#World_Health
Published 08 January 2024
ဗြိတိန်ပြည်ထောင်စုမှ ဆရာဝန်တစ်ဦးက နားရွက်အထဲကို ဘယ်လိုသန့်ရှင်းရမလဲဆိုတာကို အကြံပြုပြောကြားသွားပါတယ်။
နားတွေဟာ သူ့အလိုလို သန့်ရှင်းရေးလုပ်ကြပြီး တံတောင်ဆစ်ထက်သေးတဲ့ ဘယ်အရာမဆို နားထဲသို့ မထည့်သင့်ဘူးလို့ အသက် ၃၁ နှစအရွယ် ဒေါက်တာဆူဂျာက တစ်တော့မှာ ရှင်းပြသွားပါတယ်။
၁၉၉၀ မှ ၂၀၁၀ အတွင်း နားကြားထိုးဂွမ်းတံကြောင့် ဒဏ်ရာရပြီး အမေရိကန် အရေးပါ်ဌာနများသို့ ကလေးပေါင်း နှစ်သိန်းခွဲကျော် ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။
ထိုထဲမှာ နားသန့်ရှင်းရေးလုပ်ရင်း ဒဏ်ရာရသူက ၇၃ ရာခိုင်နှုန်းရှိပြီး ၁၀ ရာခိုင်နှုန်းက ဂွမ်းတံနဲ့ ဆော့ကစားရင်း ဖြစ်ကြတာပါ။
လူတွေကြား မှားယွင်းတဲ့ အယူအဆတွေက နားအတွင်းကို အိမ်မှာပဲ သန့်ရှင်းရေးလုပ်ဖို့ လိုအပ်ကြောင်းနဲ့ ဂွမ်းတံဖြင့် သန့်ရှင်းရေးလုပ်ကြတာ ဖြစ်တယ်လို့ စာတမ်းပြုစုသူ ဒေါက်တာ ခရစ္စယာတာနာက ပြောပြသွားပါတယ်။
ဒါ့အပြင် ဂွမ်းတံတွေ အသုံးပြုတာဟာ နားဖာချေးတွေကို နားစည်ထံသို့ ပိုမိုနီးကပ်စွာ ရောက်သွားစေပြီး ထိခိုက်ဒဏ်ရာ ဖြစ်စေနိုင်ပါတယ်လို့ ဆိုလိုက်ပါတယ်။
ထိုကနေ အသံကြားရန်ခက်ခဲခြင်း၊ နားရောင်ခြင်း၊ မူးဝေခြင်းတို့ပင် ခံစားရနိုင်တယ်လို့ ဒေါက်တာဆူဂျာက ဆိုပါတယ်။
နားဖာချေးတွေကို ဖယ်ထုတ်ဖို့အတွက် အတံရှည်ဇွန်း၊ ညှပ်၊ စုပ်ထုတ်တဲ့ကိရိယာတို့ဖြင့် အသုံးပြုသင့်တယ်လို့ ကျန်းမာရေးပညာရှင်တစ်ဦးက ပြောပြခဲ့ပါတယ်။
ဖယောင်းတိုင်ဖြင့် နားဖာချေးဖယ်ထုတ်တဲ့ နည်းလမ်းကိုတော့ ဆူဂျာက လုံးဝမသုံးသင့်ဘူးလို့ ဆိုလိုက်ပါတယ်။
#World_Health #နားရွက်အတွင်းထိခိုက်ဒဏ်ရာမရစေဘဲ # ဗြိတိန်ဆရာဝန်အကြံပြု #Source: New York Post
#Local_News
Published-7 January 2024
မြဝတီနယ်စပ်မှ တင်ပို့ခြင်းနှင့်တင်သွင်းခြင်းပြုလုပ်မည့် ကုန်သွယ်ရေးလုပ်ငန်းအားလုံးကို စခန်းပြောင်းလဲတင်ပို့ခွင့်ပြုကြောင်း ကုန်သွယ်ရေးဦးစီးဌာန၏ ယနေ့ကြေညာချက်အရသိရသည်။
မြန်မာ-ထိုင်း နှစ်နိုင်ငံ ကုန်သွယ်ရေးဆောင်ရွက်လျက်ရှိသည့် မြဝတီကုန်သွယ်ရေးဇုန်မှ တင်ပို့၊ တင်သွင်းခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် မြဝတီကုန်သွယ်ရေးဇုန်မှတစ်ဆင့် နယ်စပ်မှ တင်ပို့ရန် ပို့ကုန်လိုင်စင်ခွင့်ပြုချက် ရရှိပြီးသော ပစ္စည်းများအား မြန်မာ-ထိုင်း နယ်စပ်ရှိ အခြားမည်သည့် ကုန်သွယ်ရေး စခန်းမှမဆို စခန်းပြောင်းလဲ တင်ပို့ခွင့်ပြုပေးသွားမည်ဖြစ်သကဲ့သို့ ပင်လယ်ရေကြောင်းမှ တင်ပို့လိုပါကလည်း ပြောင်းလဲခွင့်ပြုပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက် မတိုင်မီ မြဝတီကုန်သွယ်ရေးဇုန်မှ တင်သွင်းရန်အတွက် သွင်းကုန်လိုင်စင်ခွင့်ပြုချက်ရရှိပြီးသော ကုန်ပစ္စည်းများအား မြန်မာ-ထိုင်းနယ်စပ်ရှိ အခြားမည်သည့် ကုန်သွယ်ရေးစခန်းမှမဆို စခန်းပြောင်းလဲခွင့်ပြုပေးသွားမည်ဖြစ်ပြီး ပင်လယ်ရေကြောင်းမှ တင်သွင်းလိုပါက ရင်းနှီးမြှုပ်နှံမှုနှင့် ထုတ်လုပ်မှုလုပ်ငန်းသုံးစက်ပစ္စည်းများနှင့် ကွန်တိန်နာဖြင့် သယ်ဆောင်ရသည့် စက်မှုကုန်ကြမ်းပစ္စည်းများကို ကိစ္စရပ်တစ်ခုချင်း အပေါ်မူတည်၍ စိစစ်ခွင့်ပြုပေးမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
#Local_News #စခန်းပြောင်းလဲတင်ပို့ခွင့်ပြု #YMG/NN #Yangon_Times
#Local_News
Published 7 January 2024
မြန်မာနိုင်ငံအတွင်းပြုလုပ်မည့် အာဆီယံ ကျေးရွာကွန်ရက်ထူထောင်ရေးစီမံကိန်းတွင် ပါဝင်သည့် မြင်းကပါကျေးရွာကို ခရီးသွားလုပ်ငန်းကျေးရွာအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသိရသည်။
နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရန်နှင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မြန်မာနိုင်ငံအတွင်း အာဆီယံ ကျေးရွာကွန်ရက်ထူထောင်ရေးစီမံကိန်းကို နိုင်ငံတော်အစိုးရက ကျေးရွာသုံးရွာ ရွေးချယ်၍ စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာကို ခရီးသွားလုပ်ငန်းကျေးရွာအဖြစ် သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ အကောင်အထည်ဖော်ဆောင်ရွက်မည့် ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာရှိ ဒေသခံပြည်သူများအား စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းဆွေးနွေးပွဲကို ဇန်နဝါရီ ၄ ရက်က ပြုလုပ်ခဲ့ပြီး ရည်ရွယ်ချက်နှင့် စီမံကိန်းမှရရှိလာမည့်အကျိုးကျေးဇူးများ၊ စီမံကိန်းဖော်ဆောင်ရာတွင် ကျေးရွာ ပြည်သူလူထုပူးပေါင်းပါဝင်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် တာဝန်များ၊ စီမံကိန်းလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်အောင်မြင်စေရေး စီမံကိန်းဆိုင်ရာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးမည့် အစီအစဉ်များကို အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ အာဆီယံ ကျေးရွာကွန်ရက်ထူထောင်ရေးစီမံကိန်းတွင်မြင်းကပါကျေးရွာအပြင် နေပြည်တော် လယ်ဝေးမြို့နယ် သော်မှော်ကုန်းကျေးရွာကို ဒစ်ဂျစ်တယ် ကျေးရွာ လုပ်ငန်းအဖြစ်လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းပေါခုံကျေးရွာကို ဒေသတစ်ခု ထုတ်ကုန်တစ်ခုလုပ်ငန်းအဖြစ်လည်းကောင်းသတ်မှတ်ပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#Local_News #အာဆီယံကျေးရွာကွန်ရက်ထူထောင်ရေးစီမံကိန်း #YMG/NN #Yangon_Times
#Local_News
Published 7 January 2024
၂၀၂၃ ခုနှစ် တစ်နှစ်တာကာလအတွင်းရွှေတိဂုံစေတီတော်မြတ်ကြီးသို့ နိုင်ငံခြားသားဘုရားဖူးဧည့်သည် ရှစ် သောင်းကျော် ဝင်ရောက်ခဲ့ပြီးအာရှနိုင်ငံများမှအများဆုံးလာရောက်ဖူးမြှော်ခဲ့ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။
ထိုသို့ဝင်ရောက်ရာတွင် ထိုင်း၊ တရုတ်၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံများမှ အများဆုံးဖြစ်ပြီး အခြားဥရောပနိုင်ငံများမှ လည်း လာရောက်ဖူးမြော်ခဲ့ကြပြီး ဇန်နဝါရီလတွင် ၅၃၀၉ ဦး၊ဖေဖော်ဝါရီလတွင် ၆၁၆၂ ဦး၊ မတ်လတွင် ၉၄၁၄ ဦး၊ ဧပြီလတွင် ၅၃၉၅ဦး ၊ မေလတွင် ၆၃၁၅ဦး ၊ ဇွန်လတွင် ၅၈၅၀ဦး ဝင်ရောက်ခဲ့ကြောင်းသိရသည်။
ထို့အပြင် ဇူလိုင်လ၌၆၆၈၁ဦး ၊ ဩဂုတ်လ၌ ၆၄၄၂ဦး ၊ စက်တင်ဘာလ၌ ၆၁၁၅ဦး ၊ အောက် တိုဘာလ၌ ၇၀၈၀ ဦး၊ နိုဝင်ဘာလ၌ ၈၂၁၈ဦး နှင့်ဒီဇင်ဘာလ၌ ၇၃၉၉ဦး စုစုပေါင်း ၈၀၃၈၀ဦး ဝင်ရောက်ခဲ့ကြောင်း သိရသည်၊၊
ပြည်တွင်းဘုရားဖူးဝင်ရောက်မှုအနေဖြင့်မူ သံဃာတော် တစ်သိန်းခွဲကျော် ၊ သာသနာနွယ်ဝင်သီလရှင် ခုနှစ်သောင်း ၊ အမျိုးသား ၄၇ သိန်းကျော်နှင့် အမျိုးသမီး ၅၅ သိန်းကျော်ရှိကြောင်း သိရသည်။
ရွှေတိဂုံ စေတီတော်မြတ်ကြီးကိုကိုဗစ်-၁၉ရောဂါဖြစ်ပွားသည့် ကာလများ၌ ဖူးမြော်ခွင့်ခေတ္တပိတ်ထားခဲ့ရာမှ ၂၀၂၁ ခုနှစ် ဧပြီလ ၁၇ရက်နေ့ မနက် ၆ နာရီမှည ၆ နာရီအထိ ဘုရားဖူးလာ ရဟန်းရှင်လူပြည်သူတွေအဆင်ပြေစေရန်ဘုရားဖူးချိန်ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။
ထို့ နောက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှစတင်ပြီး မနက် ၅ နာရီမှ ည ၉ နာရီအထိ ဘုရားဖူးချိန် တိုးမြှင့်ဖွင့်လှစ်ပေးထားကြောင်း သိရသည်၊၊
#ပြည်ပဘုရားဖူး ရှစ်သောင်းကျော်ဝင်ရောက်ခဲ့ #Local_News #YMG/NN #Yangon_Times
#Local_News
Published 7 January 2024
ရန်ကုန်မြို့ဒဂုံဆိပ်ကမ်း၌ယမန်နေ့ညနေကဆောင်းခို လဒငှက်ကြီး များအုပ်စုဖွဲ့လာရောက်ခိုနားရာလူအချို့မှ နမိတ်မကောင်းဟုယူဆပြီးရို-က်သ-တ် မှုကြောင့်အုပ်စုကွဲသွားကြောင်းဒေသခံများဆီကသိရသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်၌ဇန်နဝါရီ ၆ရက် ညနေ (၆)နာရီခန့်က လာရောက်ခိုနားကြခြင်းဖြစ်ကြောင်းသိရသည်။
'ဒဂုံဆိပ်ကမ်းမှာ မြင်ရခဲတဲ့လဒငှက်ကြီးအုပ်စု လာရောက်ခိုနားသွားကြတာပါ၊ အတောင်ပံ ဖြန့်ပျံရင် အလျား၇ပေ လောက်ရှိတဲ့အကောင်ကြီးမျိုးစိတ်တွေပါ 'ဟုဒေသခံတစ်ဦးကပြောသည်။
အဆိုပါ လဒငှက်များသည် တရုတ်၊တိဘတ်၊ဟိမဝန္တာ၊မွန်ဂိုလီယား၊အိန္ဒိယစသည့် နိုင်ငံများဘက်မှ မြန်မာနိုင်ငံသို့ဆောင်းခိုလာကြသည့် ဆောင်းခိုငှက်များဖြစ်ကြောင်း Responsible animal keeping page ၌ ရေးသားထားသည်။
'ဒါက ကျွန်တော်တို့ မြန်မာနိုင်ငံကို တရုတ်၊ တိဘတ်၊ ဟိမဝန္တာ၊ မွန်ဂိုလီယား၊ အိန္ဒိယ ဘက်ကနေ အလည်လာပြီးဆောင်းခိုကြတဲ့ကောင်တွေပါ စိတ်မကောင်းစရာက ဒါကို နိမိတ်မကောင်းဘူးတို့ဘာတို့နဲ့ အတွေးမှားတွေကြောင့် ရို-က်သတ်လိုက်ကြတာ ၃ကောင်သေပြီလို့သိရပါတယ် အကောင်ရေ ၅၀ ဝန်းကျင် မှာ လူတွေပရောဂကြောင့်အုပ်စုကွဲသွားပါတယ် အဲ့လိုတွေမလုပ်ကြပါနဲ့ဗျာ ငှက်တွေမှာ ဘာအပြစ်မှမရှိပါဘူး ပါတ်ဝန်းကျင်အကျိုးပြုငှက်တွေပါ ဒဂုံဆိပ်ကမ်းဘက်မှာ တွေ့လိုက်ရပါတယ်။'ဟု ဆိုသည်။
ကမ္ဘာပေါ်တွင် လင်းတငှက်မျိုးစိတ်များသည်Old World Vulture အုပ်စု နှင့် New World Vulture အုပ်စုဟူ၍ အုပ်စု (၂) မျိုးဖွဲ့ပြီး နေထိုင်ကျက်စားကြလေ့ရှိကြောင်း၊Old World Vulture အုပ်စုတွင် လင်းတငှက်မျိုးစိတ်ပေါင်း - ၁၆ မျိုးရှိပြီး New World Vulture အုပ်စုမှာမူ လင်းတငှက်မျိုးစိတ်ပေါင်း - ၅ မျိုး ရှိကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် လင်းတမျိုးစိတ် (၆) မျိုး ကျက်စားပြီး အရှေ့ တောင်အာရှထဲ၌ လင်းတမျိုးစိတ် အများဆုံးကျက်စားကြောင်း၊ ဟိမဝန္တာလင်းတ (Himalayan Griffon) နှင့် လင်းတမည်း (Cinereous Vulture) တို့မှာ မြန်မာနိုင်ငံကို နှစ်စဉ်ဆောင်းခိုရန် ရောက်လာတက်ကြကြောင်းသိရသည်။
#Local_News #ဆောင်းခိုလဒငှက်ကြီးအုပ်စုဖွဲ့လာရောက် #YMG/NN #Yangon_Times
၇ ဇန်နဝါရီ ၂၀၂၄
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ “ အကြမ်းဖက်အဖွဲ့အစည်း” လို့ တံဆိပ်ကပ်ခံရတဲ့အတိုက်အခံပါတီကြီးက သပိတ်မှောက်ပြီးနောက် ယနေ့ဇန်နဝါရီ (၇)ရက် တနင်္ဂနွေနေ့မှာ လက်ရှိဝန်ကြီးချုပ် ရှိတ်ဟာဆီနာကို ငါးကြိမ်မြောက် ဆက်လက်အုပ်ချုပ်ခွင့်အာမခံနေတဲ့ ရွေးကောက်ပွဲတစ်ခုကိုကျင်းပနေပါတယ်။
ဟာဆီနာဟာ တစ်ချိန်တုန်းက ဆင်းရဲခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ကြဉ်းပေးနိုင်ခဲ့ပေမယ့် သူမရဲ့ အစိုးရဟာ လူ့အခွင့်အရေးချိုးဖောက်ညှင်းပန်းမှုတွေနှင့် အတိုက်အခံတွေအပေါ်ရက်စက်စွာ နှိမ်နှင်းနေမှုတွေနှင့် စွပ်စွဲခံ နေရပါတယ်။
သူမရဲ့ပါတီဟာ ထိရောက်တဲ့ ပြိုင်ဘက်တွေမရှိသလောက်နှင့် ရွေးကောက်ပွဲပြိုင်နေတာဖြစ်ပြီး အချို့သော မဲဆန္ဒနယ်တွေမှာတော့ ဝင်မပြိုင်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လာမည့်ဥပဒေပြုလွှတ်တော်ကို တစ်ပါတီလွှတ်တော်လို့ အမည်တံဆိပ်အကပ်ခံရမှာ စိုးလို့ဖြစ်ပါတယ်။
အတိုက်အခံ ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးဝါဒီပါတီ ဘီအင်န်ပီမှာ လူအမြောက်အများဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ဘီအင်န်ပီက အထွေထွေသပိတ်ကြီးနှင့် အတုအယောင်ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ ဆော်ဩခဲ့ကြပါတယ်။
ဒါပေမယ် အသက်(၇၆)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝန်ကြီးချုပ်ဟာဆီနာကတော့ ဒီမိုကရေစီဖြစ်စဉ်အပေါ်သက်ဝင်ယုံကြည်ကြောင်း ပြသဖို့ မဲပေးကြပါလို့ နိုင်ငံသားတွေကို တိုက်တွန်းထားပါတယ်။
“ ဘီအင်န်ပီဟာ အကြမ်းဖက်အဖွဲ့အစည်းဖြစ်တယ်” လို့ မဲပေးပြီးပြန်အထွက်စောင့်ဆိုင်းနေကြတဲ့ သတင်းသမားတွေက သူမကို အမေးမှာ ဟာဆီနာကဖြေကြားခဲ့ပါတယ်။
“ ကျွန်မအနေနှင့် ဒီနိုင်ငံမှာ ဒီမိုကရေစီဆက်သွားဖို့အာမခံနိုင်အောင် အကောင်းဆုံးကြိုးစားနေတယ်” လို့လည်း သူမက ဖြည့်စွက်ပြောပါတယ်။
မဲရုံတွေကို ညနေ ၅နာရီအထိဖွင့်ပေးထားပြီး မဲရလဒ်တွေကို တော့ ညသန်းခေါင်ကျော်မှ သိနိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။
အစောပိုင်းအခြေအနေတွေအရ ထွက်ပြီးမဲလာပေးကြသူတွေ နည်းနေပါတယ်။ ရွေးကောက်ပွဲကို တရားဝင်ဖြစ်စေဖို့ ဆုပေး ဒဏ်ပေးပုံစံလုပ်နေကြတယ်လို့ ပြောဆိုမှုတွေရှိနေတဲ့ကြားထဲက မဲပေးသူတွေနည်းနေခဲ့တာပါ။
ဒါကာမြို့တော် အနောက်ပိုင်းက မဲရုံတစ်ရုံမှာဆိုရင် မဲပေးရမယ့်သူ ၄၂၀၀ခန့်ထဲမှာ မဲရုံဖွင့်ပြီး (၂)နာရီကြာသည်အထိ မဲပေးသူ (၁၁၁)ဦးပဲရှိပါသေးတယ်လို့ အရာရှိတစ်ဦးက အေအက်ဖ်ပီကိုပြောပါတယ်။
“ ဒီလိုရယ်စရာကြီးထဲမှာ ဝင်ပါဖို့စိတ်မဝင်စားဘူး။ အိမ်မှာနေပြီးရုပ်ရှင်တွေထိုင်ကြည့်နေတာကပိုကောင်းသေးတယ်” လို့ ပရဟိတအလုပ်သမားတစ်ဦးဖြစ်တဲ့ အသက်၃၂နှစ်အရွယ် ရှာရီယာကပြောပါတယ်။
ဘီအင်န်ပီရဲ့ ဒေသဆိုင်ရာ ခေါင်းဆောင်တစ်ဖွဲ့လုံးအပါအဝင် အတိုက်ခံ၂၅၀၀ခန့် ဖမ်းဆီးခံခဲ့ရတယ်လို့ ပြောပါတယ်။ အစိုးရကတော့ ၁၁,၀၀၀ ဦးဖမ်းဆီးထားတယ်လို့ပြောပါတယ်။
မဲပေးတဲ့ ယနေ့တနင်္ဂနွေနေ့မှာ ကားတာယာတွေမီးရှို့ပြီးလမ်းတွေပိတ်ဆန္ဒပြကြချီတက်ကြတဲ့ အတိုက်အခံ၆၀ဦးခန့်ကို သေနတ်ပစ်ဖောက်လူစုခွဲခဲ့ရတယ်လို့ စစ်တကောင်းဆိပ်ကမ်းမြို့ရဲတွေကပြောပါတယ်။
ရွေးကောက်ပွဲမှာ တရားဥပဒေစိုးမိုးရေးထိန်းသိမ်းပေးဖို့အတွက်မဲပေးတဲ့နေရာတွေမှာ ရဲတပ်သား ခုနှစ်သိန်းနီးပါးခန့်နှင့်အတူ စစ်သား တစ်သိန်းနီးပါးကို ဖြန့်ကျက်နေရာချထားတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။
Source AFP/AP
"တရုတ်နိုင်ငံရဲ့လန်ချန်း-မဲခေါင်ရုပ်ရှင်ပွဲတော်မှာ 'မှောင်တိုက်'နဲ့'တိမ်တွေပေါ်ကပန်း'ဇာတ်ကားအတွက် Out Stadingfilmဆုအဖြစ်ဂုဏ်ပြုမှတ်တမ်းလွှာနဲ့ ဂုဏ်ပြုဆုတံဆိပ်တွေချီးမြှင့်ခဲ့တာဖြစ်တယ်"
#Local_News
Published_7 January 2024
#'မှောင်တိုက်' #တိမ်တွေပေါ်ကပန်း #လန်ချန်း-မဲခေါင်ရုပ်ရှင်ပွဲတော်၌ဆုရ
#tthl #Yangon_Times
#Local_News
Published 7 January 2024
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ကလေးငယ်တစ်ဦးယမန်နေ့က မြွေကို-က်သေဆုံးခဲ့ကြောင်း Medical လူငယ်များ လှုမူကူညီရေးပရဟိတအသင်းမှ သိရသည်။
မြောက်ဒဂုံ (၄၈)ရပ်ကွက်နေအိမ်မှ အသက်၅နှစ်အရွယ်မိန်းကလေးငယ်တစ်ဦး မြွေကို-က်ခံရသည့်သတင်းအရ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။
'မြွေအမျိုးအစားကိုတော့ မြွေကိုမတွေ့တဲ့အတွက်ကျွန်တော်တို့မသိပါဘူး၊ကလေးဆုံးတဲ့အချိန်မှမိသားစုကအကြောင်းကြားလို့ သွားရောက်ကူညီသယ်ဆောင်ပေးတာပါ၊ ' ဟု Medical လူငယ်များ လှုမူကူညီရေးပရဟိတအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါသေဆုံးသူအား (၄၈)ရပ်ကွက်နေအိမ်မှရွှေသမီး ကမာ-ကား(001)ယာဉ်ဖြင့် မေဓာဝီဆေးရုံအအေးခန်းသို့အခမဲ့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
#ကလေးငယ်တစ်ဦးမြွေကို-က်သေဆုံး #Local_News #YMG/NN #Yangon_Times
#Local_News
Published 7 January 2024
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများနှင့်ကုန်စည်ပွဲရုံများဌာနကွပ်ကဲမှုအောက်ရှိ ဈေးများမှ ယာဉ်ဝင်ခ၊သန့်စင်ခန်းဝင်ခ ကောက်ခံခြင်းလုပ်ငန်းများနှင့် ပွဲရုံစခန်းရှိလုပ်ငန်းများအား အငှားချထားရန်အတွက် တင်ဒါအဆိုပြုလွှာများတင်သွင်းနိုင်ပါရန် ဖိတ်ခေါ်နေကြောင်းတင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီမှသိရသည်။
ထိုသို့ခေါ်ယူရာတွင် ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်ဖြစ်သည့် ၂၀၂၄ခုနှစ် ဧပြီ ၁ရက်မှ ၂၀၂၅ခုနှစ် မတ်လ ၃၁ရက်အထိ မြို့တော်စည်ပင် ဈေးများနှင့် ကုန်စည်ပွဲရုံများဌာနကွပ်ကဲမှုအောက်ရှိ ဈေးများမှ ယာဉ်ဝင်ခ၊ သန့်စင်ခန်းဝင်ခ ကောက်ခံခြင်းလုပ်ငန်းများနှင့် ပွဲရုံစခန်းများရှိလုပ်ငန်းများအား အငှားချထားသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ ယာဉ်ဝင်ခ၊ သန့်စင်ခန်းဝင်ခ ကောက်ခံခြင်းလုပ်ငန်းများအတွက် တင်ဒါလျှောက်လွှာများအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဈေးများနှင့်ကုန်စည်ပွဲရုံများဌာန၊ မြို့တော်ခန်းမ (ဒုတိယထပ်)နှင့် ပွဲရုံစခန်းရှိလုပ်ငန်းများအတွက်တင်ဒါလျှောက်လွှာများအား ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ(၇)လွှာ၊ ၁၂ထပ်ခွဲရုံး၊ (၄၆)လမ်း၊ဗိုလ်တထောင်မြို့နယ်၌ ဇန်နဝါရီ၁ရက်မှ ၂၂ရက်အထိ ရုံးချိန်အတွင်းရုံးချိန်အတွင်းရောင်းချပေးသွားမည်ဖြစ်ကာ ဇန်နဝါရီ ၂၃ရက်၌ နောက်ဆုံးထား၍ တင်ဒါတင်သွင်းရမည်ဖြစ်ကြောင်းသိရသည်။
တင်ဒါစည်းကမ်းနှင့် အသေးစိတ်အချက်အလက်များ သိရှိလိုပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဈေးများနှင့်ကုန်စည်ပွဲရုံများဌာန သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရသည်။
#Local_News #ပွဲရုံစခန်းရှိလုပ်ငန်းများအငှားချထား #ယာဉ်ဝင်ခများအပါအဝင်တင်ဒါများစတင်ခေါ်ယူ #YMG/NN #Yangon_Times
#Local_News
Published 7 January 2024
ကိုရီးယားသမ္မတနိုင်ငံရှိ တရားမဝင်နေထိုင် အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သားများ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုပါက ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့အထိ ကာလသက်တမ်း ထပ်မံတိုးမြှင့် ပြန်ခွင့်ပေးသွားမည်ဖြစ်ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးကထုတ်ပြန်ကြေညာသည်။
ယခင်က ၂၀၂၃ဒီဇင်ဘာ လကုန်အထိ သတ်မှတ်ထားရာ ၂၀၂၄ခုနှစ် ဖေဖေါ်ဝါရီ လကုန်အထိ အချိန် ကာလ ထပ်တိုးပေးခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကာလအတွင်း မိမိဆန္ဒအလျောက်နေရပ်ပြန်မယ့်သူများမှာ ဒဏ်ကြေးကင်းလွတ်ခွင့်ရရှိမှာဖြစ်ပြီး ကိုရီးယားနိုင်ငံကို ပြန်လည်ဝင်ရောက်နိုင်မည့် ပြည်ဝင်ခွင့် ကန့်သတ်ချက်တွေကနေလည်း ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
ယင်းအစီအစဉ်ဖြင့် နေရပ်ပြန်လိုသူများမှာ နိုင်ငံကူးလက်မှတ်၊ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုကြောင်း စာရွက်အထောက်အထားနဲ့ လေယာဉ်လက်မှတ်တို့ကို တင်ပြပြီး ကိုရီးယားသမ္မတနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဌာနသို့ လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားသည်။
အသေးစိတ်အချက်အလက် သိရှိလိုပါက ကိုရီးယားသမ္မတနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ၁၃၄၅ နဲ့ HiKorea (http://www.hikorea.go.kr)ကို ဆက်သွယ်စုံစမ်းနိုင်တယ်လို့ မြန်မာသံရုံးက အသိပေးထားသည်။
#Local_News #နေရပ်ပြန်လိုပါကဒဏ်ကြေးမပေးရ #ဖေဖေါ်ဝါရီလကုန်အထိသက်တမ်းတိုးပေး
#YMG/NN #Yangon_Times
#Local_News
Published 7 January 2024
ထိုင်းနိုင်ငံ သို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာအလုပ်သမား များကို တင်ဆောင်လာသည့် မော်တော်ယာဉ် ကို ထိုင်းအာဏပိုင်များ က တားဆီးစစ်ဆေးရာ မှ ထွက်ပြေးသဖြင့် ယာဉ်တိမ်းမှောက် မှု ဖြစ်ပေါ်ခဲ့ကြောင်း ထိုင်းသတင်းဌာန များရဲ့ဖေါ်ပြချက်အရ သိရသည်။
ဇန်နဝါရီလ ၅ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ကန်ကျနဘူရီခရိုင်၊ စံခလမြို့နယ်ထဲဖြတ်သန်းမောင်းနင်လာသည့် ပစ်ကပ်ကားကို ထိုင်းအာဏာပိုင်များက အစစ်ဆေးခံယူဖို့ တားဆီးစဉ် ယာဉ်မောင်းဖြစ်သူက ရပ်တန့်ပေးခြင်းမရှိဘဲ မောင်းနင်ထွက်ပြေးရာက လမ်းဘေးမီးတိုင်ကို ဝင်တိုက်မိပြီး ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုဖြစ်စဥ်ကြောင့် ကားပေါ်မှာလိုက်ပါလာတဲ့ မြန်မာနိုင်ငံသား ၈ ဦး ထိခိုက်ဒဏ်ရရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၈ ဦးအနက်က တစ်ဦးမှာ စိုးရိမ်ရသည့် အနေအထားရှိကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး စံခလဘူရီရဲတပ်ဖွဲ့မှ အခင်းဖြစ်ပွားခဲ့သည့် နေရာကို သွား ရောက်စစ်ဆေးမှုတွေပြုလုပ်ကာ တရားမဝင် မြန်မာနိုင်ငံသားများ ကို ထိုင်းနိုင်ငံထဲ ခေါ်ဆောင်လာသည့်ပွဲးစားများကို ဖမ်းဆီးနိုင်ဖို့အတွက် ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။
#Local_News #ကားမောင်းနှင်ထွက်ပြေးရာမှတိမ်းမှောက်မှုဖြစ် #YMG/NN #Yangon_Times
#World_Health
Published 07 January 2024
ခန္ဓာကိုယ်တွင်း ပုံမှန်လုပ်ဆောင်နိုင်ရန်နဲ့ အလုံးစုံကျန်းမာရေးအတွက် ဗိုက်တာမင်ဓာတ်တွေ မရှိမဖြစ် လိုအပ်ပါတယ်။
ဗိုက်တာမင် အေ၊ ဘီ၊ စီ၊ ဒီ၊ အီး၊ ကေတို့ ပုံမှန်ရရှိစေရန် အစားအစာများ ဖြည့်စွက်စာများကနေ ရရှိနိုင်ပါတယ်။
ခန္ဓာကိုယ်ကနေ ဗိုက်တာမင်စုပ်ယူမှုကို အားကောင်းစေတဲ့ အစားအစာများကို ဖော်ပြလိုက်ပါတယ်။
(၁) အချဥ်သီးများ
လိမ္မော်သီး၊ သံပယိုသီး၊ ကျွဲကောသီးတို့လို အသီးတွေမှာ ဗိုက်တာမင်စီ ကြွယ်ဝစွာပါဝင်ပြီး သံဓာတ်စုပ်ယူမှုကို အားပေးပါတယ်။
(၂) ကိုက်လံ
ကိုက်လံက ဗိုက်တာမင်ကေ ကြွယ်ဝပြီး ကယ်လ်စီယမ် စုပ်ယူမှုကိုအားပေးကာ အရိုးနဲ့ သွားများကို သန်မာစေပါတယ်။
(၃) ဒိန်ချဥ်
ဒိန်ချဥ်မှာ အစာခြေခြင်းကို ကူညီပေးတဲ့ ပရိုဘိုင်အိုတစ် အကျိုးပြုဘက်တီးရီးယားများ ပါဝင်ပြီး အာဟာရဓာတ်များကို စုပ်ယူပေးပါတယ်။
(၄) ငါး
ဆယ်လ်မွန်၊ ငါးကွမ်းရှပ်၊ ငါးသေတ္တာတို့လို ငါးတွေဟာ ဗိုက်တာမင်ဒီကြွယ်ဝပြီး ကယ်လ်စီယမ်စုပ်ယူမှုကို အားကောင်းစေပါတယ်။
(၅) ထောပတ်သီး
ထောပတ်သီးဆီက ကျန်းမာရေးနဲ့ ညီညွတ်ပြီး ဗိုက်တာမင် အေ၊ ဒီ၊ အီး၊ ကေ စုပ်ယူခြင်းကို ထောက်ပံ့ပေးပါတယ်။
(၆) ကြက်ဥ
ကြက်ဥမှာ ဗိုက်တာမင်ဒီ၊ ဘီ၁၂၊ ပရိုတိန်းတို့ ကြွယ်ဝပြီး အခြားအာဟာရဓာတ်များ စုပ်ယူမှုကို အားပေးပါတယ်။
(၇) ခရမ်းချဥ်သီး
ခရမ်းချဥ်သီးမှာ လိုင်ကိုပင်းလို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝပြီး အခြားဗိုက်တာမင်များ စုပ်ယူမှုကို အားကောင်းစေကာ နှလုံးရောဂါနဲ့ ကင်ဆာတို့ကို ကာကွယ်ပေးပါတယ်။
(၈) ငရုတ်ပွသီး
သူ့မှာပါဝင်တဲ့ ဗိုက်တာမင်စီက သံဓာတ်စုပ်ယူမှုကို အားကောင်းစေကာ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။
(၉) ပန်းဂေါ်ဖီစိမ်း
ဗိုက်တာမင်စီနဲ့ ကယ်လ်စီယမ်တို့ပါဝင်ကာ သံဓာတ်စုပ်ယူမှုကို ကောင်းစေပြီး အရိုးကျန်းမာရေးကို ထိန်းသိမ်းပေးပါတယ်။
(၁၀) ပဲအမျိုးမျိုး
ပဲကြီး၊ ပဲနီကလေး၊ ကုလားပဲတို့ဟာ အမျှင်ဓာတ်၊ ပရိုတိန်း၊ သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး အာဟာရစုပ်ယူမှုကို အားပေးပါတယ်။
လိုအပ်တဲ့ ဗိုက်တာမင်နဲ့ သတ္တုဓာတ်များ ရရှိဖို့ မျှတစွာ စားသောက်ရန် လိုအပ်ပါတယ်။
#World_Health #ဗိုက်တာမင်စုပ်ယူမှုမြှင့်တင် #Source: DoctorNDTV
Page 834 of 1931