#Local_News
Published_ 18 February 2023
ရုရှားအစိုးရနှင့် ပိုမိုနီးကပ်စွာလက်တွဲလုပ်ဆောင်သွားမည်ဟုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကတိကဝတ်ပြုလိုက်သည်။
ဖေဖော်ဝါရီလ ၁၈ ရက်တွင် ကျရောက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား နှစ်နိုင်ငံသံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်အဖြစ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သမ္မတ မစ္စတာဗလာဒီမာပူတင် ထံ ပေးပို့သည့်သဝဏ်လွှာတွင် ယင်းကအထက်ပါအတိုင်း ကတိကဝတ်ပြုလိုက်ခြင်းလည်း ဖြစ်သည်။
ယင်းသဝဏ်လွှာတွင်၂၀၂၃ ခုနှစ်သည် နှစ်နိုင်ငံဆက်ဆံရေးသမိုင်းမှတ်တိုင်တစ်ရပ်ကို အမှတ်ရဖော်ကျူးရန် အခါသမယတစ်ခုအဖြစ်သာမက နှစ်နိုင်ငံဆက်ဆံရေးနှင့် နှစ်ဖက်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်၍ အားသစ်လောင်းနိုင်မည့် အချိန်အခါတစ်ခုလည်း ဖြစ်ကြောင်း၊ ယခုတစ်နှစ်ပတ်လုံး နှစ်နိုင်ငံတွင် ကျင်းပရန်လျာထားသည့် အထိမ်းအမှတ်အခမ်းအနားများနှင့် လှုပ်ရှားမှုများက နိုင်ငံဆက်ဆံရေးကို ပိုမိုခိုင်မာစေရန် လမ်းခင်းပေးမည်ဖြစ်၍နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာစေရန်နှင့် အာရှပစိဖိတ်ဒေသနှင့် ယင်းဒေသအပြင်ဘက် တည်ငြိမ်သာယာဝပြောရေးအတွက် အထောက်အကူဖြစ်စေမည့် ဘုံအကျိုးစီးပွားဖြစ်ထွန်းစေသည့် ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်မှုချဲ့ထွင်သွားရေးအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံအစိုးရနှင့် ပိုမိုနီးကပ်စွာလက်တွဲလုပ်ဆောင်သွားမည့် ကတိကဝတ်ကိုလည်း ထပ်လောင်းအတည်ပြုခြင်းဖြစ်ကြောင်း ထည့်သွင်းရေးသားထားသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်းက ရုရှားနိုင်ငံသို့သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေးနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုကို နှစ်နိုင်ငံပြည်သူများ၏ ဘုံအကျိုးစီးပွားအတွက် ပိုမိုမြှင့်တင်သွားရန် သဘောတူခဲ့ကြပြီး များမကြာမီကာလအတွင်း စိန့်ပီတာစဘတ်မြို့နှင့် နိုဗိုစီဗစ်မြို့၌ မြန်မာကောင်စစ်ဝန်ချုပ်ရုံးများ ဖွင့်လှစ်ခြင်းဖြင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်းနှင့်ယဉ်ကျေးမှုကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြင့်မားသည့် အဆင့်တစ်ခုသို့ မြှင့်တင်ဆောင်ရွက်နိုင်မည်ဟု အခိုင်အမာယုံကြည်ကြောင်းလည်း သဝဏ်လွှာတွင် ဖော်ပြထားသည်။
ယင်းအပြင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သမ္မတ မစ္စတာဗလာဒီမာပူတင်ထံ ၏ နစက ဥက္ကဌထံ ပေးပို့သည့် သဝဏ်လွှာတွင် ရုရှား-မြန်မာ ဆက်ဆံရေးသည် အမြင့်သို့တက်လှမ်းလျက်ရှိနေပြီး နိုင်ငံရေးအရ ထိတွေ့ဆက်ဆံမှုများနှင့် ကုန်သွယ်ရေး၊ စီးပွားရေး၊ တပ်မတော်ပိုင်း၊ နည်းပညာ၊ လူသားချင်းစာနာထောက်ထားမှုနှင့်အခြားနယ်ပယ်များတွင် အပြန်အလှန်အကျိုးဖြစ်ထွန်းစေသည့် ပူးပေါင်းဆောင်ရွက်မှုများတွင် သိသာထင်ရှားစွာ တိုးတက်အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ပါဝင်သည်။
စစ်မှန်သော သာတူညီမျှမှုနှင့် အပြည်ပြည်ဆိုင်ရာဥပဒေများကို အခြေခံသည့် တရားမျှတသော ဗဟုဝင်ရိုးကမ္ဘာ့အခင်းအကျင်းတစ်ရပ် တည်ဆောက်ရေးအတွက် ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် အတူတကွရပ်တည်လျက်ရှိကြောင်းနှင့်ပူးပေါင်းအားထုတ်မှုများဖြင့် နယ်ပယ်စုံတွင် အပြုသဘောဆောင်သော နှစ်နိုင်ငံထိတွေ့ဆက်ဆံမှုများကို ဆက်လက်တည်ဆောက်နိုင်မည်ဟုလည်းကောင်း၊ နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားကိုဖော်ဆောင်နိုင်ပြီး အာရှ-ပစိဖိတ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်ရေးတို့အတွက် အထောက်အကူဖြစ်စေမည်ဟုလည်းကောင်း ယုံကြည်ကြောင်းလည်း သမ္မတ မစ္စတာဗလာဒီမာပူတင်ထံမှ ပေးပို့သည့် သဝဏ်လွှာတွင် ရေးသားထားသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 18 February 2023
ကိုဗစ်ကြောင့် ယာယီပိတ်ထားခဲ့ရသည့် ယူနန်ပြည်နယ်၊ ရွှေလီမြို့၊ကျယ်ဂေါင်နန်းတော်ဂိတ် မူလတန်းကျောင်းကို ဖေဖော်ဝါရီလ (၁၅)ရက်က ပြန်ဖွင့်လိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သိရသည်၊၊
အဆိုပါကျောင်းတွင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံမှ ကျောင်းသားကျောင်းသူ (၃၄၅)ဦး ကျောင်းပြန်တက်နေသည်ဟုဆိုသည်၊၊
၂၀၂၁ ခုနှစ်တွင် ကပ်ရောဂါကြောင့် ကျယ်ဂေါင်နန်းတော်ဂိတ် မူလတန်းကျောင်းမှ ကျောင်းသားကျောင်းသူ ၁၀၀၀ ကျော်ကို ကျယ်ဂေါင်မှ ရွှေလီမြို့တွင်းရှိ မူလတန်းကျောင်းသို့ ပြောင်းရွှေ့၍ ခေတ္တပညာသင်ခဲ့ရခြင်းဖြစ်သည်၊၊
ဖေဖော်ဝါရီလ ၁၅ ရက်တွင် အဆိုပါကျောင်းသည် ၂၀၂၃ ခုနှစ် နွေဦးရာသီ ကျောင်းပြန်ဖွင့်ခဲ့ပြီး တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံမှ ကျောင်းသားကျောင်းသူ ၃၄၅ ဦး အဆင်ပြေချောမွေ့စွာ ကျောင်းပြန်တက်ကြကာ အချို့သော ကျောင်းသားကျောင်းသူများသည် ကျောင်းပြောင်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ ဆောင်ရွက်ကြသည်ဟုဖော်ပြထားသည်၊၊
တရုတ်-မြန်မာချစ်ကြည်ရေးအဖြစ် တရုတ်-မြန်မာနယ်စပ်တွင် တည်ရှိသော ယူနန်ပြည်နယ် တယ်ဟုန်ပြည်နယ်ခွဲ ရွှေလီမြို့ ကျယ်ဂေါင်နန်းတော်ဂိတ် မူလတန်းကျောင်းတွင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံမှ ကျောင်းသားကျောင်းသူများကို တပြိုင်နက်တည်း ပညာသင်ကြားပေးလျက်ရှိကြောင်းသိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_ 18 February 2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ပါဆတ်ရပ်ကွက်၊ လွန်းကျိုင်းရပ်ရှိ အမှတ်(၃/၁၂၂) နှင့် (၃/၁၂၃)နေအိမ် ၂ လုံးကို သတင်းအရရှာဖွေရာ နေအိမ်ခြံဝင်းအတွင်း စိုင်းရွက်အား ဒေသကာလတန်ဖိုး ငွေကျပ် ၁၅ ဒသမ ၉၂ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၅၈၀ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၇ ဒသမ ၄ သန်း၊ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၄ တန်နှင့် ဆက်စပ်ပစ္စည်းများကို မော်တော်ယာဉ် ၄ စီးနှင့်အတူ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဗဟိုက ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက် ညနေ ၄ နာရီအချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က အထက်ပါအတိုင်း ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုအခါ ၎င်းအားဥပဒေအရ အရေးယူထားရှိပြီး မူးယစ်ဆေးဝါးထုတ်လုပ်သယ်ဆောင် ရောင်းဝယ်သူများပိုင်ဆိုင်သည့် ငွေကြေးအကျိုးအမြတ်များနှင့် ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးနှင့် ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းမြန်မာနိုင်ငံ မူးယစ်ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 18 February 2023
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့နယ်၊ ပင်လုံ-လဲချားသွားကားလမ်း၊ ပင်လုံကျေးရွာအနီးတွင် ဖေဖော်ဝါရီလ ၁၇ ရက်က မော်တော်ယာဉ်များကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးရှာဖွေစဉ် ငွေကျပ်သိန်း ၁၂၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဗဟိုက သိရသည်။
ယင်းသို့ စစ်ဆေးခဲ့ရာတွင် ကြည်စိုး မောင်းနှင်လာသည့် CROWN အမျိုးအစား မော်တော်ယာဉ် ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁၂၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကွင်းဆက်ဖော်ထုတ်ချက်အရခွန်စောနိုင်(ခ)ခွန်ပန်းလှိုင်၊ ခွန်ဝမ်းတူး နှင့် ခွန်အောင်ကျော်ဇေယျ(ခ) ကိုတလိုင်း တို့အား ပင်လုံမြို့၊ မင်္ဂလာရေကန်အနီးတွင် CROWN အမျိုးအစား မော်တော်ယာဉ်တစ်စီး၊ လက်ကိုင်ဖုန်း ၃ လုံးတို့နှင့် လည်းကောင်း၊ ဝင်းမြင့်အား ၎င်းနေထိုင်သည့် တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်ရှိ နေအိမ်တွင် လက်ကိုင်ဖုန်း ၁ လုံးနှင့်လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ကြည်စိုး(၃၀)နှစ်၊ ခွန်စောနိုင်(ခ) ခွန်ပန်းလှိုင်(၄၉)နှစ်၊ ခွန်ဝမ်းတူး(၂၆)နှစ်၊ ခွန်အောင်ကျော်ဇေယျ(ခ)ကိုတလိုင်း(၄၃)နှစ် နှင့် ဝင်းမြင့်(၄၁)နှစ်တို့အား ပင်လုံနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူ ထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 18 February 2023
ရန်ကုန် ဒလ တံတားတည်ဆောက်မှု အခြေအနေဟာ ၅၃ ရာခိုင်နှုန်းခန့်ပြီးနေပြီဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနကသိရသည်။
အဆိုပါတံတားတည်ဆောက်ခြင်းကြောင့် မြန်မာအင်ဂျင်နီယာများအနေဖြင့် သံမဏိကြိုးဆိုင်းတံတားတည်ဆောက်ခြင်းဆိုင်ရာ နည်းလမ်းများနှင့် ခေတ်မီနည်းပညာများနည်းစနစ်များနှင့် အတွေ့အကြုံများရရှိနိုင်မှာဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ပြောသည်။
မြန်မာကိုရီးယားချစ်ကြည်ရေး(ဒလ)မြစ်ကူးတံတားသည် သံမဏိကြိုးဆိုင်းတံတားများအနက် အရှည်ဆုံးနဲ့အကြီးဆုံးဖြစ်ပြီး တံတားအောက်ဘက်ကနေ ပင်လယ်ကူးကုန်တင်သင်္ဘောများ ဖြတ်သန်းသွားလာနိုင်ရန် ဒီဇိုင်းသတ်မှတ်တည်ဆောက်ထားတာဖြစ်သည်။ ဒလမြစ်ကူးတံတား၏ ပင်မအရှည်ဟာ ၂၂၆၄၀ ပေ ရှိသည်။ အဆိုပါတံတား၏ ခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန် ဖြစ်သည်။
ရန်ကုန်မြစ်အတွင်းရှိပင်လယ်ကူးသင်္ဘောကြီးဖြတ်သန်း သွားလာနိုင်ရန်အမြင့် ပေ ၁၆၀ နှင့် ရေလမ်းကင်းလွတ်အကျယ် ၉၉၈ ပေ ရှိသည်။
ရန်ကုန်ဒလ မြစ်ကူးတံတားစီမံကိန်းကိုပြီးခဲ့သည့် ၂၀၁၉ ခုနှစ် မေလ အတွင်းစတင်ခဲ့တာ ဖြစ်သည်။
#ymg/ynzw
#Yangon_Media_Group
#Local_News
Published _18 February 2023
တနင်္သာရီတိုင်း ဒေသကြီး၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာအတွင်းရှိ နေအိမ်တစ်လုံး အတွင်း၌ ဖမ်းဆီးချုပ်နှောင်ခံထားရသည့် အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၂ ဦးတို့အား ပြန်လည်တွေ့ရှိ ကယ်ဆယ်နိုင်ခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
ဖေဖော်ဝါရီလ ၁၆ ရက် နေ့လယ်ပိုင်းက ပြန်လည် ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်ပြီး လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ဖမ်းဆီးခံထားရသူများမှာ ဒေသခံများဖြစ်ပြီး ထားဝယ်-မြိတ် ကားလမ်းတစ်လျှောက် ပုံမှန်သွားလာနေစဉ် နှင့် တောင်ယာလုပ်ငန်းများ လုပ်ကိုင်လျက်ရှိစဉ် ဖမ်းဆီးခံခဲ့ရကာရိုက်နှက်ခံခဲ့ရသေးကြောင်း၊ ယင်းအပြင် ၎င်းတို့ပိုင်ဆိုင်သည့် လက်ကိုင်ဖုန်း၊ ငွေနှင့် ပစ္စည်းများကို သိမ်းဆည်းခံခဲ့ရကာ ကဒဲကျေးရွာရှိ နေအိမ်အတွင်း၌ ဖမ်းဆီး ချုပ်နှောင်ခြင်း ခံခဲ့ရကာ နစက ဆန့်ကျင်သူ ၁၀ ဦးခန့်က နေအိမ်အပြင်မှ သော့ခတ်၍ စောင့်ကြည့်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ရှေ့တွင် ယခင် ဖမ်းဆီးခံရသူ ၃ ဦးခန့်အား လက်ပြန်ကြိုးတုတ်၍ ခေါ်ဆောင်သွားသည်ကိုတွေ့ရှိရပြီး ပြန်လည်ရောက်ရှိလာခြင်းမရှိကြောင်း အဖမ်းခံထားခဲ့ရသူများက ထွက်ဆိုချက်ကို နစက သတင်းပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ယင်းကြောင့် အပြစ်မဲ့အမျိုးသမီးများနှင့် နိုင်ငံ့ဝန်ထမ်းများကို ဖမ်းဆီးချုပ်နှောင်ခြင်း၊ အပြစ်မဲ့ပြည်သူများကို အကြပ်ကိုင်ခြိမ်းခြောက် ချုပ်နှောင်ခြင်းများမှာ ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime) ကျူးလွန်ရာရောက်ပြီး အဆိုပါ စစ်ရာဇဝတ်မှုများအတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးနှင့် သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် ၎င်းတို့အပေါ် ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေး ဆောင်ရွက်မှု (Counterterrorism Action)ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published _18 February 2023
နွေရာသီ လူငယ်ဘောလုံးသင်တန်း အမှတ်စဉ် (၁)နှင့် (၂)ကို ရန်ကုန်နှင့် မန္တလေးရှိ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF ) ဘောလုံးအကယ်ဒမီများနှင့် ဗဟန်းကွင်းတွင် ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းမှာ နိုင်ငံတဝန်းရှိ ကျောင်းသားလူငယ်များအတွက် အခြေခံဘော လုံးပညာများကို သင်ကြားပေးလိုသော ရည်ရွယ်ချက်ဖြစ်ကြောင်း သိရသည်။
သင်တန်း အမှတ်စဉ် (၁)ကို မတ်လ (၁) ရက်မှ ဧပြီလ (၁၀)ရက် အထိလည်းကောင်း၊ အမှတ်စဉ် (၂)ကို ဧပြီလ (၁၉)ရက် မှ မေလ (၂၉) ရက်အထိလည်းကောင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းများကို မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ရှိ အာရှဘောလုံးအဖွဲ့ချုပ် နည်းပြလိုင်စင်ရ သင်တန်းဆရာများက ကြီးကြပ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ အသက် ၉ နှစ်မှ ၁၅နှစ် အတွင်း (ကျား၊မ) မည်သူမဆို တက်ရောက်သင်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
အမှတ်စဉ် (၁) သင်တန်း အတွက် အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်)နှင့် မြန်မာ့ဘောလုံးအကယ်ဒမီ (မန္တလေး)သို့ ဖေဖော်ဝါရီ လ ၂၈ ရက် နောက်ဆုံးထား၍ ရုံးချိန်အတွင်း လူကိုယ်တိုင် လာရောက်ဆက်သွယ် လျှောက်ထားနိုင်ကြောင်း၊ သင်တန်းသား တစ်ဦးလျှင် သင်တန်းကြေး ၅၀၀၀၀ ကျပ် သတ်မှတ်ထားပြီး ဝတ်စုံတစ်စုံစီနှင့် MFF အသိအမှတ်ပြု သင်တန်းဆင်း လက်မှတ်များပေးအပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က သိရသည်။
#ymg/mt
#Yangon_Media_Group
Page 1288 of 2073