#Local_News
Published_ 25 May 2022
နောင်ချိုမြို့နယ်တွင် ငွေကျပ် သိန်း ၆၆၀၀ တန်ဖိုးရှိ ဘိန်းဖြူ ၄၄ ကီလို ဖမ်းဆီးရမိ ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မေ ၁၇ ရက် ညနေ ၃ နာရီတွင် နောင်ချိုမြို့နယ်၊ ဒုဋ္ဌဝတီတံတားတွင် ရပ်စောက်မှ နောင်ချိုသို့ ယာဉ်မောင်း ဝဏ္ဏထွန်းမောင်းနှင်ပြီး ကျော်ကျော်မင်း လိုက်ပါလာသည့် HYUNDAI အမျိုးအစား မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာခဲ့ပါတယ်။
ထိုသို့ရှာဖွေခဲ့ရာ ယာဉ်ပေါ်တွင် ပြောင်းဆံအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာတဲ့ ဒေသကာလ တန်ဖိုးငွေကျပ် သိန်း ၆၆၀၀ တန်ဖိုးရှိ ဘိန်းဖြူ ၄၄ ကီလို သိမ်းဆည်းရမိခဲ့ကြောင်းသိရပါတယ်။
စစ်ဆေးဖော်ထုတ်ချက်အရ မေ ၂၂ ရက် ညနေ ၆ နာရီတွင် ပုသိမ်ကြီးမြို့နယ်၊ ၁၆ မိုင်စစ်ဆေးရေးဂိတ်အနီး၊ အိုရီယမ်တယ်တိုးဂိတ်တွင် ဘိန်းဖြူများ တာဝန်ခံသယ်ဆောင် သူ သန့်ဇင်အောင်အား Mark X မော်တော်ယာဉ်တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ပါတယ်။
ဖမ်းဆီးရမိသူများအား ဥပဒေအရအရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published- 25 May 2022
မြန်မာ-တရုတ် အဓိကကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည့် မူဆယ်နယ်စပ်ကုန်သွယ်ရေး ပြန်လည်ဦးမော့လာပြီဖြစ်ကြောင်း မူဆယ်ကုန်စည်ဒိုင်မှ သိရသည်။
တရုတ်နိုင်ငံဘက်မှ ကိုဗစ်ကန့်သတ်ချက်များကြောင့် နယ်စပ်ဂိတ်အားလုံး ပိတ်ထားခြင်းဖြစ်ပြီး ယခုအခါ မေလ ၁၅ ရက်မှစတင်၍ တရုတ်-မြန်မာနယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်ပေးခဲ့သည့် အတွက် ကုန်ကားများပုံမှန်အတိုင်းသွားနေပြီဖြစ်ကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုဥက္ကဌ ဦးမင်းသိန်းက ပြောသည်။
"နယ်စပ်ကုန်သွယ်ရေးကတော့ ပြန်လည်ဦးမော့လာပြီ။ မေလ ၁၆ ရက်နောက်ပိုင်းမှာ တိုးတက်လာပြီလို့ ပြောလိုရပါတယ်။ ကားတွေကလည်းတစ်နေ့ကို အစီးရေ ၁၀၀ လောက်တော့ သွားနေပြီ။ ကားအစီးရေနည်းတော့ စောင့်စရာလည်းမလိုတော့ဘူး။ ဂိတ်တွေမှာ ကုန်တွေလည်းပျက်စီး ဆုံးရှုံးမှုနည်းသွားတာပေါ့။ နယ်စပ်ဂိတ်တွေ အရင်လိုပုံမှန်အတိုင်း လည်ပတ်ဖို့ဆိုရင် ကြာဦးမယ်" ဟု ယင်းက ပြောသည်။
မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်သည် ယခင်က တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ခြောက်သန်းခန့်အထိ ကုန်သွယ်မှုပြုလုပ်နိုင်ပြီး ချင်းရွှေဟော်နယ်စပ်ဂိတ်အနေဖြင့် တစ်ရက်လျှင် ကန်ဒေါ်လာတစ်သန်းခန့်ကုန်သွယ်နိုင်ကြောင်း၊ မြန်မာနိုင်ငံ၏ အဓိကနယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ်ပြီး နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး၏ ရာခိုင်နှုန်း ၉၀ ခန့်အထိ ကုန်သွယ်မှုပြုလုပ်လျက်ရှိကြောင်း၊ တရုတ်- မြန်မာနယ်စပ်ဂိတ်ပေါင်း ၁၄ ခုရှိသည့်အနက် နယ်စပ်ဂိတ်အချိုမှာပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#DailyNews
Published - 25 May 2022
၁။ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများကို နေရာတော်တော်များတွင် ထိုးနှံပေးနိုင်ပြီဖြစ်၊ သွားလာရေးခက်ခဲသည့်ဒေသများ ထိုးနှံပေးရန်ကျန်ရှိ၊။
၂။ လာမည့်ပွင့်လင်းရာသီတွင် ပြည်ပခရီးသွား သိန်းဂဏန်းထိ ဝင်ရောက်နိုင်မည်ဟုမျှော်မှန်း။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ အလှမွေးငါးများမြေပြင်ရှုခင်းခံစားနိုင်စေဖို့ ထိုင်ဝမ်လူမျိုးတစ်ဦးက လက်တွန်းလှည်းငါးကန်တီထွင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 25 May 2022
ထိုင်းနိုင်ငံသို့ MOUစနစ်ဖြင့် မြန်မာအလုပ်သမားများစေလွှတ်ရေး လုပ်ငန်းစဉ်အရ ယမန်နေ့ညနေပိုင်းက ကော့သောင်းမှတဆင့် မြန်မာအလုပ်သမား ၁၉၃ ဦးသည် ထိုင်းနိုင်ငံသို့ ဒုတိယအသုတ် အဖြစ်ထွက်ခွာသွားကြောင်း သိရပါတယ်။
အဆိုပါအလုပ်သမားများဟာ ကော့သောင်း အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ် ရေလမ်းခရီးမှတဆင့် Speed Boat ၃ စီးဖြင့် ထိုင်းနိုင်ငံသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ပါတယ်။
ထွက်ခွာသွားတဲ့ အလုပ်သမားများအနက် မြန်မာနိုင်ငံ၏ ပြည်ပအလုပ်အကိုင် အကျိုးဆောင်(ထိုင်း) လိုင်စင်ရအေဂျင်စီများဖြစ်သည့် Lovely world Co,Ltd မှ ထိုင်းနိုင်ငံရှိ Unique Engineering and Construction Public Co,Ltd သို့ မြန်မာ အလုပ်သမား ၁၀၀ ဦး၊ Superior World Co,Ltd မှ ထိုင်းနိုင်ငံရှိ Nawarat Patanakam Public Co,Ltd သို့ မြန်မာအလုပ်သမား ၉၃ ဦး စုစုပေါင်းအလုပ်သမား ၁၉၃ ဦးအား ၂ နှစ်စာချုပ်ဖြင့် အလုပ်လုပ်ကိုင်နိုင်ရန် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါတယ်။
အဆိုပါ လုပ်သားများမှာ ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့မှ ကော့သောင်းမြို့သို့ လေကြောင်းခရီးစဉ်ဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများအား ကော့သောင်းခရိုင် အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကော့သောင်းခရိုင်ရုံးနှင့် တာဝန်ရှိသူများက လိုအပ်တဲ့ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published -25 May 2022
နိုင်ငံတကာမှာခေတ်စားနေတဲ့ သစ်သား Resin အလှဆင်ပရိဘောဂလုပ်ငန်းကို မြန်မာနိုင်ငံကကုက္ကိုသား၊ ပိတောက်သား၊ ကျွန်းသားတို့နဲ့ ပြုလုပ်ပြီး ပြည်တွင်း ပြည်ပဈေးကွက်ကိုထိုးဖောက်သွားဖို့ရှိတယ်လို့ ကြို့ပင်ကောက်က လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ကိုဇေယျာက YMG ကိုပြောပါတယ်၊၊
ပြည်ပမှာ ကျပ်(၁၅)သိန်းကျော်လောက်တန်ဖိုးရှိတဲ့ သစ်သား Resin အလှဆင်ပရိဘောဂတွေကို မြန်မာနိုင်ငံမှာတော့ ဈေးကွက်မတွင်ကျယ်သေးတဲ့ အတွက် (၅)သိန်းကျော်(၆)သိန်းဝန်းကျင်နဲ့ကို ဈေးကွက်ရပြီး ရောင်းချရဖို့ခက်ခဲနေတယ်လို့ဆိုပါတယ်၊၊
"ကုက္ကိုသား၊ ပိတောက်၊ ကျွန်းတိုနဲ့ Resinလုပ်ပါတယ်၊၊ ပရိဘောဂအပြင် Interior ဒီဇိုင်းတွေအကုန်သုံးလို့ရတယ်၊၊ အိမ်တွင်းအလှဆင်ရော အိမ်အပြင်ဘက်အလှဆင်ရောသုံးလို့ရတယ်၊၊အဓိကကတော့ စားပွဲ၊ ကုလားထိုင်တွေအများဆုံးလုပ်ဖြစ်တာပေါ့၊၊ ဈေးကွက်အနေနဲ့မြန်မာနိုင်ငံမှာတော့ နည်းပါတယ်၊၊
ကျွန်တော်ကပထမဦးဆုံး Natural Wood & Resin Art Galleryဆိုပြီး showroomလုပ်ဖြစ်တာပေါ့၊ နယ်မှာပဲလုပ်ဖြစ်သွားတယ်၊၊ ကုန်ကြမ်းပေါတာက တစ်ကြောင်းနေရာကျယ်ဝန်းတာက တစ်ကြောင်း ကြောင့်နယ်မှာ ပဲလုပ်ဖြစ်ခဲ့ပါတယ်၊၊ ပြည်တွင်း၊ပြည်ပ ဈေးကွက်ကိုထိုးဖောက်သွားဖို့ရှိပါတယ်"လို့ ကိုဇေယျာက ပြောပါတယ်၊၊
လတ်တလောမှာ တာချီလိတ်၊ ရန်ကုန်၊ မန္တလေးစတဲ့ ဒေသတွေကို ပိုနေပြီးပြည်တွင်း၊ ပြည်ပဈေးကွက်ကို ဆက်လက်ထိုးဖောက်သွားမှာ ဖြစ်တယ်လို့ဆိုပါတယ်၊၊
ပြည်ပနိုင်ငံတွေအနေနဲ့ အနောက်ဥရောပနိုင်ငံတွေ ခေတ်စားနေသလိုအာရှနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ထိုင်ဝမ်၊ ထိုင်းနိုင်ငံတွေမှာလည်း သစ်သား Resin အလှဆင် ပရိဘောဂလုပ်ငန်းတွေတွင်ကျယ်ပြီး ဈေးကွက် ကျယ်ပြန့်လျက်ရှိပါတယ်၊၊
မြန်မာနိုင်ငံက ထုတ်လုပ်တဲ့သစ်သား Resin အလှဆင်ပရိဘောဂအချို့မှာတော့ handmade လက်ရာတွေပါဝင်ပြီး ပြည်တွင်း၊ ပြည်ပဈေးကွက်ရရှိဖို့ ဆက်လက်ဆောင်ရွက်ရမှာဖြစ်တယ်လို့ သိရပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published_25 May 2022
ပဋိပက္ခနှင့်တိုက်ပွဲများကြောင့် ပိတ်ထားခဲ့ရသည့် ရခိုင်ပြည်နယ်မှ စာသင်ကျောင်းများကို ယခု ယခုနှစ် ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် တွင်လည်း ဖွင့်လှစ်နိုင်မည်မဟုတ်ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံးက သိရသည်။
၂ဝ၁၇ ခုနှစ်အတွင်း မောင်တောနှင့် ဘူးသီးတောင် မြို့နယ်တို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့်လည်းကောင်း၊ ၂ဝ၁၈ ခုနှစ်နောက်ပိုင်း ရသေ့တောင်နှင့် ကျောက်တော်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့်လည်းကောင်း ပိတ်ထားခဲ့ရသော စာသင်ကျောင်းပေါင်း ၁၂၂ ကျောင်း ရှိနေခြင်းလည်း ဖြစ်သည်။
ယခုနှစ် ကျောင်းဖွင့်ရာသီတွင် ရခိုင်ပြည်နယ်အတွင်း အခြေခံပညာ အထက်တန်း အလယ်တန်းနှင့် မူလတန်းကျောင်းပေါင်း ၃၁၈၈ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၈ဝ နှင့် ကိုယ်ပိုင်အထက်တန်းကျောင်း ၅ဝ တိုကို ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
အခြေခံပညာစာသင်ကျောင်းများကို ဇွန်လ ၁ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကာ ယခုအခါ ကျောင်းသားကျောင်းသူများ ကျောင်းအပ်နှံရန် ပြင်ဆင်နေကြပြီ ဖြစ်ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 25 May 2022
နစကရဲ့ နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ(NMSP) ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရပါတယ်။
တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် အဖွဲ့ဝင်များ၊ မွန်ပြည်သစ်ပါတီ(NMSP)မှ ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်းနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
တွေ့ဆုံဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်နှင့် မွန်ပြည်သစ်ပါတီ(NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်းတို့က နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ကြပြီး တက်ရောက်လာကြသူများက ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။
အဆိုပါ ဆွေးနွေးပွဲကို မေ ၂၅ ရက် ယနေ့တွင် ဆက်လက်ကျင်းပ သွားမှာဖြစ်ကြောင်း သတင်းရရှိပါတယ်။
ymg-mnn
#Yangon_Media_Group
Page 1668 of 1871