#LocalNews
Published_ 24 March 2023
မတ်လ၂၃ရက်နေ့ က ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ဗိုလ်ချို( ၂) ရပ်ကွက် နတ်မောက်လမ်းသွယ်(၁)တွင် အမျိုးသား ၁ ဦး ဒဏ်ရာများဖြင့်သေဆုံးနေကြောင်း မြန်မာမွတ်စလင်မ် ပရဟိတအဖွဲ့မှ သိရသည်။
သေဆုံးသူအနီးရှိဖုန်းဖြင့် မိသားစုအားအဆက်အသွယ်ပြုလုပ်၍ရသဖြင့် ပရဟိတအဖွဲ့က ဆက်သွယ်အကြောင်းကြားနိုင်ခဲ့ကြောင်းသိရသည်။
သေဆုံးသူ အမျိုးသားမှာ ကြည်မြင်တိုင်မြို့နယ် သီတာရပ်ကွက် သိင်္ဂီလမ်းနေသူဖြစ်ပြီး၊ ၎င်းပိုင်ဆိုင်သော Cherry QQ အမျိုးအစား MDY CC-5489 မော်တော်ယာဉ်မှာ ပျောက်ဆုံးနေကြောင်း သိရသည်။
သေဆုံးသူ၏ရုပ်အလောင်းအား ရန်ကုန်ဆေးရုံကြီးရေခဲတိုက်သို့မွတ်စလင်ပရဟိတအဖွဲ့က ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
ymg/ppk
#Yangon-Media-Group






#LocalNews
Published-24 March 2023
မလေးရှားသို့ တရားမဝင်သွားရောက်မည့် ဘင်္ဂါလီ ၃၀ ကျော်ကို ရခိုင်ပြည်နယ် စစ်တွေမြို့၊ ဆေးသမားကြီးကျေးရွာအုပ်စု၊ အုန်းတောချေဒုက္ခသည်စခန်းအနီး၊ပင်လယ်ကမ်းစပ်တွင် မတ်လ ၂၂ ရက်က ဖမ်းမိခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က သိရသည်။
မလေးရှားသို့ တရားမဝင်သွားရောက်မည့် ဘင်္ဂါလီ ကျား ၃၄ ဦးနှင့် စက်လှေမောင်းနှင်သူ ၁ ဦးတို့အား ဖမ်းဆီးရမိခဲ့ရာ ယင်း ဖမ်းဆီးရမိဘင်္ဂါလီများမှာ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်း နေထိုင်သူများဖြစ်ပြီး မလေးရှားနိုင်ငံသို့ သွားရောက်လိုပါက ငွေကျပ်သိန်း ၈ဝ ဖြင့် ပို့ဆောင်ပေးမည်ဖြစ်ကာ စရံငွေ ၃ သိန်းကျပ် အရင်ဆုံးပေးထားရန်နှင့် ကျန်ငွေများကို မလေးရှားရောက်မှသာ ပေးဆောင်ရမည်ဟု ပွဲစားများက လာရောက်စည်းရုံးခဲ့ကြောင်း၊ယင်းကြောင့် သွားရောက်ရန် သဘောတူခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါဘင်္ဂါလီများကို ပွဲစားများက ရသေ့တောင်မြို့နယ်ရှိ အာကာတောင်ကျေးရွာနှင့် သမီးလှကျေးရွာတို့တွင် စုစည်းခဲ့ပြီး ၎င်းမှတစ်ဆင့် စက်လှေများဖြင့် ပင်လယ်ပြင်သို့ ထွက်ခွာ၍ စက်လှေအကြီးပေါ်သို့ တင်ဆောင်ပေးခဲ့ကြောင်း၊ စက်လှေမှာ ငါးဖမ်းပိုက်နှင့်ငြိပြီး ဆက်လက်ထွက်ခွာ၍ မရဘဲရှိနေစဉ် ကမ်းစပ်သို့ ရေကူးလာကြခြင်းဖြစ်ပြီး ယင်းမှတစ်ဆင့် အဖမ်းခံရခြင်းဖြစ်ကြောင်းသိရသည်။
ယခုအခါ ဖမ်းဆီးရမိဘင်္ဂါလီများကို လဝကအက်ဥပဒေဖြင့် အမှုဖွင့်အရေးယူထားပြီး ပို့ဆောင်ရာ၌ ပါဝင်သူအား ရာဇသတ်ကြီးပုဒ်မ-၃၆၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group

#LocalNews
Published-24 March 2023
မြန်မာ-ကိုရီးယား နှစ်နိုင်ငံ ချစ်ကြည်ရေး(ဒလ)မြစ်ကူးတံတား နှစ်ဖက်မှ ချဉ်းကပ်လမ်းပိုင်းနှင့် ဆင်ခြေလျှောလုပ်ငန်းများကို ယခု ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင်ပြီးစီးရန် နေ့ရော ညပါ တည်ဆောက်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သိရသည်။
တံတားကြီးကို ၂၀၁၉ ခုနှစ် မေလတွင် တည်ဆောက်ရေးလုပ်ငန်းများစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ တံတားကြီး၏ပုံသဏ္ဌာန်မှာ ရုပ်လုံးပေါ်လာပြီဖြစ်ပြီး ရန်ကုန်ဘက်ခြမ်းတွင် ဘုန်းကြီးလမ်းသို့ နှစ်လမ်းမောင်းတံတား တစ်စင်း၊ ဆူးလေဘုရားဘက်သို့ တစ်လမ်း မောင်းတံတားတစ်စင်း၊ အလုံမြို့နယ်ဘက်သို့ တစ်လမ်းမောင်း တံတားတစ်စင်းဖြင့် စုစုပေါင်း တံတားသုံးစင်း သွယ်ဆင်းသည့် ပမာ တည်ဆောက်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သိရသည်။
ယင်းတံတားအရှည်မှာ ၁၈၆၈ မီတာ၊ အကျယ် ၂၆ ဒသမ ၅ မီတာရှိကာ သံကူကွန်ကရစ် ကိုယ်ထည်အပေါ်တွင် သံမဏိကြိုးဆိုင်းဖြင့် ဘိုးပိုင်အုတ်မြစ် တံတားတစ်ခုဖြစ်ပြီး တံတား၏ တစ်ဖက်တစ်ချက်တွင် ၄ မီတာကျယ်ဝန်းသော လူသွားလမ်းပါရှိ၍ တံတားခံနိုင်ဝန် မှာ ၇၅ တန်ဖြစ်ကြောင်း ၊ပင်မတံတားကြီး၏ အောက်ဘက်တွင် တန်ချိန်တစ်သောင်းခွဲ (DWT) ရှိ နိုင်ငံတကာ ကုန်တင်သင်္ဘောများ ဖြတ်သန်းသွားလာနိုင်ရန် ရေလမ်းကင်းလွတ် အမြင့် ၄၉ မီတာ(၁၆၀ ပေ) ၌ ရေလမ်းကင်းလွတ် အကျယ် ၃၀၁ မီတာ (၉၉၈ ပေ)ဖြင့် တည်ဆောက်နေကြောင်း သိရသည်။
တံတားစီမံကိန်းကို ကိုရီးယားနိုင်ငံ GS Engineering Group မှ တာဝန်ယူတည်ဆောက်ခြင်းဖြစ်ပြီး စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၅၇ ဒသမ ၈၃၃ သန်း ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_ 24 March 2023
မတ်လ(၂၇)ရက်တွင်(၇၈)နှစ်မြောက်တပ်မတော်နေ့စစ်ရေးပြအခမ်းအနား နေပြည်တော်၌ကျင်းပမည်ဖြစ်၍ ရန်ကုန်-မန္တလေးလမ်းဟောင်းနေရာအချို့ ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း နေပြည်တော်ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ၏ ထုတ်ပြန်ချက်အရသိရသည်၊၊
ရန်ကုန်-မန္တလေးလမ်းဟောင်း ပျဉ်းမနားမြို့နယ် ဘောဂသီရိမီးပွိုင့်မှ ဇေယျာသီရိမြို့နယ် သိုက်ချောင်း လမ်းဆုံမီးပွိုင့်အထိ မနက်(၅)နာရီမှ(၁၀)နာရီအထိ ခေတ္တလမ်းပိတ်/လမ်းလွှဲထားမည်ဖြစ်သည်ဟုဆိုသည်၊၊
မော်တော်ယာဉ်မောင်းနှင်သူများအနေဖြင့် မတ်လ (၂၇)ရက်တွင် နေပြည်တော်ဇေယျာသီရိမြို့နယ် သိုက်ချောင်းလမ်းဆုံမီးပွိုင့်မှ နိဗ္ဗာန်လမ်း (မြို့ပတ်လမ်း)အတိုင်း ခွာညိုပန်းအဝိုင်းအထိ၊၎င်းမှ ရာဇသင်္ဂဟလမ်းအတိုင်းကုမုဒြာကြာပန်းအဝိုင်းအထိ ၊ရာဇဌာနီလမ်းအတိုင်း ပျဉ်းမနားမြို့နယ် ပန်းခင်းလမ်း မီးပွိုင့်-ဘောဂသီရိမီးပွိုင့်မှတစ်ဆင့် ရန်ကုန်-မန္တလေးလမ်းဟောင်းသို့မောင်းနှင်ပေးကြရန်
နေပြည်တော်ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှသတိပေးနှိုးဆော်ထားကြောင်း သိရသည်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published_ 24 March 2023
မတ်လ၂၄ရက်နေ့ ရွှေအဖွင့်စျေးမှာ ၂၃သိန်း၄သောင်းကျော်ရည်ညွှန်းသတ်မှတ်ထားကြောင်းရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှသိရသည်။ကမ္ဘာ့ရွှေပေါက်စျေးမှာ တစ်အောင်စကို ၁၉၉၀ ဒေါ်လောက်ပေါက်စျေးရှိနေကြောင်း ကမ္ဘာ့ရွှေစျေးကွက်အတွင်းစုံစမ်းသိရှိရသည်။
ကမ္ဘာ့ရွှေစျေးမြင့်တက်နေသည့်အတွက် စျေးကွက်ထဲမှာစျေးနူန်းအပြောင်းအလဲများနေပြီး စျေးကစားသူတွေလည်းရှိနေကြောင်း ရန်ကုန်ရွှေအသင်းက သတိထုတ်ပြန်ထားပါသည်။ကမ္ဘာ့ရွှေစျေးနှင့် ပြည်တွင်းရွှေစျေး ချိတ်ဆက်မူမရှိသည့်အတွက် ရွှေစျေး အပြောင်းအလဲဖြစ်မည်ကို စိုးရိမ်စရာမလိုကြောင်း ရန်ကုန်ရွှေအသင်းကထုတ်ပြန်ထားသည်။
ပြည်တွင်းရွှေစျေးဟာ မတ်လ ဒုတိယအပတ်မှာ တည်ငြိမ်နေပေမယ့် တတိယအပတ်ထဲမှာ စျေးနူန်းအမြင့်ဘက်ရောက်ရှိလာပြီးသိန်း၃၀နီးပါးအထိပေါက်စျေးရှိနေသည်။
ymg/ynzw
#Yangon_Media_Group

#LocalNews
Published_ 23 March 2023
၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၂၃ ခုနှစ် မတ်လ ၁၀ ရက်အထိ ပြည်ပသို့ ပင်လယ်ရေကြောင်းမှ ပြောင်းတန်ချိန် ၁၁ သိန်းတင်ပို့ထားကြောင်း မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန်သည်များအသင်း ကသိရသည်။
ကုန်သည်တွေအနေနဲ့ ပြောင်းကို လွတ်လွတ်လပ်လပ်တင်ပို့နိုင်ပြီးMOU ထိုးစရာမလိုကြောင်းနှင့်လက်ရှိတွင် နိုင်ငံပေါင်း ၇၀ ကို ပဲ၊ ပြောင်း၊ နှမ်းတင်ပို့လျက်ရှိကြောင်းကသိရသည်။
နှစ်စဉ် ပြည်တွင်း၌ တစ်နှစ်အတွင်းစိုက်ပျိုးထုတ်လုပ်သည့် ပြောင်းတန်ချိန်သည် ၂ ဒသမ ၃ သန်းနှင့် ၂ ဒသမ ၆ သန်းကြားထွက်ရှိပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကနေတစ်ဆင့် ထိုင်းနိုင်ငံသို့ မတ်လ ၁ ရက်မှစတင်ပြီး အခွန်ကင်းလွတ်ခွင့်ဖြင့် သြဂုတ်လ ၃၁ ရက်အထိ တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိ မြန်မာ့ပြောင်းကို ဒေသတွင်းနိုင်ငံများ၏ လိုအပ်ချက်ရှိမှုကြောင့် ဝယ်လိုအားရှိနေဆဲဖြစ်ပြီး ဗိယက်နမ်၊ဖိလစ်ပိုင်အန္ဒိယအပါအဝင်နိုင်ငံအများအပြားကဝယ်ယူလျက်ရှိသည်။
ပြောင်းတင်ပို့ရာတွင် နယ်စပ်မှတင်ပို့နေသည့် ကုန်သည်အချို့သည် ၆၅-၃၅ စနစ်ကြောင့် အဆင်မပြေမှုများရှိနေကြောင်း ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။
ymg/ppk
#Yangon-Media-Group
#LocalNews
Published_ 24 March 2023
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ နှောကန်ရွာ အရှေ့ဘက်ရှိ ဆောက်လုပ်ရေးရုံးခွဲ ယနေ့ ညနေပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မတ်လ ၂၃ ရက်၊ ယနေ့ ညနေ ၃ နာရီခန့်တွင် ပုလဲမြို့နယ်၊ နှောကန်ရွာအရှေ့ဘက်ပုလဲ၊ ဂန့်ဂေါ်လမ်းဘေးရှိ ဆောက်လုပ်ရေးရုံးခွဲ မီးလောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
တောမီးရှို့ထားရာကနေ ရုံးအဆောက်အဦပါ မီးလောင်သွားခြင်းဖြစ်ပြီးမီးငြိမ်းသက်ဖို့ ကြိုးစားရာတွင်ရာသီဥတုပူပြင်းခြင်းနှင့် ရေအလွယ်တကူမရတာကြောင့်ဟု ဒေသတွင်းကူညီစောင့်ရှောက်ရေးအဖွဲ့ဝင် တစ်ဦးက ပြောသည်။
ပျက်ဆီးဆုံးရှုံးမှုတန်ဖိုးကိုတွက်ချက်နေဆဲဖြစ်ပြီထိခိုက်ဒါဏ်ရာရရှိသူမရှိကြောင်းသိရသည်။
ymg/ppk
#Yangon-Media-Group



Page 1640 of 2475