#Local_News
Published_31 August 2022
ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်း ခနောက်စိမ်းသန့်စင်စက်ရုံ တည်ဆောက်နိုင်ရေးအတွက် ယနေ့ သြဂုတ်လ ၃၁ ရက်က ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တည်ဆောက်ရန် စိတ်ဝင်စားသည့် ကုမ္ပဏီတစ်ခုတို့ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ခနောက်စိမ်း သန့်စင်စက်ရုံကို အမေရိကန်ဒေါ်လာ ၂ သန်းခန့် ရင်းနှီးမြှုပ်နှံ၍ တစ်နှစ်လျှင် ခနောက်စိမ်းတန်ချိန်(၉၀၀)ခန့် ထုတ်လုပ်နိုင်သော (၄၅)နှစ်သက်တမ်းရှိ ခနောက်စိမ်းသန့်စင်ရုံကို တည်ဆောက်နိုင်ရန်နှင့် စက်ရုံကို မီးခိုးထွက်မှုမရှိသလောက်နည်းပါးသော သန့်စင်သည့်နည်းပညာ အသုံးပြုတည်ဆောက်မည် ဖြစ်ကြောင်း လည်း ဆွေးနွေးရာတွင် ထည့်သွင်းပြောကြားခဲ့ကြခြင်း ဖြစ်သည်။
စက်ရုံတည်ဆောက်ခြင်းဖြင့်ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်မည့်အစီအစဉ်များကို စနစ်တကျ ဆောင်ရွက်ကြရန် နှင့် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ သတ်မှတ်စည်းမျဉ်းစည်းကမ်းများအတိုင်း အဆင့်ဆင့်ရေးဆွဲတင်ပြရန်လည်း အစိုးရအဖွဲ့က ပြောကြားခဲ့ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_31 August 2022
မဲခေါင်–လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၁၈)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းအတွက် အသုံးပြုရန် ဆောက်လုပ်ပြီးစီးခဲ့သည့် မဲခေါင်–လန်ချန်း စီမံကိန်း သတင်း အချက်အလက် ဗဟိုဌာန အဆောက်အဦကို ဩဂုတ်လ (၃၀)ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်း(၂၀၁၈)ကို မူလက ၂၀၂၁ ခုနှစ်ထိသာ ဆောင်ရွက်ရန်ဖြစ်သော်လည်း ကမ္ဘာ့ကပ်ရောဂါကြောင့် ၂၀၂၂ ခုနှစ်အထိ ကာလပြောင်းလဲ ဆောင်ရွက်ခဲ့ရကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီး၌ ကိုဗစ် -၁၉ ကပ်ရောဂါ၏ နောက်ဆက်တွဲ သက်ရောက်မှုများ၊ ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုများနှင့် နိုင်ငံတကာစီးပွားရေး မတည်ငြိမ်မှုများ ကြောင့် စားနပ်ရိက္ခာဖူလုံရေးမှာ အလွန်အရေးကြီးသော ကဏ္ဍတစ်ခုဖြစ်လာရာတွင် သတင်းအချက်အလက်ဌာနအနေဖြင့် မဲခေါင်-လန်ချန်းဒေသတွင်းနိုင်ငံများ၏ စားနပ်ရိက္ခာဖူလုံရေးအတွက် လုံလောက်သည့် အသင်း အချက်အလက် ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
မဲခေါင်–လန်ချန်း စီမံကိန်း သတင်းအချက်အလက်ဗဟိုဌာန အနေဖြင့် မဲခေါင်-လန်ချန်းဒေသတွင်း နိုင်ငံများ အကြား သတင်းအချက်အလက်ဖလှယ်မှု စင်္ကြန်မှတစ်ဆင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် လယ်ယာကဏ္ဍ ကျေးလက်ကဏ္ဍဆိုင်ရာ စီမံကိန်းအချက် အလက်များ ညွှန်းကိန်းများကို အပြန်အလှန်ချိတ်ဆက် အသုံးပြုနိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။
မဲခေါင်မြစ် ဖြတ်သန်းစီးဆင်းရာ မြန်မာ၊ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံများပါဝင်သော မဲခေါင်- လန်ချန်းနိုင်ငံများအကြား အပြန်အလှန်လေးစားမှု ယုံကြည်မှု တန်းတူညီမျှရှိမှု၊ တစ်ဦးပေါ်တစ်ဦး နားလယ်ပေးနိုင်မှု စသည်တို့အပေါ်အခြေခံသည့် ချစ်ကြည် ရင်းနှီးမှုနှင့် နွေးထွေးသော ဆက်ဆံမှုများကို အခြေပြုပြီး မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက စီမံကိန်း(၃၁)ခု အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုနေပြည်တော်၌ ဖွင့်သည့် မဲခေါင်–လန်ချန်းစီမံကိန်း သတင်းအချက်အလက်ဗဟိုဌာန လုပ်ငန်းမှာ စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_31 August 2022
ကချင်ပြည်နယ် စီးပွားမြှင့်တင်ရေးအတွက် မတည်ထားသော ငွေကျပ် ၈ ဘီလီယံကို စိုက်ပျိုးမွေးမြူရေးဆောင်ရွက်ရသော ရင်းနှီးမြှုပ်နှံမည့် စီမံကိန်းလုပ်ငန်းများ အမြန်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်ထားကြောင်း သိရသည်။
ယင်းအပြင် မြစိမ်းရောင်စီမံကိန်းပုံဖြင့် ကျေးရွာများ ရွေးချယ်သတ်မှတ်၍ အရင်းမပျောက်မတည်ငွေဖြင့် ဆောင်ရွက်သွားမည့် စီမံကိန်းလုပ်ငန်းစဉ်များ၊ အတိုးနှုန်းနှင့် ချေးငွေသက်တမ်း သတ်မှတ် ဆောင်ရွက်နိုင်ရေး စသည်တို့ကိုလည်း လုပ်ဆောင်နိုင်ရန် ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်သမဝါယမဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနတိုက စီစဉ်နေကြောင်း သိရသည်။
ကချင်ပြည်နယ် စီးပွားမြှင့်တင်ရေးဆောင် ရွက်သွားမည့် လုပ်ငန်းစဉ်စနစ်များ၊ စီမံကိန်းလုပ်ငန်းများ မြန်ဆန်စွာအကောင်အထည်ဖော်ဆောင် ရွက်နိုင်ရေး၊ ဘဏ္ဍာလုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် သြဂုတ်လ ၃၀ ရက်တွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်၍ ဆွေးနွေးခဲ့ကြခြင်းလည်း ဖြစ်သည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published _ 31 August 2022
တောင်ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်မည့် မြန်မာလုပ်သား ၂၂၀ ဦးဟာ ဩဂုတ်လ ၃၀ ရက်နှင့် ၃၁ ရက်မှာ တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ သတင်းထုတ်ပြန်ထားသည်။
ဩဂုတ်လ ၃၀ ရက်မှာ ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက် လုပ်ကိုင်မည့် လုပ်သားသစ် ၁၁၁ ဦးဟာ အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိလာကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ဩဂုတ်လ ၃၁ ရက်မှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သားသစ် ၂၉ ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် ၅၂ ဦးနှင့် ကုန်ထုတ်လုပ်သားသစ် ၂၈ဦး၊ စုစုပေါင်း ၁၀၉ဦးဟာ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာကြောင်း သိရသည်။
ရောက်ရှိလာသည့် မြန်မာလုပ်သားတွေကို အလုပ်သမားသံအရာရှိမှ ကြိုဆိုပြီး အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခဲ့ပြီး လိုအပ်တာများ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယားအစိုးရအနေနှင့် မြန်မာလုပ်သားများကို တရားဝင်ပြန်လက်ခံနေ ပြီး ယခုဩဂုတ်လအတွင်းမှာ မြန်မာလုပ်သား ၁,၂၉၃ ဦးကို တရားဝင်ဝင်ခွင့်ပြုခဲ့သည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published - 31 August 2022
ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာဓါတ်ဆီစျေးဆက်လက်မြင့်တက်နေပြီး ဒီဇယ်စျေးအနည်းငယ် ကျဆင်းလာကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ စျေးနှုန်းများအရ သိရသည်။
ယနေ့(သြဂုတ် 31) ရက် စက်သုံးဆီစျေးနှုန်းမှာ 92 တစ်လီတာကို ၂၅၇၀ ကျပ်၊ 95 တစ်လီတာကို ၂၆၇၀ ကျပ်၊ 97 တစ်လီတာကို ၃၂၄၅ ကျပ်၊ ဒီဇယ်နှင့် ပရီမီယံဒီဇယ်တစ်လီတာကို ၃၃၃၀ ကျပ်ဖြစ်ကြောင်း သိရသည်။
ယမန်နေ့(သြဂုတ် ၃၀) စက်သုံးဆီစျေးနှုန်းမှာ 92 တစ်လီတာကို ၂၄၉၅ ကျပ်၊ 95 တစ်လီတာကို ၂၆၃၅ ကျပ်၊ 97 တစ်လီတာကို ၃၂၅၅ ကျပ်၊
ဒီဇယ်နှင့်ပရီမီယံဒီဇယ်တစ်လီတာကို ၃၃၃၅ ကျပ်ဖြစ်ကြောင်း သိရသည်။
ရန်ကုန် ၊ မန္တလေး အပါအဝင် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရည်ညွှန်းလက်လီဈေးနှုန်း ဖြင့်ရောင်းချပေး နေကြောင်းစက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်မှု ကော်မတီမှ သိရသည်။
#Ymg/STH
#Yangon_Media_Group
#Local_News
Published_31 August 2022
ငွေလဲနှုန်းကို အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာငွေ ၃၀၀၀ ကျပ်နှုန်းဖြင့် ပေးသွင်းရန် MNA က အရောင်းကိုယ်စားလှယ်များအားအကြောင်းကြားထားကြောင်း သိရသည်။
ဗဟိုဘဏ်အနေဖြင့် အမေရိကန်တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ် ဟု သတ်မှတ်ထားသော်လည်း နိုင်ငံပိုင် မြန်မာအမျိုးသား လေကြောင်းလိုင်း MNA ကမူ တစ်ဒေါ်လာလျှင် ၃၀၀၀ ကျပ်ဖြင့်ပေးသွင်းရန် အကြောင်းကြားခြင်းအပေါ် ဝေဖန်မှုများလည်း ရှိနေကြောင်း သိရသည်။
အဆိုပါ အကြောင်းကြားစာတွင် မြန်မာအမျိုးသားလေကြောင်းအနေဖြင့် အရောင်းကိုယ်စားလှယ်များ၏ လေယာဉ်လက်မှတ် ရောင်းချမှုများအတွက် USD Deposit ပေးသွင်းခြင်းကို Exchange Rate 1 USD @ 3000 MMK ဖြင့် ညီမျှသော ကျပ်ငွေကို ငွေသား (သို့မဟုတ်) Mobile & I Banking ဖြင့် အောက်ပါ ဘဏ်စာရင်းများသို့ ဩဂုတ်လ (၃၀) ရက်နေ့ ညနေ (၄)နာရီမှစတင်၍ ပေးသွင်းရမည်ဖြစ်ပါကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်ဟု ဖော်ပြထားခြင်း ဖြစ်သည်။
ယင်းအပြင် ဘဏ်စာရင်းများနှင့် ငွေလဲလှယ်နှုန်း ပြောင်းလဲမှုရှိပါက ထပ်မံအသိပေး အကြောင်းကြားပါမည်ဟုလည်း ဖော်ပြထားသည်ကို တွေ့ရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_30 August 2022
လတ်တလောမှာ မြန်မာနိုင်ငံဆရာဝန်အသင်းအနေနဲ့ အသင်းရဲ့ ဆောင်ရွက်မှုတွေ ရပ်နားထားရပေမယ့်လည်း ဆေးပညာရပ်ပြန့်ပွားရေးအတွက်ဆေးပညာရပ်ဆိုင်ရာ သင်တန်းတွေ၊ သင်ကြားရေးတွေပြန်လည်စတင်သွားဖို့ရှိတယ်လို့ မြန်မာနိုင်ငံဆရာဝန်အသင်းရဲ့တာဝန်ရှိသူထံမှ သိရပါတယ်၊၊
#Yangon_Media_Group
Page 1646 of 2079