#DailyNews
Published_ 20 February 2023
၁။ စားအုန်းဆီ အခြေခံလက္ကားရည်ညွှန်းဈေး ၄၄၇၀ကျပ် သတ်မှတ်ထားဟုဆို
၂။ ရခိုင်ရှေးဟောင်းဒင်္ဂါးများနှင့် အမွေအနှစ်ပုံများကို ရန်ကုန်၌ ဆက်လက်ပြသရန်ရှိ
၃။ ရန်ကုန်ရွှေဈေး အကျဘက်ရှိနေပေမယ့် အရောင်းအဝယ်အေးနေဆဲ
၄။ ဆောင်းတွင်းမိုးကြီးခြင်းကြောင့် ဆော်ဒီအာရေဗျကန္တာရတွင် ခရမ်းရောင်ပန်းခင်းကြီးရှင်သန်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 20 February 2023
ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့(WIPO)က ချီးမြှင့်မယ့်ဆု မြန်မာနိုင်ငံသား SME လုပ်ငန်းရှင်တွေ၊ တီထွင်ဖန်တီးသူတွေရရှိနိုင်ဖို့ ကူညီဆောင်ရွက်ပေးသွားဖို့ရှိတယ်လို့ ဥပဒေပညာရှင်၊ ဒါရိုက်တာအောင်စိုးဦးက ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 20 February 2023
ထိုင်းနိုင်ငံမှ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ဝင်များ
ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ခဲ့ကြောင်း ဂေါပကအဖွဲ့၏ထုတ်ပြန်ချက်အရသိရသည်၊၊
ဖေဖော်ဝါရီလ(၂၀)ရက်နေ့လယ်ပိုင်းကထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ ONCB မှ အတွင်း ရေးမှူးချုပ် Mr.Wichai Chaimongkom ဦးဆောင်သော ကိုယ်စားလှယ် ( ၁၇) ဦးတို့လာရောက်ဖူးမြော်ခဲ့ခြင်းဖြစ်သည်၊၊
အဆိုပါအဖွဲ့သည် ဗိုလ်တထောင်စေတီတော်ကြီးရှိဗုဒ္ဓဆံတော်မြတ် ၊ နန်းဦးဘုရားကြီး၊ ရောဟဏီဘိုးဘိုးကြီး နှင့် အစ်မတော်မြနန်းနွယ် တို့အား ပန်း၊ရေချမ်း၊ဆီမီး နှင့် အလှူတော် ငွေများ ဆက်ကပ်လှူဒါန်းပြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များမှ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆံတော်ပုံများ ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_ 20 February 2023
ညောင်ဦးမြို့နယ်၊ ကန်နီပေါက်ကျေးရွာအုပ်စု၊ ဂျိုးကန်ကျေးရွာတွင်လူနေအိမ်(၁၆)လုံးမီးလောင်ကျွမ်းခဲ့ပြီး မီးဘေးသင့်ပြည်သူ(၆၃)ဦးရှိကြောင်း ညောင်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့မှ သိရသည်၊၊
ဖေဖော်ဝါရီ(၁၉)ရက်က လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးဘေးဒုက္ခသည်များအနေဖြင့် ကျားကြီး (၁၇) ဦး၊ ကျားလေး (၅)ဦး၊ မကြီး (၃၁) ဦး၊ မငယ် (၁၀) ဦး ၊ စုစုပေါင်း (၆၃) ဦးဘေးဒုက္ခသင့်ခဲ့ပြီး အဆိုပါ မီးဘေးဒုက္ခသည်များအား ကျေးရွာအတွင်းရှိ သီရိမင်္ဂလာဘုန်းတော်ကြီးကျောင်းဝန်းအတွင်း ယာယီရွှေ့ပြောင်းထားရှိပြီးဖြစ်ကြောင်း သိရသည်၊၊
ဖြစ်စဥ်မှာ (၁၆)ပေပတ်လည်ထန်းရွက်မိုး၊ ထရံကာ၊ မြေစိုက်လူနေအိမ်တွင် လူစောင့်မရှိပဲ ထမင်းအိုးတည်ထားခဲ့ရာမှ အနီးရှိ မီးဖိုထန်းလက်အကာသို့ စတင်ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ၎င်းမှတစ်ဆင့် ပတ်ဝန်းကျင်ရှိ (၁၆)ပေပတ်လည် ထန်းရွက်မိုး၊ ဝါးထရံကာ မြေစိုက်လူနေအိမ်( ၂) လုံး၊ (၁၆)ပေပတ်လည် သွပ်မိုး၊ ဝါးထံကာ၊ မြေစိုက် လူနေအိမ် ၁ လုံး၊ (၂၄)ပေပတ်လည် သွပ်မိုး၊ ဝါးထရံကာ၊ (၂ )ထပ်လူနေအိမ် (၁၁)လုံး၊ (၁၆) ပေပတ်လည်၊ သွပ်မိုး၊ ဝါးထရံကာ၊ (၂)ထပ်လူနေအိမ် (၁ )လုံး၊ စုစုပေါင်းလူနေအိမ် (၁၆)လုံးမီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်၊၊
မီးလောင်ကျွမ်းမှုအား မီးသတ်တပ်ဖွဲ့များမှ ရေဂါလံ ၂၈၈၀၀ခန့်အသုံးပြု၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်း သိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_ 20 February 2023
ကိုဗစ်ကြောင့် ပိတ်ထားခဲ့ရသည့် ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ရှိ ထိုင်း - မြန်မာ ချစ်ကြည်ရေး တာချီလိတ်-မယ်ဆိုင် အမှတ်(၁) တံတားကို ယနေ့ ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် မတ်လ ၂၂ ရက်ကပင် ပိတ်ထားခဲ့သော အဆိုပါ တံတားကို ပြန်လည် ဖွင့်လှစ်နိုင်ရန် ဇန်နဝါရီလ ၁၆ ရက်ကတာချီလိတ် ခရိုင်၊မြို့နယ်အတွင်း ဌာနဆိုင်ရာတာဝန်ရှိသူများတွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက်နှစ်နိုင်ငံဘက်ဖြမ်းများတွင် သန့်ရှင်းရေးလုပ်ငန်းများကို လုပ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ တံတားအသုံးပြု ဖြတ်သန်းမည့် သူများအနေဖြင့် ကိုဗစ်(၁၉) ရောဂါကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးကြောင်း လက်မှတ်မိတ္တူ၊ နယ်စပ်ဖြတ်ကျော် ယာယီနိုင်ငံကူး စာရွက်စာတမ်းကတ်တို့ဖြင့် အသုံးပြု ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 20 February 2023
အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးရန်ပုံငွေမှ ငွေကျပ် ဘီလီယံ ၄၀၀ ကို နိုင်ငံ့စီးပွားရေးမြှင့်တင်ဖို့ဆောင်ရွက်ပေးခဲ့ရာ ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့ ငွေကျပ် ၁၀ ဘီလီယံသတ်မှတ်ထားတာဖြစ်တယ်လို့ နစက ဥက္ကက၇၅နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့သို့ ပေးပို့သည့်သ၀န်လွှာမှာဖော်ပြထားသည်။ ထို့အပြင်ဒေသဖွံ့ဖြိုးရေးနှင့်အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများ ပိုမိုလွယ်ကူစေရန်အတွက် တီးတိန်ခရိုင်နှင့်ပလက်၀ခရိုင်တို့ကိုလည်း တိုးချဲ့ဖွဲ့ပေးထားသည်။
အစိုးရအနေနှင့် ချင်းပြည်နယ်အနှံ့ လျှပ်စစ်မီးရရှိစေဖို့အတွက် မဟာဓာတ်အားလိုင်းတည်ဆောင်ခြင်းလုပ်ငန်းတွေကို လုပ်ဆောင်နေပြီးလမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး ပြည်မနှင့်အလွယ်တကူသွားလာနိုင်ဖို့ပြည်နယ်တွင်း လမ်းတွေနှင့် အဝေးပြေးလမ်းတွေကိုလည်းတိုးချဲ့တည်ဆောက်ပေးနေတယ်လို့ ဖော်ပြထားသည်။
ချင်းပြည်နယ်မှရေကြောင်းခရီးဖြင့် နိုင်ငံရပ်ခြားသွားလာရေးအတွက် ကုလားတန်မြစ်၀မ်းဖွံ့ဖြိုးရေးနှင့် ပလက်ဝဆိပ်ကမ်းတည်ဆောက်ခြင်းစီမံကိန်းများကို လုပ်ဆောင်ပေးထားသည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးကို ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပြီး မိမိတို့လိုလားသည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးပေါ်ပေါက်လာဖို့ နိုင်ငံတော်အစိုးရနှင့်အတူပူးပေါင်းပါ၀င်ဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါသည်။
#ymg/ynzw
#Yangon_Media_Group
#Local_News
Published_ 20 February 2023
ထိုင်းငါးဖမ်းသင်္ဘောပေါ်တွင် ညင်းပမ်းနှိပ်စက်ခံရသော မြန်မာလုပ်သားအား ထိုင်းရဲမှူးချုပ်က ဖေဖော်ဝါရီလ ၁၈ ရက်တွင် သွားရောက်ကြည့်ရှုခဲ့ကြောင်း ထိုင်းနိုင်ငံဒေသတွင်း သတင်းများအရ သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက် ည ပိုင်းတွင် ပတ်နမ်းဆွမ်ဖွမ်ရဲစခန်းထံ PIPO စင်တာအဖွဲ့၏ တိုင်ကြားချက်အရ အထက်ပါအတိုင်း သွားရောက် ကြည့်ရှုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
M ဆိုခဝါစဏာဝီ - 9 အမည်ရှိ ပင်လယ်ငါးဖမ်းသင်္ဘောပေါ်တွင် လုပ်နေကြသော မြန်မာအလုပ်သမားပေါင်း ၇ ဦး ထဲမှ အောင်ဝင်းနိုင် ဆိုသူက အလုပ်ဆက်လုပ်လိုစိတ်မရှိသည့် ကိစ္စနှင့်ပတ်သက်၍ အောင်ဝင်းနိုင်အား လှေသင်္ဘောပိုင်ရှင်နှင့် ကပ္ပတိန်တို့က ညင်းပမ်းနှိပ်စက်ခဲ့ကာ လှေဆိပ်ကမ်းတွင် ပစ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် ဒဏ်ရာပြင်းထန်ခဲ့ကာ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း၊ ထိုင်းရဲမှူးချုပ်ကိုင်တိုင်အပါအဝင် ဆွမ်ဖွမ်အလုပ်သမားရုံး နှင့် NGOs အဖွဲ့စည်းများ ဆေးရုံသို့ လာရောက်ကြည့်ရှု၍ အားပေးစကား ပြောကြကြောင်းနှင့် အမှုကို ဆက်လက်စုံစမ်းကာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
၎င်း လှေသင်္ဘောပေါ်တွင် ကျန်ရှိနေသော မြန်မာနိုင်ငံသား ၆ ဦးမှာလည်း လူကုန်ကူးခံရမှုနှင့် ညှင်းပမ်းနှိပ်စက်ခံရမှု မရှိသော်လည်း လုပ်အားခပေးဆောင်မှု နည်းစနစ်မှန်ကန်မှု မရှိကြောင်း စုံစမ်းစစ်ဆေးတွေ့ရှိထားရကြောင်းလည်း ထိုင်းဒေသတွင်း သတင်းများတွင် ဖော်ပြထားသည်။
#ymg/mt
#Yangon_Media_Group
Page 1284 of 2073