#Local_News
Published_ 15 June 2022
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးဆိုင်ရာ မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးတွဲလုပ်ငန်းအဖွဲ့၏ ပဉ္စမအကြိမ်အစည်းအဝေးကို ဇွန် ၁၄ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပခဲ့ကြောင်း သိရပါတယ်။
အဆိုပါ အစည်းအဝေးကို နှစ်နိုင်ငံပူးတွဲလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ နိုင်ငံခြားရေးအတွင်းဝန် မစ္စတာ မာစွတ်ဘင်မိုမမ် (Mr. Masud Bin Momen) တို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြပါတယ်။
အစည်းအဝေးတွင် နေရပ်စွန့်ခွာသူများအား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စိစစ်ဆောင်ရွက်နေမှု အခြေအနေနှင့် ကြုံတွေ့ရသည့် အခက်အခဲများဖြေရှင်းနိုင်ရေး၊ စိစစ်ပြီး နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်း စတင်နိုင်ရန်အတွက် အစီအမံများ ပြင်ဆင်ဆောင်ရွက်နေမှုလုပ်ငန်းများအကြောင်း ဆွေးနွေးခဲ့ကြပါတယ်။
ပြန်လည်ဝင်ရောက်လာသူများအား ပြန်လည်နေရာချထားရေး အစီအမံများ၊ ပြန်လည်ဝင်ရောက်လာမည့်သူများ မိမိဆန္ဒအလျောက် နေရပ်ပြန်စေရေးအတွက် ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်းများ စသည့်ကိစ္စရပ်တို့ကို နှစ်ဖက်ပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာကိုယ်စားလှယ်အဖွဲ့က ရခိုင်ပြည်နယ်၌ လုံခြုံရေးနှင့်တရားဥပဒေ စိုးမိုးရေးတို့အတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ပြန်လည်လက်ခံရေးစခန်းများ၊ ကြားစခန်းနှင့် နေရာချထားပေးမည့် ကျေးရွာများရှိ နေအိမ်များကို ပြန်လည်မွမ်းမံ ပြင်ဆင်နေမှု အခြေအနေများဆွေးနွေးခဲ့ကြပါတယ်။
ဝင်ရောက်လာမည့်သူများအတွက် အသက်မွေးဝမ်းကြောင်း၊ ကျန်းမာရေးနှင့် ပညာရေးဝန်ဆောင်မှုပေးအပ်နိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ကောင်းမွန်သည့် ပတ်ဝန်းကျင် ဖန်တီးပေးရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်တွင် မိတ်ဖက်နိုင်ငံများ၊ အာဆီယံနှင့် ကုလသမဂ္ဂ လက်အောက်ခံအဖွဲအစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိ ပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published _15 June 2022
နွားနို့ဝယ်လိုအားများနေသည့် ရန်ကုန်မြို့တွင် နွားနို့စျေးကွက်ပိုမိုကောင်းလာစေရန်နှင့် နို့ထွက် ပစ္စည်းအရည်အသွေးမြှင့်တင်နိုင်ရန် နိုင်ငံခြားမျိုးစပ်ထားသည့် နို့စားနွားများကို မွေးမြူသင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
ရန်ကုန်မြို့တွင်းရှိ အင်းစိန်မြို့နယ်နှင့် တာမွေမြို့နယ်တို့တွင် နို့ထွက်ပစ္စည်းများကို အဓိကထားဖြန့်ဖြူးရောင်းချသူများသည် နယူးဇီလန်မှ friesian နွားမျိုးနှင့် Jersey မျိုးစပ်ထားသည့် Kiwi နွားမျိုးနှင့်အတူ နွားနို့ထုတ်လုပ်မှုစွမ်းဆောင်ရည်များအပြင် နို့ပေါင်းစပ်မှုအရည်အသွေးများပါ မြှင့်တင်ထားကြောင်း သိရသည်။
"နို့ထွက်ပစ္စည်းတွေကို အရည်အသွေးထက် အရေအတွက်ကို ဦးစားပေးမယ်ဆိုရင် နွားနို့အရည်အသွေးက ကျဆင်းလာမှာပါ။ ပြည်ပနိုင်ငံတော်တော်များများကတော့ နို့ထွက်ပစ္စည်း မွေးမြူရေးမှာ နို့အရည်အသွေးကို ထိန်းသိမ်းပြီး ထုတ်လုပ်နေတာတွေ့ရပါတယ်။ နို့စားနွားမွေးမြူရေးမှာ အစာကျွေးတဲ့ ပစ္စည်းတွေကတူကြပေမယ့် သားဖောက်တဲ့နေရာမှာ အမျိုးအစားကွာခြားချက်ရှိပါတယ်။ နွားနို့ရဲ့ အရည်အသွေးကောင်းခြင်း၊ မကောင်းခြင်းတွေဟာ သားဖောက်တဲ့ အမျိုးအစားနဲ့သက်ဆိုင်နေပါတယ်။ ဒါကြောင့် သားဖောက်စနစ်ကို စနစ်တကျကျင့်သုံးပြီး နို့ထုတ်ကုန်တွေကို အရည်အသွေးမြှင့်တင်ဖို့ကြိုးပမ်းနေပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုး ဦးမင်းညွှန့်ဦးမှ ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် နို့စားနွားပေါင်း ၁၆၀၀၀ခန့်ရှိပြီး ယင်းနို့စားနွားတစ်ကောင်ရဲ့ ပျမ်းမျှနို့တိုက်ချိန်ဟာ ရက် (၃၀၀)ရှိကာ တစ်ရက်လျှင် နွားနို့ ငါးပိသာမှ ခြောက်ပိသာအထိ ထွက်ရှိကြောင်း ဌာန၏ ခန့်မှန်းချက် များအရသိရသည်။
နွားနို့စျေးကွက်တည်ငြိမ်မှုသည် အစာကျွေးစရိတ်နှင့် တိုက်ရိုက်အချိုးကျနေပြီး ယင်းဝန်ကြီးဌာနမှ နို့စားနွားမွေးမြူရေးတောင်သူများအတွက် စားကျက်(မြက်နှင့်ပြောင်းဖူး)၊ ထုတ်လုပ်ပြီးသား ကောက်ညှင်းစားကျက်များကို တောင်သူများထံတိုက်ရိုက်ဖြန့်ဝေနိုင်ရေးအား ကြိုးပမ်းနေကြောင်းလည်း သိရသည်။
ymg/NN
#Yangon_Media_Group
#LocalNews
Published - 15 June 2022
နယ်စပ်ဂိတ်များမှ ဝင်ရောက်လာမည့် ခရီးသွားများအနေဖြင့် RTD ဖြင့် ကိုဗစ်စစ်ဆေးမှုခံယူရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ကျန်းမာရေးဝန်ကြီးဌာနမှ အသိအမှတ်ပြုထားသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများအနက် တမျိုးမျိုးကို မြန်မာနိုင်ငံသို့ဆိုက်ရောက်သည့် နေ့ရက်မတိုင်မီ လွန်ခဲ့သော ၁၄ ရက်ကျော်တွင် အကြိမ်ပြည့်ထိုးနှံပြီးကြောင်း သက်သေခံလက်မှတ်ပါရှိရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ကိုဗစ်-၁၉ RDT ဓာတ်ခွဲအဖြေတွင် ရောဂါပိုးမတွေ့ရှိပါက ကိုဗစ်-၁၉ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံထားသည့် ခရီးသွားများအနေဖြင့် မိမိတို့ခရီးစဥ်အတိုင်း ဆက်လက်ဆောင်ရွက်နိုင်ကြောင်း၊ ယင်းအပြင် ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့် မထိုးနှံထားသည့်သူများနှင့် ကာကွယ်ဆေးထိုးလက်မှတ်အထောက်အထားမတင်ပြနိုင်သူများအနေဖြင့် အသွားအလာကန့်သတ်ခြင်းဆောင်ရွက်မည်ဖြစ်ပြီး RT-PCR ဖြင့် ကိုဗစ်-၁၉ စစ်ဆေးခြင်းအား သုံးရက်မြောက်နေ့တွင် ဆောင်ရွက်၍ ပိုးမတွေ့ပါက မိမိတို့လာရောက်သည့် ကိစ္စများဆက်လက်ဆောင်ရွက်နိုင်ကြောင်း ဖော်ပြထားသည်။
ယင်းအပြင် နိုင်ငံခြားသားခရီးသည်များအနေဖြင့် ကိုဗစ်ရောဂါစစ်ဆေးရာတွင် ဓာတ်ခွဲစစ်ဆေးမှုကုန်ကျစရိတ်များကို ခရီးသည်မှ ကျခံရမည်ဖြစ်ကြောင်း၊ သံတမန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်နေသည့် နိုင်ငံတကာဝန်ထမ်းများနှင့် မိသားစုဝင်များအား Home Quarantine ခွင့်ပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ စစ်ဆေးရာတွင် ရောဂါပိုးမတွေ့ရှိရသော်လည်း မြန်မာနိုင်ငံတွင် နေထိုင်စဥ်အတွင်း ရောဂါလက္ခဏာများ ပေါ်ပေါက်လာပါက ခရီးသွားများအနေဖြင့် မိမိတို့ရောက်ရှိရာဒေသရှိ ကျန်းမာရေးဌာနသို့ သတင်းပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#LocalNews
Published_15 June 2022
တရုတ်နှင့် အိန္ဒိယအခြေစိုက် ကုမ္ပဏီ ၅ ခုမှ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်တွင် ဖွဲနုဆီစက်ရုံစီမံကိန်းတည်ဆောက်ရန် အဆိုပြုလွှာတောင်းခံထားကြောင်း မြန်မာနိုင်ငံလယ်ယာစီးပွားရေး အများပိုင်ကုမ္ပဏီလီမိတက် (MAPCO) က သိရသည်။
ခန့်မှန်း မြန်မာငွေ ကျပ် ၆ ဒသမ ၅ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံမည့် အဆိုပါ စက်ရုံစီမံကိန်းအတွက် အိန္ဒိယမှ အတွေ့အကြုံရှိ ကုမ္ပဏီ ၃ ခု၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကုမ္ပဏီ ၂ ခုတို့အနေဖြင့် ဈေးနှုန်းအဆိုပြုပေးထားသည်ကို လက်ခံရရှိထားကြောင်း၊ ယခုအခါ စီမံကိန်းအတွင်းတပ်ဆင်မယ့် စက်ဒီဇိုင်းကို သက်ဆိုင်ရာကုမ္ပဏီများနှင့် ညှိနှိုင်းနေကြောင်း ၂၀၂၁-၂၀၂၂ နှစ်ပတ်လည်အစီရင်ခံစာကို ကိုးကား၍ MAPCO ၏ တာဝန်ရှိသူကပြောသည်။
အဆိုပါ ဖွဲနုဆီစက်ရုံကို ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်ရှိ တစ်နေ့လျှင် တန် ၂၀၀ ထွက်ရှိသော မြောင်းမြစက်ရုံ (ယခင်ဂုန်နီစက်ရုံ)မှ ဖွဲနုမှ ဖွဲနုဆီကြမ်းထုတ်လုပ်သည့် စက်ရုံကို တိုးချဲ့တည်ဆောက်ရန် MAPCO အနေဖြင့် ၂၀၁၈ ခုနှစ်ကတည်းက စတင် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကို စိုက်ပျိုးရေးဦးစီးဌာနထံမှ နှစ်ရှည်ငှားရမ်းထားခြင်းဖြစ်ကြောင်းနှင့် စီမံကိန်းအကျယ်အဝန်းမှာ ၁၀ ဧကခန့်ရှိကာ စက်ရုံဝင်းအတွင်းရှိ သိုလှောင်ရုံ ၆ လုံးကိုလည်း ပြန်လည်ပြုပြင် အသုံးပြုသွားမည်ဖြစ်ကြောင်း၊ စီမံကိန်းမှ ထွက်သည့် ဆီကြမ်း (Crude Rice Bran Oil) များကို ဂျပန်၊ အိန္ဒိယ၊ ထိုင်း စသည့်ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချမှာဖြစ်ပြီး ဆီထုတ်ပြီး ဖွဲနုများကို ပြည်တွင်းရှိ တိရစ္ဆာန်အစာစပ်လုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းများသို့ ရောင်းချပေးမည် ဖြစ်ကြောင်းလည်း သိရသည်။
photo-MAPCO
ymg/mt
#Yangon_Media_Group
#LocalNews
Published_15 June 2022
ကိုဗစ်မတိုင်မီက ထိုင်းနိုင်ငံသို့သွားရောက်လုပ်ကိုင်ကြမည့် MOU စာချုပ်ချုပ်ဆိုထားသူများအနေဖြင့် မိမိတို့ချိတ်ဆက်ထားသည့် ပြည်ပအလုပ်အကိုင်အေဂျင်စီများနှင့် ပြန်လည်ဆက်သွယ်နိုင်ကြောင်း သိရသည်။
ပြည်ပအလုပ်အကိုင် ရှာဖွေပေးရေးအေဂျင်စီများအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် MOU လုပ်သားများအား ထိုင်းနိုင်ငံသို့စေလွှတ်ခြင်းကို ခေတ္တဆိုင်းငံ့ခဲ့ရခြင်း ဖြစ်သောကြောင့် ယခုအခါ ပြန်လည်ပို့ဆောင်ပေးနေပြီဖြစ်၍ ပြန်လည် ဆက်သွယ်ကြရန် အကြောင်းကြားခြင်းဖြစ်ကြောင်း သိရသည်။
"အခုက အေဂျင်စီတွေအနေနဲ့ ထိုင်းနိုင်ငံကို အလုပ်သမားတွေ ပြန်လွှတ်နေပြီဆိုတော့ အရင်က ချုပ်ဆိုထားတဲ့သူတွေ အနေနဲ့ Demand အလိုက် ပြန်လည်စေလွတ်နိုင်ဖို့အတွက် ဆက်သွယ်ကြစေလိုတာပါ၊ ကိုဗစ်မတိုင်ခင်က ပွင့်ဖူးအောင်နဲ့ ချုပ်ထားတာ လူ ၄၀၀ ကျော်လောက် ရှိတယ်။အခု ပြန်ပြီးတော့ လမ်းကြောင်းပွင့်တဲ့အခါ ၂၀၀ လောက် ဆက်သွယ်ထားကြပြီးပြီ၊ တချို့ကလည်း မလုပ်ဖြစ်တော့လို့ ဝန်ဆောင်ခကို ပြန်ထုတ်တာ ရှိတယ်။ အခု ပွင့်ဖူးအောင်နဲ့ MOU လုပ်ထားတဲ့ လုပ်သားထဲမှာ ကျန်နေတာက အယောက် တစ်ရာလောက် ရှိတယ် "ဟု ပွင့်ဖူးအောင် ပြည်ပအလုပ်အကိုင်အေဂျင်စီ၏ တာဝန်ရှိသူက ပြောသည်။
ပြီးခဲ့သည့် မေလ ဒုတိယပတ်ကစ၍ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် စေလွတ်ခဲ့သည့် အလုပ်သမားအရေအတွက်မှာ နှစ်ထောင်ကျော် ရှိပြီ ဖြစ်ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 15 June 2022
ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့်မထိုးထားသူများ၊ ကာကွယ်ဆေးထိုးလက်မှတ်အထောက်အထားမပြနိုင်သူများနှင့် (၄၈)နာရီအတွင်း ကိုဗစ်မစစ်ရသေးသူများ အနေဖြင့်ကယ်ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်၊၊
ကယ်ဆယ်ရေးလေယာဉ်တွင် နိုင်ငံခြားသားခရီးသည်များ လိုက်ပါခွင့်မရှိဘဲ မြန်မာနိုင်ငံသားများကိုသာ ခေါ်ဆောင်မည်ဟုဆိုသည်၊၊
ယင်းကဲ့သို့ ကာကွယ်ဆေးအကြိမ်ပြည့်မထိုးထားသူ၊ ကာကွယ်ဆေးထိုးလက်မှတ်အထောက်အထားမပြနိုင်သူများနှင့်(၄၈)နာရီအတွင်း ကိုဗစ်မစစ်ရသေးသူများ အနေဖြင့် မြန်မာနိုင်ငံကိုရောက်ရှိပြီး(၁)ရက်မြောက်နေ့တွင် RTD Test kit ဖြင့် လည်းကောင်း၊ (၃)ရက်မြောက်နေ့တွင် RT-PCR ဓာတ်ခွဲစစ်ဆေးမှုဖြင့် လည်းကောင်း စစ်ဆေးမှုခံယူရမည်ဖြစ်သည်၊၊
ကိုဗစ်ရောဂါပိုးတွေ့ရှိပါက ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့်ဆေးရုံများကို လွှဲပြောင်းပေးပို့ ကုသစေမည်ဖြစ်ပြီး ပုဂ္ဂလိကဆေးရုံနှင့် ဟိုတယ်များတွင် ကျန်းမာရေးစောင့်ရှောက်မှုခံယူလိုပါက မိမိစရိတ်ဖြင့် ကုန်ကျခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published _15 June 2022
ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်နှင့် ပျူခေတ်စသည့် ခေတ် (၄)ခေတ်အကြောင်းကို သမိုင်းဆိုင်ရာစာအုပ်များ ရေးသားထုတ်ဝေသွားမည်ဖြစ်ကြောင်း သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက်ဦးစီးဌာနမှ သိရသည်။
ပြည်တွင်း၌ ရှာဖွေတွေ့ရှိသော သမိုင်းအထောက်အထားများအပေါ် အခြေခံပြီး ကျောက်ခေတ် သမိုင်းစာအုပ်နှင့် ကြေးခေတ်၊ သံခေတ်သမိုင်းစာအုပ်များအတွက် ရာနှုန်းပြည့်ရေးသားပြီးစီးနေပြီဖြစ်ကာ ပျူခေတ်သမိုင်းနှင့် ပတ်သက်၍လည်း ၇၀ ရာခိုင်နှုန်းခန့် ရေးသားထားပြီး ဖြစ်ကြောင်း ယင်းဌာနမှ သိရသည်။
ကြေးခေတ်၊ သံခေတ်သမိုင်း စာအုပ်ကို ယခုနှစ်အတွင်း ထုတ်ဝေကာ ကျောက်ခေတ်သမိုင်းစာအုပ်ကို ယခုနှစ်ကုန်ပိုင်း (သို့မဟုတ်) လာမည့် နှစ်ဆန်းပိုင်းတွင် ရိုက်နှိပ်ထုတ်ဝေသွားမည်ဖြစ်ပြီး ပျူခေတ်သမိုင်းစာအုပ်ဟာ ၇၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်သော်လည်း အချိန်ယူရေးသားရမည်ဖြစ်သောကြောင့် လာမည့် ဘဏ္ဍာနှစ်တွင်ထုတ်ဝေနိုင်စေရန် ရည်မှန်းထားကြောင်း သမိုင်း သုတေသနနှင့် အမျိုးသား စာကြည့်တိုက်ဦးစီးဌာနမှ သိရသည်။
အဆိုပါ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်နှင့် ပျူခေတ်သမိုင်းစာအုပ်များကို ပြည်တွင်းရှိ သမိုင်းသုတေသနပညာရှင်များက ရေးသားထားပြီး ရှေးဟောင်းသုတေသနမှ ပညာရှင်များ၏ သုတေသနစာတမ်းများနှင့် တိုက်ဆိုင်စစ်ဆေးခြင်းများအပြင် ၎င်းတို့ထံမှ အကြံပြုချက်များရယူကာ ဖြည့်စွက်ပြင်ဆင်ခြင်းများ ဆောင်ရွက်နေကြောင်းလည်း ယင်းမှသိရသည်။
ymg/NN
#Yangon_Media_Group
Page 1622 of 1874