#LocalNews
Published-24 March 2023

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) အနေဖြင့် ယခု မတ်လကုန်ပိုင်းမှ စ၍ စင်ကာပူနိုင်ငံသို့ လေကြောင်းခရီးစဉ်များ တိုးချဲ့ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စင်ကာပူနိုင်ငံသို့ လေကြောင်းခရီးစဉ်များကို တစ်ပတ်လျှင် ခုနစ်ကြိမ် ပျံသန်းပေးလျက်ရှိပြီး မတ်လ ၂၈ ရက်မှစ၍ အပတ်စဉ် အင်္ဂါ၊ ကြာသပတေးနှင့် စနေနေ့တို့တွင် နောက်ထပ် လေကြောင်းခရီးစဉ် သုံးကြိမ် တိုးချဲ့ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် မတ်လ ၂၈ ရက် နောက်ပိုင်းတွင် MAI အနေဖြင့် စင်ကာပူနိုင်ငံသို့ ပြေးဆွဲမည့် ခရီးစဉ်မှာ တစ်ပတ်လျှင် ၁၀ ကြိမ်ရှိလာမည်ဖြစ်ကြောင်း ၊စင်ကာပူသို့ သွားရောက်သည့် ခရီးသည်အများစုမှာ စီးပွားရေးကိစ္စနှင့် အလည်အပတ် သွားရောက်ကြသူများကြောင်းလည်း သိရသည်။

ယခုအခါ MAI အနေဖြင့် Airbus A320 လေယာဉ်များဖြင့် အာရှတိုက် လေကြောင်းခရီးစဉ်များ၊ ဒူဘိုင်းလေကြောင်း ခရီးစဉ်များကို အဓိကထား ပျံသန်းပေးလျက်ရှိပြီး အိန္ဒိယနိုင်ငံ ဒေလီမြို့သို့လည်း တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့တို့တွင် တစ်ပတ်လျှင် သုံးကြိမ် ပျံသန်းပေးလျက်ရှိကြောင်း၊ယင်းအပြင် ကမ္ဘောဒီးယားနိုင်ငံရှိ ဖနွမ်းပင်လေဆိပ်၊ ဗီယက်နမ်နိုင်ငံရှိ ဟနွိုင်းလေဆိပ်နှင့် ဟိုချီမင်းလေဆိပ်၊ ထိုင်းနိုင်ငံရှိ ဖူးခက်လေဆိပ်၊ ချင်းမိုင်လေဆိပ်နှင့် ဗန်ကောက်လေဆိပ်တို့သို့လည်း ပျံသန်းပေးလျက်ရှိကြောင်း သိရသည်။

ymg/mt
#Yangon_Media_Group