#LocalNews
Published 2 Oct 2022
ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ရှိ အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ချုပ် (International Maritime Organization- IMO) ရုံးချုပ်အဆောက်အဦ၌ “New Technologies for Greener Shipping” ခေါင်းစဉ်ဖြင့် စက်တင်ဘာလ ၂၉ ရက် လန်ဒန်ဒေသစံတော်ချိန် (၁၇၀၀) နာရီတွင် ကျင်းပသည့် “World Maritime Day 2022” အခမ်းအနားသို့ မြန်မာသံရုံး၊ လန်ဒန်မြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ် ဦးထွန်းအောင်ကျော် ပါဝင်တက်ရောက်ခဲ့ကြောင်း နိုင်ခြားရေးဝန်ကြီးဌာနကသိရသည်။
အဆိုပါအခမ်းအနားသို့ IMO အတွင်းရေးမှူးချုပ်၊ ဗြိတိန်နိုင်ငံဆိုင်ရာ နိုင်ငံခြား သံအမတ်ကြီးများနှင့် IMO ဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်းလည်း ယင်းတွင်ဖော်ပြထားသည်။
IMO ကို ၁၉၄၈ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် ၁၉၅၁ ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ကာ လက်ရှိတွင် အဖွဲ့ဝင်နိုင်ငံပေါင်း (၁၇၅) နိုင်ငံဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 2 October 2022
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ (၁) ရက်တွင်ရှိသော မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေမှာ ၅၅ ဒသမ ၈ သန်းရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံရဲ့ ခန့်မှန်းလူဦးရေမှာ ၅၅ ဒသမ ၃ သန်းရှိခဲ့ရာမှ ယခုနှစ်မှာ ၅ သိန်းခန့်တိုးလာခြင်း ဖြစ်ပါတယ်။
အဆိုပါခန့်မှန်းလူဦးရေမှာ ၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှ ကောက်ယူထားတဲ့ လူဦးရေကိုအခြေခံ၍ ခန့်မှန်းတွက်ချက်ထားခြင်းဖြစ်ပြီး နှစ်စဉ်ထုတ်ပြန်တာဖြစ်ပါတယ်။အဆိုပါထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းဒေသကြီးမှာ လူဦးရေ ၈ ဒသမ ၉ သန်းဖြင့် လူဦးရေအများဆုံးဖြစ်ပြီး ကယားပြည်နယ်မှာ လူဦးရေ ဝ ဒသမ ၃ သန်းဖြင့် လူဦးရေအနည်းဆုံး ပြည်နယ်ဖြစ်ကာ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် လူဦးရေ ၆ ဒသမ ၇ သန်းဖြင့် ဒုတိယအများဆုံး ရှိနေပါတယ်၊ ဧရာဝတီတိုင်းဒေသကြီး၌ ၆ ဒသမ ၃ သန်း ရှိနေပါတယ်။
ygm_mnn
#Yangon_Media_Group
#LocalNews
Published_2 October2022
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် သံရွာအနီးရှိ တောင်တော်ကွင်း ဧက ၂၀၀ အနက် ဧက ၈၀ ပေါ်တွင် Green Power Energy Co.,Ltd က အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၄၃ သန်းခန့် ရင်းနှီးမြှုပ်နှံ၍ ၂၀၂၂ ခုနှစ် ဧပြီလမှစတင်ပြီး ဆောင်ရွက်ခဲ့သည့် တောင်တော်ကွင်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်း ၈၄ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
Green Power Energy Co.,Ltd အနေဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်း ၃၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သော သာစည်မြို့နယ် သပြေဝ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုစီမံကိန်းနှင့် ယခု ၂၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် တောင်တော်ကွင်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစီမံကိန်းတို့အပြင် နောက်ထပ် တိုးချဲ့ဆောင်ရွက်ရန်လည်း ရှိနေကြောင်း လျှစ်စစ်စွမ်းအားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် မန္တလေးစက်မှုဇုန်မှ လုပ်ငန်းရှင်များအနေဖြင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု နည်းလမ်းများကိုသိရှိပြီး အသုံးပြုနိုင်ရန် အဆိုပါနေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းများကို သွားရောက်လေ့လာမှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။
ပြည်တွင်းဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ရေအားလျှပ်စစ်စီမံကိန်းများနှင့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများကိုဆောင်ရွက်နေသည့်အပြင် နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်းများနှင့် လျှပ်စစ်ဓာတ်အားဝယ်ယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်းလည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ပြီးခဲ့သည့် သြဂုတ်လအတွင်းက ထုတ်ပြန်ခဲ့သေးသည်။
ymg/mt
#Yangon_Media_Group
Published 2 Oct 2022
ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပတ်သက်ပါက တပ်မတော်အနေဖြင့် လက်လှမ်းမမီသည့်ဒေသ၊လက်လှမ်းမမီသည့် ကုသမှု အမျိုးအစား မရှိသလောက် ဆောင်ရွက်နိုင်ပြီလို့ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
(၇၅)နှစ်မြောက် စိန်ရတုဆေးတပ်ဖွဲ့နေ့ အခမ်းအနားကို အောက်တိုဘာ(၁)ရက်က ရန်ကုန်မြို့ရှိ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာမှာ နစကဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
အဲသလို ဆောင်ရွက်နိုင်ခြင်းသည် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ၏ ကြိုးပမ်းအားထုတ်မှု၊ လက်ဆင့် ကမ်း ပညာအမွေများ ပေးခဲ့ကြသည့် ဆေးပညာရှင်ကြီးများ၏ ကျေးဇူးများကြောင့်ဖြစ်လို့ ဂုဏ်ယူဝမ်းမြောက် ကျေးဇူးတင်ရှိပါကြောင်း၊ ဆေးဝန်ထမ်း တပ်ဖွဲ့အနေဖြင့် ထိုကဲ့သို့ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေးအတွက် လိုအပ်သည့် ဆရာဝန်၊ သူနာပြုများကို မွေးထုတ်နိုင်ရေးကိုလည်း လွတ်လပ်ရေး ရပြီးစကာလကပင်ကြိုးပမ်းခဲ့သည်ကိုတွေ့ရပါကြောင်း၊ အထင်ရှားဆုံးမှာ တပ်မတော် တစ်ရပ်လုံး၌ရှိသည့် ဆေးဝန်ထမ်း တပ်ဖွဲ့ဝင် များ၏ လေ့ကျင့်သင်ကြားမှုများကို ဆောင်ရွက်နိုင်ရေးအတွက် ၁၉၅၂ ခုနှစ်တွင် ဆေးဘက်ဌာနချုပ်နှင့် လေ့ကျင့်ရေးတပ် ကို ဖွင့်လှစ် ပေးနိုင်ခဲ့ပါကြောင်း၊ ထိုတပ်သည် နောင်အခါတွင် ဗဟိုဆေးတပ်အမည်ဖြင့် တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် များ၏ လေ့ကျင့်ရေးကို နှစ်ပေါင်းများစွာ ဆောင်ရွက်ပေးခဲ့ပြီး ၂၀၁၅ ခုနှစ်၌ တပ်မတော် ဆေးဘက်ဆိုင်ရာပညာသင်ကျောင်းအနေဖြင့် ပြောင်းလဲ ဖွဲ့စည်းပေးခဲ့ပြီး ဖြစ်ကြောင်း ဗိုလ်ချူပ်မှူးကြီးက ဆက်လက်ပြောဆိုခဲ့တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တပ်မတော်၏ စစ်ဆင်ရေးများဖြစ်သည့် အင်းစိန်တိုက်ပွဲ၊ တရုတ်ဖြူ ကျူးကျော်မှု မှစ၍ စစ်ဆင်ရေးများအထိ တိုက်ပွဲပေါင်း၊ စစ်ဆင်ရေးပေါင်းများစွာ၌လည်း ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များသည် စွမ်းစွမ်းတမံကျေပွန်စွာ တာဝန်ထမ်းဆောင်ခဲ့ကြရာမှာ ဗိုလ်ကြီး သူရမွန်ထော်သက်ညွန့် ကဲ့သို့ တိုင်းပြည်အတွက် စွန့်လွှတ်စွန့်စား ဆောင်ရွက်ခဲ့ကြသည့် ထူးချွန်သူပေါင်းများ ကိုလည်း ဆေးတပ်ဖွဲ့သမိုင်းတစ်လျှောက်တွင် များစွာတွေ့မြင်ခဲ့ရတယ်လို့ ဗိုလ်ချူပ်မှူးကြီးက ပြောပါတယ်။
တပ်မတော်ဆေးရုံတွေကို အဆင့်မြှင့်တင်ခဲ့ရာတွင် ယခုအချိန်၌ ကျောက်ကပ် အစားထိုး ကုသနိုင်သော ဆေးရုံ ၄ ရုံ၊ အသည်းအစားထိုးကုသပေးနိုင်သော ဆေးရုံ ၁ ရုံ၊ နှလုံးသွေးကြော ရောဂါရှာဖွေခြင်းနှင့် သွေးကြောချဲ့ကုသနိုင်သော ဆေးရုံ ၄ ရုံ၊ နှလုံး ခွဲစိတ်ကုသနိုင်သော ဆေးရုံ ၂ ရုံနှင့် ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသနိုင်သော ဆေးရုံ ၃ ရုံတို့ ရှိနေပြီလို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။မကြာသေးမီကလည်းမြန်မာ့တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့၏ သမိုင်း မှတ်တိုင်တစ်ခုအနေဖြင့် ပထမဆုံးအကြိမ် အသည်းအစားထိုးကုသမှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်းလည်းသိရှိရပါတယ်။
တပ်မတော် ဆေးရုံ/ ဆေးတပ် ၆၇ ခုနှင့် ကိုဗစ်ကုသမှု စင်တာ ၅၄ ခုတို့ကို ဖွင့်လှစ် ပြီး ပြည်သူလူထုကိုပါ ကုသမှုများပေးနိုင်ခဲ့ရာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့အထိ ကိုဗစ် အတည်ပြုလူနာ သံဃာတော် ၁,၅၀၅ ဦး၊ သီလရှင် ၁၀၈ ဦး၊ အရပ်သား ၁၆,၀၅၄ ဦး နှင့် နိုင်ငံခြားသား ၁၃၅ ဦး၊ စုစုပေါင်း ၁၇,၈၀၂ ဦးကို ပြုစုစောင့်ရှောက်မှုပေခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနများ၏ လိုအပ်ချက်အရ ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များကို လွှဲပြောင်းတာဝန်ပေးနိုင်ခဲ့တယ် လို့လည်း သိရှိရပါတယ်။
(၇၅)နှစ်မြောက် စိန်ရတုဆေး တပ်ဖွဲ့နေ့အထိမ်းအမှတ်အဖြစ် အမှတ်(၁)တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)၊ အဆင့်မြင့် (၈)ထပ် ဆေးရုံအဆောက်အဦသစ်၊ အထူးကုသမှုစင်တာကိုလည်း ယမန်နေ့က ဖွင့်လှစ်ပေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။
Source SAC’s info
#SG_Min_Aung_Hlaing
#Myanmar
#Myanmar_Military
#Local_News
Published_ 2 October 2022
ရန်ကုန်တိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် ငွေကျပ်သိန်း ၆၅၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄ ဒသမ ၃ သိန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၂၈ ရက် ည ၉ နာရီခွဲအချိန် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၂) ရပ်ကွက်၊ ဦးရေခဲလမ်းပေါ်တွင် မောင်မောင်ရွှေ (ခ)မောင်ရွှေ မောင်းနှင်လာသော TOYOTA Hilux Surf မော်တော်ယာဉ်ကို သတင်းအရရှာဖွေခဲ့ကြပါတယ်။
ထိုသို့ရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၇၀၀၀၀ ပြား သိမ်းဆည်းရမိခဲ့ ပြီး ၎င်းငှားရမ်းအသုံးပြုသည့် မရမ်းကုန်းမြို့နယ်၊ (၁) ရပ်ကွက်၊ (၈) လမ်းနှင့် မရမ်းကုန်း မြို့နယ်၊ (၂) ရပ်ကွက်၊ အောင်မေတ္တာလမ်းရှိ တိုက်ခန်း ၂ ခန်းအတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၁ ဒသမ ၄ သိန်းနှင့် မြန်မာငွေကျပ် သိန်း ၂၀ ထပ်မံတွေ့ရှိသဖြင့် စုစုပေါင်း ဒေသကာလတန်ဖိုးငွေကျပ် သိန်း ၂၁၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၁ သိန်း သိမ်းဆည်းရမိခဲ့ပါတယ်။
အလားတူ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန် မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ အနန္တသုခလမ်းမပေါ်တွင် အောင်ကျော်ဇင်သက် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား သတင်းအရရှာဖွေခဲ့ပါတယ်။
ထိုသို့ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၈၅၀ ပြားနှင့် ပွိုင့် ၃၂ ပစ္စတိုသေနတ် ၁ လက် သိမ်းဆည်းရမိခဲ့ပြီး ၎င်းနေထိုင်သည့် မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ အောင်ဒီပါလမ်းရှိ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၁၄၅ သိန်းနှင့် TOYOTA LANDCRUISER PRADO မော်တော်ယာဉ် ၁ စီး ထပ်မံတွေ့ရှိသဖြင့် စုစုပေါင်းတန်ဖိုးငွေ ကျပ်သိန်း ၄၄၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၂ သိန်းကျော် သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန် သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ygm_mnn
#Yangon_Media_Group
#LocalNews
Published_2 October2022
နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲအတွင်း ပုလဲ၊ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများ ရောင်းချသွားမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီက သိရသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီက ပြုလုပ်မည့် ၂၀၂၂ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို အောက်တိုဘာလ (၁၉) ရက်မှ (၂၅)ရက်အထိ နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရတနာပြပွဲသို့ မြန်မာ့ကျောက်မျက်ရတနာဥပဒေနှင့်အညီ ခွင့်ပြုမိန့်ရယူ၍ ကျောက်မျက်ရတနာများ တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် နိုင်ငံသားကျောက်မျက်ရတနာလုပ်ငန်းရှင်များ၊ လိုင်စင်ရယူ၍ ကျောက်မျက်ရတနာရောင်းဝယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံသားကျောက်မျက်ရတနာလုပ်ငန်းရှင်များအား သတ်မှတ်ချက်များနှင့်အညီ တက်ရောက်ဝယ်ယူခွင့်ပြုမည်ဖြစ်ကြောင်း ကော်မတီက ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် ကျောက်မျက်ရတနာများ ရောင်းချခြင်းကို ၁၉၆၄ ခုနှစ်က စတင်ခဲ့ခြင်းဖြစ်ပြီး ပထမဆုံးအကြိမ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို တော်လှန်ရေးကောင်စီ အစိုးရလက်ထက် ၁၉၆၄ ခုနှစ်တွင် ရန်ကုန်မြို့ အင်ယားလိတ်ဟိုတယ်၌ စတင်ကျင်းပခဲ့ခြင်း ဖြစ်သည်။
ပထမဆုံးအကြိမ်မှစ၍ ၁၉၉၃ ခုနှစ် ဖေဖော်ဝါရီလ အကြိမ် (၃၀) မြောက်ပြပွဲအထိ ပြပွဲပေါင်း ၃၁ ပွဲကို ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်၌ပင် ကျင်းပခဲ့ပြီးနောက် ၁၉၉၃ ခုနှစ် နှစ်လယ်ပြပွဲမှ ၂၀၀၆ ခုနှစ် မတ်လ (၄၃) ကြိမ်မြောက်ပြပွဲအထိ ပြပွဲပေါင်း ၃၅ ပွဲကို ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ မြန်မာ့ကျောက်မျက် ရတနာပြပွဲခန်းမ၌ ကျင်းပခဲ့ပြီး ၂၀၀၆ ခုနှစ် ဇွန်၊ ဇူလိုင် အထူးပြပွဲမှ ၂၀၁၀ ပြည့်နှစ် ဇွန်၊ ဇူလိုင်အထူးပြပွဲအထိ ပြပွဲပေါင်း ၁၃ ပွဲကို ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ၌ ကျင်းပခဲ့ခြင်း ဖြစ်သည်။
ယင်းနောက် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ နှစ်လယ်ပြပွဲမှစတင်၍ ၂၀၂၁ ခုနှစ် ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများ ပြပွဲအထိ ပြပွဲ ၁၇ ပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ပြုလုပ်နိုင်ခဲ့ကြောင်း ၊ ယခု(၅၇) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်မှ ၂၈ ရက်အထိ နေပြည်တော်မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပခဲ့ရာ ပုလဲအတွဲများ၊ ကျောက်မျက်အတွဲများနှင့် ကျောက်စိမ်းအတွဲများကို ပြည်တွင်းပြည်ပရတနာကုန်သည်များသို့ အိတ်ဖွင့်တင်ဒါစနစ် အသုံးပြု၍ နိုင်ငံခြားငွေဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_2 October 2022
စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများကို အမေရိကန်ဒေါ်လာအပြင် ယွမ်ငွေဖြင့်ပါ ပေးချေခွင့်ပြုထားကြောင်း ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။
အဆိုပါထုတ်ပြန်ချက်တွင် စက်သုံးဆီတင်သွင်းသည့်ကုမ္ပဏီများမှ Trade Financing ရယူထားသည့် နိုင်ငံခြားငွေအတွက် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီဆုံးဖြတ်ချက်အရ Swap Facility ပမာဏအချို့အားယွမ်ဖြင့် ပေးချေခွင့်ပြုခြင်းနှင့် နောင်စက်သုံးဆီဖိုးပေးချေမှုများအတွက် ယွမ်ဖြင့်ပေးချေခွင့်ပြုကြောင်း ပါရှိသည်။
ယင်းအပြင် အမေရိကန်ဒေါ်လာဖြင့် Swap ရယူထားသည့် ကိစ္စရပ်များအတွက် နိုင်ငံခြားသုံးငွေများရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရဘဏ်များအနေဖြင့် ကင်းလွတ်ခွင့်ပြုသည့် ကုမ္ပဏီအဖွဲ့အစည်း ၊ လူပုဂ္ဂိုလ်များမှ ပြည်ပမှနိုင်ငံခြားသုံးငွေဖြင့်ရရှိငွေ၊ Worker Remittance ဝင်ရောက်ငွေနှင့်ပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှုန်းတို့မှ ဝယ်ယူထားသည့်အမေရိကန်ဒေါ်လာများအား အလီလီရောင်းချခြင်းတို့ကိုဆောင်ရွက်ပေးပြီး Swap ပြန်လည်ပေးဆပ်စေရန်နှင့် ပေးဆပ်မှုပမာဏများအပေါ်မူတည်၍ Trade Financing ရယူရေးတို့ကို စီစဥ်ဆောင်ရွက်ပေးရန်လည်း ဖော်ပြပါရှိသည်။
#ymg/sth
#Yangon_Media_Group
Page 1639 of 2141