#Local_News
Published - 16 August 2022
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများထဲမှ YBS 28 နှင့် YBS 29 ယာဉ်လိုင်းတို့တွင် မှတ်တိုင်အလိုက် ယာဉ်စီးခ ကောက်ခံသည့်စနစ်ကို ကနဦး စမ်းသပ်ဆောင်ရွက်နေပြီဖြစ်ကြောင်း အဆိုပါယာဉ်လိုင်းများထံမှ သိရသည်။
YPS ကတ်ဖြင့် ယာဉ်စီးခ ပေးချေသည့်အခါတွင် ယခင်လို ဂိတ်စ - ဂိတ်လယ် - ဂိတ်ဆုံးမှတ်တိုင် သတ်မှတ်သည့် ဖြတ်ပိုင်းခရီးစဉ်နှင့် မကောက်ခံတော့ဘဲ စီးနင်းသည့် မှတ်တိုင်အရေအတွက်ကိုသာ အခြေခံ ကောက်ခံသည့်စနစ်ကို စမ်းသပ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စနစ်ကို သြဂုတ်လ ၁၂ ရက်မှ ၁၈ ရက်အထိ ၇ ရက်ကြာ ကနဦး စမ်းသပ်ဆောင်ရွက်နေခြင်းဖြစ်ပြီး အကျိုးသက်ရောက်မှုရှိပါက ဩဂုတ် ၁၉ ရက်က စပြီး အမှန်တကယ် ကျင့်သုံးသွားမည် ဖြစ်ကြောင်း Yangon Payment Services က ကြေညာထားသည်။
ဒဂုံတက္ကသိုလ်မှ ဆူးလေမြို့တော်ခန်းမအထိ ပြေးဆွဲနေတဲ့ YBS 28 ယာဉ်လိုင်းမှာ ခရီးသည် စတက်သည့်မှတ်တိုင်ကနေ စုစုပေါင်း ၂၅ မှတ်တိုင်အထိကို ကျပ် ၂၀၀ သတ်မှတ်ထားပြီး စတက် မှတ်တိုင်မှ ၂၅ မှတ်တိုင်ကျော်ပါက ကျပ် ၃၀၀ အထိကောက်ခံမည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင်ရွှေပေါက်ကံ တံတားထိပ်ဆူးလေမှမြို့တော်ခန်းမအထိ ပြေးဆွဲနေသည့် YBS 29 ယာဉ်လိုင်းတွင် ခရီးသည် စတက်သည့် မှတ်တိုင်မှ စုစုပေါင်း ၃၃ မှတ်တိုင်အထိ ကျပ် ၂၀၀ သတ်မှတ်ထားပြီး စတက် မှတ်တိုင်ကနေ ၃၃ မှတ်တိုင် ကျော်ပါက ကျပ် ၃၀၀ ကောက်ခံမည်ဟု သတ်မှတ်ထားကြောင်း သိရသည်။
YBS ယာဉ်စီးခကို ခရီးစဉ် အစအဆုံး ပုံသေယာဉ်စီးခကျပ် ၂၀၀ သတ်မှတ်ထားသော်လည်း တချို့ယာဉ်လိုင်းများတွင် ခရီးစဉ် အစအဆုံးကျပ် ၃၀၀ မှကျပ် ၅၀၀ အထိ ကောက်ခံမှုများရှိနေကြောင်း သိရသည်။
ရန်ကုန်မြို့တွင်း၌ နေ့စဉ်ယာဉ်လိုင်းပေါင်း ၁၁၃ လိုင်း၊ ယာဉ်စီးရေ ၃၀၀၀ ဝန်းကျင်ဖြင့် နေ့စဉ်ပုံမှန်ပြေးဆွဲပေးနေကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published_16 August 2022
ရဟတ်ယာဉ်ဝယ်ယူခြင်းနှင့် ပတ်သက်၍ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၄၉ အတွက် တရားလိုဖြစ်သူ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ဦးအောင်ခန့်အား စစ်မေးခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။
ယနေ့ သြဂုတ်လ ၁၆ ရက်တွင် နေပြည်တော် အကျဉ်းထောင်အတွင်းတရားရုံး၌ စစ်မေးခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ရဟတ်ယာဉ် ငှားရမ်းခြင်း၊ ဝယ်ယူခြင်း၊ စောင့်ရှောက်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို အဂတိဖြင့် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှု အမှတ် ၄၆၊ ၄၇၊ ၄၈၊ ၄၉၊ နှင့် ၅၀ တို့ရှိပြီး ယင်းအထဲမှ ရဟတ်ယာဉ်ဝယ်ယူခြင်း ကိစ္စရပ်များအတွက် အဂတိဖြင့် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၄၉ အတွက် စစ်ဆေးခဲ့ခြင်းလည်း ဖြစ်သည်။
ရာဇဝတ်ကြီးအမှု အမှတ် ၄၉ နှင့်ပတ်သက်၍ အစိုးရနှင့် ကုမ္ပဏီအကြား ဆောင်ရွက်ခဲ့သည့် စာချုပ်စာတမ်းများကို လွန်ခဲ့သော ဇွန်လ ၁၃ ရက်ရုံးချိန်း၌ တရားလိုဘက်မှ တင်ပြထားခဲ့ခြင်းလည်း ဖြစ်သည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_16 August 2022
မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်ရောက်ရှိနေသည့် ကုလအထူးသံတမန် နိုလင်းဟေဇာနှင့် နစက တာဝန်ရှိသူများ မနက်ဖြန် သြဂုတ်လ ၁၇ ရက်တွင် နေပြည်တော်၌ တွေ့ဆုံကြမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
"မနက်ဖြန် သူ သက်ဆိုင်သူတွေနဲ့တွေ့ပါမယ်။ ဒါပဲ ပြောလို့ရပါတယ်" ဟု ယင်းက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာလက စတင်၍ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသူ ဖြစ်သော ကုလအထူးသံတမန် နိုလင်းဟေဇာ အနေဖြင့် မြန်မာနိုင်ငံသို့ သြဂုတ်လ ၁၅ ရက်တွင် သွားရောက်မည့်အကြောင်း ကုလသမဂ္ဂက အနေဖြင့် သတင်းထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ၏ ဆိုးရွားလာနေသော အခြေအနေနှင့် ချက်ချင်းလက်ငင်း လုပ်ဆောင်နိုင်မည့် ကိစ္စများကို လုပ်ဆောင်ရန် နိုလင်းဟေဇာက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် စတက်ဖိန်း ဒူဂျာရစ်က အဆိုပါ ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ်(စ်)နိုလင်းဟေဇာက မြန်မာနိုင်ငံ၏ အခြေအနေ ထပ်မံမယိုယွင်းလာစေရန်နှင့် ပြည်သူများ၏ ဆိုးရွားသည့် အခြေအနေများကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် ကုလသမဂ္ဂနှင့် အာဆီယံ ပူးပေါင်းမှုမြှင့်တင် ဆောင်ရွက်ပေးရန် ချက်ချင်းလိုအပ်ကြောင်း ယခုနှစ် နှစ်ဆန်းပိုင်းက ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် H.E. Mr. Samdech Akka Moha Sena Padei Hun Sen နှင့် ပြုလုပ်သည့် အွန်လိုင်းအဝေးတွင် ပြောကြားခဲ့သေးသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published - 16 August 2022
အစိုးရ၏ သွင်းကုန်အပေါ်ကန့်သတ်မှု၊ ဒေါ်လာဈေးမြင့်တက်မှုနှင့် စက်သုံးဆီဈေးမြင့်တက်မှုစသည့် အခက်အခဲများကြောင့် ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်တချိုပိတ်သိမ်းနေပြီဖြစ်ကြောင်း သိရသည်။
ဒေါ်လာဈေးသည် ပြင်ပဈေးကွက်အတွင်းမှာ ကြိုက်ရောင်းကြိုက်ဝယ်ဈေးဖြစ်နေပြီး တစ်ဒေါ်လာ ၂၇၀၀ ကနေ ၃၀၀၀ အထိမြင့်တက်နေခြင်းဖြစ်သည်။
ယခုကဲ့သို့ အခြေအနေတွင် ပြည်ပကတင်သွင်းရသည့် ဆောက်လုပ်ရေးပစ္စည်းများ၏ ဈေးနှုန်းသည်လည်းမြင့်တက်လာပြီး စက်သုံးဆီဈေးနှုန်းကြီးမြင့်မှုကလည်း ဝန်ထုပ်ဝန်ပိုးဖြစ်စေကာ ဆက်လက်လုပ်ကိုင်ရန်အခက်တွေ့နေပြီဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ လက်ကားရောင်းတဲ့ အရောင်းများအားလုံး အရောင်းပိတ်လိုက်ပါပြီ။ တကယ်စိတ်မကောင်းပါဘူး။ အိပ်မက်တွေ မက်ခဲ့တာ အများကြီးပါ”ဟု UEDC Myanmar အိမ်ဆောက်ပစ္စည်းအမျိုးမျိုးရောင်းဖြန့်ချီရေးဆိုင်က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ကြေညာထားသည်။
ယင်းအပြင်သွင်းကုန်ကန့်သတ်မှုကြောင့်လည်း မလိုအပ်သည့်ကုန်ကျစရိတ်များကို သွင်းကုန်လုပ်ငန်းရှင်များက ထပ်မံကုန်ကျနေပြီး ဆောက်လုပ်ရေးပစ္စည်းဈေးတွေ မြင့်တက်နေကြောင်း သိရသည်။
ဆက်လက်ဖွင့်လှစ်နေသည့် လုပ်ငန်းများသည်လည်း ယင်းကာလတွင်ရုန်းကန်နေရပြီး လုပ်ငန်းရပ်တည်ရန်အတွက် မနည်းကြိုးစားနေရကြောင်း ဈေးကွက်အတွင်းက သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published - 16 August 2022
မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံကို ဇောတိက ကမ်းလွန် သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေး စီမံကိန်း၊ ဂတ်စ်ပိုက်လိုင်းမှတစ်ဆင့် သဘာဝဓာတ်ငွေ့များ ပုံမှန်အတိုင်း ပြန်လည်ပို့လွှတ်နေပြီဖြစ်ကြောင်း PTTEP က သတင်းထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံကို သွယ်တန်းထားသည့် ဂတ်စ်ပိုက်လိုင်း ပြင်ဆင်မှုပြီးစီးပြီဖြစ်သောကြောင့် သဘာဝဓာတ်ငွေ့ ပုံမှန်အတိုင်း ပြန်လည်ပို့လွှတ်နေပြီဖြစ်ကြောင်း ထိုင်းနိုင်ငံ စွမ်းအင်ကုမ္ပဏီဖြစ်သည့် PTTEP က သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်နေ့တွင် အဆိုပါ ကမ်းလွန်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကနေ ဂတ်စ်ပေးပိုမှုဟာ လေဖိအားလျော့ကျမှုဖြစ်ပေါ်နေခြင်းကြောင့် ဓာတ်ငွေ့ပေးပို့မှုကို နှစ်ပတ်ကြာရပ်တန့်ခဲ့ပြီး ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ဇောတိက ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းကနေ နေ့စဉ် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၃၀၀ ထုတ်လုပ်နေခြင်းဖြစ်ပြီး ထုတ်လုပ်သည့် ဓာတ်ငွေ့အားလုံး၏ ၈၀ ရာခိုင်နှုန်းသည် ထိုင်းနိုင်ငံကို ရောင်းချခြင်းဖြစ်သည်။
PTTEP ဟာ ပြည်သစ်စွမ်းအင်ကုမ္ပဏီ Total မြန်မာနိုင်ငံက ထွက်ခွာသွားပြီးနောက် ပြည်တွင်း၌ ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်သည့် တစ်ခုတည်းသော ပြည်ပအခြေစိုက်ကုမ္ပဏီဖြစ်လာသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published_ 16 Aug 2022
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကင်းလွတ်ခွင့်ပြုတဲ့ ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တို၏ ပြည်ပမှ နိုင်ငံခြားသုံးငွေဖြင့် ရရှိသောဝင်ငွေများကိစ္စနှင့် စပ်လျဉ်း၍ ၂ဝ၂၂ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားပါတယ်။
နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေအရ ပြည်တွင်း၌ နေထိုင်သူများ၏ ပြည်ပမှ နိုင်ငံခြားသုံးငွေဖြင့် ရရှိသောဝင်ငွေများနှင့် နိုင်ငံခြားသုံးငွေများ ပြည်ပသို့ လွှဲပြောင်းခြင်း နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ခဲ့ပါတယ်။
အမိန့်ကြော်ငြာစာအရ ကင်းလွတ်ခွင့်ပြုတဲ့ ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တို့အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ညွှန်ကြားစာများထုတ်ပြန်၍ နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များသို့ ဆက်လက် အကြောင်း ကြားခဲ့ပါတယ်။
နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ကုမ္ပဏီ၊ အဖွဲအစည်း၊ လူပုဂ္ဂိုလ် အနေဖြင့် မိမိကိုယ်တိုင်အတွက် သုံးစွဲခြင်း၊ AD လိုင်စင်ရ ဘဏ်မဟုတ်သော အခြားသူများထံသို့ ရောင်းချခြင်း၊ AD လိုင်စင်ရဘဏ်များသို့ ရောင်းချခြင်းတို့ကို ဆောင်ရွက်နိုင်ကြောင်း သိရပါတယ်။
ကင်းလွတ်ခွင့်ပြုသည့် ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်၏ ပြည်ပမှ နိုင်ငံခြားသုံးငွေဖြင့် ရရှိသောဝင်ငွေပမာဏ၏ ၁၀၀% အား ၎င်းကိုယ်တိုင်အတွက် သုံးစွဲခြင်း၊ AD လိုင်စင်ရဘဏ်မဟုတ်သော အခြားသူများထံသို့ ရောင်းချခြင်း၊ AD လိုင်စင်ရဘဏ်များသို့ ရောင်းချခြင်းစသည့် transactions များကို ဆောင်ရွက်ပေးရန် တင်ပြလာပါက ဆောင်ရွက်ပေးရမယ်လို ဖော်ပြထားပါတယ်။
ကင်းလွတ်ခွင့်ပြုတဲ့ ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ထံမှ နိုင်ငံခြားငွေ ဝယ်ယူ ထားတဲ့ ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်အား ၎င်းတို့ဝယ်ယူထားသည့် နိုင်ငံခြားငွေကို မိမိကိုယ်တိုင်အတွက် သုံးစွဲခြင်းနှင့် AD လိုင်စင်ရဘဏ်များသို့ ပြန်လည်ရောင်းချခြင်းကိုသာ ဝယ်ယူသည့်နေ့မှ ရက်ပေါင်း (၃၀) အတွင်း ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။
ကင်းလွတ်ခွင့်ပြုတဲ့ ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်က ၎င်းကိုယ်တိုင်အတွက် သုံးစွဲခြင်းပြုရာတွင် နိုင်ငံဖြတ်ကျော် ဆောင်ရွက်သည့် cross border transactions ကိုလည်းကောင်း၊ ကင်းလွတ်ခွင့်ပြုတဲ့ ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ထံမှ နိုင်ငံခြားငွေ ဝယ်ယူထားတဲ့ ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်က ဝယ်ယူထားသည့် နိုင်ငံခြားငွေကို မိမိကိုယ်တိုင်အတွက် သုံးစွဲခြင်းပြုရာတွင် နိုင်ငံဖြတ်ကျော် ဆောင်ရွက်သည့် cross border transactions ကိုလည်းကောင်း နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီရဲ့ ခွင့်ပြုချက်ရယူရန်မလိုဘဲ ဆောင်ရွက်နိုင်ကြောင်း သိရပါတယ်။
သို့သော် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ညွှန်ကြားသည့်အတိုင်း Electronic Reporting System ဖြင့် သတင်းပေးပို့ရမည်ဖြစ်သဖြင့် AD လိုင်စင်ရဘဏ်များ အနေဖြင့် (due diligence) စိစစ်ဆောင်ရွက်သွားရမယ်လို့ ဆိုပါတယ်။
ygm_mnn
#Yangon_Media_Group
Published 16 August 2022
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် နိုလင်းဟေဇာဟာ တနင်္လာနေ့က မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်သွားရောက် တယ်လို့ အေပီသတင်းအရသိရပါတယ်။ ဒါဟာ သူမကို ပြီးခဲ့တဲ့ အောက်တိုဘာမှာ ခန့်အပ်ပြီးကတည်းက ပထမဆုံးခရီးဖြစ်ပါတယ်။
ဟေဇာဟာ “ ဆိုးရွားလာနေတဲ့ မြန်မာ့အခြအနေနှင့် လက်ငင်းစိုးရိမ်ပူပန်မှုတွေအပြင် သူမကို တာဝန်ပေးအပ်ထားတဲ့ အခြားနယ်ပယ်နှင့်ဆိုင်တာတွေကိုဆွေးနွေးမယ်လို့ ကုလသမဂ္ဂရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် စတက်ဖိန်း ဒူဂျာရစ်က ပြောပါတယ်။
သူမဟာ မြန်မာစစ်တပ်ခေါင်းဆောင်တွေနှင့် အကျဉ်းချခံထားရဲ့ ခေါင်းဆောင်ဟောင်းဒေါ်အောင်ဆန်းစုကြည်တို့နှင့်တွေ့ မတွေ့ကိုတော့ သူက အသေးစိတ်ပြောမသွားဘူးလို့သတင်းကရေးသားပါတယ်။
“ သူမဟာ နိုင်ငံရေး နယ်ပယ်တစ်လွှားက ပါဝင်သူတွေ၊အရပ်ဘက်အဖွဲ့အစည်းတွေနှင့် လက်ရှိပဋိပက္ခဖြစ်နေတဲ့ လူမှုအဖွဲ့ အစည်းတွေနှင့် ကျယ်ပြန့်စွာ ဆွေးနွေးပြီးတဲ့နောက် သူမရဲ့ယခုခရီးဖြစ်လာတာလို့ ဒူဂျာရစ်ကပြောပါတယ်၊
သူမဟာ စင်္ကာပူက လူ့အခွင့်အရေးလှုပ်ရှားတက်ကြွသူနှင့် အမျိုးသမီးတွေစီးပွားဖွံ့ဖြိုးတိုးတက်ရေးမြှင့်တင်ပေးတဲ့ ကုလရဲ့ UNIFEMကို ၁၉၉၄မှ ၂၀၀၇ အထိ ဦးဆောင်ခဲ့ သူဖြစ်ပါတယ်။ ၂၀၀၇မှ ၂၀၁၄ အထိ ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကော်မရှင် (အာရှပစိဖိတ်ဒေသ)ရဲ့ အမှုဆောင်အတွင်းရေးမှူးလုပ်ခဲ့သူလည်းဖြစ်ပါတယ်။
Source:AP/ CNA
Page 1621 of 2019