#LocalNews
Published _24 March 2023

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်၊ ဖွံ့ဖြိုးရေးလမ်း (ဖွံ့ဖြိုးရေးလမ်းဆုံအနီး)တွင် ယနေ့ မတ်လ ၂၄ ရက် မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်အချိန်ခန့်က ဥပဒေအကြံပေးတစ်ဦး သေနတ်ဖြင့် ၁၄ ချက် ပစ်ခတ်ခံရကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။

ပစ်ခတ်ခံရသူမှာ သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်၊ ဖွံ့ဖြိုးရေး-၆ လမ်းနေ အသက် ၅၂ နှစ်အရွယ် ဥပဒေအကြံပေး ဦးမင်းတေဇာညွန့်တင် ဖြစ်ပြီး SUZUKI EXTIGA အညိုရောင်ယာဉ်ဖြင့် နေအိမ်သို့ ပြန်လာစဉ် အခင်းဖြစ်ရာအရောက်တွင် လမ်းလျှောက်လာသူ ၂ ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ခတ်ခံရသောကြောင့် ဦးမင်းတေဇာညွန့်တင်၏ လက်ယာဘက် လက်ဖျံထိမှန်ဒဏ်ရာ (၃) ချက် ၊ လက်ဝဲဘက်လက်ဖျံ ထိမှန်ဒဏ်ရာ (၃) ချက်၊ လက်ယာလက်ခုံ ထိမှန်ဒဏ်ရာ (၂) ချက်၊ လက်ဝဲဘက် နံဘေး ထိမှန်ဒဏ်ရာ (၁) ချက်၊ လက်ဝဲဘက်ခါးစောင်း ထိမှန်ဒဏ်ရာ (၂) ချက်၊ ကျောကုန်း ထိမှန်ဒဏ်ရာ (၂) ချက်တို့ ရရှိခဲ့ကြောင်း၊ယင်းကို ဆေးရုံသို့ ပို့ဆောင်စဉ် ရရှိဒဏ်ရာများကြောင့် သေဆုံးခဲ့ကြောင်းသိရသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်ပွားသည့်နေရာမှ SIG SAUER ကျည်အိမ် (၁) ခု၊ ၉ မမ ကျည်ခွံ (၁၄) ခုတို့အားတွေ့ရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့များက ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ymg/mt
#Yangon_Media_Group