#Local_News
ဖနွမ်းပင်၊ စက်တင်ဘာ ၁၁
■ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်(State Visit)အဖြစ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ရှိ လွတ်လပ်ရေးကျောက်တိုင်သို့ရောက်ရှိကာ လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့သည်။
■ အဆိုပါ လွတ်လပ်ရေးကျောက်တိုင်သည် ဖနွမ်းပင်မြို့လယ်တွင် တည်ရှိပြီး ကမ္ဘောဒီးယားနိုင်ငံ လွတ်လပ်ရေးရရှိခဲ့ခြင်းကို ဂုဏ်ပြုသောအားဖြင့် ၁၉၅၈ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၁၉၆၂ ခုနှစ်၌ ဖွင့်လှစ်ခဲ့သည့် အထင်ကရနေရာတစ်ခုဖြစ်ပါသည်။
■ နိုင်ငံ၏လွတ်လပ်ရေးနေ့နှင့် အထိမ်းအမှတ်နေ့ရက်များတွင် ကမ္ဘောဒီးယားနိုင်ငံ့ခေါင်းဆောင်များက ကျောက်တိုင်အတွင်း၌ လွတ်လပ်ရေးမီးရှူးတိုင် ထွန်းညှိလေ့ရှိပါသည်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 11 September 2026
■ ကမ္ဘောဒီးယားနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ်ကိုယ်စား ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့် အထက်လွှတ်တော်ဥက္ကဋ္ဌ ဆမ်ဒက်ဟွန်ဆင်က စက်တင်ဘာ ၁၁ ရက်၊ မွန်းလွဲပိုင်းက ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော်ရှိ ညီညွတ်ရေးနန်းတော်မှာ ဂုဏ်ပြုနေ့လယ်စာစားပွဲနှင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။
■ ဂုဏ်ပြုနေ့လယ်စာ စားပွဲတွင် နိုင်ငံတော်သမ္မတဉီးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့် အထက် လွှတ်တော်ဥက္ကဋ္ဌ ဆမ်ဒက်ဟွန်ဆင်တို့က အမှာစကား ပြောကြားခဲ့ပြီး နှစ်နိုင်ငံခေါင်းဆောင်များသည် တက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုနေ့လယ်စာကို အတူတကွသုံးဆောင်ခဲ့ကြသည်။
■ နိုင်ငံတော်သမ္မတသည် ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ယနေ့ နံနက်ပိုင်းက ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိခဲ့သည်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 11 September 2026
■ ဧရာဝတီအပါအဝင် နိုင်ငံအဝှမ်းရှိ မြစ်ရေများအတက်အကျဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏စက်တင်ဘာလ ဒုတိယ(၁၀)ရက်ပတ်အတွက် မိုးလေ၀သနှင့် ဇလဗေဒခန့်မှန်းချက်နှင့် မြစ်ရေအခြေအနေထုတ်ပြန်ချက်အရသိရသည် ။
■ အဆိုပါ ထုတ်ပြန်ချက်တွင် ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့နှင့် သပိတ်ကျင်းမြို့တို့တွင် ပေဝက်မှ ၁ ပေခွဲခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပြီး မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၂ ပေမှ ၅ ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ကြောင်းဖော်ပြထားသည်။
■ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေး၀မြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ပေဝက်မှ ၂ ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက် လာနိုင်ပြီး မြစ်သာမြစ်ရေသည် ကလေးမြို့တွင် ၄ ပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြို့တွင် ပေဝက်ခန့်၊ ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင် ၂ ပေမှ ၃ ပေခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် ၁ ပေမှ ၂ ပေခွဲခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ၁ ပေခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူမြို့နှင့် ပဲခူးမြို့တို့တွင် ၂ ပေမှ ၃ ပေခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ၁ ပေခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ၅ ပေခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့ နှင့် ပုသိမ်မြို့တို့တွင် ပေဝက်မှ ၁ ပေခွဲခန့်၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် ပေဝက်ခန့်နှင့်ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် ၄ ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 11 September 2026
■ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၏ လုပ်ငန်းလည်ပတ်မှုအခြေအနေများကြောင့် အဆိုပါလေဆိပ်သို့ ဆင်းသက်မည့်နှင့် ထွက်ခွာမည့် နိုင်ငံတကာလေကြောင်းခရီးစဉ်များကို စက်တင်ဘာ ၁၀ ရက်မှစတင်ကာ ယာယီရပ်ဆိုင်းထားကြောင်း Myanmar Airways International (MAI) က အသိပေးထားသည်။
■ အဆိုပါခရီးစဉ်များ ရပ်ဆိုင်းထားသည့်ကာလအတွင်း မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို အသုံးပြုရန် စီစဉ်ထားသည့် MAI နှင့် မင်္ဂလာလေကြောင်းလိုင်းတို့၏ ပြည်တွင်းခရီးစဉ်များကို ပြင်ဦးလွင်မြို့ရှိ အနီးစခန်းလေဆိပ်သို့ ပြောင်းရွှေ့ကာ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
■ ခရီးစဉ်အပြောင်းအလဲကြောင့် ထိခိုက်မှုရှိသည့် ခရီးသည်များအနေဖြင့် ဝယ်ယူထားသည့် လက်မှတ်ခကို အပြည့်အဝ ပြန်လည်ရယူနိုင်မည်ဖြစ်သကဲ့သို့ ထိုင်ခုံနေရာလွတ်ရှိပါက ခရီးစဉ်လမ်းကြောင်းကို အခမဲ့ တစ်ကြိမ်ပြောင်းလဲနိုင်မည်ဖြစ်သည်။
■ အေဂျင်စီများနှင့် အွန်လိုင်းကိုယ်စားလှယ်များမှတစ်ဆင့် လက်မှတ်ဝယ်ယူထားသူများအနေဖြင့် လက်မှတ်ဝယ်ယူခဲ့သည့် သက်ဆိုင်ရာအေဂျင်စီများထံ တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်ရန် MAI က အသိပေးထားသည်။
■ လေကြောင်းခရီးစဉ်များနှင့်ပတ်သက်၍ ထပ်မံပြောင်းလဲမှုများရှိလာပါက MAI ၏ တရားဝင်ချန်နယ်များမှတစ်ဆင့် ဆက်လက်အသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 11 September 2026
ကမ္ဘောဒီးယားနိုင်ငံကို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့် အထက်လွှတ်တော်ဥက္ကဋ္ဌ ဆမ်ဒက်ဟွန်ဆင်က စက်တင်ဘာ ၁၁ ရက်၊ နံနက်ပိုင်းက ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော်ရှိ ညီညွတ်ရေးနန်းတော်တွင် တရားဝင်ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားနှင့်ကြိုဆိုခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်မှာ အတူလိုက်ပါလာကြသည့် ပြည်ထောင်စုဝန်ကြီးများနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့် အထက်လွှတ်တော်ဥက္ကဋ္ဌ ဆမ်ဒက်ဟွန်ဆင်နဲ့အတူ ကမ္ဘောဒီးယားနိုင်ငံအစိုးရအဖွဲ့က ဝန်ကြီးများနှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
နိုင်ငံတော်သမ္မတနှင့် ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော် အကြီးအကဲနှင့် အထက်လွှတ်တော်ဥက္ကဋ္ဌတို့သည် ဂုဏ်ပြုတပ်ဖွဲ့ရဲ့အလေးပြုတာကို ခံယူခဲ့ပြီးနောက် ဂုဏ်ပြုတပ်ဖွဲ့က မြန်မာနိုင်ငံတော်သီချင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတော်သီချင်းတို့ကို တီးမှုတ်ခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော်ရှိ ညီညွတ်ရေးနန်းတော် ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးခဲ့ပြီး နိုင်ငံတော်သမ္မတနှင့် ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့်အထက်လွှတ်တော်ဥက္ကဋ္ဌတို့သည် သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 11 September 2026
■ ပဉ္စမအကြိမ်မြောက်တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲတင်ပို့နိုင်ရန်GACC မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များဆိုင်ရာ သင်တန်းကို ရန်ကုန်မြို့၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
■ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်/ ဆန်ကွဲများ တင်ပို့ရာတွင် GACC မှတ်ပုံတင်ခွင့်ရရှိရေးသည် အခြေခံလိုအပ်ချက်ဖြစ်ပြီး၊ ယင်းသို့ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံတို့အကြား နှစ်နိုင်ငံချုပ်ဆိုထားသော Sanitary and Phyto-sanitary Protocol သဘောတူညီချက်နှင့် အညီ သိုလှောင်ရုံပိုးမွှားများ ထိန်းချုပ်ကာကွယ်ရေး၊ အစားအသောက်ဘေးကင်းလုံခြုံရေး (food safety) နှင့် ကောင်းမွန်သော သိုလှောင်ကြိတ်ခွဲထုတ်လုပ်မှုစနစ်ဖြစ်ရေး စသော လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်ရန် လိုအပ် ရာ ယင်းလုပ်ငန်းစဉ်များအား ပို့ကုန်ကုမ္ပဏီများ၊ အထူးသဖြင့် ကုမ္ပဏီအသစ်များအား သင်တန်းပုံစံဖြင့် သင်ကြားပို့ချပေးခြင်း နှင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများက ရှင်းလင်းဆွေးနွေးပေးခြင်း အစီအစဉ်ကို စက်တင်ဘာ ၉ ရက်နေ့တွင် ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ် UMFCCI (မင်္ဂလာခန်းမ)၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
■ အဆိုပါ သင်တန်းတွင် GACC မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ Online Registrationဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ဆန်တင်ပို့ရာတွင်လည်း တရုတ်နိုင်ငံတစ်ခုတည်း သာမက ဥရောပ၊ အာဖရိက၊ အာရှ ဈေးကွက်များအထိ ချိတ်ဆက်ဆောင်ရွက်သင့်သည့် ကိစ္စများ၊ ကုမ္ပဏီများ အနေဖြင့် Purchasing Plan၊ Export Planများဖြင့် စနစ်တကျ ဝယ်ယူခြင်း၊ တင်ပို့ခြင်း ဆောင်ရွက်ရမည့် ကိစ္စများ၊ ဆန်တင်ပို့သည့် ကုမ္ပဏီများအတွက် ပို့ကုန်ဝင်ငွေ အချိန်မီ ပြန်လည်ဝင်ရောက်ရေး ကိစ္စများ၊ MyRO တွင် သိုလှောင်ရုံ မှတ်ပုံတင်ခြင်းလုပ်ငန်း ကိစ္စများ၊ ပို့ကုန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများစသည်တို့ကို ထည့်သွင်း၍ ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
■ သင်တန်းတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး၊ သင်တန်းဖွင့်လှစ်ရခြင်း အကြောင်း နှင့် ပို့ကုန်မြှင့်တင်ရေး ၊ ပို့ကုန်များ အရည်အသွေး အဆင့်မီစေရန် ဆောင်ရွက်ရမည့်လိုအပ်ချက်များအား ရှင်းလင်းဆွေးနွေးခဲ့သည်။
■ ထို့အပြင် စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့်စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်(MITS)မှ အုပ်ချုပ်မှု ဒါရိုက်တာတို့က GACC မှတ်ပုံတင်ရေး လုပ်ငန်းစဉ်များ၊ သတိပြုလိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ဆန်စက်များ နှင့် သိုလှောင်ရုံများတွင် အရည်အသွေး စီမံခန့်ခွဲမှုဆိုင်ရာကိစ္စများကို လမ်းညွှန်အကြံပြုဆွေးနွေးခဲ့ကြောင်းသိရသည်။
■ စိုက်ပျိုးရေးဦးစီးဌာန၊ သီနှံကာကွယ်ရေးဌာနခွဲမှ ဘာသပ်ရပ်ဆိုင်ရာကျွမ်းကျင်သူများ၊စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်(MITS) နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့မှ တာဝန်ရှိသူများ ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြခဲ့ကြသည်။
■ ထို့အပြင် ယခုသင်တန်းသည် တရုတ်နိုင်ငံသို့ တင်ပို့ရေးအတွက်သာမက အခြားနိုင်ငံများသို့ တင်ပို့ရာတွင် အဆိုပါ လုပ်ထုံးလုပ်နည်းများကို လိုက်နာခြင်းဖြင့် အစားအသောက် ဘေးကင်းလုံခြုံရေးနှင့်အရည်အသွေးထိန်းသိမ်းရေးတို့ကို ထိရောက်စွာအကျိုးရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။
■ အသင်းချုပ် အနေဖြင့် အဆိုပါ သင်တန်းများကို နှစ်စဉ် ဖွင့်လှစ်ပို့ချ ဆောင်ရွက်လျက်ရှိရာ ယခု အကြိမ်သည် (၅) ကြိမ်မြောက် ဖြစ်ပြီး၊ ကုမ္ပဏီ (၃၇) ခု မှ သင်တန်းသားသင်တန်းသူ (၈၀) ဦး ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
ဖနွမ်းပင်၊ စက်တင်ဘာ ၁၁
■ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit)အဖြစ် ရောက်ရှိလာသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ယနေ့ စက်တင်ဘာ ၁၁ ရက်တွင် ဖနွမ်းပင်မြို့၊ Techo အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကမ္ဘောဒီးယားနိုင်ငံမှ အဆင့်မြင့်တာဝန်ရှိသူများက နွေးထွေးလှိုက်လှဲစွာ ဂုဏ်ပြုတပ်ဖွဲဖြင့် ကြိုဆိုဂုဏ်ပြုခဲ့ပါသည်။
■ နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ စီးနင်းလိုက်ပါလာသည့် အထူးလေယာဉ်သည် Techo အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်လာရာ ကမ္ဘောဒီးယားနိုင်ငံမှ အဆင့်မြင့်တာဝန်ရှိသူများ၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် သံရုံး တာဝန်ရှိသူများ၊ စစ်သံမှူးနှင့် စစ်သံရုံးမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြပါသည်။
■ နိုင်ငံတော်သမ္မတ လေယာဉ်ပေါ်မှ ဆင်းသက်လာချိန်တွင် ကမ္ဘောဒီးယားနိုင်ငံမှ အဆင့်မြင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး နှစ်နိုင်ငံမှတာဝန်ရှိသူများနှင့် မိတ်ဆက်ပေးခဲ့ကြပါသည်။
■ မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် အစဉ်အလာအားဖြင့် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးရှိသည့် အာဆီယံမိတ်ဖက်နိုင်ငံများဖြစ်ကြပြီး နှစ်နိုင်ငံအကြား နိုင်ငံရေးနှင့် သံတမန်ဆက်ဆံရေးသာမက ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ကာကွယ်ရေးနှင့် လုံခြုံရေး၊ စိုက်ပျိုးရေး၊ စွမ်းအင်၊ ခရီးသွားလုပ်ငန်း၊ ပညာရေးနှင့် ယဉ်ကျေးမှုအပါအဝင် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးတက်လျက်ရှိပါသည်။
■ နိုင်ငံတော်သမ္မတ၏ ယခုခရီးစဉ်သည် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်ယုံကြည်မှုတို့ကို ပိုမိုခိုင်မာစေပြီး နှစ်နိုင်ငံအကြား ဘက်စုံ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိင်းစွာ တိုးမြှင့်ဖော်ဆောင်နိုင်ရေးအတွက် အရေးပါသည့် နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်တစ်ရပ်ဖြစ်ပါသည်။
Page 4 of 2493