#LocalNews
Published _24 March 2023

(၅၈) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲအတွင်း ကျောက်စိမ်း ၁၅၄၄ တွဲ၊ ပုလဲအတွဲ၂၉၀ နှင့် ကျောက်မျက်၇၇ တွဲ ရောင်းချနိုင်ခဲ့ကြောင်း ပြပွဲကော်မတီက ထုတ်ပြန်လိုက်သည်။

နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ မတ်လ ၁၇ ရက်က မတ်လ ၂၃ ရက်ထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပုလဲအတွဲပေါင်း ၂၉၅ တွဲ၊ ကျောက်မျက်အတွဲပေါင်း ၁၂၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၂၁၅၀ တွဲတို့ကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များအား ပြသရောင်းချခဲ့ခြင်း ဖြစ်သည်။

ပြပွဲတွင် ပုလဲအတွဲပေါင်း ၂၉၅ တွဲကို မတ်လ ၁၈ ရက်မှ ၁၉ ရက်အထိ လည်းကောင်း၊ ကျောက်မျက်အတွဲပေါင်း ၁၂၀ ကို မတ်လ ၂၀ ရက်တွင် လည်းကောင်း၊ ကျောက်စိမ်းအတွဲပေါင်း ၂၁၅၀ ကို မတ်လ ၁၇ ရက်မှ ၂၁ ရက်အထိ လည်းကောင်း ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုပြပွဲတွင် ပုလဲအတွဲများကို အမေရိကန်ဒေါ်လာဖြင့် အခြေခံဈေးထားရှိပြီး တန်ဖိုးငွေပေးချေရာတွင် ပြည်ပကုန်သည်များသည် အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ် နှင့် ထိုင်းဘတ်ငွေတို့ဖြင့်လည်းကောင်း၊ ပြည်တွင်းကုန်သည်များသည် မြန်မာကျပ်ငွေဖြင့်လည်းကောင်း၊ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများကို ယူရိုငွေဖြင့် အခြေခံဈေးထားရှိပြီး ကျောက်မျက်အတွဲများအတွက် တန်ဖိုးငွေပေးချေရာတွင် ပြည်ပ ကုန်သည်များသည် အမေရိကန်ဒေါ်လာ သို့မဟုတ် ယွမ်ငွေ သို့မဟုတ် ထိုင်းဘတ်ငွေတို့ဖြင့်လည်းကောင်း၊ ပြည်တွင်းကုန်သည်များသည် မြန်မာကျပ်ငွေဖြင့်လည်းကောင်း၊ကျောက်စိမ်းအတွဲများအတွက် တန်ဖိုးငွေပေးချေရာတွင် နိုင်ငံခြားငွေဖြင့်သာပေးချေရမည့် ကျောက်စိမ်းအတွဲများအတွက် ပြည်တွင်း၊ ပြည်ပကုန်သည်များသည် အမေရိကန်ဒေါ်လာ သို့မဟုတ် ယွမ်ငွေ သို့မဟုတ် ထိုင်းဘတ်ငွေတို့ဖြင့် လည်းကောင်း၊ နိုင်ငံခြားငွေ သို့မဟုတ် မြန်မာကျပ်ငွေဖြင့်ပေးချေရမည့် ကျောက်စိမ်းအတွဲများအတွက် ပြည်တွင်းကုန်သည်များသည် မြန်မာကျပ်ငွေဖြင့်လည်းကောင်း၊ ပြည်ပကုန်သည်များသည် အမေရိကန် ဒေါ်လာ သို့မဟုတ် ယွမ်ငွေ သို့မဟုတ် ထိုင်းဘတ်ငွေတို့ဖြင့်လည်းကောင်း ပေးချေခဲ့ကြကြောင်း သိရသည်။

ကျောက်မျက်ရတနာပြပွဲများကို ၁၉၆၄ ခုနှစ်မှစတင်၍ ကျင်းပခဲ့ရာ ယခုကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ymg/mt
#Yangon_Media_Group