#Local_News
Published 11 September 2026
■ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၏ လုပ်ငန်းလည်ပတ်မှုအခြေအနေများကြောင့် အဆိုပါလေဆိပ်သို့ ဆင်းသက်မည့်နှင့် ထွက်ခွာမည့် နိုင်ငံတကာလေကြောင်းခရီးစဉ်များကို စက်တင်ဘာ ၁၀ ရက်မှစတင်ကာ ယာယီရပ်ဆိုင်းထားကြောင်း Myanmar Airways International (MAI) က အသိပေးထားသည်။
■ အဆိုပါခရီးစဉ်များ ရပ်ဆိုင်းထားသည့်ကာလအတွင်း မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို အသုံးပြုရန် စီစဉ်ထားသည့် MAI နှင့် မင်္ဂလာလေကြောင်းလိုင်းတို့၏ ပြည်တွင်းခရီးစဉ်များကို ပြင်ဦးလွင်မြို့ရှိ အနီးစခန်းလေဆိပ်သို့ ပြောင်းရွှေ့ကာ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
■ ခရီးစဉ်အပြောင်းအလဲကြောင့် ထိခိုက်မှုရှိသည့် ခရီးသည်များအနေဖြင့် ဝယ်ယူထားသည့် လက်မှတ်ခကို အပြည့်အဝ ပြန်လည်ရယူနိုင်မည်ဖြစ်သကဲ့သို့ ထိုင်ခုံနေရာလွတ်ရှိပါက ခရီးစဉ်လမ်းကြောင်းကို အခမဲ့ တစ်ကြိမ်ပြောင်းလဲနိုင်မည်ဖြစ်သည်။
■ အေဂျင်စီများနှင့် အွန်လိုင်းကိုယ်စားလှယ်များမှတစ်ဆင့် လက်မှတ်ဝယ်ယူထားသူများအနေဖြင့် လက်မှတ်ဝယ်ယူခဲ့သည့် သက်ဆိုင်ရာအေဂျင်စီများထံ တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်ရန် MAI က အသိပေးထားသည်။
■ လေကြောင်းခရီးစဉ်များနှင့်ပတ်သက်၍ ထပ်မံပြောင်းလဲမှုများရှိလာပါက MAI ၏ တရားဝင်ချန်နယ်များမှတစ်ဆင့် ဆက်လက်အသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times