#Local_News
Published - 26 July 2022
နိုင်ငံတော်တွင် သင့်တင့်သည့် နိုင်ငံခြားအရန်ငွေကြေးနှင့်ဘဏ္ဍာငွေများ ရှိပြီးဖြစ်ကြောင်း နစကပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ဇူလိုင်လ ၂၆ ရက်တွင် ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့ ခြင်းဖြစ်သည်။
‘‘နိုင်ငံတော်မှာ လုံလောက်တဲ့ ငွေကြေးရှိလိုလည်း နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်ပြီး ယခုလ ၂၂ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ နိုင်ငံတော်အစိုးရရဲ့ စီးပွားရေးကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ နိုင်ငံ့ဝန်ထမ်း အမြဲတမ်းဝန်ထမ်းတွေကို အိမ်ငှားစရိတ်အဖြစ် အိမ်ထောင်သည်ဖြစ်ပါက မူရင်းလစာရဲ့ ၈ ရာခိုင်နှုန်းနဲ့ လူပျိုဖြစ်ပါက ၄ ရာခိုင်နှုန်း ထောက်ပံ့မှာဖြစ်ပါတယ်’’ဟု ပြောကြားခဲ့သည်။
ယင်းအပြင် ရဲတပ်ဖွဲ့ဝင်များကို လစာအပြင် ဩဂုတ်လမှ စတင်ကာ ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်တာဝန်စရိတ်အဖြစ် တစ်ဦးလျှင် တစ်လ ကျပ် ၁၀၀၀၀ ခံစားခွင့်ပြုမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ကိုဗစ်-၁၉ အသုံးစရိတ်များကို အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် စိစစ်သုံးစွဲနေသည့် အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေလက်ကျန်ထဲမှ ကျပ်ဘီလီယံ ၄၀၀ ကိုလည်း ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေထံ ထုတ်ချေးပေးရန် စီစဉ်နေကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published_26 July 2022
ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရသော ရဟတ်ယာဉ်အမှု၏ တရားလိုပြသက်သေများအား ယနေ့ ဇူလိုင်လ ၂၆ ရက်တွင် နေပြည်တော်အကျဉ်းထောင်တွင်း တရားရုံး၌ ဆက်လက် စစ်ဆေးခဲ့ကြောင်း သိရသည်။
"ရဟတ်ယာဉ်အမှု ဖြစ်တဲ့ ၄၀(၇) အတွက် တရားလိုပြသက်သေ ဦးစိုးအောင်ကို ဆက်လက်စစ်ဆေးခဲ့ပါတယ်၊ ပြီးတော့ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ဦးမောင်ဝိတ်ကအလှူငွေပေးအပ်ခဲ့တဲ့ အဂတိအမှု ၂မှုအတွက်ကတော့ တရားလိုပြသက်သေ ဦးရဲထက်ကို ပြန်ခေါ်သက်သေ ဆက်လက်စစ်ဆေးခဲ့ပါတယ်။ နောက်ထပ်လည်း လိုပြသက်သေတွေကိုဆက်လက်စစ်ဆေးဖို့ အများကြီး ကျန်ပါသေးတယ်"ဟုတရားရုံးနှင့် နီးစပ်သူက YMG ကို ပြောသည်။
ယမန်နေ့ ဇူလိုင်လ ၂၅ ရက်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ဦးမောင်ဝိတ်ကအလှူငွေပေးအပ်ခဲ့သည့်အမှုကို စွဲချက်တင်ကြောင်းလည်း တရားရုံးက ဆုံးဖြတ်ထားသေးသည်။ ယင်းအပြင် အဆိုပါအမှုကို ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်က တရားလွှတ်တော်ချုပ်သို ချေဖျက်ခွင့်လည်း တင်ထားသေးကြောင်း အဆိုပါ တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။
၎င်းအမှု နှစ်မှုမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ဒေါ်လာငွေလှူဒါန်းသည်ဆိုသည့် အမှုများဖြစ်ကာ အမှတ်အမှတ် ၃ မှာ ဒေါ်လာ နှစ်သိန်းခွဲ လှူသည်ဆိုသော အမှုဖြစ်ပြီး အမှုအမှတ် ၄ မှာ ဒေါ်လာ ၃ သိန်း လှူသည့် ဆိုသည့် အမှူများ ဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၂၀၂၂ ဇွန်လအထိ အမှုပေါင်း ၂၀ ထက်မနည်းဖြင့် စွဲဆိုထားခြင်းဖြစ်ပြီး ယင်းအထဲမှ ၆မှုအတွက် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ထားကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#DailyNews
Published - 26 July 2022
၁။ မြန်မာနိုင်ငံကို ခရီးမသွားသင့်သည့် နိုင်ငံအဆင့် အမေရိကန်သတ်မှတ်ခြင်းအတွက် ခရီးသွားလုပ်ငန်းနစ်နာမှုရှိ
၂။ မြန်မာ့လူဦးရေ(၅)သန်းကျော်တွင် အသည်းရောင်ရောဂါများရှိနေ၊ B ပိုး C ပိုး ရှိမရှိအခမဲ့ စစ်ဆေးပေးမည်ဟုဆို
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ဗီယက်နမ်စစ်ပွဲကာလမှ စတင်အသုံးပြုခဲ့သည့် ရော်ဘာဖိနပ်များ ယနေ့အချိန်အထိ လူကြိုက်များလျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published - 26 July 2022
မြန်မာနိုင်ငံကိုသုံးလအတွင်း နိုင်ငံခြားသားခရီးသွားဧည့်သည် တစ်သောင်းကျော် ဝင်ရောက်ခဲ့ကြောင်းဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ကိုဗစ်ကြောင့် ရပ်နားထားရသည့် လေကြောင်းလိုင်းများကို မြန်မာနိုင်ငံဘက်မှ ဧပြီလထဲတွင် ပြန်လည်ခွင့်ပြုပေးလိုက်ပြီးနောက်ပိုင်း နိုင်ငံခြားခရီးသွား ၁၆,၃၈၂ ဦး လာရောက်ခဲ့ကြောင်း စာရင်းများအရ သိရသည်။
ပြည်တွင်းသို့ အမေရိကန်ပြည်ထောင်စု၊ တရုတ်၊ ဂျပန်၊ မလေးရှား၊ ထိုင်း အပါအဝင် နိုင်ငံပေါင်း ၅၄ နိုင်ငံဆီကနေ လာရောက်ခဲ့ကြောင်း သိရသည်။
အမေရိကန်ပြည်ထောင်စုကောင်စစ်ရေးရာဦးစီးဌာနက မြန်မာအပါအဝင် ၇ နိုင်ငံကို အမေရိကန်နိုင်ငံသားများ ခရီးသွားလာရန်မသင့်သည့် အန္တရာယ်အများဆုံးနိုင်ငံတွေအဖြစ် သတ်မှတ်ထား ပြီး အဆိုပါစာရင်းတွင် မြန်မာ၊ ဟောင်ကောင်၊ အီရတ်၊ အီရန်၊ မြောက်ကိုရီးယား၊ ရုရှားနှင့်ဗင်နီဇွဲလားတို့ ပါဝင်နေကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published _ 26 July 2022
စိုက်ပျိုးရာသီချိန်ဖြစ်နေသဖြင့် ဇူလိုင်လ ပထမတစ်ပတ် အတွင်းမှာပင် ဓာတ်မြေဩဇာတန်ချိန် ၅၆၀၀ ကျော် တင်သွင်းကြောင်း သိရသည်။
ဓာတ်မြေဩဇာများကို ပင်လယ်ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများက တင်သွင်းလျှက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ နှစ်ရက်မှ ရှစ်ရက်အထိ တစ်ပတ်အတွင်းမှာ ပင်လယ်ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းက အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၁၉ သန်းတန်ဖိုးရှိ ဓာတ်မြေဩဇာတန်ချိန် ၃၁၈၀ ကျော်နှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းက အမေရိကန် ဒေါ်လာ ၁ ဒသမ ၅၁၅ သန်း တန်ဖိုးရှိ ဓာတ်မြေဩဇာ တန်ချိန် ၂၅၀၀ ကျော် စုစုပေါင်း ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများက အမေရိကန် ဒေါ်လာ ၃ ဒသမ ၇၃၄ သန်း တန်ဖိုးရှိ ဓာတ်မြေဩဇာ တန်ချိန် ၅၆၈၀ ကျော် တင်သွင်းခဲ့သည်။
ယင်း ကာလအတွင်း ဓာတ်မြေဩဇာများကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းများမှ တင်သွင်းရာတွင် တရုတ်နိုင်ငံမှ တန်ချိန် ၁၃၀၀ ကျော်၊ ထိုင်းနိုင်ငံမှ တန်ချိန် ၆၀၀ ကျော်၊ ဂျာမနီနိုင်ငံမှ တန်ချိန် ၁၂၀ ကျော် တင်သွင်းခဲ့ခြင်းဖြစ်သည်။
နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှ တင်သွင်းဆောင်ရွက်ရာတွင် ထိုင်းနိုင်ငံမှ တန်ချိန် ၁၃၀၀ ကျော်၊ အိန္ဒိယနိုင်ငံမှ တန်ချိန် ၇၀၀ ကျော်နှင့် တရုတ်နိုင်ငံမှ တန်ချိန် ၅၀၀ ကျော် တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published _ 26 July 2022
မြန်မာနိုင်ငံတွင် လာမည့် ၂၀၂၃- ၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ်မှ စတင်ပြီး ငါးနှစ်အတွင်း ကော်ဖီစိုက်ဧက သုံးသိန်းတိုးချဲ့စိုက်ပျိုးနိုင်ရေး စီမံချက်ရေးဆွဲကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကုန်းမြင့်ကော်ဖီဖြစ်သော အာရေးဗီးကားကော်ဖီ (Arabica Coffee) ကို ဇုန် ၄ ခုခွဲပြီး ဧက နှစ်သိန်း၊ မြေနိမ့်ကော်ဖီဖြစ်သော ရိုဘတ်စတာကော်ဖီ (Robusta Coffee) ကို ဇုန် ၃ ခုခွဲပြီး ဧက တစ်သိန်း၊ စုစုပေါင်း ကော်ဖီ စိုက်ဧက သုံးသိန်းတိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
အာရေးဗီးကားကော်ဖီ (Arabica Coffee) စိုက်ပျိုးမည့် ဇုန်လေးခုအနက်၊ ဇုန် ၁ တွင် ပြင်ဦးလွင်၊ မိုးကုတ်နှင့် နောင်ချိုတို့ပါဝင်ပြီး၊ ဇုန် ၂ တွင် ရွာငံ၊ ပင်းတယနှင့် နောင်တရားစသည့် ဒေသများပါဝင်ကြောင်း၊ ဇုန် ၃ တွင် ဟိုပုံး၊ ဟဲဟိုး၊ ပင်လောင်းနှင့် မဲနယ်တောင်တန်းဒေသများ ပါဝင်ကာ ဇုန် ၄ တွင် ကျိုင်းတုံ၊ တာချီလိတ်စသည့်ဒေသများ ပါဝင်ကြောင်း သိရသည်။
ရိုဘတ်စတာ ကော်ဖီ (Robusta Coffee) စိုက်ပျိုးမည့်ဇုန် ၃ အနက် တနင်္သာရီတိုင်းဒေသကြီးတွင် ဇုန် ၁ ၊ ဧရာဝတီတိုင်းဒေသကြီးတွင် ဇုန် ၂ နှင့် ကရင်ပြည်နယ်တွင် ဇုန် ၃ စသည်ဖြင့် သတ်မှတ်ဖော်ဆောင်ကာ ကော်ဖီပင်များ တိုးချဲ့စိုက်ပျိုးသွားမည် ဖြစ်သည်။
မြန်မာ့ကော်ဖီများကို ကမ္ဘာ့ဈေးကွက်တွင် ယခုထက်ပို၍ ထိုးဖောက်နေရာယူနိုင်စေရန်နှင့် မြန်မာနိုင်ငံကို ကော်ဖီအမြောက်အများ တင်ပို့သော နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုလာစေရန်အတွက် စီမံချက် ရေးဆွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာ့ကော်ဖီသည် ကမ္ဘာ့ဈေးကွက်တွင် နေရာရပြီးသား ဖြစ်သည့်အတွက် ယင်းကဲ့သို့တိုးချဲ့စိုက်ပျိုးခြင်းဖြင့် ပြည်ပဈေးကွက် ပိုမိုကျယ်ပြန့်လာကာ ပြည်တွင်း ကော်ဖီစိုက် တောင်သူများနှင့် နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေ ပိုမိုရရှိလာစေနိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ကုန်းမြင့်ကော်ဖီစိုက်ဧက လေးသောင်းခန့်နှင့် မြေနိမ့် ကော်ဖီစိုက်ဧက တစ်သောင်းခန့်၊ စုစုပေါင်းကော်ဖီစိုက်ဧက ငါးသောင်းခန့်ရှိပြီး၊ အများအားဖြင့် ကုန်းမြင့်ကော်ဖီများကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ မန္တလေးတိုင်း ဒေသကြီးရှိ ပြင်ဦးလွင်နှင့် မကွေးတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးကြပြီး မြေနိမ့်ကော်ဖီများကို ပဲခူးတိုင်း ဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် စိုက်ပျိုးကြကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published_26 July 2022
ထိုင်းနိုင်ငံ ဆုန်ခလာခရိုင်တွင် အဖမ်းခံထားရသော ရွေ့ပြောင်းအလုပ်သမား ၄၀၀ ကျော်အနက် မြန်မာနိုင်ငံသို့ ပြန်ပို့ရန်အတွက် ဆုန်ခလာခရိုင် ဒန်နို(ယာယီ)အချုပ်သို့ ပို့ဆောင်ပေးထားသည့်မြန်မာများထဲမှ ချင်းတိုင်းရင်းသားတစ်ဦး ကိုဗစ်ကြောင့် သေဆုံးခဲ့ကြောင်း ထိုင်းနိုင်ငံ ရွေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) ဟတ်ယိုင်ရုံး က သိရသည်။
"ချင်းလူမျိုးတစ်ယောက်ပါ။ ကိုဗစ်ရောဂါကြောင့် ဟတ်ယိုင်ဆေးရုံမှာ ဇူလိုင်လ ၂၄ ရက်နေ့ မနက် ၇ နာရီခွဲက ကွယ်လွန်သွားခဲ့ပါတယ်။ကွယ်လွန်သွားသူရဲ့ မိသားစုတွေက ဝေယျာဝိဇ္ဇအတွက် MWRN ဟတ်ယိုင်ရုံးကို အကူအညီတောင်းခံတာကြောင့် ဟတ်ယိုင်ရဲစခန်း ၊ ဟတ်ယိုင်နိုင်ဘုန်းကြီးကျောင်းနဲ့ ဒန်နို လဝက ယာယီအချုပ်တွေကို သွားပြီး ကွယ်လွန်သူရဲ့စာရွက်စာတမ်းတွေ၊ ဖုန်း ၊ ပိုက်ဆံ ဘတ် ၃၀၀၀ ကျော်နဲ့ ကွယ်လွန်သူရဲ့ အရိုးတွေကိုမြန်မာနိုင်ငံက မိသားစုတွေဆီရောက်အောင် ချိတ်ဆက် ပိုဆောင်ခဲ့ပါတယ်"ဟု ဟတ်ယိုင်ရုံးတာဝန်ခံ ကိုသိန်းထွန်း ကပြောသည်။
ကွယ်လွန်သူအား ထိုင်းအစိုးရတာဝန်ရှိသည့် ထိုင်းလဝကအနေဖြင့် ရိုးရာမပျက် တာဝန်ယူသင်္ဂြိုဟ်ပေးခဲ့ပြီးသင်္ဂြိုဟ်စရိတ် ဘတ် ၄၀၀၀ ကျော်အထိကုန်ကျကြောင်း ထိုင်းနိုင်ငံ ဆုန်ခလာခရိုင် လဝကတာဝန်ရှိသူများထံမှ သိရကြောင်းလည်း ၎င်းကပြောသည်။
"ကျွန်တော်တို့နဲ့အတူ လိုက်ပါကူညီပေးခဲ့ကြတဲ့ညီအစ်ကိုမောင်နှမတွေအားလုံးနဲ့ ဆုန်ခလာခရိုင် လဝက တာဝန်ရှိသူတွေ၊ ပူးပေါင်းကူညီခဲ့ကြသူတွေကို ကျေးဇူးတင်ပါတယ်"ဟု ကိုသိန်းထွန်းက ပြောသည်။
ယင်းအပြင် ဇူလိုင်လ ၂၅ ရက် က ဒန်နိုအချုပ်မှ ရွေ့ပြောင်းမြန်မာ ၃၅ ဦးတို့အား မြန်မာနိုင်ငံသို့ ပြန်ပို့ရန် အချုပ်ကားဖြင့် ခေါ်ဆောင်သွားခဲ့ပြီး ဖြစ်ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
Page 1663 of 2013