်ရေးဆိုင်ရာရည်မှန်းချက် ကိုသာလျှင် ဦးတည်တိုက်ခိုက်ရမည်၊ အရပ်ဘက် အဆောက်အအုံများကို ဦးတည်တိုက်ခိုက်ခြင်း မပြုရဟု ဖော်ပြထားပြီး စည်းမျဉ်း ၁၁ တွင်လည်း တိကျသော စစ်ရေးဆိုင်ရာ ရည်မှန်းချက်ကို ဦးတည် တိုက်ခိုက်ခြင်းမရှိ ခွဲခြားခြင်းမရှိဘဲ သိမ်းကျုံးတိုက်ခိုက်ခြင်း (Indiscriminate attacks)အား တားမြစ်ထားကြောင်း ဖော်ပြပါရှိကြောင်း နစက သတင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published _4 October 2022
ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် မီးသွေးဘုတ်ကျေးရွာရှိ မြန်မာ-မန္တလေး ဖူရှင်းသံမဏိစက်ရုံမှ ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်းများကို စက်စွမ်းအားပြည့်လည်ပတ်ပါက တစ်ရက်လျှင် တန်တစ်ထောင်ထိ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က သိရသည်။
အဆိုပါ စက်ရုံမှ သံချောင်းအမျိုးအစားခြောက်မျိုး ထုတ်လုပ်လျက်ရှိပြီး လက်ရှိစမ်းသပ်ကာလအတွင်း တစ်ရက်လျှင် တန်ချိန် ၃၀၀ ထုတ်လုပ်ပေးနေခြင်း ဖြစ်သည်။
ဖူရှင်းသံမဏိစက်ရုံကို ၂၀၁၉ ခုနှစ် ဇွန်လ ၃၀ ရက်တွင် စတင်ခဲ့ပြီး စက်ရုံအကျယ်အဝန်း ၅၂ ဒသမ ၈၆ ဧက၊ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၄၀၈ သန်းရှိကြောင်း သိရသည်။
အောက်တိုဘာလ ၃ ရက်တွင် အဆိုပါ စက်ရုံသို့သွားရောက်ကြည့်ရှုခဲ့သည့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်က ပြည်ပမှ မှာယူတင်သွင်းသည့် သံအမျိုးအစား လျှော့ချနိုင်ရေး ပြည်တွင်း၌ သံမဏိ ထုတ်လုပ်ရန်စက်ရုံလုပ်ငန်းရှင်များအား တိုက်တွန်းခဲ့သေးသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းတွင် သံမဏိစက်ရုံနှင့် သက်ဆိုင်သည့် သင်တန်းများအပါအဝင် အခြားအသက်မွေးဝမ်းကျောင်း သင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 3 October 2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်၌ ပြည်နှင်ဆောင်ရွက်မည့် တရုတ်နိုင်ငံသား ၇ ဦးအား လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့(စိစစ်ဆဲ) က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားပါတယ်။
အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၄ နာရီခွဲအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်မှ လူဝင်မှုကြီးကြပ်ရေးဦးစီးမှူး ဦးထွန်းအောင်လှိုင်၊ လက်ထောက် လူဝင်မှုကြီးကြပ်ရေးမှူး ဦးနိုင်မိုးဇော်၊ စဉ့်ကူးမြို့နယ်မှ ဒုတိယလူဝင်မှုကြီးကြပ်ရေးမှူးများဖြစ်သည့် ဦးကျော်စိုးခိုင်နှင့် ဦးခိုင်ဇော်မျိုးတို့သည် တရုတ်နိုင်ငံသို့ ပြည်နှင်ဆောင်ရွက်မည့် တရုတ်နိုင်ငံသားများဖြစ်ကြသည့် Pan Han Bing (၂၅) နှစ် (ဘ) Pan Jin Lang ၊ Lin Zhen Fen (၂၅) နှစ် (ဘ)Lin Jin Wen ၊ Yang Jun Feng (၃၂)နှစ် (ဘ) Yang Gao Jun ၊ Liu Fei Feng (၂၅) နှစ် (ဘ) Liu Jin Xlang ၊ Sheng Bao (၂၄) နှစ် (ဘ) Chen Sul Chen ၊ Yan Bin (၂၂) နှစ် (ဘ) Yan Yuan Fheng ၊ Zhouli (၂၃)နှစ် (ဘ) Zho Welving တို့ ၇ ဦးအား မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးဦးစီးရုံးမှ လားရှိုးမြို့ရှိ ဒုတိယ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးရုံးသို့ ပို့ဆောင်ရန် ယာဉ်မောင်း ဦးဝင်းရွှေ မောင်းနှင်သည့် “ချမ်းသာအောင်” ခရီးသည်တင်ယာဉ်လိုင်းမှ 6K/2052 SUPER CUSTOM ယာဉ်ဖြင့် ထွက်ခွာလာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထိုသို့ထွက်ခွာလာစဉ် နံနက် ၁၀ နာရီခန့်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ လွယ်ခေါ်ကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် ၁၁၄ မိုင် ၆ ဖာလုံအရောက်၌ လက်ပစ်ဗုံးကိုင်ဆောင်ထားသည့် လက်နက်ကိုင်သောင်းကျန်းသူ ၂ ဦး(စိစစ်ဆဲ)က လားရာတူ နောက်မှ ဆိုင်ကယ်တစ်စီးဖြင့် မောင်းနှင်ရောက်ရှိလာပြီး ၎င်းတို့စီးနင်းလာသည့် မော်တော်ယာဉ်အား ရပ်တန့်ခိုင်းခဲ့ကြောင်း၊ ထပ်မံ၍ လက်နက်ကိုင်သောင်းကျန်းသူ ၁ ဦး (စိစစ်ဆဲ) က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာကာ ၎င်းတို့အား မော်တော်ယာဉ်နှင့်အတူ တောအတွင်းသို့ မောင်းနှင်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး တောလမ်းတစ်နေရာအရောက်တွင် ဦးထွန်းအောင်လှိုင်၊ ဦးနိုင်မိုးဇော်၊ ဦးကျော်စိုးခိုင်နှင့် ဦးခိုင်ဇော်မျိုးတို့ ၄ ဦးအား ပြန်လည်စေလွှတ်ပေးခဲ့သဖြင့် ဦးခိုင်ဇော်မျိုးနှင့် ဦးနိုင်မိုးဇော်တို့ ၂ ဦးမှာ နောင်ချိုမြို့နယ် လူဝင်မှု ကြီးကြပ်ရေးရုံးသို့လည်းကောင်း၊ ဦးထွန်းအောင်လှိုင်နှင့် ဦးကျော်စိုးခိုင်တို့ ၂ ဦး မှာ ကျောက်မဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးသို့လည်းကောင်း ကားကြုံဖြင့် အသီးသီးပြန်လည်ရောက်ရှိခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ ဖြစ်စဉ်တွင် ပြည်နှင်ဆောင်ရွက်မည့် တရုတ်နိုင်ငံသားများအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် လက်နက်ကိုင်သောင်းကျန်းသူများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် ဖမ်းဆီးခေါ်ဆောင်ခံရသူ တရုတ်နိုင်ငံသားများအား ရှာဖွေကယ်ဆယ်နိုင်ရေး နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့ နစကရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ygm_mnn
#Yangon_Media_Group
Published 3 Oct 2022
နိုင်ငံတော်မှာ ပြည်တွင်းလည်ပတ်သုံးစွဲငွေများ ရှိပြီးဖြစ်တဲ့အတွက် စီးပွားရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့ ချေးငွေတွေကို အတတ်နိုင်ဆုံးထုတ်ပေးသွားမယ်လို့ နစက ဥက္ကဋ္ဌက လုပ်ငန်းရှင်တွေကို ပြောကြားလိုက်ပါတယ်။
အောက်တိုဘာ ၃ရက်မနက်က နစက ဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)နှင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ အသေး စား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင် များအား ရန်ကုန်မြို့ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ တွေ့ဆုံ ၍ စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်း ရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်း ရှင်များအသင်း ဥက္ကဋ္ဌ ဦးရဲမင်းအောင်၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များအသင်း ဥက္ကဋ္ဌ ဦးဆန်းလင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များကိုယ်စား ဒေါ်သီသီဝင်း၊ ဦးဝင်းမြင့်အောင်၊ ဒေါ်ယဉ်ယဉ်မိုး နှင့် တက်ရောက်လာကြသူတွေက
လုပ်ငန်းရှင်တွေရဲ့တင်ပြချက်တွေအပေါ် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဒေါက်တာ ကံဇော်၊ ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဒေါက်တာ ချာလီသန်း နှင့် ဦးအောင်နိုင်ဦး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က သက်ဆိုင်ရာ ကဏ္ဍများအလိုက်အသီးသီး ပြန်လည် ဆွေးနွေးပြောကြားခဲ့ကြပါတယ်။
ဗိုလ်ချူပ်မှူးကြီးက လုပ်ငန်းရှင်များ၏ တင်ပြချက်များနှင့် ပတ်သက်၍ ဖြည့်စွက်ပြောကြားရာတွင်.
တွေ့ဆုံပွဲအပြီးမှာ နစက ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တွေဟာ တက်ရောက်လာခဲ့တဲ့ လုပ်ငန်းရှင်တွေနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး ခင်းကျင်းပြသထားတဲ့ MSME တွေရဲ့လုပ်ငန်းနှင့်ထုတ်ကုန်ပြခန်းတွေကို ကြည့်ရှုခဲ့ကြတယ်လို့ နစကရဲ့ သတင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
Source SAC’s Info
#SG_Min_Aung_Hlaing
#Yangon_region_MSME
#Myanmar_Economy
#Local_News
Published_ 3 October 2022
ဝါလကင်းလွတ်သီတင်းကျွတ်ချိန်နီးပြီဖြစ်တဲ့အတွက် မင်္ဂလာမောင်နှံတွေအနေနဲ့ မင်္ဂလာဆောင်ဝတ်စုံတွေ ချုပ်လုပ်တာ၊ ငှားရမ်းတာတွေဆောင်ရွက်နေကြတယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
Page 1377 of 1883