#Local_News
Published _ 29 september 2022
စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက ထုတ်ပြန်သည့် စက်တင်ဘာလ ၂၉ ရက် စက်သုံးဆီဈေးနှုန်းများအရ ဓာတ်ဆီးဈေးဟာ အနည်းငယ်ပြန်လည်ကျဆင်းလာပြီး ဒီဇယ်ဈေးလည်း ထပ်ကျလာကြောင်း တွေ့ရှိရသည်။
ရန်ကုန်မြို့တွင် အောက်တိန်း 92 တစ်လီတာလျှင် ၂၀၉၀ ၊ အောက်တိန်း 95 တစ်လီတာလျှင် ၂၁၆၅ ကျပ်၊ ပရီမီယံ ဒီဇယ်တစ်လီတာလျှင် ၂၅၂၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၆၁၀ ပေါက်ဈေးရှိသည်။
ထိုဈေးနှုန်းများမှာ ယမန်နေ့များက ဈေးနှုန်းများနှင့် နှိုင်းယှဉ်ကြည့်လျင် အောက်တိန်း 92 နှင့် 95 တစ်လီတာစီကို ကျပ်၂၀ လောက် ပြန်ကျလာခြင်းဖြစ်ပြီး ရိုးရိုးနှင့် ပရီမီယံဒီဇယ်တွေလည်း တစ်လီတာလျှင် ၁၅ ကျပ်စီ ဈေးထပ်ကျသွားသည်ကို တွေ့ရှိရသည်။
နေပြည်တော်၊ မန္တလေးနှင့် တခြားမြို့ကြီးများရှိ စက်သုံးဆီဈေးများလည်း ယခင်ရက်တွေနှင့်ယှဉ်ပါက ဈေးအနည်းငယ်ကျဆင်းနေလျှက်ရှိနေကြောင်း သိရသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published_29 September 2022
ယခုဘဏ္ဍာနှစ်အတွင်း သတ္တုတွင်းထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၆၆ ဒသမ ၇ သန်းရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကုန်သွယ်မှုစာရင်းများအရ သိရသည်။
ကုန်သွယ်မှုစာရင်းအရ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အစဖြစ်သည့် ဧပြီလ ၁ ရက်မှ စက်တင်ဘာ ၁၆ ရက်နေ့အထိ နိုင်ငံပိုင်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈ ဒသမ ၆ သန်းရရှိထားပြီး ပုဂ္ဂလိကပိုင်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၅၈ ဒသမ ၁ သန်းရရှိထားပြီးဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် တင်ပို့ခဲ့သည့် တန်ဖိုးထက် နိုင်ငံပိုင်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၂ သန်းကျော်၊ ပုဂ္ဂလိကပိုင်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၆၃ ဒသမ ၆ သန်းလျော့ကျခဲ့ကြောင်း ဖော်ပြခဲ့သည့်စာရင်းများအရ သိရသည်။
ပြည်ပတင်ပို့သည့် သတ္တုတွင်းထွက်ပစ္စည်းတွင် ကျောက်မျက်ရတနာ၊ ရွှေ၊ ကျောက်စိမ်း၊ ပုလဲ၊ စိန်၊ ခဲ၊ ခဲမဖြူ၊ အဖြိုက်နက်၊ ငွေ၊ ကြေးနီ၊ သွပ်၊ ကျောက်မီးသွေးနှင့် အခြားသတ္တုအမျိုးမျိုးကို တင်ပို့လျက်ရှိကြောင်း သိရသည်။
ပြည်ပသို့တင်ပို့နေသည့် ပို့ကုန်များတွင် ရေထွက်ပစ္စည်းတင်ပို့မှုနှင့် အခြားကဏ္ဍတင်ပို့မှုမှာ ယခင်ဘဏ္ဍာနှစ်ထက်လျော့နည်းခဲ့ပြီး လယ်ယာထွက်ပစ္စည်း၊ တိရိစ္ဆာန်ထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်းနှင့် စက်မှုကုန်ချောပစ္စည်းတင်ပို့မှုတို့မှာ ယခင်ဘဏ္ဍာနှစ်ထက် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_29 Sept 2022
ရေစက်ပါတယ်လို့ပဲ ဆိုရတော့မှာလား။ အင်ဒိုနီးရှားကို ဒုတိယအကြိမ် ပြန်ရောက်ဖို့ အကြောင်းက ဖန်လာခဲ့ပြန်တယ်။
ပထမအကြိမ် ၂၀၁၇ ခုနှစ်တုန်းကတော့ ယော့ဂျာကာတာမှာ ကျင်းပခဲ့တဲ့ “Vesak Day” လို့ ခေါ်တဲ့ ဗုဒ္ဓနေ့ကို တက်ရောက်လေ့လာခွင့် ရခဲ့တယ်။ ကမ္ဘာအနှံက ဗုဒ္ဓဘာသာ ဂိုဏ်းပေါင်းစုံသံဃာတော်တွေကအစ နိုင်ငံတကာက ဗုဒ္ဓဘာသာအသင်းအဖွဲ့ ပေါင်းစုံက ဒီအခမ်းအနားကို တက်ရောက်လာခဲ့ကြတယ်။ အခမ်းအနားရဲ့ အထွဋ်အထိပ်နေ့က ကဆုန်လပြည့်နေ့ဖြစ်ပြီး ဂျာဗားကျွန်းကြီးပေါ်က ရှေးဟောင်းသမိုင်းဝင် ဗောဓောဗုဒ္ဓဂူဘုရာကြီးကို လက်ယာရစ် သုံးပတ်ပတ်ကာ ဗုဒ္ဓရဲ့ ဂုဏ်တော်တွေကို ရွတ်ဖတ်ပူဇော်ခဲ့ကြတယ်။ ကြားရသူတွေအဖို့ တကယ်ကြက်သီးမွှေးညှင်းထစရာပါ။
ပွဲတော်အကြိုနေ့မှာတော့ နိုင်ငံအသီးသီးက ဗုဒ္ဓဘာသာ အသင်းအဖွဲ့တွေက ခြေလျှင်ရော ကားနဲ့ပါမကျန် အတီးအမှုတ်တွေနဲ့ မြို့အနှံ လှည့်လည်ကြပါတယ်။ ထူးခြားတာက လှည့်လည်လာတဲ့ ဗုဒ္ဓဘာသာဝင် အသင်းအဖွဲ့တွေကို လမ်းဘေးဝဲယာကနေ အစာပြေမုန့်ပဲ သွားရည်စာ အပါအဝင် ရေသန့်ဘူးတွေ အခမဲ့ ဝေပေးနေတာ တစ်စီတစ်တန်းကြီး ပျော်စရာ ကောင်းနေပြန်ပါတယ်။ အဲဒီလို စီတန်းလှည့်လည်လာတဲ့ လူတန်းကြီးကို လမ်းဘေးဝဲယာကနေ မပင်မပန်း မငြီးစတမ်း တစ်သီတစ်တန်းကြီး မယူနိုင် မသယ်နိုင်လောက်အောင် အခမဲ့ ဝေငှပေးနေတဲ့သူတွေက ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ အခြားဘာ သာဝင်တွေဆိုတာ ဝတ်စားဆင်ယင်ပုံမြင်ရုံနဲ့ သိသာထင်ရှားနေပါတယ်။ ဒါဟာ အင်ဒိုနီးရှားခရီစဉ်အစရဲ့ လေးစားကြည်နူး အတုယူစရာ ကိုယ်တွေ့ဖြစ်ရပ်တစ်ခု ဆိုရမှာ ဖြစ်ပါတယ်။
ဒီတစ်ခေါက် ခရီးစဉ်ကတော့ အရင်အခေါက်နဲ့ ကွဲပြားပါတယ်။ “Journalist Friends of Indonesia 2022” ဆိုတဲ့ ခရီးစဉ်ပါ။ အင်ဒိုနီးရှားနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနက ကမကထလုပ်ကာ နိုင်ငံစုံက သတင်းသမားတွေကို ဖိတ်ပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ ယဉ်ကျေးမှု၊ အနုပညာ၊ စီးပွားရေး၊ နိုင်ငံရေးနဲ့ ခရီးသွားလုပ်ငန်းတွေကို အနီးကပ်ထိတွေ့ မိတ်ဆက်ပေးတဲ့ အစီအစဉ်ပါ။
အတိုကောက်အနေနဲ့ JFOI (2022) လိုခေါ်တဲ့ ခရီးစဉ်ကို စင်ကာပူ၊ တီမောလက်စ်တေ၊ ဗီယက်နမ်၊ လာအို၊ မြန်မာ၊ မလေးရှားနဲ့ ဖိလစ်ပိုင် နိုင်ငံတွေက ဖိတ်ကြားခံထားရသူတွေ တက်ရောက်ခဲ့ကြပါတယ်။
ခရီးစဉ်အချိန်ဇယားကတော့ ၂၀၂၂ စက်တင်ဘာ ၁၂ ရက်ကနေ ၁၈ရက်နေ့ အထိ ဖြစ်ပြီး ခရီးစဉ်နေရာတွေ ကတော့ အထင်ကရဖြစ်တဲ့ မြို့တော်ဂျာကာတာ၊ ယဉ်ကျေးမှုမြို့တော် ယော့ဂျာကာတာနဲ့ ကမ္ဘာကျော် အပန်းဖြေစခန်း ဖြစ်တဲ့ ဘာလီကျွန်းတို့ပဲ ဖြစ်ပါတယ်။
ခရီးစဉ်တစ်ခုနဲ့ တစ်ခုက အလှမ်းကွာဝေးလှတာမို ဒီခရီးစဉ်ဟာ ထူးထူးခြားခြား (၇) ရက်အတွင်း လေယာဉ် (၆) ခြောက်ကြိမ် ခြောက်ခါ စီးခဲ့ရတဲ့ အမှတ်ရစရာ ခရီးစဉ် တစ်ခုလို့လည်း ဆိုရမှာ ဖြစ်ပါတယ်။
ခရီးစဉ် ပထမဆုံးရက်မှာတော့ ထုံးစံအတိုင်းမိတ်ဆက်ညစာစားပွဲနဲ့ စခဲ့ပါတယ်။ နောက်နေ့ မိုးလင်းတော့ အင်ဒိုနီးရှား သံရုံးက အရာရှိတွေ၊ဝန်ထမ်းတွေအပါအဝင် လိုက်ပါမယ့် နိုင်ငံစုံကအဖွဲ့သားတွေ အားလုံး ကိုဗစ်-၁၉ ရှိမရှိစစ်ဆေးခံကြရပါတယ်။ အဲ့ဒီနောက်တော့ ဒီ JFOI 2022 ခရီးစဉ်ကို အစအဆုံးတာတန်ယူ စီစဉ်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့နိုင်ငံခြားရေးဝန်ကြီးဌာန တည်ရှိရာ သမိုင်းဝင် ပန်ကာစီလာ အဆောက်အဦကို သွားရောက်ပြီးသတင်းနဲ့ ပြည်သူ့ဒီပလိုမေစီ ညွှန်ကြားရေးမှူးချုပ်၊ အာစီယံဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ညွှန်ကြားရေးမှူးချုပ်တို့ရဲ့ အင်ဒိုနီးရှားဆိုင်ရာ သိမှတ်ဖွယ်ရာတွေ မိတ်ဆက်ပြောကြားတဲ့ အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။
ဒီနောက် အင်ဒိုနီးရှားနိုင်ငံရဲ့ CNN သတင်းဌာနခွဲကို ကြီးကြပ်လုပ်ကိုင်နေတဲ့ Trans Media ရဲ့ အယ်ဒီတာချုပ်ဖြစ်သူနဲ့ တွေဆုံခဲ့ပြီး CNN ရဲ့News Room နဲ့ CNNရဲ့ သတင်းတိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပုံကိုပါ အနီးကပ် ကြည့်ရှုလေ့လာခွင့်ရခဲ့ပါတယ်။ အဲ့ဒီကမှတစ်ဆင့် အာစီယံအတွင်းရေးမှူးချုပ်ရုံးကို ဝင်ရောက် လေ့လာခဲ့ကြတယ်။ ညနေပိုင်းမှာတော့ Istiqlal Mosque နဲ့ Jakarta Cathrdral တို့ကို သွားရောက်လေ့လာဖြစ်တယ်။ တတိယမြောက်နေ့မှာတော့မြို့တော်ဂျာကာတာကနေ ယဉ်ကျေးမှုမြို့တော် ယော့ဂျာကာတာကို လေယာဉ်နဲ့ ခရီး ဆက်ခဲ့တယ်။ နေ့လည်စာအပြီး Muhammadiyah ရဲ့ဥက္ကဌ ပရော်ဖက်ဆာ Haedar Nashir နဲ့တွေ့ဆုံခဲ့ပါတယ်။
စတုထ္ထနေ့မှာတော့ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေး စတဲ့နယ်ပယ်မှာ ဩဇာကြီးမားလှတဲ့ Governor Sri Sultan Hamengkubuwonox နဲ့ တွေ့ဆုံခွင့်ရခဲ့တယ်။ ဆက်ပြီးတော့ ကမ္ဘာကျော်ရှေးဟောင်းသမိုင်းဝင် ဗောဓောဗုဒ္ဓဂူဘုရားကြီး အပါအဝင် ရှေးဟောင်းပရမ်ဘာနမ် ဟိန္ဒူဘုရားကျောင်းကြီးကို လေ့လာလည်ပတ်ပြီး ညပိုင်းမှာတော့ အထူးအစီအစဉ်အနေနဲ့ ပရမ်ဘာနမ်ကျောင်းတော်ကြီးကို နောက်ခံထားတဉ်ဆောက်ထားတဲ့ အမိုးဖွင့်ကဇာတ်ရုံမှာ နာမည်ကျော် ရာမာရဏ ပြဇာတ်ကို ကြည့်ရှုခံစားခဲ့ကြရတယ်။ ပဉ္စမနေ့မှာတော့ ဘာလီကျွန်းကို လေယာဉ်နဲ့ သွားရောက်ခဲ့တယ်။ ဘာလီဆိုတာကလည်း ဆယ်နှစ်လရာသီ ကမ္ဘာလှည့်ခရီးတွေနဲ့ အမြဲပြည်နေတတ်တဲ့ နေရာဆိုတော့ အခုလို စက်တင်ဘာလမှာတောင် အားလုံး Fully Booking ဖြစ်နေပြီလို့ သိရတယ်။
ကျွန်းကြီးက မြို့တစ်မြို့စာမက ကျယ်ဝန်းလှပြီး ဟိန္ဒူဘာသာဝင် ၉၀ရာခိုင်နှုန်းနီးပါး နေထိုင်နေတယ်လို့ ဆိုတယ်။ ကျယ်ပြန်လှတဲ့ ကျွန်းကြီးပေါ်မှာ တစ်နေရာကနေ တစ်နေရာရောက်ဖို့ ကားနဲ့ နာရီချီ မောင်းရပါတယ်။ ကျွန်းကို လှည့်ပတ်လေလာ့အပြီး ညနေစောင်းချိန်မှာတော့ KECAK AND FIRE DANCE ဆိုတဲ့ ရာမရယ်၊ သီတာရယ်၊ ဟာနုမာန်ရယ်ကို အဓိက ဇာတ်လိုက်နေရာတင်ပြီး ကပြတဲ့ ပြဇာတ်ကို ကြည့်ရှုခွင့်ရခဲ့တယ်။ ထူးခြားမှုက ပြဇာတ်ကို ကူပံ့ပေးမယ့် ဘာတူရိယာမှ မပါဘဲ့ ဇာတ်အဖွဲ့သား ၅၀လောက်က တစ်နာရီကျော်ကြာ နူတ်ကနေ သီဆို၊ ငြီးတွား၊ စည်းချက်လိုက် စတာတွေကို နရီစီးဝါး ပိုင်ပိုင်နိုင်နိုင်နဲ့ နောက်ကနေ့ သီဆိုပံ့ပိုးပေးသွားတာ တွေ့မြင်ခဲ့ရတယ်။ ဒါဟာ Very Unique လို့ပြောရမယ့် ဘာလီရဲ့ ကမ္ဘာကျော်တင်ဆက်မှု တစ်ခုလို့ ဆိုရမှာဖြစ်ပါတယ်။
ဆဌမမြောက်ရက်မှာတော့ Monkey Village ကို လည်ပတ်ခဲ့ပြီး ညစာကိုတော့ ဘာလီရဲ့သဲသောင် ပင်လယ်ကမ်းစပ်က မျက်စေ့တစ်ဆုံး ဖွင်ထားတဲ့ စားသောက်ဆိုင်တန်းကြီးမှာ ပျော်ပျော်ပါးပါး စားသောက်ခဲ့ကြတယ်။ သတ္တမနေ့မှာတော့ ခရီးစဉ်အောင်မြင်စွာပြီးဆုံးပြီဖြစ်လို့ အားလုံး ကိုယ်စီကိုယ်စီ ကိုယ့်ရပ်ကိုယ်ဌာနေကို ပြန်ခဲ့ကြတယ်။ တကယ့်ကိုလှပတဲ့ သဘာဝအလှတရားတွေ၊ ဖော်ရွှေတဲ့ အင်ဒိုနီးရှားပြည်သူတွေ၊ တကယ့်ကိုကွဲပြားတဲ့ အရသာခံမဆုံးနိုင်တဲ့ ဒေသအစားအစာတွေ အစရှိသလို ပြည့်နှက်နေတဲ့ ခရီးစဉ်အကြောင်း ဖော်ပြပြီးတဲ့နောက် ကြုံတွေ ခံစားခဲ့ရတဲ့ အမြင်သစ်အတွေးသစ်တွေထဲကမှ အဓိက သိမြင့်လာတာက အင်ဒိုနီးရှားပြည်သူတွေဟာ ရှုပ်ထွေးလှတဲ့ ဘာသာရေး ဓလေ့ထုံးစံတွေ၊ တင်းကျပ်တဲ့စည်းမျဉ်း ဥပဒေတွေ၊ အပြန်အလှန် အမုန်းတရားတွေ စတဲ့ကျဉ်းမြောင်းလှတဲ့ ဘောင်ထဲမှာ ပိတ်မိမနေဘဲ လွတ်လပ်ပေါ့ပါးနေတာကို တွေ့ရတယ်။ တိုင်းပြည်ရဲ့ ဒီမိုကရက်တစ်စံနူန်းမြင့်တဲ့ ပြယုဒ်လို့ဆိုရမှာ ဖြစ်ပါတယ်။ သူတို့ဟာ အပြန်အလှန်လေးစားမှုရှိ ကြတယ်။ ယုံကြည်မှုကို တည်ဆောက်ထားနိုင်ကြတယ်။ အဲ့ဒီအတွက်ရလဒ်ကတော့ တိုင်းပြည်တည်ငြိမ်ခြင်းကို ဖြစ်ပေါ်စေတယ်။ တိုင်းပြည်စီးပွားအုတ်မြစ်ကို ခိုင့်ခံစေတယ်။
ဒါဟာ ဘယ်အချင်းအရာပေါ် အခြေခံသလည်းလို့ ဆိုရရင် ပန်ကာစီလာ (Pancasila) လိုခေါ်တဲ့ အတွေးခေါ် အယူအဆငါးချက်ပေါ် အခြေပြုပြီး နေထိုင်နေကြတာလို သိရတယ်။ အချက်(၅) ချက်ရှိပါတယ်။
၁။ ဘုရားရှင်ကို ယုံကြည်ခြင်း (Belief in Almighty God)
၂။ တရားမျှတပြီး လူသားဆန်စွာ ယဉ်ကျေးခြင်း(Just and civilized humanity)
၃။ အင်ဒိုနီးရှားရဲ့ စည်းလုံးညီညွတ်မှု(The unity of Indonesia)
၄။ အသိဉာဏ်ပညာနဲ့ ဒီမိုကရေစီကို တိုးတက်စေခြင်း(Democracy guided by the inner wisdom in the unanimity arising out of deliberations among representatives)
၅။ အားလုံးအပေါ်တရာမှုရှိစေရေး (Social justice for all Indonesians)
ဒီအခြေခံမူ ငါးချက်ကို လိုက်နာကျင့်သုံး နေရင်း မတူကွဲပြားခြင်းတွေက အင်အားတစ်ရပ်( Diversity is Power )ဆိုတဲ့ ဆောင်ပုဒ်ကို လက်မှာ ဆုပ်ကိုင်ထားတဲ့ အင်ဒိုနီးရှားပြည်သူတွေ အဖိုမှာတော့ ငြိမ်းချမ်းပျော်ရွှင်မြဲ၊ ချမ်းသာကြွယ်ဝမြဲ တောက်ပတဲ့ အနာဂတ်ဆီကို ရှေ့ဆက်လှမ်းနေဆဲ ဖြစ်မှာ အသေချာလိုပဲ ဆိုရတော့မှာ ဖြစ်ပါတယ်။
ကျော်စွာ
(ပြင်ပမှပေးပိုသည့် ဆောင်းပါးဖြစ်ပါသည်။)
#Yangon_Media_Group
#Local_News
Published_29 September 2022
ပြည်တွင်းရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းမှာ ဆက်တိုက်ကျဆင်းလာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
စက်တင်ဘာလ ၂၈ ရက်အထိ ပြည်တွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၂၅၈၀၀၀၀ အထိ ပြန်လည်ကျဆင်းလာပြီး ငွေလဲနှုန်းမှာလည်း ၃၀၀၀ ဝန်းကျင်ထိ ကျဆင်းလာကြောင်း သိရသည်။
စက်တင်ဘာလအစတွင် ပြည်တွင်းရွှေဈေးနှုန်းမှာ သိန်း ၃၀ ကျော်အထိ စံချိန်တင်မြင့်တက်ခဲ့သလို ငွေလဲနှုန်းမှာလည်းမြင့်တက်ခဲ့ကြောင်း၊ စက်တင်ဘာ ၁၉ ရက်မှစ၍ ရွှေနှင့် ဒေါ်လာဈေးနှုန်းမှာ ပြန်လည်ကျဆင်းလာခဲ့ခြင်း ဖြစ်သည်။
နစက အစိုးရအနေဖြင့် မြင့်တက်နေသည့် ရွှေဈေးနှုန်းကို ထိန်းချုပ်ရန်အတွက် ဒင်္ဂါးပြားတွေကို ထုတ်ရောင်းပေးခဲ့ပြီး နေပြည်တော်ကောင်စီတွင် စက်တင်ဘာ ၂ ရက်နေ့၌ စတင်ရောင်းချပေးခဲ့ပြီး စက်တင်ဘာ ၂၃ ရက်တွင် ရန်ကုန်နှင့်မန္တလေး၌ ရွှေဒင်္ဂံါးပြားများကို ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ထုတ်ပြန်ထားသော ရွှေဈေးနှုန်းမှာ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၉၄၇၀၀၀ ဖြစ်ကြောင်း သိရသည်။
#Ymg/STH
#Yangon_Media_Group
#World_News
Published 29 September 2022
နော့်ဒ်စထရင်းမ်(Nord Stream)ဂတ်စ်ပိုက်လိုင်းတွေမှာ ဓာတ်ငွေ့ယိုစိမ့်မှုများဖြစ်ပေါ်နေကြောင်း သိရှိရပြီးနောက် FSB ရုရှားဖက်ဒရေးရှင်းလုံခြုံရေးအဖွဲ့က နိုင်ငံတကာအကြမ်းဖက်မှု စုံစမ်းစစ်ဆေးရေးကို စတင်လုပ်ဆောင်လိုက်ပြီဖြစ်ဟု ရုရှားအစိုးရရှေ့နေရုံးက ဗုဒ္ဓဟူးနေ့မှာကြေညာလိုက်ကြောင်း အင်တာဖက်စ်သတင်းဌာနမှ တင်ပြလိုက်ပါတယ်။
ဘော်လ်တစ်ပင်လယ်အောက်ကနေ ရုရှားမှ ဂျာမနီသို့ ဓာတ်ငွေ့ပေးပို့နေတဲ့ နော့်ဒ်စထရင်းမ်ဂတ်စ်ပိုက်လိုင်းယိုစိမ့်ရခြင်းဟာ ဖျက်ဆီးခြင်းခံရတာကြောင့်လို့ စွပ်စွဲနေကြပါတယ်။
ထိုဒေသတဝိုက်ရှိ လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးမှန်သမျှက ဒီလိုဖျက်ဆီးမှုမျိုးကို ဆောင်ရွက်နိုင်ဖွယ်ရှိနေတယ်လို့ ကျွမ်းကျင်သူများကပင် သုံးသပ်နေကြပါတယ်။
ရုရှား-ယူကရိန်းပဋိပက္ခကြောင့် ဥရောပမှာ လောင်စာအကြပ်အတည်းဖြစ်ပေါ်နေပြီး အငြင်းပွားမှုများဖြစ်နေတဲ့အချိန်မှာ အခုလိုဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်ခဲ့တာပါ။
ရုရှားပိုင် ဂတ်စ်ပိုက်လိုင်း ၂ ခုမှ ဓာတ်ငွေ့များ ပင်လယ်ထဲသို့စိမ့်ထွက်နေရခြင်းဟာ တိုက်ခိုက်မှုကြောင့်ဖြစ်ကြောင်း ဂျာမနီ၊ ဒိန်းမတ်၊ ဆွီဒင်တို့က ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ကြပါတယ်။
ဒါပေမဲ့ ဘယ်သူ့လက်ချက်လဲဆိုတာတော့ အဆိုပါနိုင်ငံများ မသိရှိကြသေးပါဘူး။
ရုရှားကလည်း ဒါဟာ ဖျက်လို့ဖျက်ဆီးလုပ်တာဖြစ်နိုင်တယ်လို့ ယူဆထားပါတယ်။
ယူကရိန်းကို ကျူးကျော်တာကြောင့် အနောက်နိုင်ငံက ရုရှားကို ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ရာ ရုရှားက ဥရောပသို့ဓာတ်ငွေ့ပေးပို့မှုများ လျှော့ချခဲ့ပါတယ်။
စွမ်းအင်အခြေခံအဆောက်အအုံများကို ရည်ရွယ်ချက်ရှိရှိ နှောင့်ယှက်ခြင်းမျိုးကို ပြင်းပြင်းထန်ထန်တုံ့ပြန်သွားမယ်လို့ ဥရောပသမဂ္ဂကလည်း ကတိပြုလိုက်ပါတယ်။
"ဥရောပရဲ့စွမ်းအင်အခြေခံအဆောက်အအုံတွေကို နှောင့်ယှက်ဖျက်ဆီးတာဟာ လုံးဝလက်သင့်ခံနိုင်စရာမရှိဘဲ ညီညွတ်ပြင်းထန်တဲ့တုံ့ပြန်မှုမျိုး ဆောင်ရွက်သွားပါမယ်"လို့ ဥရောပသမဂ္ဂနိုင်ငံခြားရေးပေါ်လစီအကြီးအကဲ 'ဘော်ရဲလ်'က ပြောကြားခဲ့ပါတယ်။
နော့်ဒ်စထရင်းမ်ပိုက်လိုင်းများ ပျက်စီးရခြင်းအကြောင်း ဆွေးနွေးရန်အတွက် ရုရှားရဲ့တောင်းဆိုချက်အရ သောကြာနေ့မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ဆင့်ခေါ်သွားမယ်လို့ ပြင်သစ်ဆိုင်ရာ ကုလသမဂ္ဂမစ်ရှင်က ပြောကြားလိုက်ပါတယ်။
စက်တင်ဘာလအတွက် အဖွဲ့ဝင် ၁၅ နိုင်ငံပါကောင်စီရဲ့ အကြီးအမှူးတာဝန်ကို ပြင်သစ်က ရယူထားတာဖြစ်ပါတယ်။
ဒိန်းမတ်ကာကွယ်ရေးဝန်ကြီးက နေတိုး(NATO)အထွေထွေ အတွင်းရေးမှူး 'ယန်းစ်စတိုလ်တန်ဘာ့ဂ်'နဲ့ တွေ့ဆုံဆွေးနွေးပြီးနောက် ဒေသတွင်း လုံခြုံရေးအခြေအနေများအတွက် စိုးရိမ်စရာအကြောင်းရှိနေကြောင်း ပြောကြားခဲ့ပါတယ်။
နော်ဝေနိုင်ငံကလည်း သူတို့ရဲ့ပြင်ဆင်မှုများကို တိုးမြှင့်လိုက်ကာ ဝန်ကြီးချုပ်က ယင်းတို့စစ်တပ်များကို ဓာတ်ငွေ့နဲ့ ရေနံထားရှိရာနေရာများမှာ တပ်ဖြန့်သွားမယ်လို့ ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။
Source: WION
#Yangon_Media_Group
Published 28 September 2022
ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာရှောင်တာနယ်တို့အပါ ငါးဦးကို အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃ (၁) (ဂ)ဖြင့် ယနေ့ စက်တင်ဘာလ ၂၉ ရက်တွင် တစ်ဦးစီထောင် ၃ နှစ် ချမှတ် လိုက်ကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။
အဆိုပါ အမှုမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီးဟောင်းများ ဖြစ်သည့် စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်း နှင့် ဦးစိုးဝင်း၊ ဒုတိယဝန်ကြီးဟောင်း ဦးဆက်အောင် တို့ ၄ ဦးအား ပုဒ်မ ၃ (၁) (ဂ)/၉ (အားပေးကူညီမှု) ဖြင့် စွဲချက်တင်ထားခဲ့ကြောင်း၊ သြစတြေးလျနိုင်ငံသား မစ္စတာရှောင်တာနယ်ကို အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃ (၁) (ဂ)ဖြင့် စွဲချက်တင်ထားခဲ့သော အမှုများ ဖြစ်ကြောင်း သိရသည်။
"နေပြည်တော်အချုပ်ထောင်အထူးတရားရုံးက နေ ဒီနေ့ တစ်ယောက်စီ ထောင် ၃ နှစ် ချလိုက်တယ်"ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးကပြောသည်။
မစ္စတာရှောင်တာနယ်အနေဖြင်လ.ဝ.က အက်ဥပဒေဖြင့်လည်း ထပ်မံ စွဲဆိုခံထားရခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် စွဲဆိုထားခြင်းခံရသည့် အမှုများထဲမှ စစ်ဆေးပြီးစီးသွားသည့် အမှုများအတွက် စုစုပေါင်းထောင်ဒဏ် ၂၃ နှစ် ချမှတ်ခံပြီး ဖြစ်ကြောင်း သိရသည်။
ymg/mt
Yangon_Media_Group
#Local_News
Published 28 September 2022
ဆေးကျောင်းဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့်ရည့်သူများ စာရင်းကို ဒုတိယအကြိမ်အဖြစ် စက်တင်ဘာလ ၂၈ ရက် ညပိုင်းက ထပ်မံထုတ်ပြန်လိုက်သည်။
အကြောင်းအမျိုးမျိုးကြောင့် ဆေးတက္ကသိုလ်ဝင်ခွင့်လျှောက်ထားရန် နောက်ကျခဲ့ရသူများ၏ လျှောက်လွှာများထဲမှ အချို့ကို ရွေးချယ်၍ ဒုတိယအကြိမ်ထပ်မံ ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
မြန်မာတစ်နိုင်ငံလုံးရှိ ဒေသအသီးသီးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဆေးတက္ကသိုလ်ဝင်ခွင့် သတ်မှတ်ချက်များ ပြည့်မီသော်လည်း လျှောက်လွှာများ အချိန်မီရောက်လာခဲ့ခြင်း မရှိသည့်အတွက် ပထမအကြိမ်ဝင်ခွင့်ရစာရင်းတွင် မပါဝင်ခဲ့ရ၍ နစ်နာမှု မဖြစ်စေရန် ထပ်မံထုတ်ပြန်ခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန အရာထမ်းတစ်ဦးက သုံးသပ်ပြောပြသည်။
"လက်ရှိမှာက နယ်မြေတချို့မှာ မတည်ငြိမ်တာတွေ ရှိတယ်။ နောက်ကျတဲ့ လျှောက်လွှာတွေရှိနေလို့ အခုလို စီစဉ်ရတာပေါ့။ ဒီလိုလုပ်တာက ကျောင်းသားတွေအတွက် မနစ်နာတော့ဘူးလေ"ဟု ယင်းကဆိုသည်။
ဆေးတက္ကသိုလ်ဝင်ခွင့်လူတွေ့၊ နှုတ်ဖြေမေးစာမေးပွဲ ဖြေခွင့်ရသူများထဲတွင် ကျောင်းသား၊ကျောင်းသူပေါင်း ၈၆ ဦး ပါဝင်ကြောင်း၊ အဆိုပါ စာမေးပွဲဖြေခွင့်ရသူများ အနေဖြင့် မနက်ဖြန် စက်တင်ဘာလ ၃၀ ရက်တွင် နေပြည်တော်ရှိသားဖွားသင်တန်းကျောင်းသို့ လူကိုယ်တိုင်သွားရောက်ဖြေဆိုကြရမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက်က ဆေးတက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့်ရသူများစာရင်းကို ပထမအကြိမ်အဖြစ် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယင်းတွင် ကျောင်းသူ၊ ကျောင်းသားပေါင်း ၁၃၃၅ ဦး ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။
နစက အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ်စုစုပေါင်း ၄၅၀ အထက်ရရှိသူများ ဆေးတက္ကသိုလ်များကို လျှောက်ထားခွင့်ရှိကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
Page 1647 of 2142